Sunday, 27 April 2014

FMI CITY ဝင်းရှိ ရေကူးကန် သန့်စင်ခန်း၌ အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ပဒေသာပင် လမ်းမကြီးဘေးရှိ ရေကူးကန်၏ သန့်စင်ခန်းတွင် ဧပြီလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး နှုတ်ခမ်းများ ပြာနှမ်းကာ ဦးခေါင်းနောက်ပိုင်း ကွဲရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

သေဆုံးသူ အမျိုးသားမှာ အမှတ် (၄) ရပ်ကွက်၊ ကန်သာယာလမ်းရှိ ကွန်ဒိုတွင် နေထိုင်သူ စင်ကာပူနိုင်ငံပိုင် Global သင်္ဘောလိုင်း၌ တတိယတန်း အင်ဂျင်နီယာ အဆင့်ဖြင့် အလုပ်လုပ်ကိုင်နေသူ ကိုစန်းစည်သူ ဖြစ်ပြီး ယင်းနေ့က ရေကူးကန်ဝင်း အတွင်းရှိ ၇ ခန်းတွဲ အမျိုးသားသန့်စင်ခန်း၏ တတိယမြောက် အခန်းတွင် မူးယစ်ဆေးဝါး သုံးစွဲနေရာမှ ရှော့ဖြစ်ကာ ပက်လက်လန်လဲကျ သေဆုံးနေခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဖုန်းမြည်သံ ကြားရတာကြောင့် အိမ်သာတံခါး သွားဖွင့်ကြည့်တော့ အထဲမှ ပက်လက်လန်ပြီး သေနေတာကို တွေ့တယ်။ သူ့ဘေးမှာ ဆေးထိုးအပ် နှစ်ချောင်းနဲ့ ဘိန်းဖြူမှုန့်ပါတဲ့ ပင်နီဆလင် ပုလင်းတစ်လုံးကို တွေ့ခဲ့တယ်။ ဆေးထိုးရင်း ရှော့ဖြစ်လို့ လဲသွားချိန် နံရံနဲ့ နောက်စေ့ ဆောင့်မိခဲ့လို့ ဦးခေါင်းနောက်ပိုင်းမှာ ကွဲရှဒဏ်ရာ တစ်ခုတွေ့တယ်” ဟု အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ရှင်းပြသည်။

ယင်းသန့်စင်ခန်းအတွင်း သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို လှိုင်သာယာ ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး လှိုင်သာယာမြို့မ ရဲစခန်းမှ သေမှုသေခင်း ဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment