Sunday, 11 May 2014

ART ဆေး လိုအပ်သူ နှစ်သောင်းကျော် ကျန်းမာရေး ဝန်ကြီးဌာန ပံ့ပိုးရန် စီစဉ်

မြန်မာနိုင်ငံတွင် ART ဆေးဝါး လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ကျန်းမာရေး ဝန်ကြီးဌာန အသုံးစရိတ်ဖြင့် HIV/AIDS ဝေဒနာရှင် နှစ်သောင်းကျော် ထပ်တိုး၍ ၂၀၁၆ ခုနှစ် မတိုင်မီ ထောက်ပံ့နိုင်ရန် စီမံကိန်း ရေးဆွဲနေကြောင်း National AIDS Program ၏ စီမံကိန်း မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။ ယခု ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းကာ HIV/AIDS ဝေဒနာရှင် ရှစ်သောင်းကျော်ကို ART ဆေးဝါးများ ပံ့ပိုးနေပြီ ဖြစ်၍ ကျန်ရှိနေသော လူနာ နှစ်သောင်းကျော်ကို ဆေးဝါးများ ထပ်မံ ထောက်ပံ့ရန် ကျန်းမာရေး ဦးစီးဌာနက အစီအစဉ် အသေးစိတ် ရေးဆွဲရခြင်း ဖြစ်ကြောင်း၊ ART ဆေးဝါး လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆေးဝါးလက်ခံ ကုသမှု မခံယူသူများ ရှိနေသည့်အတွက် တစ်သိန်းခြောက်ထောင်ကိုသာ ART ဆေးဝါး ထောက်ပံ့ရန် လျာထားခြင်း ဖြစ်ပြီး ART ဆေး လိုအပ်သူ နှစ်သောင်းကျော် အတွက် ပံ့ပိုးနိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က စတင်ပြီး HIV/AIDS ဝေဒနာရှင် ၄၀၀ အတွက် ART ဆေးဝါးများ ပံ့ပိုးခဲ့ရာ လာမည့် နှစ်များတွင် ထပ်တိုးထောက်ပံ့ရန် ကတိကဝတ် ပြုခဲ့သည့်အတွက် စီမံကိန်း အသေးစိတ် ရေးဆွဲခြင်း ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။ ယခင်က ART ဆေးဝါးကို အကန့်အသတ်နှင့်သာ ရရှိ၍ လူနာအချင်းချင်း ပြန်လည်ရောင်းစားမှုများ ရှိခဲ့သောကြောင့် National AIDS Program က ဆေးဝါး ပံ့ပိုးလိုက်လျှင် လူနာများအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း၊ သို့သော် ဆေးလိုအပ်ချက် မလုံလောက်သည့်အတွက် နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်ပါ တွဲဖက်လုပ်ကိုင်သင့်ကြောင်း HIV/AIDS ဝေဒနာရှင်များကို အိမ်တိုင်ရာရောက် လိုက်လံ စောင့်ရှောက်သူတစ်ဦးက The Voice သို့ ပြောကြားသည်။ ယင်းအပြင် ကျန်းမာရေး ဝန်ကြီးဌာနက ART ဆေးဝါး တိုးမြှင့်ထောက်ပံ့မည့် အစီအစဉ်ကြောင့် ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရန် ပိုမိုနီးကပ်နေပြီ ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် HIV/AIDS ဖြစ်ပွားနှုန်း အမြင့်မားဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သည်။ ရန်ကုန်၊ မေ ၂ The Voice Weekly

No comments:

Post a Comment