Friday, 30 May 2014

တရုတ်ယွမ်ငွေ ၄ဝဝဝဝ ဖြင့် ဇနီးမယားအဖြစ်ရောင်းစားခဲ့သူနှစ်ဦးအား ထောင်ဒဏ် ၁ဝနှစ်ချ

မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အထည်ချုပ်လုပ်သား မြန်မာ အမျိုးသမီးတစ်ဦးအားစည်းရုံးကာ တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်ထံရောင်းစားခဲ့သည့် အမျိုးသမီးနှစ်ဦးကို အရှေ့ပိုင်းခရိုင်တရားရုံးဒုတိယခရိုင်တရားသူကြီး (၇)ရုံးမှ ယခုလ ၈ ရက်တွင် လူကုန်ကူးမှုဖြင့်အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ဆက်သွယ်တိုင်ကြားခဲ့ သည့် ယင်းလူကုန်ကူးခံရမှုတွင် ၂ဝ၁၂ ခုနှစ် မေ ၁၅ ရက်၌ ဖခင် ဦး...က သမီး မ...၏ တရုတ်ပြည်၌ကိုင်ဆောင်သည့် ဖုန်းနံပါတ်ရရှိ သဖြင့် အင်တာနက်ဆိုင်မှတစ်ဆင့် ဆက်သွယ်ခေါ်ဆိုခဲ့ရာ သမီးဖြစ်သူ မ...ကို ဒေါ်မြတ်မြတ်လွင် မြောက်ဥက္ကလာပမြို့နယ်နေထိုင်သူက တရုတ်ပွဲစားများနှင့်ဆက်သွယ်ကာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ တရုတ်ယွမ် ငွေ ၄ဝဝဝဝ ဖြင့်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်းပြောကြား သဖြင့် ဖခင်ဖြစ်သူသိရှိခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ သွားရောက်သတင်းပေးခဲ့သဖြင့် စစ်ဆေးအရေးယူခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက် အရ ၂ဝ၁၂ခုနှစ် ဇူလိုင် ၁၆ ရက်တွင် မြောက်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ (၅၉ဝ/၂ဝ၁၂)ဖြင့် တရားခံတစ်ဦးဖြစ်သူဒေါ်မြတ်မြတ်လွင်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့်လည်းကောင်း အခြားတရားခံဒေါ်ခင်စန်းရီကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂အရလည်းကောင်း၊ အရှေ့ပိုင်းခရိုင် တရားရုံးသို့တရားစွဲ တင်ပို့ခဲ့ရာ ဒုတိယခရိုင်တရားသူကြီးက ရာကြီးအမှတ် (၉၉/၂ဝ၁၂)ဖြင့် လက်ခံစစ်ဆေးပြီး ယခုလ ၈ ရက်တွင် တရားခံဒေါ်မြတ်မြတ်လွင်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ်ကျခံစေရန်နှင့် တရားခံဒေါ်ခင်စန်းရီအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

တာရာရန်ကင်း
The Union Daily

No comments:

Post a Comment