ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး အဖြစ် ကမ္ဘာကျော်ခဲ့သော မန္တလေးမြို့ရှိ ပဉ္စမသင်္ဂါယနာတင် တိလောကမာရဇိန်စေတီ ကုသိုလ်တော် ဘုရား ကို UNESCO မှ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် တရားဝင် အသိအမှတ်ပြုသည့် ကျောက်စာကို မေလ (၈) ရက်နေ့ နံနက် (၉) နာရီ အချိန် က စိုက်ထူခဲ့သည်။ မှတ်တမ်း ဆိုင်ရာ အမွေအနှစ် များဟာ လူသား အားလုံးနဲ့ သက်ဆိုင် သောကြောင့် ဒီအမွေ အနှစ်တွေကို ပြုပြင် ထိန်းသိမ်းရန်၊ ကာကွယ် စောင့်ရှောက်ရန်၊ ဒေသ အလိုက် နိုင်ငံအလိုက် နိုင်ငံတကာ ဆိုင်ရာ အဆင့်များတွင် မှတ်တမ်း အမွေအနှစ်များ ကို သိမြင် အလေးထားမှု မြှင့်တင်ရန်၊ အပြန်အလှန် နား လည် အလေးထားရန် ၎င်း တို့ အတွက် နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်ရန် နဲ့ အကူအညီ အထောက် အပံ့ပေးရန် တို့ကို ဆောင်ရွက်ရန်ဖြစ်ပါတယ် ဟု ယဉ်ကျေးမှု ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင် က ပြော သည်။ ကမ္ဘာ့  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့  UNESCO သည် ကမ္ဘာ့  မှတ်တမ်း အမွေအနှစ် အစီအစဉ် (Memory of the World) အဖြစ် စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်း တိုက်ဆိုင်ရာ ထိန်းသိမ်း စောင့်ရှောက်မှု များတွင် ကျောက်စာများ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ် နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊ ဖလင်များ၊ အသံ နှင့် ဗွီဒီယို ခွေများ၊ စာရွက်စာတမ်း အထောက်အထား များ စသည် တို့ကို ကမ္ဘာ့ အမွေအနှစ် အဖြစ် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ထိန်းသိမ်းမှုကို ၁၉၉၂ ခုနှစ်က စတင်ခဲ့ကာ ယခုနှစ် ၂၀၁၄ ခုနှစ် အထိ ကမ္ဘာ တစ်ဝန်းလုံး တွင် မှတ်တမ်း အမွေအနှစ် ဆိုင်ရာ ထိန်းသိမ်းမှု (၃၀၀) ခုရှိပြီ ဖြစ်ကြောင်း ၎င်း က ပြောကြားသည်။
မြန်မာနိုင်ငံတွင် UNESCO မှ ကမ္ဘာ့  မှတ်တမ်း အမွေအနှစ် အစီအစဉ် (Memory of the World) အဖြစ် ပထမဆုံး အသိ အမှတ်ပြုရန် ၂၀၁၂ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အစည်း အဝေးတွင် အတည်ပြုချက် ရရှိ ခဲ့သည်။ အဆိုပါ ကျောက်စာချပ် များသည် ဗုဒ္ဓ ဘာသာဝင်များ အတွက် အတုမရှိ တန်ဖိုးထားအပ်သော ပိဋကတ် တော်များဖြစ်သကဲ့သို့ (၁၉) ရာစုခေတ်မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်းကျေးမှုကို ဖော်ပြ နေကြောင်း ဒုတိယ ၀န်ကြီးက ပြောသည်။ မန္တလေးမြို့တည် နန်းတည်ဘုရင် မင်းတုန်းမင်းကြီးသည် ၁၈၇၁ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင်မှု ပြုလုပ်ခဲ့ပြီး၊ ပိဋကတ် သုံးပုံ စာသားများကို ကျောက်စာချပ် (၇၂၉) ချပ်တွင် ကျောက်ထက် အက္ခရာ တင်ရေးထိုးခဲ့ပြီး၊ ကျောက်စာ တစ်ချပ်ချင်း စီကို ကျောက်စာရုံ အတွင်း ထားရှိကာ ကုသိုလ်တော်ဘုရားဝင်းအတွင်း ကျောက်စာရုံ (၇၂၉) ဆူ စိုက်ထူထားရှိခဲ့သည်။
မျိုးမြင့်စံ
The Messenger
Friday, 9 May 2014
ကုသိုလ်တော် ဘုရားဝင်း ကျောက်စာများကို ကမ္ဘာ့  အမွေအနှစ်အဖြစ် UNESCO မှ အသိအမှတ်ပြု ကျောက်စာ စိုက်ထူ
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment