Wednesday, 30 April 2014

ဒမတ်စကက်စ်မြို့လယ်တွင် မော်တာကျည် ကျရောက်ပေါက်ကွဲပြီး (၁၂)ဦးသေဆုံး

ဒမတ်စကက်စ်မြို့လယ်တွင် မော်တာကျည် ကျရောက်ပေါက်ကွဲပြီး (၁၂)ဦးသေဆုံး

နည်းပညာဌာန အဆောက်အအုံ တစ်ခု တည်ရှိရာ မြို့လယ်နေရာသို့ မော်တာကျည်ဆန် (၄)ခု ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်စ် မြို့တော်တွင် မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၁၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ နည်းပညာဌာန အဆောက်အအုံ တစ်ခု တည်ရှိရာ မြို့လယ်နေရာသို့ မော်တာကျည်ဆန် (၄)ခု ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အဆိုပါ ကျည်ဆန်(၄)ခုအနက် (၂)ခုသည် ဘာ့ဒ်အယ်လ်ဒင် အယ်လ်ဟူစိန်း နည်းပညာဌာန အဆောက်အအုံကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်း ဆာနား သတင်းဌာနသို့ အသိပေး ပြောကြားခဲ့သည်။

(တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် ဒမတ်စကက်စ်မြို့ တစ်နေရာ)
သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်က ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ မြင့်တက်နေလင့်ကစား ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ရန် မှတ်ပုံတင်ခဲ့ပြီး နောက်တစ်နေ့၌ပင်အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ အင်္ဂါနေ့က ဖြစ်ရပ်တွင် လူ(၁၂)ဦး အသက်ဆုံးရှုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပြည်တွင်းစစ်မီး တောက်လောင်နေသော နိုင်ငံတွင် သမ္မတ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်များသည် ဒမတ်စကက်စ်မြို့တော် အနီးတဝိုက်ရှိ သူပုန်တပ်ဖွဲ့ အခြေစိုက် စခန်းများကို တွန်းလှန် ရှင်းလင်းထားပြီး ဖြစ်သည်။

သို့သော်လည်း မြို့လယ်ခေါင်သို့ မော်တာကျည်ဆန်များ၊ ဒုံးကျည်များ ကျရောက်လာသည့် အခြေအနေ ပိုမိုတိုးပွားလာမည်ကို ဒေသခံများက စိုးရိမ်နေသည်။ “အရပ်သား (၁၂)ယောက် သေပါတယ်။ (၅၀)ကျော် ဒဏ်ရာရသွားတယ်။ အကြမ်းဖက်သမားတွေက ရှက်ဂ်ဟော အနီးတဝိုက်ကို ပစ်မှတ်ထားခဲ့တာပါ”ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဆီးရီးယား အစိုးရ အာဏာပိုင်များသည် သူပုန်များနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများဆိုသည့် အညွှန်းစကားလုံးကိုသာ တွင်ကျယ်စွာ သုံးနှုန်းနေဆဲဟုလည်း သိရှိရသည်။

planet

No comments:

Post a Comment