ဈေးကွက်ရဲ့ မာယာ
ဘောဂဗေဒဘာသာရပ်မှာ လူတွေရဲ့ အပြုအမူကို လေ့လာတွေးဆတဲ့ အခါ တခြားအရာတွေ မပြောင်းလဲရင် ဆိုပြီး စကားခံပြီး ပြောလေ့ရှိတယ်။ တကယ်တမ်း လက်တွေ့တွေ့တဲ့ အခါကျ တခြားအရာတွေက ဘယ်မှာ မပြောင်းလဲဘဲ နေမလဲ။ ဝယ်လိုအား အကြောင်းကို ပြောတဲ့အခါလည်း ဒီလိုပဲ တခြားအရာတွေ မပြောင်းလဲဘူးဆိုရင်၊ ဈေးနှုန်းတက်ရင်၊ ဝယ်တဲ့ အရေအတွက် ကျမယ်၊ ဈေးနှုန်းကျရင် ဝယ်တဲ့ အရေအတွက် များမယ်ပေါ့။ ဒါပေမဲ့ မျှော်လင့်ချက်ကို ထည့်ထွက်ရင် ဈေးကျပေမဲ့ ထပ်ကျမယ်လို့ မျှော်လင့်ရင် ဝယ်မှာ မဟုတ်ဘူး။ ဈေးနှုန်းတက်နေပေမဲ့ ထပ်တက်မယ်လို့ မျှော်လင့်ရင် မဝယ်ကြပြန်ဘူး။ ပြီးတော့ သတင်းအချက်အလက်ရယ်၊ သတင်းအချက်အလက် ရရှိမှုရယ်၊ သတင်းအချက်အလက်ကို (အထူးသဖြင့် အရင်းအမြစ်ကို) ယုံကြည်မှုအပေါ်မှာ ရယ်လည်း တည်နေပြန်တယ်။ သတင်း အချက်အလက် မရတာ၊ ရတဲ့ သတင်းအချက်အလက်ပေါ် ယုံကြည်တာ၊ မယုံကြည်တာတွေကလည်း အဆုံးအဖြတ် ပေးတယ်။ ကျွန်တော်တို့ ဆီမှာတော့ တစ်ချိန်လုံး သတင်းထက် ကောလာဟလတွေ လွှမ်းမိုးတယ်။ ကောလာဟလတွေကလည်း မှန်သင့်သလောက် မှန်တယ်။ (မှားတယ်ဆို ရင်တောင် မှားလို့မှားမှန်းမသိ) ဆိုတော့ ကောလာဟလကို အမှန်လို့ စွဲတဲ့သူက ခပ်များများ။ သတင်းအမှန်ကို ပြောတဲ့အခါကျ သိပ်မယုံချင်ကြပြန်ဘူး။
အထင်ရှားဆုံး သာဓက က တချို့ မြေယာဈေးတွေပါ။ စီမံကိန်းတစ်ခုခု လာတော့မတဲ့ဆို မြေဈေးတွေ အပြေးအလွှားတက်၊ မဟုတ်ပြန်ဘူးတဲ့ ဆိုရင် ပြန်ကျ၊ ပြောတဲ့သူကလည်း သူ ကိုယ်တိုင် အဆုံးအဖြတ်ပေးသလောက် ပြောတာ။ ပွဲစားဆိုတာတွေကလည်း နယ်ပယ်အစုံမှာ ခပ်များများ မဟုတ်လား။ ဈေးကွက်စီးပွားရးစနစ် ဘယ်လောက် အောင်မြင်တာ၊ အစိုးရဌာနတွေရဲ့ သတင်းပေးမှု၊ မြင်သာထင်သာရှိမှု၊ ဝန်ဆောင်မှုပေးတာတွေ ကောင်းတာ မကောင်းတာတွေကို ပွဲစားရှိ မရှိဆိုတာနဲ့ တိုင်းရင်ရမယ် ထင်တာပါ။ အနည်းဆုံးတော့ ပွဲစားတွေ လျော့သွားဖို့ ကောင်းတာပေါ့။ မော်တော်ကား ဈေးကွက် ဆိုလည်း အပေါ်ကားတဲ့၊ အောက်ကားတဲ့။ ပြီးတော့ ကွက်ပျောက်တဲ့။ ကားတွေဝင်နေပြီတဲ့၊ မဝင်သေးဘူးတဲ့ ဆိုတာတွေအပေါ် မူတည်ပြီး ကားဈေးတွေက တက်လိုက်၊ ကျလိုက်ဖြစ်နေတာ တွေ့ရတယ်။ အထင်ရှားဆုံး သာဓကက တယ်လီဖုန်း (မိုဘိုင်းဖုန်း) ကို ကြည့်လေ။
ပထမဆုံး ကြားရတာက ရန်ကုန်က မဝယ်လို့ နယ်ကို အရင် ရောင်းတာတဲ့။ (တကယ်ဖြစ်တာက နယ်ကလူတွေ သုံးရအောင် အရင် ရောင်းတာ။ ဒါတောင် ရန်ကုန်ပြန်ဝင်လာသေး) ရန်ကုန်မှာ ရောင်းရမှာ မဟုတ်ဘူးတဲ့။ ငါးထောင်တန်ကျမှ ဝယ်ကြမှာတဲ့။ ဟော... ရန်ကုန်လည်း ရောင်းရော တစ်ရက်တည်း အလုံးတစ်သိန်းလောက် ကုန်တယ်။ ဘယ်ဆိုင်ကြည့်ကြည့် လူတွေက တိုးလို့။ လူတွေတိုးပြီဆိုရင် တန်းစီရတာတို့၊ တန်းမစီချင်ရင် ဈေးပိုပေးရတာတို့ ပါလာပြီလေ။ ခဏလောက် စောင့်ပါဦးလားဆိုတော့ သူများကိုင်တာ တွေ့ရင်ကိုယ်လည်း ကိုင်ချင်တာပေါ့တဲ့။ ပြီးရင် ကိုယ့်မှာ ဖုန်းရှိတဲ့အကြောင်း လိုက်ဆက်ရတာနဲ့တင် ဖုန်းကတ်တစ်ကတ် ကုန်ရော။ တချို့လည်း ဆင်ဖိုး တတ်နိုင်ပေမဲ့ ချွန်းဖိုးက သက်သာမယ် မထင်ဘူး။ ဘယ်သူမှလည်း ကိုယ့်မဆက်၊ ကိုယ်ကလည်း ဘယ်သူ့မှ ဆက်စရာမရှိဘဲနဲ့ တယ်လီဖုန်း ဝယ်ထားတဲ့ သူလည်း ရှိတယ်။ သုံးလတစ်ခါလောက် ကတ်ဝယ်ပြီး ဖြည့်ပေရော့။ ရုပ်မြင်သံကြားစက်လည်း ဒီလိုပဲ။ ကိုယ့်ရှိတာမှ ၂ လိုင်း ၃ လိုင်း၊ အဲဒါ လိုင်းနှစ်ဆယ်လောက်ပါတာ ဘာလုပ်ဖို့မှန်း မသိ၊ သဘောကျကြပြန်ရော။ တချို့လူတွေက ကိုယ်ဆက်ချင်တာဆို ဖုန်းတစ်လုံးနဲ့မရ၊ နောက်တစ်လုံးနဲ့ ဆက်ကြ။ ကိုယ့်ဆီ မခေါ်စေချင်ရင် ပိတ်ထား၊ သူကလည်း အဆင်ပြေသား၊ မလိုရင် မဝယ်သေးဘဲ နေကြပါလား။ နောက်မှဝယ်လည်း ဖြစ်တာပဲဆိုတော့ မယုံဘူးတဲ့။ ရတုန်း ဝယ်ထားရတာတဲ့လေ။ ဆိုရှယ်လစ်စနစ်ရဲ့ အငွေ့အသက်ကလည်း မကုန်ကြသေးဘူးလေ။ ဒီလောက်တောင် ဝယ်ချင်ကြ၊ ကိုင်ချင်ကြတယ် ဆိုတော့လည်း ကြိုက်ဈေး ပေးလိုက်ပေါ့။ ဒါက ဈေးကွက်လေ။ အစိုးရက နောက်မှ လိုက်ရှင်းရတာ။
ခင်မောင်ညို (ဘောဂဗေဒ)
By Smart News Originally posted 12/05/2012 11:12AM
No comments:
Post a Comment