မိတ္ထီလာမြို့ဧရိယာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျယ်ပြန့်လာ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့ ဧရိယာ (Down Town Area) သည်တိုးတက်များပြား လာသည့် လူဦးရေနှင့်နေ့စဉ် နေထိုင်မှုလူမှုဘဝများနှင့်အတူ စီးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာသဖြင့် တစ်နှစ် ထက်တစ်နှစ် ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။
''မိတ္ထီလာမြို့ဧရိယာက တဖြည်းဖြည်းကျယ်လာတယ်။ အလွယ်ဆုံးပြောရရင် အမြန်လမ်းမမဖောက်လုပ်မီက မိတ္ထီလာနဲ့ ဒီနေ့အချိန်မိတ္ထီလာက အများကြီးကွာခြား ပြောင်းလဲသွားပြီဖြစ်ပါတယ်။ အဓိက မြို့ဧရိယာကျယ်ပြန့် လာတာက အမြန်လမ်းဘက်ကိုထွက်တဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မြင်းကန်ကျေးရွာအနောက် ဘက်မှစတင်ပြီး အမြန်လမ်းအနီး သီးကုန်းကျေးရွာထိပ်ထိ စားသောက်ဆိုင်တွေ၊ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ် ရောင်းချသူတွေ တဖြည်းဖြည်းများပြားလာတယ်။ ပြီးတော့ မိတ္ထီလာ-မြင်းခြံလမ်း မလှိုင်မြို့ဘက်အထွက် ကံကောင်း ကျေးရွာအနီးမှာလည်း တဖြည်းဖြည်းစည်ကားလာတယ်။ နောက်ပြီး မန္တလေးဘက်အထွက်ဆို ပိုပြီးတော့ လူနေအိမ်၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်များပြားလာတယ်။
လွန်ခဲ့တဲ့လေးငါးနှစ်နဲ့မတူအောင် မိတ္ထီလာက တဖြည်းဖြည်း စည်ကားတိုးတက်လာပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။
မိတ္ထီလာတွင် ၂ဝ၁၃ ခုနှစ်မတိုင်မီက အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများ တိုးတက်များပြားလာပြီး မြို့တွင်း ဧရိယာအတွင်းနေရာများအပြင် မြို့ဆင်ခြေဖုံး ရပ်ကွက်များဖြစ်သည့် အောင်ဆန်းမြို့သစ်၊ ပြည်သာယာ တောင်ပိုင်း၊ ပြည်သာယာမြောက်ပိုင်းနှင့် ကျေးရွာများဖြစ် သည့် မြင်းကန်ကျေးရွာ၊ ကံကောင်းကျေးရွာ၊ မကျီးချောက် ကျေးရွာနှင့် စက်မှုဇုန်အနီးရှိ ကျေးရွာတချို့တွင်လည်း အိမ်ခြံမြေကွက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်း မိတ္ထီလာခြံမြေအရောင်းအဝယ်ဈေးကွက် အေးစက်သွားခဲ့သည်ဟု ဒေသခံအိမ်ခြံမြေအရောင်းအဝယ် လုပ်ကိုင်သူတချို့ကပြောသည်။
ချမ်းသာ(မိတ္ထီလာ)

No comments:
Post a Comment