Monday, 12 May 2014

ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် မဇ္ဈိမ သတင်းထောက် ရုံးတင် စစ်ဆေး

  ရန်ကုန်၊မဇ္ဈိမ။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ ၁၈ဖြင့် ဧပြီလက တရားစွဲဆိုခံထားရသည့်
မဇ္ဈိမသတင်းဌာနမှ အလွတ်တန်းသတင်းထောက် ကိုအောင်ဦးနိုင် (ခေါ်)ရေခဲ(ပြည်)ကို မေလ ၁၂ ရက်က တရားရုံးတင် စစ်ဆေးလိုက်ပြီဖြစ်သည်။

ပြည်မြို့နယ်တရားရုံးက အမှုတွဲနံပါတ် ၄၅၀၈/၂၀၁၄ဖြင့် လက်ခံစစ်ဆေးခဲ့ခြင်းဖြစ်ကာ ကိုယ်ပိုင်ခံဝန်ချက်ဖြင့်
အာမခံရရှိထားသည်ဟု ရေခဲ(ပြည်)က မဇ္ဈိမကို ပြောသည်။

“တရားသူကြီးကို တရားလိုရဲတွေကို မြန်မြန်စစ်ပေးပြီး ပုဒ်မ ၁၈ နဲ့ပဲ စွဲချက်အမြန် တင်ပေးဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ ပုဒ်မ ၁၈ကို ကျူးလွန်တယ်ဆိုတာကို ၀န်ခံမယ် ဒါမှသာ သတင်းသမားတွေ
ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ခဲ့တယ် ဆိုတာကို သိသာထင်ရှားစေချင်လို့ပါ” ဟု ကိုရေခဲ(ပြည်)က ဆိုသည်။

အစိုးရ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းယူခွင့်ပြုရန်နှင့် ဖမ်းစီးခံထားရသော သတင်းထောက်များကို ပြန်လွတ်ပေးရန် ဆိုသော အချက်များဖြင့် ဧပြီလ ၂၅ ရက်က ပြည်မြို့တွင် သတင်းဌာနပေါင်းစုံမှ သတင်းထောက် ၁၆ ဦးခန့်က လမ်းလျှောက်၍ ဆန္ဒထုတ်ဖော် ခဲ့သော်လည်း ရေခဲ(ပြည်) တဦးတည်းကိုသာလျှင် ပြည်မြို့မ
ရဲစခန်းမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ခွင့်ပြုရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခြင်းခံရပြီး ရဲစခန်းမှ အမှုဖွင့်ကြောင်း အကြောင်းကြားသည့်အတွက် ဧပြီ ၂၆ရက်တွင်မြို့မရဲစခန်းတွင် ၎င်းကိုယ်တိုင် သွားရောက် အဖမ်းခံ၍
ခံဝန်ရေးထိုးခဲ့သည်။

 ကြယ်ပြာ
Mizzima - News in Burmese

ပုံစာ- ဧပြီလ ၂၅ရက်က သတင်းလွတ်လပ်ခွင့်အတွက် ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ကိုရေခဲ(ပြည်)အပါအဝင် သတင်းသမားများကို တွေ့ရစဉ်။ (ဓာတ်ပုံ- သီဟလွင်)

No comments:

Post a Comment