Sunday, 27 April 2014

ခြောက်လအတွင်း မော်တော်ယာဉ် ခုနစ်ထောင်ကျော် ကရိန်းယာဉ်ဖြင့် ဖမ်းဆီး

ခြောက်လအတွင်း မော်တော်ယာဉ် ခုနစ်ထောင်ကျော် ကရိန်းယာဉ်ဖြင့် ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို ကရိန်းယာဉ်ဖြင့် သယ်ယူဖမ်းဆီး အရေးယူလျက်ရှိရာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့အထိ ခြောက်လတာ ကာလအတွင်း မော်တော်ယာဉ် အစီးရေ ၇၀၀၀ ကျော်အထိ ဖမ်းဆီး အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။

ကရိန်းယာဉ်ဖြင့် ဖမ်းဆီးအရေးယူသော မော်တော်ယာဉ်များတွင် ကိုယ်ပိုင်ယာဉ်များ အများဆုံး ပါဝင်ပြီး ယာဉ်မရပ်ရ နေရာများတွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားသောကြောင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားကြောင်း၊ ယင်းကဲ့သို့ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များကို အသံချဲ့စက်ဖြင့် ၁၅ မိနစ်အတွင်း ရပ်ထားသော ယာဉ်ကို ရွှေ့ပေးရန် ကြေညာသော်လည်း ယာဉ်လာရောက် ရွှေ့ပြောင်းခြင်း မရှိပါက ကရိန်းယာဉ်ဖြင့် ဖမ်းဆီးကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

စည်းကမ်းမဲ့ ယာဉ်များကို ကရိန်းယာဉ်ဖြင့် ဖမ်းဆီးအရေးယူမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သော အဖွဲ့လေးဖွဲ့က ရန်ကုန်မြို့တော်၏ အဓိက လမ်းမကြီးများ ဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဆူးလေဘုရားလမ်း စသည့် လမ်းများပေါ်တွင် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment