Monday, 28 April 2014

တိုက်ပြိုကျ၍ သေဆုံးသူ ၃ဦးကို နစ်နာကြေးပေးရန် ကုမ္ပဏီ နှင့် ညှိနှိုင်းနေဆဲ

တိုက်ပြိုကျ၍ သေဆုံးသူ ၃ဦးကို နစ်နာကြေးပေးရန် ကုမ္ပဏီ နှင့် ညှိနှိုင်းနေဆဲ

ဖိုးစိုးသူ

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့ ၊ အလုံမြို့နယ်တွင် နှစ်ထပ်တိုက်ဖြိုချနေစဉ် တိုက်ပြိုကျ၍ သေဆုံးခဲ့ရသော အလုပ်သမား ၃ဦးအတွက် နစ်နာကြေးပေးရန် အိမ်အဟောင်း ဖြိုဖျက်လုပ်ကိုင်သော ကုမ္ပဏီနှင့် ညှိနှိုင်းနေဆဲဟု သေဆုံးသွားကြသော အလုပ်သမားများ၏ မိသားစုဝင်များက မဇ္ဈိမကိုပြောသည်။

ေ သေဆုံးသွားကြသူများကို ရန်ကုန်ဆေးရုံကြီးမှ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် မိသားစုဝင်များနေထိုင်သော ဒလမြို့နယ်၊ တာကြီးရပ်ကွက်သို့
ပြန်လည်ယူဆောင်ခဲ့သည်။ သေဆုံးသူများကို ဧပြီလ ၂၈ ရက်တွင် သဂြိုလ်မည်ဖြစ်ပြီး သဂြိုလ်စရိတ်၊ ရက်လည် ဆွမ်းကျွေးစရိတ်များကို ကုမ္ပဏီက အကုန်ကျခံမည်ဟု သေဆုံးသွားသော ကိုချစ်စမ်းမောင်၏ ညီ ကိုမောင်မောင် ကပြောသည်။

" သဂြိုလ်တာတွေ ပြီးမှ ဆက်ဆွေးနွေးမယ်လို့လည်း သိရတယ်၊ နောက်ပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေဘက်က ပြောတတ်ဆိုတတ်တဲ့ တစ်ယောက်ကို ညှိနှိုင်းခိုင်းထားတယ်၊ အသုဘချတာတွေ၊ ရက်လည်တွေလုပ်ပြီးမှ သိရမယ်လို့လည်း ပြောသံကြားတယ်" ဟုဆိုသည်။

တိုက်ပြိုကျမှုကြောင့် သေဆုံးသွားသော အလုပ်သမား ၃ ဦး၏ မှတ်တမ်းများကို ရန်ကုန်မြို့ မီးသတ်ရုံးချုပ်က ဖော်ပြချက်အရ တကောင်ဘွား ကုမ္ပဏီလိမိတက်
အိမ်အိုအိမ်ဟောင်းလုပ်ကိုင်သူ ဦးလှမင်းထံတွင် သေဆုံးသူများက မတ်လ ၃၁ ရက်မှ စတင်အလုပ်ဆင်းခဲ့ပြီး ဧပြီလ ၂၆ ရက်တွင် လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်း တိုက်ပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အလုပ်သမားများ လုပ်ငန်းခွင်တွင် သေဆုံးမှု နှင့် ပတ်သက်၍ မည်ကဲ့သို့တာဝန်ယူဆောင်ရွက်မည်ကို သိရှိရန်အတွက် ကုမ္ပဏီဘက်မှ ကိုယ်စားလှယ်လွှဲထားသူ ကိုနိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် " သေဆုံးသူတွေအတွက် မြေကျတဲ့ အထိ၊ ရက်လည်တဲ့ အထိလုပ်ပေးနေပါတယ်၊ မနက်ဖြန်မှာ သေဆုံးသွားသူတွေအတွက်
လျော်ကြေးပေးဖို့ ညှိနှိုင်းရဦးမှာပါ၊ အဆောက်အဦပိုင်ရှင်ကလည်း အခု မော်လမြိုင်ရောက်နေပါတယ်"ဟု ပြောသည်။

ဧပြီ ၂၆ ရက်က အလုံမြို့နယ် ဋ္ဌာနရပ်ကွက် အလုံလမ်းရှိ နှစ်ထပ်တိုက်အိမ်ကို ပြန်လည်ဆောက်လုပ်ရန် ဖြိုဖျက်နေစဉ် တိုက်ပြိုကျပြီး ကိုချစ်စမ်းမောင် (အသက်၂၆ နှစ်)၊ ကိုသက်နိုင်ဖြိုး (၁၇ နှစ်)၊ ကိုအောင်လေး (၂၀ နှစ်) တို့ ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများမှာ ဒလမြို့နယ် တာကြီးရပ်ကွက်တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။

ပုံစာ- ဧပြီလ ၂၆ရက်က ပြိုကျခဲ့သည် အလုံမြို့နယ် ဋ္ဌာနရပ်ကွက် အလုံလမ်းရှိ နှစ်ထပ်တိုက်အိမ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

  Mizzima - News in Burmese

No comments:

Post a Comment