Friday, 16 May 2014

သစ်ပင်အောက်တွင်မိုးခိုနေသူ အမျိုးသား (၂)ဦး မိုးကြိုး ထိမှန်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ မေ ၁၆

၁၅.၅.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင် မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာ၊ သွပ်ပြားစက်ရုံရှေ့တွင် အမျိုးသား(၂)ဦးမိုးကြိုးပစ်ခံရ၍ သေဆုံးနေကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ သန်လျင်မြို့နယ် နေသူများ ဖြစ်ကြ သည့် ဦးအုန်းကြိုင် (၄၇)နှစ်နှင့် သန့်ဇင်ဦး (၂၈)နှစ်တို့ဖြစ်ပြီး ဦးအုန်းကြိုင်တွင် ဝဲမျက်ခုံး ဖူးရောင်ညိုမဲ ပွန်းပဲ့ဒဏ်ရာဖြင့် လည်းကောင်း၊ သန့်ဇင်ဦးတွင် မျက်နှာညိုမဲ၊ မေးရိုးပြုတ်ထွက် ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၆၃၀ အချိန်ခန့်က ဦးအုန်းကြိုင်နှင့် သန့်ဇင်ဦးတို့သည် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာမှ ၀ါးဝယ်ပြီး ဆိုင်ကယ်ဖြင့် အတူပြန်လာခဲ့ရာ မိုးရွာနေသဖြင့် သွပ်ပြားစက်ရုံရှေ့ရှိ သစ်ပင်အောက်၌ ခေတ္တမိုးခိုနေစဉ် သစ်ပင်ကိုမိုးကြိုးပစ်ခဲ့၍ ၎င်းတို့အား မိုးကြိုးထိမှန်ကာ ဒဏ်ရာများရရှိ သေဆုံးခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းတို့သေဆုံးမှုနှင့် ပတ်သက်၍ သန်လျင်မြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၂၄/၂၀၁၄)ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

No comments:

Post a Comment