စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 8 June 2014

တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် ရန်ကုန်တိုင်းတွင် ယခင်နှစ်ထက် နှစ်ဆများ

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ဇွန်လ ၇ရက်က နံနက်က ထွက်ပြီးဖြစ်ရာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် ဘာသာစုံဂုဏ်ထူးထွက်သူ ယခင်နှစ်ထက်ပိုမိုခဲ့ပြီး ရန်ကုန်တိုင်းတွင် နှစ်ဆပိုမိုခဲ့သည်ဟု အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က မဇ္ဈိမကို ပြောသည်။

"ဒီနှစ် All D(ဘာသာစုံဂုဏ်ထူး)ကတော့ နှစ်ဆတက်လာတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ၁ဒသမ ၇၄ ရာခိုင်နှုန်း တက်လာတယ်"ဟု ဒေါ်ဆွေဆွေလဲ့က ပြောသည်။

ရန်ကုန်တိုင်းတွင် ယခင်နှစ်က ဘာသာစုံဂုဏ်ထူးပါသူ ၁၉၇ဦးသာ ရှိသော်လည်း ယခုနှစ်တွင် ၄၁၇ဦး ထွက်ရှိခြင်း ဖြစ်သည်။ ငါးဘာသာဂုဏ်ထူးရှင်မှာ ၇ဝ၁ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၂၈၈ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၂၂၉ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၅၈၈ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၉၁၁ဦး ရှိသည်ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းတွင်မူ ဂုဏ်ထူးရရှိသူဦးရေ တက်လာသော်လည်း အောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် ငါးရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မန္တလေးတိုင်း ပညာရေးမှူးက ပြောသည်။

အောင်ချက်ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းတွင် ၃၆ဒသမဝ၇ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၂၄ဒသမ ၄ဝရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၄၇ဒသမ ၁၃ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄၄ဒသမ ၈၆ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင် ၃၁ဒသမ ဝ၁ရာခိုင်နှုန်း တို့ဖြစ်သည်။

မန္တလေးတိုင်းအတွင်း ဘာသာစုံဂုဏ်ထူးအများဆုံးထွက်သည့် မြို့နယ်မှာ ချမ်းအေးသာစံမြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၃၅)ဦး၊ ငါးဘာသာဂုဏ်ထူး(၈၆)ဦးထွက်ပေါ်ခဲ့ပြီး တစ်တိုင်းလုံးတွင် ဂုဏ်ထူးရရှိသူဦးရေမှာ (၆၁၄၅)ဦး တိတိ ရှိသည့်အနက် ရူပဗေဒဘာသာရပ်တွင် အများဆုံး ဂုဏ်ထူးရရှိခဲ့ရာ (၇၂၇)ဦးရှိသည်။

ခင်မြတ်မြတ်ဝေ၊ မျိုးသန့်၊ ကိုတိုးကြီး
Mizzima - News in Burmese

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ၂၀၁၄ ခုနှစ် ဇွန် (၇)ရက်တွင် ထုတ်ပြန်ကြေညာရာ ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ အထက(၂)တွင် အောင်စာရင်းလာရောက်ကြည့်ရှုသူများကို တွေ့ ရစဉ်။ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ

Monday, 2 June 2014

ပုတီးကုန်း အထက်တန်းကျောင်း စင်္ကြန်လမ်ပျိုကျ ကျောင်းသား/သူ ၁၇ဦးဒဏ်ရာရ

 ကျောင်းသူတစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ နေချင်းပို့ရ

ပုတီးကုန်း၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇွန်လ ၂ရက် နံနက်က ကျောင်းစင်္ကြန်လမ်း ပြိုကျရာမှ ကျောင်းသား/သူ ၁၇ဦး
ဒဏ်ရာရရှိခဲ့သည်ဟု သဲကုန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

“ကျောင်းသားတွေ အတန်းထဲ ၀င်လာတဲ့အချိန် စင်္ကြန်လမ်းယက်မ မခိုင်တော့ တအိအိနဲ့ ပြုတ်ကျသွားတယ်” ဟု လက်ထောက် မြို့နယ်ပညာရေးမှူး ဦးအေးလွင်ကပြောသည်။

ထိုနေ့နံနက် ၈နာရီ အချိန်က ပုတီးကုန်းအထက်တန်းကျောင်း ပတ္တမြားဆောင် အပေါ်ထပ် စင်္ကြန်လမ်းရှိ အဋ္ဌမတန်း(D) ရှေ့ ၀ရန်တာပြိုကျ သဖြင့် အတန်းထဲဝင်မည့် ၈တန်း ကျောင်းသားများ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြုတ်ကျသွားသဖြင့် ဒဏ်ရာရရှိသည့် ကျောင်းသား/ကျောင်းသူ ၁၇ဦးထဲမှ ၉ဦးမှာ ပုတီးကုန်း ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး ၈ဦးမှာ အပြင်လူနာ ဆေးကုသမှုခံယူခဲ့သည်။ အတွင်းလူနာအဖြစ် ကုသနေရသည့်အထဲမှ မသဲပုံချစ်ကိုမူ ထိုနေ့၌ပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

ရန်ကုန်သို့ ပို့ဆောင်လိုက်ရသည့် မသဲပုံချစ်မှာ ခါးဆစ်ကျိုးဒဏ်ရာဖြစ်ပြီး ကျန်အတွင်းလူနာများမှာ လက်ကျိုးသူတစ်ဦး၊ လက်ဆစ်ယောင်သူတစ်ဦး နှင့် ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်သည်ဟု ပုတီးကုန်းဆေးရုံက တာဝန်ကျဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

အတွင်းလူနာဖြစ်နေသူ မောင်ကျော်ဇင်ခန့်မှာ သတင်းရေးချိန် ဇွန်လ ၂ရက် ညနေ ၆နာရီခန့်အထိ ဒဏ်ရာမသက်သာသေးဘဲ မထိုင်နိုင်သေးကြောင်း ကျောင်းသားမိဘ တစ်ဦးကပြောသည်။

“အဆုတ်ဘက်ကျောကုန်းက အောင့်တယ်လို့ပြောတယ်။ မထိုင်နိုင်သေးဘူး။ အသက်ရှူရင်အောင့်တယ်လို့ပြောတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ယခုပြိုကျခဲ့သည့် ပုတီးကုန်း အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်ကို ၁၉၅၂ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ထပ်ပတ်ကား ကျောင်းဆောင်ဖြစ်သည်။ ပုတီးကုန်း
အခြေခံပညာအထက်တန်း ကျောင်းတွင်မူလတန်းမှ အထက်တန်းအထိ ကျောင်းသား/သူ ၁၄၉၉ဦး ပညာသင်ကြားနေသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese

ပုံစာ- ပြိုကျခဲ့သည့် ပုတီးကုန်းအခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားဆောင်ကို ဇွန်လ ၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ရေခဲ၊ပြည်)

ရွှံ့မီးတောင်တွေ့၍ ကျောက်ဖြူ အထူးစီးပွားရေးဇုန် နေရာပြောင်းမည်

 ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်ရန် လျာထားသည့် နေရာ အနီးတွင် ရွှံ့မီးတောင်တစ်ခု ရှိသည်ဟု အကြံပေး ကုမ္ပဏီက တင်ပြလာသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို နေရာရွှေ့ပြောင်းရန် စီစဉ်နေပြီဟု တင်ဒါရွေးချယ်ရေးအဖွဲ့က အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ဇွန် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့ နှင့် ၁၁မိုင်အကွာ စစ်တောကျေးရွာအုပ်စုတွင် လျာထားသော်လည်း ပြောင်းရွှေ့ရမည်ဖြစ်သည်။

“ဘယ်ကို ပြောင်းမယ်ဆိုတာ ဆွေးနွေးတဲ့အဆင့်ပဲ ရှိသေးတယ်” ဦးအောင်ကျော် သန်းက မဇ္ဈိမကို ပြောသည်။

အကြံပေးကုမ္ပဏီ (Consulting Firm) ဖြစ်သည့် စင်ကာပူအခြေစိုက် ကုမ္ပဏီ CPG (Creative Professional Groups) ကို ကန်ဒေါ်လာ၂ ဒသ မ ၄ သန်းဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။

ရွှေ့ပြောင်းရာတွင် ယခင်သတ်မှတ်ထားသည့် စစ်တောကျေးရွာများ၏ တောင်ဘက်ကို ရွှေ့ပြောင်းရန် ကနဦးလျာ ထားသည်ဟုဆိုသည်။ ထပ်မံပြောင်းရွှေ့ရန် ညှိနှိုင်းချက်အရ ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် ရေနံလှောင်ကန်များ တည်ဆောက်ထားသည့် မဒေးကျွန်းဒေသသည်လည်း စီးပွားရေးဇုန် ဧရိယာအတွင်း ပါဝင် လာနိုင်ဖွယ်ရှိသည်ဟု ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခြင်းအတွက် မြေနေရာသတ်မှတ်ခြင်း၊ တင်ဒါခေါ် ယူရေး အတွက်စိစစ်ရွေးချယ်ရေးကော်မတီဖွဲ့စည်းခြင်း၊ အကြံပေးကုမ္ပဏီ တင်ဒါခေါ်ယူ ရွေးချယ်ခြင်းတို့ ပြီးစီးပြီး ဖြစ်သည်။

ရင်းနှီးတည်ထောင်သူကုမ်ဏီ တင်ဒါခေါ်ယူရန်ပြင်ဆင်နေချိန်တွင် ထိုသို့ပြောင်း ရွှေ့ရန် အကြံပြုလာခြင်း ဖြစ်သည်။

ကေဇူး
Mizzima - News in Burmese

Thursday, 29 May 2014

ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ

ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်ပွားပုံမှာ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာရှိ အထွေထွေပစ္စည်း ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်တွင် မြေသြဇာနှင့် မျိုးစေ့ စုစုပေါင်းကျပ် နှစ်သိန်းခွဲကျော်ဖိုးဝယ်ယူခဲ့ပြီး ပစ္စည်းတန်ဖိုးပေးချေသည့်ငွေများထဲတွင် ၅၀၀၀ တန်ငွေစက္ကူအတု (၅)ရွက် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းနောက် အထွေထွေပစ္စည်းရောင်းဝယ်ရေးဆိုင်ရှင် ဦးစိုင်းခမ်းဦးက ၎င်း၏ဆိုင်တွင် ကာလကျေးရွာမှ ဦးမောင်ကျော်က အဆိုပါငွေများနှင့် လာရောက်ဝယ်ယူသွားခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သဖြင့် ဦးမောင်ကျော်နေအိမ်သို့ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ၅၀၀၀ တန်ငွေစက္ကူအတု (၄၆)ရွက် ထပ်မံသိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကျပ် ၅၀၀၀ တန်အတုများကိုသုံးစွဲနေသူ ဦးမောင်ကျော်က အဆိုပါငွေများသည် လွယ်စေတီကျေးရွာရှိ ဦးမြင့်လှိုင်က ၎င်းကိုပေးချေသည့် ပြောင်းစေ့ဖိုးငွေကျပ် သုံးသိန်း အတွင်းမှ ကျန်ရှိသောငွေများဖြစ်သည် ဟုပြောဆိုခဲ့သဖြင့် ဦးမြင့်လှိုင်နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ ငွေစက္ကူအတုမတွေ့ရှိခဲ့ပါ။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ၅၀၀၀ တန်ငွေစက္ကူအတုများကို သိလျှက်နှင့်သုံးစွဲနေသူ ဦးမောင်ကျော်ကို ဖယ်ခုံမြို့မ ရဲစခန်းက (ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၈၉-ခ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု အဆိုပါ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းကပြောသည်။

ဖြိုးဝေလင်း
Mizzima - News in Burmese

Tuesday, 27 May 2014

နမိုးနီးယားဓါတ်ငွေ့အိုးပေါက်ကွဲရာ ကလေးငယ်နှစ်ဦးအပါအ၀င် ငါးဦးဒဏ်ရာရ

နမိုးနီးယားဓါတ်ငွေ့အိုးပေါက်ကွဲရာ ကလေးငယ်နှစ်ဦးအပါအ၀င် ငါးဦးဒဏ်ရာရ
-----------------------
ဖြိုးဝေလင်း
ရန်ကုန်၊ မဇ္ဈိမ။ ။ ရေခဲစက်ရုံအတွင်း အသုံးပြုသည့် နမိုးနီးယားဓါတ်ငွေ့ (စပယ်ယာအိုး)ပေါက်ကွဲမှုကြောင့်
ကလေးငယ် နှစ်ဦးအပါအ၀င် စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်
ဖြစ်စဉ်တစ်ခု မေ ၂၇ရက်၊ နံနက် ၁၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု လှိုင်မြို့နယ်ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်း
တစ်ဦးက မဇ္ဈိမကိုပြောသည်။
လှိုင်မြို့နယ်၊ ၇ ရပ်ကွက်အတွင်းရှိ 'လင်း'ရေခဲစက်ရုံမှ ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်နှင့် အသက် ၆ နှစ်အရွယ်
ကလေးငယ်နှစ်ဦး အပါအ၀င် အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အသက် ၂၄ နှစ်အရွယ်
အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့ပြီး စက်ရုံဝန်ထမ်းမှာ အသက်အန္တရယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။
"ပေါက်ကွဲမှုဘယ်လိုဖြစ်ခဲ့တယ် ဆိုတာတော့ ကျွန်တော်တို့ စစ်ဆေးနေတုန်းပါ။ ဓါတ်ငွေ့အိုးပေါက်တဲ့အချိန်မှာ အဲဒီဓါတ်ငွေ့တွေကို
ရှူမိတဲ့သူ လေးယောက်ကတော့ မေ့သွားကြတယ်။ စက်မောင်းတဲ့ ကောင်လေးကတော့ မျက်နှာနဲ့ခါးမှာဒဏ်ရာ ရသွားတယ်"ဟု
ရဲဝန်ထမ်းက ဆိုသည်။
ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် စက်ရုံခေါင်းမိုးသွပ်ပြားတစ်ချပ် ပွင့်ထွက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ
များအဖြစ် ဆေးကုသမှုခံယူနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး 'လင်း' ရေခဲစက်တာဝန်ခံ ဦးအုန်းဌေးကို အရေးယူပေးပါရန် ဒု-ရဲအုပ်ဖြိုးဝေသိန်း၏ တရားလိုပြုတိုင်တန်းမှုကို
လှိုင်မြို့နယ်ရဲစခန်းက (ပ) ၂၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိသည်။
Mizzima

Sunday, 25 May 2014

အကြမ်းဖက်လူသတ်မှုတွင် ပါဝင်ပတ်သက်သည့် တပ်မတော်သားသုံးဦးကို အရေးယူရန် ဆန္ဒပြ

ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ န၀ဒေး တံတား အောက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် လူသတ်မှု တွင် ပါဝင်ပတ်သက်နေသည့် တပ်မတော်သား သုံးဦးကို ဥပဒေအရ စစ်ဆေး အရေးယူမှုများ ပြုလုပ်ရန် ပြည်မြို့ခံ နှစ်ရာကျော်က မေလ ၂၃ရက်တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။

၂၀၁၃ခုနှစ် ဧပြီလ(၂၃)ရက် ည(၉)နာရီခွဲ အချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက ပစ္စည်းလုယက်ကာ လူသတ်သည့် အမှုတွင် ပါဝင်သူများမှာ ပြည် ခလရ ၇၅မှ စစ်သားများဖြစ်သည်ဟုဆိုကာ ထိုသူများအား အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လုယက်မှုဖြစ်ပွားစဉ် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရပြီး သူမ၏ လက်စွပ်ကိုလည်း လုယူသွားခဲ့သည်။

“ဒီအမှုက ပေါ်နေရဲ့သားနဲ့ အပြစ်မပေးဘူးဆိုတာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ပြလိုက်တာပဲ၊ စစ်တပ်က တရားဥပဒေရဲ့ အထက်မှာ ရောက်နေတယ်။ ဒီနေ့ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က တရားဥပဒေရဲ့အထက်မှာ စစ်တပ် အစိုးရ ပြည်သူ ဘယ်သူမှ မရှိစေရဘူး။ ဥပဒေရဲ့ အထက်မှာ ဥပဒေဘဲရှိရမယ်” ဟု
ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်က ပြောသည်။

၎င်းဖြစ်ရပ် ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမိပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးပေ။

တပ်မတော်သားသုံးဦးကို စစ်ဆေးအရေးယူမှုများ မပြုလုပ်ပါက ဆန္ဒဖော်ထုတ်ပွဲများ တစ်လ တစ်ကြိမ် (သို့) အခါအားလျော်စွာ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဦးဆောင်သူ ကိုဝင်းလှိုင်က ပြောသည်။

ယခုဆန္ဒဖော်ထုတ်ပွဲအား ရဲတပ်ဖွဲ့မှ တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး ခွင့်ပြုချက်မရပါကလည်း ဆန္ဒဖော်ထုတ်သွားမည်ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်ကဆိုသည်။

ဆန္ဒဖော်ထုတ်သူများသည် မေလ ၂၃ရက် နံနက်၉နာရီက ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးကာ ဗိုလ်ချုပ်လမ်း၊ ရွှေတစ်ချောင်းလမ်း အတိုင်း ချီတက်ခဲ့ပြီး သေဆုံးသူ ကိုဇော်မင်းဦး နေထိုင်ခဲ့သော တရုပ်စုရပ်ကွက် မင်းတပ်လမ်းထိပ်တွင် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်ရွှေတစ်ချောင်းလမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ပြီး လမ်းမတော်လမ်းမှ ဗိုလ်ချုပ်ကျောက်ရုပ် ရှေ့သို့ ပြန်လည်ချီတက်ကာ ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် “တရားဥပဒေ စိုးမိုးရေး ဒို့အရေး” “ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရေး ဒို့အရေး” “ဥပဒေအထက်မှာရှိသူများ အလိုမရှိ” “အမှန်တရား
ဖျောက်ဖျက်သူများ အလိုမရှိ” “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။

ရေခဲ(ပြည်)
Mizzima - News in Burmese

ပုံစာ- ပြည်မြို့ နဝဒေးတံတားအောက် လူသတ်မှုတွင် ပါဝင်ပတ်သက်သူ စစ်သားသုံးဦးကို ဖမ်းဆီးအရေးယူခြင်း ပြုလုပ်ရန် ပြည်မြို့ခံ ၂၀၀ကျော်က မေလ ၂၃ရက် နံနက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ရေခဲ၊ပြည်)

Wednesday, 21 May 2014

အမြန်လမ်းယာဉ်တိမ်းမှောက်မှုလျော့စေရန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အကြံပြု.

အမြန်လမ်းယာဉ်တိမ်းမှောက်မှုလျော့စေရန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အကြံပြု.

မျိုးသန့်| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှု လျော့နည်းစေရန်နှင့် မတော်တဆထိခိုက်မှုများ မရှိစေရန် မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက သက်ဆိုင်ရာဌာနများထံသို့ အကြံပြုချက်များ ထုတ်ပြန်ပေးပို့ထားသည်။

အချိန်ထိန်းဇယား (၁၀၀ကီလိုမီတာ) မောင်းနှင်လျှင် ၁မိနစ်၁မိုင်နှုန်း ခရီးရောက်ရှိသဖြင့် ယာဉ်များ စတင်ထွက်ခွာသည့် အမြန်လမ်းမကြီး တိုးဂိတ်တွင် စထွက်ချိန်နှင့် ရောက်ရမည့်အချိန်တို့ကို သတ်မှတ်ပေးကာ လမ်းတစ်လျှောက် ကီလိုမီတာ မပိုစေရန် ထိန်းချုပ်ခြင်းနှင့် တိုးဂိတ်အလိုက် အရေးယူသည့် အဖွဲ့ထားရှိရန်၊ မိုင် ၁၀၀ အရှည်လမ်းတွင် အနည်းဆုံးလေးနေရာ၌ ယာဉ်၏ မြန်နှုန်းတိုင်းကိရိယာတပ်ဆင်ပြီး ၁၀၀ ကီလိုမီတာကျော်သော ယာဉ်များကို အရေးယူရန် လိုအပ်ကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ တိုင်းအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ပေးပို့သည့် ယင်း အကြံပြုစာ၌ ပါရှိသည်။

တဖန်အမြန်လမ်းမကြီးယာဉ်များ ညာလမ်းမောင်းပြီး ကျော်တက်လျှင် ဘယ်လမ်းမှ ကျော်တက်ရုံမှလွဲ၍ အခြားလမ်းယူ မောင်းနှင်ခြင်းမပြုရန်၊ ညပိုင်းလမ်းကြောင်းပြအမှတ်အသား (အချက်ပြမီးဝါ တပ်ဆင်ထားသည့် လမ်းကြောင်း)မှ မောင်းနှင်စေပြီး နောက်ကားလမ်းတောင်းပါက ညာဖယ်သည့်စနစ်ကို ကျင့်သုံး မောင်းနှင်ရန်လည်း အကြံပြုထားသည်။

ထို့ပြင် နံနက်ပိုင်း ၂နာရီမှ ၃နာရီအတွင်း အိပ်ငိုက်တတ်သဖြင့် ရန်ကုန်-မန္တလးဘက်ခြမ်းများတွင် ကြားစခန်း နှစ်နေရာဖွင့်ကာ နှစ်နာရီတွင်ရောက်လာသည့် ကားကို ခေတ္တရပ်နားစေပြီး ယာဉ်မောင်းများအား မျက်နှာသစ်ကိုယ်လက် လှုပ်ရှားမှုပြုစေ၍ ၁၅ မိနစ်ကြာမှ ကားထွက်ခွာစေရန်အချက်ကိုလည်း အကြံပြုချက်၌ ဖော်ပြထားသည်။

ယင်းအကြံပြုချက်တွင် မတော်တဆအဖြစ်များသော နေရာများနှင့် အန္တရာယ်ရှိသော နေရာများ၌ အထူးအရှိန်လျှော့ မောင်းနှင်စေရန်၊ ယာဉ်မောင်းများအား ဖြစ်စဉ်အမှန်များကို ချပြကာ လိုအပ်သော သင်တန်းများ၊ စည်းကမ်းချက်များ သင်ကြားပြသရန်တို့ကို လုပ်ဆောင်သွားရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အမြန်နှုန်းတိုင်းတာရေး ကိရိယာများကို မိုင် ၅၀ ခြား တစ်ခုစီ တပ်ဆင်သွားရန် စီစဉ်နေပြီး သတ်မှတ်မြန်နှုန်းထက် ကျော်လွန်ပါက လိုင်စင်ခြောက် လပိတ်သိမ်းနှင့် ဒဏ်ငွေကျပ် ငါးသောင်းပေးဆောင်စေရန်၊ အချိန်သတ်မှတ်ဇယား အတိုင်းလိုက်နာမှု မရှိသည့်ယာဉ်များကို သတ်မှတ်ချိန်ထက် ၁၀ မိနစ် လျော့နည်းမောင်းလျှင် လိုင်စင်ခြောက်လနှင့် ဒဏ်ငွေ ကျပ် ငါးသောင်းတပ်ရိုက်ရန် စသည်တို့အတွက် မြေပုံဆွဲနေရာသတ်မှတ်ရန်လည်း စီစဉ်ထားသည်။

Mizzima - News in Burmese

Tuesday, 20 May 2014

မောင်တောနပ်စပ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတာဝန်ယူထား

 ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တော နယ်စပ်တွင် မေ ၁၇ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် လုံခြုံရေး ရဲဝန်ထမ်းများနှင့် RSO အဖွဲ့တို့ တိုက်ခိုက်မှုတစ်ဖြစ်ပွားခဲ့သဖြင့် နယ်စပ်လုံခြုံရေးကို ဒေသတွင်းရှိ စစ်တပ်က တာဝန်ယူထားရသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှူးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက မေ ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

မောင်တော မြို့နယ် မြောက်ပိုင်းရှိ မိုင်တိုင် ၅၂ အနီး နယ်စပ် ခြံစည်းရိုးတစ်လျှောက် လုံခြုံရေး ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

“ကင်းလှည့်နေချိန်မှာ အလစ်ဝင်တိုက်ခိုက်တဲ့အတွက် ထိတွေ့မှုဖြစ်ခဲ့ပါတယ်၊ ရဲတပ်သား လေးဦးကျပါတယ်”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့(RSO) ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝှု လေးဦး ကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေသည်ဟုဆိုသည်။

လက်ရှိတွင် မောင်တောနယ်စပ်လုံခြုံရေးကို ခမ ၃၅၂ တပ်ရင်းက တာဝန် ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။ မောင်တောနယ်စပ်ဒေသ လုံခြုံရေးနှင့်ပတ်သက်၍ နယ်စပ်တောင်ပိုင်းရှိ နယ်စပ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ခံ ဗိုလ်ကြီးသန့်ဇင်က “နယ်စပ်ဒေသ လုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအတွေ့အကြုံပြည့်ဝတဲ့ တပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေပဲ ဖြစ်သင့်တယ်”ဟု ဝေဖန်ထောက်ပြသည်။

“ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းမှာ အဓိကရုဏ်း နှိမ်နှင်းတာ၊ ဒေသတွင်း လုံခြုံရေးရယူတာကို ကျွမ်းကျင်ပေမယ့် စစ်ရေးနဲ့ ပတ်သက်လာရင်တော့ အတွေ့အကြုံ နည်းတာကို တွေ့ရတယ်”ဟု သူကဆက်ပြောသည်။

လက်ရှိတွင် မောင်တော မြို့နယ်လုံခြုံရေးမှာ တည်ငြိမ်လျှက်ရှိသည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်စိုးက ပြောသည်။ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးကို ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သည့် ရဲတပ်ဖွဲ့ကတာဝန်ယူထားသည်။

စစ်အစိုးရ လက်ထက်က ရခိုင်ပြည်နယ် နယ်စပ်ဒေလုံခြုံရေးကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်မှ စ၍ နယ်စပ်ဒေသ လူဝင်မှုကွက်ကဲရေး စစ်ဆေးရေးဌာနချုပ် (န.စ.က) က တာဝန်ယူခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ရက်က နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာထုတ်ပြန်၍ ဖျက်သိမ်းခဲ့ပြီး ယင်းနေရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ယူထားခဲ့ခြင်းဖြစ်သည်။

ကေဇူး
Mizzima - News in Burmese

Saturday, 17 May 2014

မုံရွာမြို့နယ်တွင် ခရီးသည်တင်မှန်လုံးယာဉ်များဖြင့် တမလန်းသစ်များအား တရားမ၀င် သယ်ဆောင်ပို့

အား တရား မ၀င် သယ်ယူပို့ဆောင်လျက်ရှိနေကြောင်း မေလ ၁၇ ရက်နေ့မနက် ၁၀ နာရီက မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိ ယရဲမှူးကြီး ချင်းစိန်မှ ပြောကြားလိုက်သည်။
“ တမလန်းသစ်များကို ခရီးသည်တင် မှန်လုံယာဉ်နဲ့ တရားမ၀င် သယ်ဆောင်လာတယ်လို့ သတင်းရတဲ့ အတွက် ဒီကနေ့မနက်ပိုင်းမှာဘဲ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်..’ ဟု ဒုတိယရဲမှူးကြီး ချင်းစိန် မှ ဆက်လက်၍ ပြောပြသည်။
ခရီးသွားလုပ်ငန်းများကို အကြောင်းပြုလျက် တရားမ၀င်သစ်ဆောင်မှုများရှိလာသည့်အတွက် မုံရွာမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ကြူအင်း၊ ခရိုင်မှုခင်း(အထူး)နှိမ်းနင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင် တို့၏အဖွဲ့မှ မုံရွာ - ယာကြီး - ကလေးဝ အဝေးပြေးကားလမ်းမကြီးနှင့် မုံရွာ - ဘုတလင်- ရေဦး အဝေးပြေးကားလမ်းမ ကြီးများတွင် အချိန်ပြည့် စောင့်ကြပ် ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ထိုအဖွဲ့မှ ယင်းကဲသို့ စောင့်ကြပ်ဖမ်းဆီးလျက်ရှိရာ မေလ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်က မုံရွာ - ယာကြီး - ကလေးဝ လမ်းအတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာမှ မုံရွာမြို့သို့ မောင်းနင် လာသည့် အောင်ကမ္ဘာ မော်တော်ယာဉ်အသင်း စာတမ်းပါ ခရီးသည်တင် မှန်လုံယာဉ် ဟီနိုးရိမ်းဘို ခြောက်ဘီးယာဉ် အမျိုးအစား ယာဉ်အမှတ် 2B / 58…အား မုံရွာမြို့နယ် အလုံနယ်မြေရဲကင်းစခန်းဝင်းအ တွင်း၌ သတင်းအ ရရှာဖွေစစ်ဆေးခဲ့ရာ တမလန်းသစ် ဓာရွှေတုံး(၁၇)တုံး၊ သစ်တန်ချိန် တစ်တန်ကျော် ခန့်အား တရားမ၀င် သယ်ဆောင်လာသည်ကို သက်ဆိုင်ရာမှ စီစစ်တွေ့ရှိခဲ့ရသည့်အတွက် ဖမ်းဆီးအရေး ယူခဲ့ခြင်းဖြစ်သည်။

ကိုတိုး ချင်းတွင်း

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform