Friday, 25 April 2014

မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုနှင့်အတူ အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် တစ်ရက်တည်း ခုနစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုနှင့်အတူ အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် တစ်ရက်တည်း ခုနစ်ဦးသေဆုံး
Published on: April 25, 2014
Written by: ယဉ်မျိုးသွယ်

မန္တလေးတွင် အပူချိန်လွန်ကဲမှုနှင့်အတူ အရက်အလွန်ကျွံသောက်သုံးမှုကြောင့် တစ်ရက်တည်း လူခုနစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၁ ရက်မှစတင်၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အပူချိန်မြင့်မားမှုကြောင့် ရောဂါဝေဒနာခံစားရသူများ တက်ရောက်လျက်ရှိကြောင်း ဆေးရုံကြီးမှ တာဝန်ရှိသူကပြောကြားသည်။ အခြားခရိုင်မြို့နယ်များတွင်လည်း အရက်အလွန်အကျွံသောက်သုံးမှုကြောင့် လမ်းဘေးနှင့်နေအိမ်တွင် လူသေဆုံးမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ဧပြီ ၂၂ ရက်တွင် ခုနစ်ဦး၊ ဧပြီ ၂၃ ရက်တွင် ခုနစ်ဦး အပူလွန်ကဲ၍ ရေဓာတ်ဆုံးရှုံးသဖြင့် တက်ရောက်ကုသခဲ့ပြီး ယင်းတို့အထဲမှာ အသက် ၄၁ နှစ်အရွယ် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ဆက်လက်ပြီး သာစည်၊ မြစ်သား၊ မိတ္ထီလာ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးမြို့နယ်များတွင်လည်း အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် သေဆုံးမှုများ တစ်ရက်တည်းဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများမှ ဖော်ပြထားသည်။

"တခြားမြို့နယ်တွေကတော့ လမ်းဘေးမှာသေတာချည်းပဲ။ စစ်ဆေးလိုက်တော့ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဆိုတာ တွေ့ရတယ်။ ဆေးရုံကြီးရောက်လာတဲ့ အပူရှပ်ဝေဒနာကြောင့် လူနာတွေကိုလည်း သတ်သတ်စာရင်း ပြုစုထားပါတယ်။ အခုနယ်မြို့နယ်တွေကရောက်လာတဲ့ သေဆုံးမှုတွေကတော့ အပူရှပ်တာတစ်ခုတည်းမဟုတ်ပေမယ့် အပြင်ကပူတာရော အရက်အလွန်အကျွံ သောက်သုံးမှုကြောင့်ပါ" ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

ဧပြီ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန်မှာ ၃၂ ဒီဂရီစင်တီဂရိတ်ဖြစ်ကာ အမြင့်ဆုံးအပူချိန် ၄၁ ဒသမ၇ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment