ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်''ဟု ဆိုသည်။
ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦးအဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtles ဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးစန္ဒာမောင်
https://www.facebook.com/TheMirrorDaily
Thursday, 31 July 2014
အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်
တရုတ်နယ်စပ်တွင် အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့ တရုတ်- မြန်မာနယ်စပ်၊ ရွှေလီမြစ် တစ်ဘက်ကမ်းရှိ မန့်ဟောင်း ကူးတို့ ဆိပ် လမ်းခွဲ နောင်မတာ ကျေးရွာအနီး၌ ဂျူလိုင်လ ၂၉ ရက်က အစိုးရ စစ်တပ်အရာရှိ နှစ်ဦး သတ်ဖြတ် ခံရ ကြောင်း သတင်း ရရှိသည်။
သတ်ဖြတ်ခံရသူမှာ နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာတွင် အခြေချ လှုပ်ရှားသော အစိုးရတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၀င်းသူရထွန်း နှင့် (အမည် မသိ) တပ်ကြပ်ကြီး တဦးတို့ဖြစ်ပါသည်။ ၄င်းနှစ်ဦးသည် နမ့်ခမ်းမြို့မှ ဈေးဝယ်ပြီး အပြန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်ဒေသခံ တဦးက ပြောဆိုသည်။
“တပ်ခွဲမှူးက ရင်ဘတ်မှာသေနတ်ဒဏ်ရာတစ်ချက်နဲ့ ဦးခေါင်းမှာ ဓါးခုတ်ရာ ဒဏ်ရာတစ်ချက်၊ သုံးရစ်အရာရှိကတော့ ၀မ်းဗိုက် ပိုင်းကနေ ကျော ဘက်ပေါက် တဲ့ သေနတ်ဒဏ်ရာတစ်ချက်ထိသွားတယ်။ တပ်ခွဲမှူးသေတဲ့နေရာနဲ့ မလှမ်း မကမ်းမှာဘဲ သူ့အလောင်းက။ တပ်ခွဲမှူးအလောင်းက လမ်းရဲ့တဖက်ခြမ်း တရုတ်နယ်နိမိတ်ထဲမှာ ။ နောက်တယောက်ကတော့ ရွာအ၀င်လမ်း လယ် ကွင်းထဲမှာ။ နေရာက မဝေးဘူး။ နယ်စပ်ဆိုတော့ လေ။ ” ၄င်းကပြောသည်။
အလောင်းများကို ယမန်နေ့ မွန်းတည့်ချိန်ကတွေ့ရပြီး နောင်မတာကျေးရွာသည် တရုတ်နယ်နိမိတ်နှင့် ထိစပ်လျှက်ရှိ နေ သောကြောင့် နှစ်နိုင်ငံရှိတာဝန်ရှိသူများ လာရောက်ရှိစစ်ဆေးလျှက်ရှိနေပါသည်။ အဆိုပါအလောင်းများကို နမ့်ခမ်း ပြည် သူ့ဆေးရုံသို့ ည ၇း၀၀ က ပို့ဆောင်ပြီး ခွဲစိတ်စစ်ဆေးကြကြောင်း နမ့်ခမ်းမြို့ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်း ကဆိုသည်။
ယခု အစိုးရစစ်တပ်အရာရှိ နှစ်ဦးသတ်ဖြတ်ခံရသော နောင်မတာကျေးရွာသည် ယခင်က သျှမ်းပြည်တပ်မတော်၏ ၇၀၁ စစ်ဒေသ တပ်စခန်းအခြေစိုက်ရာေ ဒသဖြစ်ပြီး ၂၀၁၃ ခုနှစ် မေလ က အစိုးရစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သိမ်း ပိုက်လိုက်သည်။ လက်ရှိတွင် မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက် ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သာ အခြေစိုက်လှုပ်ရှားကြောင်းသိရ ပါသည်။
သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ နယ်စပ်ဖြတ်ကျော်သူများထံမှ အခွန်ကောက်ယူပြီး အဝေမတည့်မှုကြောင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း နီးစပ် သည့်ပြည်သူ့စစ်အသိုင်းအ၀ိုင်းကပြောသည်။
သျှမ်းသံတော်ဆင့်/ စိုင်းကျော်
https://www.facebook.com/Panglong.burmese?fref=nf

သဲကုန်းမြို့နယ်မှာ ရေကြီးပြီး လူသေ
ပဲခူးတိုင်း အနောက်ဖက်ခြမ်း သဲကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလျှံမှုတွေ အတွင်း လူတဦး သေဆုံး ခဲ့ပါတယ်။
ရေကြီးနေစဉ် ချောင်းကို ဖြတ်ကူး တုန်းမှာ ချောင်းရေ စီးအားနဲ့ မျောပါသွားပြီး အသက်ဆုံး ခဲ့တာလို့ သဲကုန်း NLD ပါတီ ဥက္ကဌ ဦးအောင်သန်းက ဘီဘီစီကို ပြောပြပါတယ်။
လယ်တွေလည်း ရေမြုပ်ကုန်ပြီး တံတားတစင်းလည်း ကျိုးခဲ့ပါတယ်။
ရေကြီးမှုကြောင့် လယ် ၂၀၊ ၂၅ ဧကလောက် ရေမြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
အခုနှစ်က မိုးနောက်ကျတဲ့အတွက် လယ်တွေကို ထွန်ရုံသာ ထွန်ထားခဲ့တာ ဖြစ်ပြီး အခုလို ရေမြုပ်ကုန်တဲ့အတွက် ဒီနှစ် အတွက် လယ်ယာ စိုက်နိုင်တော့မယ့် ပုံမရှိဘူးလို့ ပြောပါတယ်။
တံတား ကျိုးသွားတဲ့အတွက် သဲကုန်း၊ ပေါင်းတလည်၊ ပြည် လမ်းကြောင်းမှာ နှစ်ရက် သုံးရက်လောက် လမ်းပန်း အဆက်အသွယ် ယာယီ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140731_thegone_flood_death.shtml

![]() |
| မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေ |
ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်
ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။
ပေါက်ကွဲမှုကနေ လွင့်ထွက်လာတဲ့ မီးတောက်လုံးကြီး တခုကြောင့် ကားတွေ ပြောင်းပြန် လန်သွားပြီး သစ်ပင်တွေ လဲကုန်တဲ့ ပုံတွေကို လူမှု ကွန်ရက် သတင်း စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။
ပေါက်ကွဲမှုပေါင်း ၅ခု ဖြစ်ခဲ့တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ်က ပြောပါတယ်။
ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှု ရှိနေတယ် ဆိုတဲ့ အသိပေး ဖုန်းဆက်ပြောမှုတွေကို ကြာသပတေးနေ့ နှောင်းပိုင်းလောက်တုန်းက လက်ခံ ရခဲ့တယ်လို့ အဲဒီမြို့က မီးသတ်ဌာနက ပြောပါတယ်။
လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140731_taiwan_gas_explosion.shtml

| ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာ မီးတောက်ကြီးတွေ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေကပြော |
အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား

=====================
အနောက်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် Sierra Leone နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာနေရသလို Libaria နိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ချလိုက်ရပါတယ်။
အခုဆိုရင် အီဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အယောက်ပေါင်း ၇၃၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
အဲဒီရောဂါ ခံစားနေရသူ တွေကို တခြားနေရာ သွားခိုင်းမှာ မဟုတ်ပဲ ရဲတွေ၊ စစ်တပ်တွေနဲ့ အစောင့် အကြပ် ထားပြီး ရောဂါမပျံ့နှံ့အောင် ထိန်းသိမ်း သွားမယ်လို့ Sierra Leone နိုင်ငံ သမ္မတက ပြောပါတယ်။
Liberia နဲ့ Sierra Leone နိုင်ငံ နှစ်ခု စလုံးမှာ ရောဂါပျံ့နှံ့မှု ထိန်းသိမ်းတဲ့ အနေနဲ့ လူစုလူဝေး ပြုမှုတွေ ကိုလည်း ကန့်သတ်မှု လုပ်လိုက် သလို သေဆုံးမှု မှန်သမျှကို အာဏာပိုင်တွေကို အသိပေးဖို့ လည်း ညွှန်ကြားထားပါတယ်။
အီဘိုလာပိုးဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ ပျံ့နှံ့နေ တာဖြစ်ပြီး အဲဒီနိုင်ငံက လူတွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေက အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီပိုးကို နှိမ်နင်းဖို့ အတွက် အရေးပေါ် ဒေါ်လာ သန်း ၁၀၀ လောက် လိုမယ်လို့ လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဒီရောဂါပိုး အတွက် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ အနောက် အာဖရိက နိုင်ငံတွေကနေ တခြားနိုင်ငံတွေဆီ ကူးစက်မှာကို စိုးရိမ်တဲ့ အတွက်လည်း အမေရိကန် US peace corps အဖွဲ့က အာဖရိက အနောက်ပိုင်းက သူ့ရဲ့အမှုထမ်းအယောက် ၃၄၀ ကိုလည်း ပြန်လာဖို့ စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။
အီဘိုလာပိုးဟာ လင်းနို့ကနေ ပြန့်ပွားလာကြောင်း ၁၉၇၆ ခုနှစ်မှာ သိရှိကြတာ ဖြစ်ပါတယ်။ အီဘိုလာပိုးရှိနေတဲ့ လင်းနို့က တခြားအကောင်တွေကို ကိုက်မိပြီး အဲလို အကိုက်ခံရတဲ့ သားကောင်တွေကို လူတွေက စားမိတဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦး ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-01/1351140 — withShwe Arlu and 2 others.

Ebola ကူးစက်ခံရသူ အမေရိကန်နှစ်ဦးကို နေရပ်ပြန်ခေါ်ဖို့ ကြိုးပမ်း

====================
Ebola ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖျားနာနေတဲ့ လစ်ဗေးရီယားရှိ အမေရိကန်နှစ်ဦး ကို အမေရိကန် ပြန်ခေါ်နိုင်ဖို့ CDC ရောဂါ ထိန်းချုပ်ရေး ကာကွယ်ရေး ဌာနတွေနဲ့ အတူ ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ကို ပြန်လည်ခေါ်ထုတ်နိုင် မယ့် ဖြစ်နိုင်ခြေတွေ ကူညီဆောင်ရွက်သွားဖို့ လစ်ဗေးရီယားနိုင်ငံကို ထိပ်တန်းဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတဦး စေလွှတ် လိုက်ပြီလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။
Texas က ဆရာဝန်ဖြစ်သူ Dr.Kent Brantly နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က သာသနာပြု Nancy Writebol တို့နှစ်ဦးစလုံးဟာ လစ်ဗေးရီယား ဆေးရုံတရုံမှာ Ebola လူနာသည်တွေကို အကူအညီပေးနေရင်းနဲ့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ ရတာဖြစ်ပါတယ်။
သူတို့ကို ပြန်ခေါ်ထုတ်မယ်ဆိုရင် သတိပြုရမယ့် အချက်အားလုံးကို စူးစမ်းလေ့လာနေပြီး၊ သယ်လာတဲ့လမ်းမှာရော အမေရိကန်ပြည်ထောင်စုရောက် ရင်ရော သူတို့ကို သီးခြား ခွဲထုတ်ထားမှာဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အခု လစ်ဗေးရီးယားမြို့တော်မှာရှိပြီး၊ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-prepares-to-evacuate-american-ebola-victims-from-liberia/1969334.html — with Shwe Arlu and 2 others.

မွန်းတည့်နေဂျာနယ်အမှု ၇ ဦးကို သြဂုတ် ၄ ရက်နေ့ တရားစွဲဆိုမည်
ကြားဖြတ်အစိုးရ တင်မြှောက်တဲ့ သတင်းရေးသား ဖော်ပြတဲ့ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီ တာနဲ့ သတင်းထောက် စုစုပေါင်း ၇ ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ဗဟိုတရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
ရဲသတင်းအထူးတပ်ဖွဲ့က တရားလိုလုပ်ပြီး ပန်းပဲတန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုမှာလို့ မြန်မာနိုင်ငံ ရှေ့နေကွန်ရက်က ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"သူတို့ ၇ ယောက်ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ) နဲ့ ၅ (ည) တို့အရ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ အမှုစတင်စွဲဆိုတော့မယ်လို့ သိရပါတယ်"
ဒီ ၇ ဦးထဲမှာပါဝင်တဲ့ ဂျာနယ်ထုတ်ဝေသူ ဦးကျော်မင်းခိုင်နဲ့ မိတ်ဆွေဖြစ်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ဇူလိုင် ၁၇ ရက်က ဖမ်းဆီးမိပြီး သူတို့နဲ့အတူဖမ်းဆီးမိတဲ့ ဒေါက်တာ အိအိစံကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ခု တရားစွဲဆိုခံရမယ့်လူတွေဟာ ပြစ်မှုထင်ရှားရင် ပုဒ်မနှစ်ခုစလုံးအတွက် ထောင်ဒဏ် ၇ နှစ်စီကျခံ ရနိုင်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ထုတ်မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF အဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုတဲ့ သတင်းဖော်ပြမှုနဲ့ အရေးယူခံရတာပါ။
ဒီသတင်းကြောင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေရုံမက နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာအပြင် အများပြည်သူရဲ့ အကျိုးပျက်စီးစေမှု ဖြစ်ပေါ်စေတယ်လို့ ဇူလိုင်လ ၈ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf

အိန္ဒိယ မြေပြိုမှု ၂၃ ဦးသေ၊ ၁၅၀ ခန့် ပျောက်ဆုံးဆဲ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကျေးရွာတစ်ရွာ မြေပြိုကျမှုမှာ ခုချိန်အထိ သေဆုံးသူ ၂၃ ယောက် ရှိနေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး သမားတွေက အသက်ရှင်နေသူတွေကို ညလုံးပေါက် ဆက်လက် ရှာဖွေနေခဲ့ပါတယ်။
ဒါပေမယ့် မိုးက ဆက်တိုက် ရွာနေတဲ့အတွက် အသက်ရှင်နေနိုင်သူတွေကို ဆက်လက် ရှာဖွေရာမှာ အဟန့်အတား ဖြစ်နေပါတယ်။
ကယ်ထုတ်နိုင်ခဲ့ပြီးသူ ၈ ယောက်ကိုတော့ သူတို့ ရတဲ့ ဒဏ်ရာတွေကို ဆေးကုသပေးနေပါတယ်။
မုတ်သုံမိုး သည်းထန်လို့ ဗုဒ္ဓဟူးနေ့က တောင်ပြိုကျခဲ့တဲ့အတွက် Pune ခရိုင်အတွင်းက Malin ရွာ နစ်မြုပ်သွားခဲ့တာပါ။
ဘယ်လောက်ထိ ပျက်စီးတယ် ဆိုတာ သိရအောင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh က အဲဒီနေရာကို ကိုယ်တိုင်သွားခဲ့ပါတယ်။
ပျောက်နေဆဲ လူပေါင်း ၁၅၀ လောက် ရှိနေပြီး သူတို့ဟာ ရွံ့နွံတွေ ဒါမှမဟုတ် အပျက်အစီးတွေအောက်မှာ ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။
အဲဒီဒေသမှာ သစ်ခုတ်လှဲမှု အကြီးအကျယ် ဖြစ်နေခဲ့လို့ မြေပြိုကျတဲ့ အန္တရာယ် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140731_india_landslide.shtml

| လူ ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ |
Ooredoo SIM ကဒ် မြန်မာနိုင်ငံမှာ စတင်ရောင်းချ
မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ၀ယ်ယူခဲ့ကြတာပါ။ တရားဝင်ရောင်းချရမယ့် ရက်ဟာ သြဂုတ်လအတွင်း ဖြစ်ပေမဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်တွေမှာ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ ကိုယ်စားလှယ် ဆိုင်တွေက စတင်ရောင်းချ ပေးနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်ကပြောပြမှာပါ။
ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့ တွေဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် ဖုန်းဆင်းကတ် ဈေးကွက် တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ နေ့ရက်တွေလို့ ပြောရမှာပါ။ ငွေကျပ် သိန်း ၃၀ ကစလို့ နောက်ဆုံး ငွေ ၃၀၀၀၀ ပေးမှ မိုဘိုင်းလ် ဆင်းကတ် ၀ယ်နိုင်တာကနေ ငွေကျပ် ၁၅၀၀ နဲ့ မိုဘိုင်းဆင်းကတ်တွေကို
ကာတာ အခြေစိုက် Ooredoo တယ်လီဖုန်း ၀န်ဆောင်မှု က အများပြည်သူအကြား ၀ယ်ယူနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အချိန်မှာ ရန်ကုန်၊ မန္တလေး မှာ ရှိတဲ့ ပြည်သူတွေ အကြား လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ခဲ့ရပါတယ်။
Ooredoo ဆင်းကတ်တွေကို တရားဝင်ရောင်းချခွင့် ရထားတဲ့ ရန်ကုန် မန္တလေးက ဆိုင်အချို့က သူတို့ လက်ထဲ မှာ ရှိနေတဲ့ မိုဘိုင်းလ်ဖုန်းကတ်တွေကို ဒီကနေ့ မနက်အစောပိုင်းက စလို့ ရန်ကုန် မြို့ ပန်းဆိုးတန်းနဲ့ ဆူးလေဘုရား လမ်းမပေါ်က ဆိုင်တွေမှာ ရောင်းချခဲ့တာကြောင့် ပြည်သူတွေက
ကျိတ် ကျိတ်တိုး ၀ယ်ယူတာတွေလည်း ဖြစ်ခဲ့ပါတယ်။ Ooredoo ဖုန်းကတ် ၀ယ်လိုတဲ့သူတွေကို မှတ်ပုံတင် မိတ္တူ နဲ့ အတူရောင်းချပေးခဲ့တာ ဖြစ်ပြီးတော့ လိုချင်တဲ့သူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် ပြင်ပ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွေ မှာ ၀ယ်ယူနိုင်တယ်လို့ ဆူးလေဘုရားလမ်းမ ပေါ်က မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦး က ဗွီအိုအေကို အခုလို ပြောပါတယ်။
"လူတိုင်းတော့ဝယ်လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့အခါကျရင် မှတ်ပုံတင် မိတ္တူလိုမယ်။ နောက် ဓာတ်ပုံ မူရင်းလိုမယ်။ နောက် ဝယ်ပြီးရင် လက်မှတ်ထိုးပေးရမယ်။ မှတ်ပုံတင်မိတ္တူအောက်မှာ လက်မှတ်ထိုးပေးရမယ်။ အဲ့တာလေးတွေပေါ့။ ဈေးကတော့ တခုပဲ သတ်မှတ်ထားတယ်။ ပိုလို့လဲ မရဘူး။ လျော့ယူလို့လဲ မရဘူး။ ၁၅၀၀ကျပ်ပဲ ရောင်းလို့ရမယ်။"
တကယ်တော့ Ooredoo မိုဘိုင်းဖုန်း ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှ တရားဝင်ရောင်းချခွင့် ပေးထားတာ ဖြစ်တယ်လို့လည်း Ooredoo မြန်မာ ရဲ့ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ ဆင်းကတ် လက်ဝယ်ရထားတဲ့ ကိုယ်စားလှယ်တွေက ဒီရက်ပိုင်းမှာ ဈေးကွက် လက်ဦး မှု ရယူပြီး ဈေးကွက်အတွင်း စတင်ရောင်းချခဲ့တာကြောင့် မိုဘိုင်းလ် ဖုန်းကတ်တွေ ရဲ့ ဈေးဟာ ငွေကျပ် ၁၀၀၀၀ ထိ အပြင်မှာ ပေါက်ဈေး ရှိလာတာကို တွေ့ရတယ်လို့ Ooredoo ဖုန်းကတ် သွားရောက်ဝယ်ခဲ့တဲ့ ကို မင်းညိုအံ့က ဗွီအိုအေ ကိုပြောပါတယ်။
"တချို့ဆိုင်တွေက တစ်သောင်းအထိပေါက်တယ်။ ဆယ်ကဒ်ဝယ်ပြီးတဲ့သူတွေက အပြင်မှာ ပြန်ရောင်းတာက ခုနှစ်ထောင်၊ တစ်သောင်းလောက် အထိ ပြန်ရောင်းတယ် ခင်ဗျ။ ဘယ်အချိန်မှာ ဘယ်ဆိုင်တွေက ဘယ်လိုရောင်း သလဲဆိုတာ၊ တစ်ဆိုင်နဲ့တစ်ဆိုင် မတူဘူး။ ဒီတစ်ဆိုင်ရောင်း ရပြီဆိုရင် နောက်တစ်ဆိုင်က မရှိတော့ဘူး။ အဲ့လို ပေးတဲ့ပုံစံခြင်း မတူဘူးခင်ဗျ။ ရောင်းလို့ရပြီဆိုလို့ ရောင်းတာတဲ့။ အဲ့လိုပြောတယ် ရောင်းလို့ရပြီ ပြောလည်း ပြောပြီးရော၊ မြန်မာပြည်ဈေးကွက်စီးပွားရေးအရ လျှင်သူစားစတမ်းဆိုတော့ ဈေးတင်ရောင်းတယ်တဲ့။ တစ်ထောင့်ငါးရာကနေ အဲ့လိုပြောတယ်ခင်ဗျ။ ဆိုင်ရှင်တချို့က။"
Ooredoo ဆင်းကတ်တွေ ဝယ်ယူ မသုံးစွဲရေးနဲ့ ပတ်သက်တဲ့ လှုံ့ဆော်မှုတွေကို မြို့ကြီးတွေမှာ တောက်လျောက်လုပ်ဆောင်မှုတွေ ရှိနေသလို လာမယ့် ၈ လပိုင်းမှာလည်း ထပ်ပြီးတော့ ကန့်ကွက်မှုတွေ အရှိန်မြင့်မယ်လို့ အော်ရီဒူး ဆင်းကတ် မသုံးစွဲ ဦးဆောင် ဆော်သြသူဖြစ်တဲ့ မကွေးဆရာတော်ကြီး ဦးပါမောက္ခ က မိန့်ပါတယ်။ လက်ရှိ အချိန်မှာတော့ အခုလို Ooredoo ဆင်းကတ်တွေကို ပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူ သုံးစွဲနေတဲ့ အပေါ်မှာတော့ မကွေးဆရာတော်ကြီး ဦးပါမောက္ခ က အခုလို ဆက်လက်မိန့်ကြားပါတယ်။
" Ooredoo နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ နိုင်ငံတော်ဘာသာနေ့ဖြစ်တဲ့ အင်္ဂလိပ်လို ၈လပိုင်း၊ ၁၀ရက်နေ့ ကနေ နောက်ပိုင်းမှာ ဘုန်းကြီးတို့ မြို့နယ်တွေ၊ မြို့နယ်တွေမှာ ကမ်းလှမ်းတဲ့ မြို့နယ်တွေမှာ Ooredoo ဖုန်း မဝယ်ယူ၊ မသုံးစွဲဖို့ Ooredoo ဖုန်း နံပတ်နဲ့ဖုန်းလာရင် ဖုန်းမကိုင်ဆောင်ဖို့လို့ Ooredoo ဖုန်းဆိုင်မှာ ဝန်ထမ်းအဖြစ် အလုပ်မလုပ်ဖို့လို့ အသိပညာပေး ဟောပြောပွဲတွေ ဆက်လက်ပြီးတော့ ဘုန်းကြီးတို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။
Ooredoo ဖုန်းကို တချို့က ဝယ်ယူပြီးတော့ သုံးစွဲကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်တွေကတော့ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်၊ သာသနာချစ်စိတ်၊ မျိုးချစ်စိတ်မရှိတဲ့ ပုဂ္ဂိုလ်တွေသာလျင် ဝယ်ယူ ကြတာပါ။ အမှန်တကယ်တော့ မျိုးချစ်စိတ် ရှိတဲ့ပုဂ္ဂိုလ်တွေက Ooredoo ကို ဝယ်ယူမသုံးစွဲကြပါဘူး။"
Ooredoo အနေနဲ့ လက်ရှိမှာ သူတို့နဲ့ ဆင်းဒ်ကတ် ရောင်းချခွင့် စာချုပ် ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆင်းကတ်တွေကို ခွဲတမ်းနဲ့ ချထားပေးတာ ဖြစ်ပြီးတော့ ရွှေအဆင့်မှ ဆင်းကတ် ၈၀၀၊ ငွေအဆင့်မှာ ဆင်းကတ် ၄၀၀ နဲ့ ကြေးအဆင့်မှာ ဆင်းကတ် ၂၀၀ အထိသာရောင်း ချထားပေးတာ ဖြစ်တယ်လို့
မိုဘိုင်းဖုန်းအရောင်းဆိုင်တွေက ပြောပါတယ်။
Ooredoo ကုမ္ပဏီက လတ်တလောသတ်မှတ်ထားတဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေကတော့ ၎င်းတို့ ဆင်းကတ် အချင်းချင်း ဖုန်းခေါ်ဆိုရင် တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမှာဖြစ်ပြီးတော့ အခြားအော်ပရေတာ (MPT, Telenor, Mectel)တွေကို ဖုန်း ခေါ်ရင် တစ်မိနစ်လျှင် ၃၅ ကျပ် ၊ SMS စာတို ပေးပို့ပါက တစ်စောင်ကို၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမယ်လို့ ဆိုထားပါတယ်။
အစောပိုင်းကာလတွေတုန်းကတော Ooredoo ကုမ္ပဏီဟာ မွတ်စလင် တွေ အများစုနေထိုင်တဲ့ ကာတာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်တာကြောင့် မြန်မာတွေ အနေနဲ့ ၀ယ်ယူ မသုံးစွဲကြဖို့၊ အကယ်လို့ Ooredoo နံပတ် နဲ့ ဖုန်းတွေ ဝင်လာရင်လည်း မကိုင်ကြဖို့ ၀ါဒဖြန့်ချိမှုတွေ ရှိထားတာပါတယ်။
Ooredoo နဲ့အတူ မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာ လုပ်ကိုင်ခွင့် ရထားတဲ့ နောက်ထပ် ကုမ္ပဏီတစ်ခု ကတော့ နော်ဝေ အခြေစိုက် တယ်လီနော် ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ မြန်မာနိုင်ငံက လူအများစု ကိုင်တွယ်နေတဲ့ မြန်မာဆက်သွယ်ရေး လုပ်ငန်းကလည်း လက်ရှိ ဖုန်းတွေကို ဝန်ဆောင်မှု ပေးနိုင်ဖို့နဲ့ နောက်ထပ်မိုဘိုင်းဆင်းကတ်တွေကို နိုင်ငံတကာ ကုမ္ပဏီတွေ နဲ့ အပြိုင်ရောင်းချနိုင်ဖို့ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ KDDI နဲ့ ပူးတွဲပြီး လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုပြီးတော့လည်း တရားဝင်ကြေညာထားတာ ပါ။
အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/sim-cards-from-qarar-co-ooredoo-are-now-on-myanmar-market/1968825.html

မီးဖိုအပေါက်ဝရှိ ကြက်များအား ထင်းချောင်းဖြင့် ခြောက်လှန့် ပစ်ခတ်စဉ် ဟင်းခပ်ပြီး ပြန်ထွက်လာသော မိခင်အား ထိမှန်၍ သေဆုံး
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါ မြို့နယ်နေ မျိုးမြတ်အောင်(၂၃)နှစ်သည် နေအိမ်တွင် မိခင်ဖြစ်သူ ဒေါ်သန်းအေး(၆၅)နှစ်နှင့်အတူ ထမင်းစားနေစဉ် ဒေါ်သန်းအေးမှာ ဟင်းခပ်ရန် မီးဖိုချောင်အတွင်းသို့ ၀င်သွားစဉ် မျိုးမြတ်အောင်မှ မီးဖိုချောင် အပေါက်ဝ အနားရှိ ကြက်များအား ထင်းချောင်းဖြင့် ခြောက်လှန့် ပစ်ပေါက်ခဲ့သည်။
ထိုသို့ ပစ်ခတ်စဉ် မီးဖိုအတွင်းမှ ပြန်ထွက်လာသည့် မိခင်ဖြစ်သူ ဒေါ်သန်းအေး၏ လည်ပင်းအလယ်အား ထင်းချောင်းထိမှန်၍ သေဆုံးသွားသောကြောင့် မျိုးမြတ်အောင်အား ကန်နယ်မြေရဲစခန်း (ပ)၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ကြည့်မြင်တိုင်မြို့နယ်၌ တိုက်ဟောင်း၏ ၀ရန်တာပြိုကျသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ
၃၁.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်/ အနောက် ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ အမှတ်(၄၃)ရှိ နှစ်ထပ်တိုက်ဟောင်း၏ အပေါ်ထပ်ဝရန်တာ ပြိုကျမှု ဖြစ်ပွား ခဲ့ပါသည်။
ထိုသို့ဝရန်တာပြိုကျမှုကြောင့် ကြည့်မြင်တိုင်မြို့နယ်နေ ဆိုက္ကားနင်းသူ ကိုတင်ကို၊ (၃၀)နှစ်မှာ ၀ဲ/ယာပေါင်ဖူးရောင် မေးစေ့ပွန်း၊ ယာကျောပွန်း၊ ရင်ဘတ်ဖူးရောင်၊ ၀ဲလက်ခုံစုတ်ပြဲဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အောက်တွင်ဈေးရောင်းနေသော လှိုင်သာယာမြို့နယ်နေ မဝေေ၀မြင့်၊ (၃၈)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးတွင် မစိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကာ ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်သန်းသန်းဆွေ၊ (၄၇)နှစ်တွင် နာကျင် ဒဏ်ရာများရရှိခဲ့ သဖြင့် မစိုးရိမ်ရလူနာအဖြစ်လည်းကောင်း၊ အလုံမြို့နယ်နေ မသန်းသန်းစိုး၊ (၃၅)နှစ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ မစန်းစန်းနွယ်၊ (၄၄)နှစ်တို့မှာ ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် စိုးရိမ်ရလူနာများအဖြစ် လည်းကောင်း ရန်ကုန်ဆေးရုံကြီးတွင် အသီးသီး ဆေးကုသမှုခံယူလျက်ရှိ ပါသည်။
အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးခဲ့ကာ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ပို့အပ် ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

Ooredoo ရဲ့ ထူးခြားချက်များကို အရောင်းကိုယ်စားလှယ်တော်ကြီးများအားရှင်းလင်း

---------------------------------
မန္တလေး ၊ ဇူလိုင်လ ၃၁ ရက် ။
Ooredoo ဆင်းကဒ်ကို ရောင်းချပုံနှင့် ဆင်းကဒ်ရဲ့ ထူးခြားချက်များကို အရောင်းကိုယ်စားလှယ်ကြီးများအား ရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၃၁ရက်နေ့ နေ့လည် ( ၁၂ ) နာရီအချိန် နှင့် ( ၃ ) နာရီအချိန်တို့မှာ ဟိုတယ်မန္တလေးတွင် ပြုလုပ်ကျင်းပခဲ့ပါသည် ။
.
" Ooredoo ဆင်းကဒ်ရဲ့ ကို သြဂုတ်လ ၁၅ ရက်နေ့မှာ တရားဝင်စတင်ရောင်းချမည်ဖြစ်သော်လည်း သြဂုတ်လ ၂ နေ့တွင်မူ မိဘပြည်သူတွေလက်ထဲအရောက်အပ်နှံသွားမည်ဖြစ်သည် ။
Ooredoo ရဲ့ promotion ကာလအနေနဲ့ သြဂုတ်လ ( ၂ ) ရက်နေ့ မှ သြဂုတ်လ ( ၁၅ ) ရက်နေ့အထိ Ooredoo ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၉၀၀ နှင့် မက်ဆေ့ အစောင် ၉၀၀ အလကား ခွင့်ပြုထားသလို ၊ အခြား MPT , MEC ဖုန်းများကို ဖုန်းခေါ်ဆိုခွင့် မိနစ် ၉၀ နှင့် မက်ဆေ့အစောင် ၉၀ အလကားအသုံးပြုခွင့်ပေးမည်ဖြစ်ပါသည် ။ အင်တာနက်အသုံးပြုမှုအနေနဲ့ တစ်နေ့ 20 Mb အလကားအသုံးပြုခွင့်ပေးထားမည်ဖြစ်ပါသည် ။
သြဂုတ်လ ( ၁၅ ) ရက်နေ့ နောက်ပိုင်းမှာတော့ အသုံးပြုခများကောက်ခံသွားမည်ဖြစ်ပြီး Ooredooဖုန်းအချင်းချင်းခေါ်ဆိုလျှင် တစ်မိနစ် - ၂၅ ကျပ် ၊ Ooredooဖုန်းမှ အခြား MPT , MEC , Telenor ဖုန်းမျာသို့ ခေါ်ဆိုလျှင် တစ်မိနစ် - ၃၅ ကျပ် ၊ မက်ဆေ့တစ်စောင်လျှင် - ၂၅ ကျပ် နှင့် အင်တာနက် အသုံးပြုခကို 1Mb လျှင် - ၂၅ ကျပ် ကောက်ခံသွားမည်ဖြစ်သည် ။
သို့သော် သြဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ များအတွက် အသုံးပြုသူမိဘပြည်သူများ၏ ဖုန်းဘေလ်ထဲသို့ တစ်လလျှင် ၅၀၀ ကျပ် Ooredoo မှ အလကားဖြည့်တင်းပေးသွားမည်ဖြစ်ပါသည် ။
.
သြဂုတ်လ ( ၁၅ ) ရက်နေ့နောက်ပိုင်းမှာ Ooredooမှ မိဘပြည်သူများကို နိုင်ငံခြားဖုန်းခေါ်ဆိုခွင့် ၊ အင်တာနက်သီးသန့် အသုံးပြုသူများအတွက် ပက်ကေ့တစ်ခုလုပ်ထားကြောင်း နှင့် ဖုန်းသီးသန့် အသုံးပြုသူများအတွက် ပက်ကေ့တစ်ခုလုပ်ထားကြောင်း သိရပါသည် ။ ထိုပက်ကေ့မှာ အင်တာနက် သီးသန့် အတွက်ယူထားလျှင် အင်တာနက် အသုံးပြုခမှာ 1Mb လျှင် ၂၅ ကျသင့်မှာ မဟုတ်တော့သလို ၊ ဖုန်းအတွက်သီးသန့် ပြုလုပ်ထားလျှင်လဲ တစ်မိနစ် ၂၅ ကျပ် ကျသင့်မှာ မဟုတ်ဘူးလို့ သိရှိရပါသည် ။
ထို့အပြင် ဖုန်းငွေဖြည့်ရာမှာလဲ Electronic Top Up မကြာခင် အသုံးပြုတော့မှာ ဖြစ်ပါတယ် ။ E Top Up ရဲ့ ကောင်းကျိုးတွေကတော့ ကိုယ်တိုင် ငွေဖြည့်စရာမလိုတော့ခြင်း ၊ ခဲမခြစ်ရခြင်း ၊ ငွေသွင်းမရခြင်းများ စသည့်အခက်အခဲများ ကြုံစရာမလိုတော့ပဲ ငွေဖြည့်သွင်းရာ ဆိုင်မှာ အနည်းဆုံး ၅၀၀ ကျပ် မှနေ အများဆုံး ၅သိန်းကျပ်အထိ မိမိဖုန်းနံပါတ်ပြောရုံဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည် ။
.
ယခုလက်ရှိ အချိန်မှာတော့ ငွေဖြည့်ကတ် ၁၀၀၀ ကျပ် ၊ ၃၀၀၀ ကျပ် ၊ ၅၀၀၀ ကျပ် ၊ ၁၀၀၀၀ ကျပ် နှင့် ၂၀၀၀၀ ကျပ် ငွေဖြည့်ကတ်များ ပြုလုပ်ထားကြောင်း သိရပါသည် ။
.
Ooredoo ဆင်းကဒ်ဝယ်ယူရာတွင် Register လုပ်ဖို့ တိုက်တွန်း ထားကြောင်း သိရပါသည် ။ Register ပြုလုပ်ဖို့ မှတ်ပုံတင်မိတ္တူတစ်စောင် သာ လိုအပ်ပြီး Register မလုပ်ဖြစ်ပါက ထိုဆင်းကဒ်မှာ ၁၄ ရက်အတွင်း ပျက်ပြယ် သွားမည်ဖြစ်သည် ။ မှတ်ပုံတင်မိတ္တူတစ်စောင်ကို Ooredooကဒ် ၂၀ သာ အများဆုံး ၀ယ်ယူစေလိုကြောင်း ပြောကြားသွားပါတယ် ။
.
Ooredooဆင်းကဒ်များကို ၃လအတွင်း ဖုန်းမခေါ် ၊ ဖုန်းလက်ခံမပြော ၊ မက်ဆေ့မပို့ ၊ အင်တာနက် အသုံးမပြုပါက နောက်ထပ် ၁လ သတိပေး စာပို့ သွားမည်ဖြစ်ပြီး ၄လ ပြည့်လို့ အသုံးမပြုပါက ထိုဆင်းကဒ်နံပါတ်အား ပယ်ဖျက် သွားမည်ဖြစ်ကြောင်း သိပါသည် ။
.
Ooredoo နဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ နှင့် တစ်စုံတစ်ခု သိရှိလိုပါက Ooredoo Call Center 234 သို့ ဆက်သွယ် ခေါ်ယူ မေးမြန်းနိုင်ကြောင်း " အထက်မြန်မာပြည် အရောင်းမန်နေဂျာ ကိုမာတင် မှ ပြောကြားသွားပါတယ် ။
Khine Lynn Soe
MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်
အရေးကြီးလို့ သင့်မိတ်ဆွေများသိအောင် ပြန်လည်မျှဝေပေးပါ။
********************************
********************************
MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်
******************************
******************************
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်၏ ရက်၃၀ ဖုန်းခေါ်ဆိုခ လျှော့ချမည့်အစီအစဉ်မှာ လှည့်ကွက်များရှိနေပါသည်။
အကြောင်းစုံကို ရှင်းပြပါမည်။
ဖုန်းနံပတ် သုံးခုကို MPTက မှတ်တမ်းတင်ထားမည်။ ထို ဖုန်းနံပတ်သုံးခုကို သင်က တစ်လအတွင်း မိနစ်၁၀၀ မသုံးနိုင်လျှင် သင့်ဘက်က အရှုံးပေါ်နေပါပြီ။
အလျှင်ဆုံး သင့်ဖုန်းထဲမှာ ငွေ၅၀၀၀ ရှိတယ်ဆိုပါတော့။
1331ကို ADD 09..........
1331ကိုADD 09........
1331ကို ADD 09.........
1331ကိုADD 09........
1331ကို ADD 09.........
သုံးကြိမ် မက်ဆေ့ ပို့ရမည်။
ပို့ပြီးလျှင် သင့်ဖုန်းထဲမှ ၂၅၀၀ ကျပ် ချက်ချင်း ဖြတ်ယူသွားပါပြီ။ထို့ကြောင့် လက်ကျန်ငွေ၂၅၀၀ သာရှိပါတော့သည်။
ပြီးနောက် မှတ်တမ်းတင်ထားသော ဖုန်းနံပတ် တစ်ခုကို ခေါ်ကြည့်ပါ။ ၄မိနစ်ပြောကြည့်ပါ။ ငွေပြန်စစ်လျှင် ၂၄၀၀ ပဲကျန်ပါတော့မည်။
အလျှင်ဖြတ်ထားသော ၂၅၀၀ မှာဝန်ဆောင်ခ သက်သက်သာဖြစ်ပါသည်။
သင့်ဘက်က ၂၅၀၀ အရှုံးပေါ်နေပြီ။
မိနစ် ၁၀၀ ပြောမှသာ ထို၂၅၀၀ အတွက် အရင်းပြန်ရပါသည်။မပြောနိုင်လျှင် နာပြီသာမှတ်။
မသိလို့ ၂၅၀၀ အဖြတ်ခံရတော့ သာမန်ထက်ပိုပြီး ဖုန်းခေါ်မယ်။ အဲဒီတော့ ငွေဖြည့်ကဒ် ပိုရောင်းရတာပေါ့ဗျာ။
အင်တာနက်ပါသုံးရင်တော့ ပိုတောင် ကုန်အုံးမယ်။
မြန်မာပြည်မှာ ဖုန်းသုံးတိုင်း ချမ်းသာလို့၊ငွေပေါလို့မဟုတ်ပါဘူး။ လူဆယ်ဦးမှာ ရှစ်ဦးက မိနစ်၁၀၀ ကို ဖုန်းနံပတ် သုံးခုတည်းကုန်အောင်မသုံးနိုင်ပါဘူး။
ဒါ့ကြောင့် အရှုံးပေါ်တဲ့လူက ပိုများပါတယ်။
ဒါဟာ MPTရဲ့ လှည့်ကွက် တစ်ခုသာ ဖြစ်ပါတယ်။ မသိလို့ အငိုက်မိသွားမှာ စိုးလို့သတိပေးခြင်း ဖြစ်ပါတယ်။
စေတနာဖြင့်~~~
ပြည်ငြိမ်း
စာသင်ကျောင်း အပစ်ခံရမှု အစ္စရေးကို ကုလ စွပ်စွဲ
ဂါဇာဒေသမှာ ရှိတဲ့ ကုလသမဂ္ဂ စာသင်ကျောင်းတွေမှာ ပါလက်စတိုင်း အရပ်သားတွေ လာရောက် ခိုလှုံနေတယ် ဆိုတာကို အကြိမ်ကြိမ် သတိပေးထားတဲ့ ကြားက ကုလသမဂ္ဂ စာသင်ကျောင်း တခုကို အစ္စရေးတို့က တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
အဲဒီ စာသင်ကျောင်း အဆောက်အအုံကို အမြောက်ကျည် ထိမှန်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာ ရသွားပါတယ်။
မနေ့ညက ကုလသမဂ္ဂက စီစဉ်ပေးထားတဲ့ စာသင်ကျောင်း ဒုက္ခသည် စခန်းမှာ မိဘတွေနဲ့ အတူ အိပ်စက်နေတဲ့ ကလေးငယ်တွေ သေဆုံးခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ အရှက်မဲ့ လုပ်ရပ်တခု ဖြစ်တယ်ကြောင်း ဂါဇာမှာ ရှိတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် Chris Gunness က ပြောသွားပါတယ်။
အစ္စရေးတို့ ဘက်ကတော့ အဲဒီ စာသင်ကျောင်း အနီးတဝိုက်ကနေ ပါလက်စတိုင်း လက်နက်ကိုင်တွေက မော်တာ အမြောက်ကျည်တွေ ပစ်လွှတ်ခဲ့တဲ့အတွက် အစ္စရေး တပ်ဖွဲ့ဝင်တွေက တုန့်ပြန် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ဂါဇာ ဒေသမှာ ၄ နာရီကြာ အပစ်ရပ်ထားဖို့ အစ္စရေး စစ်တပ်က ကြေညာထားပေမယ့် အစ္စရေး တပ်ဖွဲ့ဝင်တွေ လောလောဆယ် တိုက်ခိုက်နေတဲ့ နေရာတွေမှာတော့ အပစ်ရပ်စဲမှု မရှိဘူးလို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140730_gaza_school.shtml

| စာသင်ကျောင်းကို ထိမှန်လို့ ၁၅ ဦး သေဆုံး |