Monday, 12 May 2014

ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ပေးရေး သမ္မတထံ တောင်းဆိုမည်ဟုဆို

ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ပေးရေး သမ္မတထံ တောင်းဆိုမည်ဟုဆို Monday, May 12, 2014 ရခိုင်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုရေးအတွက် နိုင်ငံတော် သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ ကို ရခိုင်အမျိုးသားနေ့အဖြစ် ရခိုင်တိုင်းရင်းသားများက သတ်မှတ်ထားပြီး ယင်းနေ့ကို တရားဝင် အတည်ပြုနိုင်ရေးအတွက် မေလ ၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါနေ့ ကျင်းပနိုင်ရေးအတွက် ရွှေတိဂုံဘုရား ခြေရင်းတွင် ရှိသည့် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် မေလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ရေး အစည်းအဝေး အပြီးတွင် ဦးဇော်အေးမောင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ သာသနာတော်နှစ် ၁၂၃ ခုနှစ်၊ ဓညဝတီခေတ်၊ စန္ဒသူရိယမင်း လက်ထက်တွင် မြတ်စွာဘုရားရှင် ရခိုင်ဒေသသို့ ကြွရောက်တော်မူစဉ် မဟာမြတ်မုနိ ကိုယ်ပွားရုပ်တုကို သွန်းလုပ် ပြီးစီးသည့်နေ့ကို အစွဲပြုကာ အမျိုးသားနေ့အဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသောကြောင့် ယခုနှစ်အတွက် ရခိုင်အမျိုးသားနေ့ အခမ်းအနား ခေါင်းစဉ်ဖြင့် ကျင်းပမည် မဟုတ်ဘဲ အခြားခေါင်းစဉ် တစ်ခုဖြင့် ကဆုန်လဆုတ် ၁ ရက် (မေလ ၁၄ ရက်) နေ့တွင် ရခိုင်ပြည်နယ် ဓမ္မာရုံ၌် ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “ရန်ကုန်တိုင်း အစိုးရကနေ ခွင့်မပြုတဲ့အတွက် “ပထမအကြိမ် ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် ရခိုင်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်များကို ဆွေးနွေးခြင်း အခမ်းအနား” လို့ နာမည်ပြောင်းထားတယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်အမျိုးသားတွေကိုပဲ ဖိတ်မှာပါ။ တခြား ဘယ်လူကြီးတွေကိုမှ မဖိတ်ဘူး” ဟု ဆိုသည်။ သို့သော် မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း ရခိုင်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ မြို့ခံတစ်ဦးထံမှ သိရသည်။ The Voice Weekly

No comments:

Post a Comment