Wednesday, 30 July 2014

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် လေပြင်း တိုက်ခတ်မှုဖြစ်ပွား

 ရန်ကုန်၊ ဇူလိုင် ၂၉

 ၂၈.၇.၂၀၁၄ ရက်နေ့ညပိုင်းနှင့် ၂၉.၇.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတို့တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့၌ လေဆင်နှာမောင်းနှင့် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါလေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ အေးမြသာယာကျေးရွာတွင် မူလတန်းကြိုကျောင်း(၁)ကျောင်းနှင့်နေအိမ်(၁)လုံး၊ ကော့ခနိမ်ကျေးရွာတွင် နေအိမ် (၁)လုံး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်း ကျေးရွာတွင် နေအိမ်(၃)လုံး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်တွင် နေအိမ် (၃၀)လုံး၊ မြသီတာရပ်ကွက်ရှိ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းအိမ်ရာဝင်း နေအိမ် တန်းလျား(၈)ခန်းတွဲ(၂)လုံးနှင့် ကားဂိုဒေါင်ဟောင်း(၂)လုံး၊ လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာ၊ ရွှေလင်ဗန်းကျေးရွာနှင့် အမှတ်(၁၉)ရပ်ကွက်တွင် နေအိမ်စုစုပေါင်း (၄၄)လုံး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ အင်းပေါက်စုအပိုင်းတွင် နေအိမ်(၂၁)လုံး၊ ဇီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံတပ်နယ်အိမ်ရာတွင် နေအိမ် လိုင်းခန်း(၁၅)ခန်း၊ ဓမ္မာရုံ(၁)ရုံတို့မှာ အမိုးများလန်ခြင်း၊ ပြိုလဲခြင်းများဖြစ်ပွားခဲ့ပြီး ၎င်းတပ်နယ်ဝင်းအတွင်း သစ်ပင်လဲကျမှုကြောင့် ဓါတ်တိုင်(၃)တိုင် ယိုင်လဲသွား
ကြောင်းသိရှိရပါသည်။

ထိုသို့ဖြစ်ပွားစဉ် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်နေ ဦးလှိုင်ထွေး၊ (၃၁)နှစ်တွင် ခြေသလုံးပြတ်ရှ ဒဏ်ရာ(၁)ချက်နှင့် ၎င်း၏သမီးဖြစ်သူ မခင်ငြိမ်းစံ၊ (၆)နှစ်တွင် ယာမျက်ခုံးဖူးရောင်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ရာ စိုးရိမ်ရမှုမရှိကြောင်းနှင့် အခြားနေရာများတွင် ထိခိုက်ဒဏ်ရာရရှိမှုများမရှိကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်ပွားသည့်နေရာများသို့ တာဝန်ရှိသူများရောက်ရှိခဲ့ပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice





No comments:

Post a Comment