စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 3 January 2014

ဒဂုန်တာရာ(စာရေးဆရာ)

ဒဂုန်တာရာ(စာရေးဆရာ)
ဒဂုန်တာရာ

မွေးသက္ကရာဇ် ၁ဝ၊ ၅၊ ၁၉၁၉ အမည်ရင်း ဦးဌေးမြိုင် မိဘအမည် ဦးဘအုန်း + ဒေါ်ဖွားရှင် မွေးဖွားရာ ဒေသ ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ် ကလောင် အမည်ခွဲများ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန် ထင်ရှားကျော်ကြားမှု မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား
ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။
ကိုယ်ရေး ဖြစ်စဉ်။
ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။
ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။
၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။
ယခုအခါ ဆရာသည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုလျက် ရှိသည်။
ဒဂုန်တာရာရေးသားပြုစုခဲ့သော စာအုပ်များ
  1. ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
  2. ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
  3. စံပယ်ဦး - ၁၉၆၁ ခုနှစ်
  4. စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
  5. စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
  6. စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
  7. စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
  8. တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
  9. ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
  10. ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
  11. ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
  12. တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
  13. ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
  14. မာယာ - ၁၉၉၁ ခုနှစ်
  15. မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
  16. မေ - ၁၉၇၄ ခုနှစ်
  17. ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
  18. လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
  19. လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
  20. သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
  21. သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
  22. အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  23. အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
  24. အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
  25. ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်

ရွှေအိမ်စည်စာကြည့်တိုက်
http://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%85%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%92%E1%80%AB%E1%80%94%E1%80%BB%E1%80%95%E1%80%B3%E1%80%9E%E1%80%8A%E1%80%B9/511509612202059?ref=stream

ထိုးကွင်းအစ မောင်ကံက တဲ့လား

ထိုးကွင်းအစ မောင်ကံက တဲ့လား


ထိုးကွင်းအစ မောင်ကံက တဲ့လား
ထိုးကွင်းမင်ကြောင် စပေါ်တာ ဘိုးတော်ဘုရားခေါ် ဗဒုံမင်း လက်ထက် ၊ ထောင်မင်းကြီးသား မောင်ကံ ကတီထွင်ခဲ့တယ်ဆိုတာကို စရေးတာ ၀၁-၁၀-၁၉၄၀ ထုတ်ကျောင်းသားစာစောင် ဗဟုသုတခန်းလို့ ဆိုပါတယ်။ တကယ်တော့ ဆိုလိုချင်တာက အလှထိုးတဲ့ မင်ကြောင်ကို ပြောဟန်တူပါတယ်။

လောကီအစီရင် အရသော်လည်းကောင်း အမှတ်သညာအရသော်လည်းကောင်း အရင်ထိုးနေကြ ဆေးမင်ကြောင်ဟာ ကွက်တိကွက်ကြားနဲ့ မလှဘူး။ ဒီတော့ ဒီဇိုင်း ကနုတ်တွေဖော်ပြီး ထိုးဟန်တူပါတယ်။ အရေးများတဲ့ ဒီဇိုင်းက မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် နှင့် ငါးကြင်းကွက် တွေဖြစ်တယ်တဲ့။ ဒီတော့ မောင်ကံစခဲ့တဲ့ မင်ကြောင်ဟာ အရပ်စကားနဲ့ပြောရင်တော့ ရှေ့ကပုံတွေကို မကြိုက်လို့ စိတ်ကူးအသစ် နှင့် စခဲ့တဲ့ အလှထိုးမင်ကြောင်လို့ ပြောရပါမယ်။

တကယ်တော့ ဆေးမင်ကြောင်ဟာ ဘိုးတော်ဘုရား မတိုင်မှီခေတ်ကတည်းက ရှိနှင့်ပြီးနေပါပြီ။ ဗင်းနစ်မြို့သာ အီတလီလူမျိုး နီကိုလိုဒီကွန်တီ ( Nicolo De Conti ) ၁၄၃၅ ခုနှစ်မှာ မြန်မာပြည် ပဲခူးကိုရောက်တယ်။သူ့ ရဲ့ ခရီးသွားမှတ်တမ်းမှာ ပဲခူးကမြန်မာတွေဟာ အသားကို သံဆူးနှင့်ထိုးဖောက်ပြီး ဖျက်မရတဲ့ ဆေးတွေကို ပွတ်ထည့်တယ်ဆိုပြီး မြန်မာတွေ ဆေးမင်ကြောင် (Tattoo) ထိုးကြောင်း မှတ်တမ်းတင်ခဲ့တယ်။ နီကိုလို ရဲ့မှတ်တမ်းဟာ မြန်မာတွေရဲ့ ဆေးမင်ကြောင်အကြောင်းပြောတဲ့ ပထမဆုံးမှတ်တမ်းအဖြစ်ရှိနေသေးတယ်။

ဟံသာဝတီဆင်ဖြူများရှင် ( ဘုရင့်နောင် ) လက်ထက် ရှေးမှတ်တမ်းတစ်ခုမှာ ရေးထားတာက " ခွေးလင်းစားလည်း ၊ ကောင်းမွန်စွာအဝတ်တန်ဆာတို့ကို ဝတ်၍၊ ပန်းဆိုးခေါင်းထုပ်နှင့် ပန်းမာလ်ထူစွာပန်၍၊ အင်္ကျီမဝတ်ဘဲ ' မင်သေ့ ' ခါးပြက်ပြက် နှင့် အမွေးအထုံလိမ်း၍ တက်၏ " ဆိုပြီး အက္ကပတ် ကို သံစေလွတ်ခန်းမှာရေးခဲ့တယ်။

မဏိပူရ ကသည်းပြည်ကို သံစေလွတ်ရာမှာ အဓိကဦးဆောင်သူဖြစ်တဲ့ ခွေးလင်းစား ရဲ့ကိုယ်မှာ ' မင်သေ့ ' ခေါ် ဆေးမင်ကြောင်တွေထိုးထားတာ တွေ့ရတဲ့သဘောပေါ့။ ဒါကိုလည်း တလေးတစား ထုတ်ပြချင်ဟန်တူပါတယ်။

အရင်ကတော့ မြန်မာတွေရဲ့ ဆေးမင်ကြောင်ဟာ ဟံသာဝတီဆင်ဖြူများရှင် (ဘုရင့်နောင်) လက်ထက် ယိုးဒယားကိုတိုက်တော့မှာ ပါလာတယ်လို့ထင်ခဲ့တယ်။ ခုတော့ ရှာရင်းရှာရင်း အဲဒီထင်မြင်ချက် လွင့်ပစ်ရတော့မယ်ထင်တယ်။

ဆေးမင်ကြောင်ကိုဘဲ ခေါ်ကြတဲ့ အမည်တွေရှိသေးတယ်။၁။ ထိုးကွင်းမင်ကြောင်၂။ ထိုးကွင်း၃။ မင်သေ့၎။ ကော်၅။ ကော်ရစ် စတဲ့နာမည်တွေပါ။

သို့ပေမယ့် အဓိက က နှစ်မျိုးဘဲရှိပါတယ်။ လောကီအစီရင်အဖြစ် ထိုးတာရယ် ၊ အလှထိုးတာရယ်ပါ။ အလှထိုးကတော့ ကုန်းဘောင်ခေတ် ၊ စောစောကပြောတဲ့ ထောင်မင်းကြီးသားခေတ်မှ စတယ်ထင်တယ်။ ရဲရဲတော့ မပြော ရဲပါ။ ရှေးကမြန်မာ့စစ်သည်တော်တွေကို အစု ခွဲရာမှာလည်း ဆေးမှတ်ပြီးခွဲတာမျိုးရှိတယ်ဆိုတာကိုတော့ တစ်ချက်သတိထားရမယ်။

မြန်မာတွေရဲ့ ဆေးမင်ကြောင်နဲ့ ပတ်သက်ပြီး တချို့ ရဲတင်းတဲ့လူတွေက ပျူခေတ်ကတည်းက စတယ်လို့ ပြောတယ်။ အထောက်ထားတော့မရှိပါ။ ပျူတွေတကယ်သာ မင်ကြောင်ထိုးရင် တရုတ်တွေရဲ့ မှတ်တမ်းမှာ တခုတ်တရ ထည့်ရေးခဲ့မှာ အမှန်ဘဲ။ တချို့က ပုဂံခေတ်တဲ့။ ဒါလည်း အထောက်ထားမခိုင်ပါ။

ပုဂံခေတ်မှာ အင်းချတဲ့လောကီအစီရင်မျိုးရှိလာပြီ။ ကျန်စစ်သားနန်းတော်သစ်ဆောက်တော့ ကြေးပြားပေါ် အင်းရေးပြီး တိုင်အောက်မှာမြှုပ်တယ်။ ဒီတော့ ဒီလိုကြေးပြားပေါ်အင်းရေးပြီး ကိုယ်မှာဆောင်တဲ့ ဓလေ့ရောရှိနိုင်တယ်လို့တော့ ခန့်မှန်းပါတယ်။ ဆေးမင်ကြောင်ထိုးတယ် ဆိုတဲ့အပြောမျိုးထိတော့  မပြောရဲပါ။

ရှေးကမြန်မာတွေက ဆေးမင်ကြောင်ကို ' မင်သေ့ ' ဆိုပြီးသာခေါ်ကြတာကို သိရတယ်။ မှတ်တမ်း ၊ ကျောက်စာ ၊ နံရံဆေးရေးတွေမှာ မတွေ့ရလို့ ရတု ၊ လေးချိုး ၊ ကဗျာတွေမယ် လိုက်ရှာတော့ မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း ခရစ်နှစ် (၁၆၀၅-၁၆၂၈) မှာ စာဆိုတော် ရှင်ကုမာရကဿဖ ရဲ့ ဓမ္မရာသီပျို့ မှာ " မဲနည်သွားဆိုး ၊ မင်သေ့ထိုး " ဆိုတဲ့ အသုံးကို တွေ့ရတယ်။ အဲဒီခေတ် အခြေခံလူတန်းစားတွေထဲမယ် ' မင်သေ့ ' ထိုးပေးတဲ့ အလုပ်ဘဲသီးသန့်လုပ်သူတွေရှိတယ်ဆိုတာ မှတ်သားရပါတယ်။

သော်ကပင် ဆရာတော်ရဲ့ စာမှာ " ဂူတွင် ဥမင်၊ ရွှေမင်ဝေ့ဝေ့၊ မင်သေ့ထိထိုးမြဲ ၊ ဟဆွဲမဖက် " ဆိုပြီးပါတယ်။ နောက်ထပ်တွေ့ရတာက " ပုတီးသာဆောင်၊ ကြောင်တစ်ကောင် ၊ ကော်တစ်ဘက်နှင့် ထိုးလက်စမသိမ်း" ဆိုပြီးတွေ့ပါတယ်။ နှစ်ခုစလုံးရဲ့ ခေတ်ကာလ အပိုင်းခြားကို အင်းဝခေတ်လို့မှန်းပေမယ့် ဒီလို ရတု ကဗျာ ပျို့ လေးချိုးတွေကို အခြေခံပြီး ခုနှစ်ရှာရတာက အင်မတန်ဝိရောဓိဖြစ်စရာပါ။

စောစောက စကားကိုပြန်ကောက်ရရင် ထိုးကွင်းအစမောင်ကံ က ဆိုတဲ့အဆိုမှန်တယ်ဆိုရင်တောင် စိတ်ကူးသစ်နှင့် ရှေးကပုံစံတွေကို တွန်းလှန်ပြီး ဒီဇိုင်းသစ်ပုံစံသစ်နှင့် တစ်ခေတ်ဆန်းတယ်လို့ ပြောလို့ ရပေမယ့် ထိုးကွင်းမင်ကြောင် စပေါ်တာ
ဘိုးတော်ဘုရားလက်ထက် ထောင်မင်းကြီးသား မောင်ကံ ကစတယ်လို့ တော့ ပြောမရပါ။

Posted by ရှေးမြန်မာ

တောင်ကိုရီးယားသည် မကြာခင် ဂျပန်ထက် ချမ်းသာလာမည်

တောင်ကိုရီးယားသည် မကြာခင် ဂျပန်ထက် ချမ်းသာလာမည်


တောင်ကိုရီးယားသည် မကြာခင် ဂျပန်ထက် ချမ်းသာလာမည်


နှစ်ပေါင်းအတော်ကြာအောင် ဂျပန်က အာရှမှာ အချမ်းသာဆုံးနှင့် စီးပွားရေးအင်အားအကြီး ဖြစ်ခဲ့သည်။ အာရှစီးပွားရေးမှာ ပထမဆုံး စက်မှုခေတ် ပြောင်းနိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်သည်။ နောက်မှ အာရှကျားတွေဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်တို့  ဂျပန်လမ်းကြောင်းကိုကြည့်ပြီး လိုက်လာခြင်း ဖြစ်သည်။
ဒါပေမဲ့ အခု ဂျပန်ကို သူ့နောက်က နိုင်ငံတွေ ကျော်တက်စပြုနေပြီ။ တရုတ်စီးပွားရေးအရွယ်အစားက ဂျပန်ထက် ပိုကြီးသွားခဲ့ပြီ။ လူသိနည်းတဲ့ အချက်တစ်ခုက စက်မှုဖွံ့ပြီး အာရှနိုင်ငံသစ်တွေရဲ့ စီးပွားရေးက ဂျပန်ထက် ပိုပြီးချမ်းသာနေခြင်း ဖြစ်သည်။
နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို နှိုင်းယှဉ်ဖို့ အကောင်းဆုံးနည်းက တစ်ဦးချင်း ၀ယ်ယူနိုင်စွမ်း (purchasing-power parity) ဖြင့် တိုင်းတာတဲ့ နိုင်ငံသားတစ်ဦးချင်း ဂျီဒီပီ (GDP per person) ဖြစ်သည်။ ဤနည်းအားဖြင့် တိုင်းပြည်တစ်ခုချင်းအလိုက် လူနေမှုစရိတ် ကွာခြားမှုတွေကို ကြည့်ကြသည်။ PPP တိုင်းတာမှုအရဆိုရင် စင်္ကာပူက ဂျပန်ကို ၁၉၉၃ ခုနှစ်မှာ ကျော်တက်ခဲ့သည်။ ဟောင်ကောင်က ၁၉၉၇ ခုနှစ်မှာ ကျော်လွန် ခဲ့သည်။ ထိုင်ဝမ်က ၂၀၁၀ မှာ ဂျပန်ကို ကျော်လွန်ခဲ့သည်။
အခုနောက်ဆုံး IMF ရဲ့ ခန့်မှန်းချက်အရ လာမယ့်ငါးနှစ်အတွင်း တောင်ကိုရီးယားက ဂျပန်ထက် ချမ်းသာလာပြီး၊ စီးပွားရေး အင်အားပါ သာလွန်သွားမည်ဟု ဆိုသည်။ ၁၉၈၀ ခုနှစ်ကဆိုရင် တောင်ကိုရီးယား တစ်ဦးချင်းရဲ့ ဂျီဒီပီက ဂျပန်ရဲ့ လေးပုံတစ်ပုံသာ ရှိခဲ့သည်။ ယခုတော့ တောင်ကိုရီးယားက နေရစ်တော့ ဂျပန်ရေ.. ဟု နှုတ်ဆက်ဖို့ ရှိနေသည်။



မူရင်း - Maukkha.org

ဆပ်သွားဖူးပန်း(အညာမြေ)

ဆပ်သွားဖူးပန်း(အညာမြေ)



ဆပ်သွားဖူးပန်း(အညာမြေ)

ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့အတိုင်း ရေးတော့ ဆပ်သွားဖူး၊ ဖတ်တော့ ဆပ်တဖူးတဲ့။ကြားဖူးကြမှာပေါ့... နာနတ်သီးတွေ ဘယ်ကသီးတယ်..ဆပ်သွားဖူးပင်က သီးတယ်ပြောတယ်ဆိုတာလေ... အဲဒီအပင်က ကိုင်းအခွများတယ်.. အမြစ်များတယ်.. အရွက်က ချွန်တယ်..ဘေးမှာ ဆူးလေးတွေပါတယ်...။ အသီးကတော့ နာနတ်သီးလိုပဲဗျ...။


 ဆပ်သွားဖူးပန်း

ကျွန်တော်တို့ ငယ်ငယ်ကဆို အဲဒီ ဆပ်သွားဖူးအရွက်လေးတွေနဲ့ ဆော့ကြပါတယ်...။ ဘယ်လိုဆော့တုန်းဆိုတော့ ဆပ်သွားဖူး အရွက်မှာက ဆူးလေးတွေပါတယ်.. အဲဒီဆူးလေးတွေ ပါတဲ့အရွက်ကို အချင်းချင်းပြန်ပြီးနမ်းခိုင်းတယ်...။ ဘာလို့နမ်းခိုင်းလည်း ဆိုတော့ မျောက်က ငါးပိကြောက်တယ်.. အဲဒါကြောင့် ဒီအရွက်ကို မနမ်းဘူး...။ မင်းတို့ မျောက်မဟုတ်ရင်နမ်းဆိုပြီးနမ်းခိုင်းတာ .. အဲလိုနမ်းလိုက်ရင်တော့ နမ်းနေတဲ့အချိန်ကို အီဒီအရွက်ကို စွဲလိုက်တယ်...။ နမ်းတဲ့သူကတော့ နှုတ်ခမ်းမှာ ဆူးခြစ်ရာလေး ကျန်ခဲ့တာကြည့်ပဲ...။(ပွေပွေလီလီ တအားဆော့တယ်..)

  ဆပ်သွားဖူးပင်

ဆပ်သွားဖူး ပန်းလေးတွေ ပွင့်ပြီဆိုရင်တော့ အိမ်နီးနားခြင်းတွေကို သိကြတယ်...။ ဘာလို့လဲဆိုတော့ ဆပ်သွားဖူးပန်းက အရမ်းမွှေးလို့လေ...။ ပန်းလို့ဆိုပေမယ့် ပန်းပွင့်တွေလိုတော့ မဟုတ်ဘူးဗျ...။ အရွက်လေးထဲကမှ အဖီးဖီးလေးတွေရယ်... ။ အဲဒီ အရွက်လေးကို ဟိုဖက်ထိပ်၊ဒီဖက်ထိပ် ခေါက်လိုက်တယ်.. အဖီးလေးကတော့ အတွင်းထဲကပေါ့.. အဲဒါလေးကို ကလစ်လေးတွေနဲ့ ပန်ကြတယ်...။ ဆပ်သွားဖူးပန်းကို ဘုရားကပ်တယ်ဆိုတာ မရှိသလောက်ပါပဲ...။ ပန်ပဲပန်ကြတာလေ...။ မိန်းကလေးမဟုတ်ပဲနဲ့ အဲဒီ ဆပ်သွားဖူးပန်းအနံ့လေးကိုတော့ ကြိုက်သားဗျ...။ ဆပ်သွားဖူးပန်းကို လူတိုင်းသိမလားတော့ မသိဘူး... မသိတဲ့ သူရှိရင်လည်း ကြည့်သွားကြပေါ့... သိတဲ့သူကလည်း ထပ်ပြီး ကြည့်သွားကြပါနော်...။


ရာဇာ(ကျေးလက်သားလေး)7.5.2011

စာကျက်မှတ်နည်း

စာကျက်မှတ်နည်း

December 3, 2012 at 10:40am

10 တန်း ကျောင်းသား ဘ၀က ကျက်ခဲ့ဖူးတာကို အမှတ်ရ နေမိတယ်။ Maung Chem ဥာဏ်မကောင်းပါဘူး။ စာကျက်ရင်တော်တော်ကျက်ရတယ်။ ပြီးရင် မေ့တယ်။ ကိုကြောင်းကို ကြွားရတာလေ။

တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများအတွတ်ကတော့ ဒြပ်စင် အလုံး ၂၀ ကျက်မှတ်ထား သင့်ပါတယ်။ နည်းသိရင် ဘာမဆို လွယ်ပါတယ်။ အရင်ဆုံး သိသင့်တာကတော့ ဒြပ်စင်နာမည်များ၊ အခေါ်အဝေါ် တွေနဲ့ သင်္ကေတ တွေပါပဲ။ သင်္ကေတ ဆိုတာကတော့ သက်ဆိုင်က ဒြပ်စင်ရဲ့ အတိုကောက်
ပုံစံပဲဖြစ်ပါတယ်။ အက်တမ် တွေကို အက်တမ်အမှတ်စဉ် ( Atomic Number ) အစဉ်လိုက် ၁ ကနေ ၂၀ အထိ ရေးပေးလိုက်ပါတယ်။

Hydrogen H ဟိုက်ဒရိုဂျင်
Helium He ဟီလီယမ်
Lithium Li လီသီယမ်
Berium Be ဘယ်ရီယမ်
Boron B ဘိုရွန်
Carbon C ကာဗွန်
Nitrogen N နိုက်ထရိုဂျင်
Oxygen O အောက်ဆီဂျင်
Fluorium F ဖလိုရင်း
Neon Ne နီယွန်
Sodium Na ဆိုဒီယမ်
Magnesium Mg မဂ္ဂနီဆီယမ်
Aluminium Al အလူမီနီယမ်
Silicon Si ဆီလီကွန်
Phosphorus P ဖော့စ်ဖရပ်စ်
Sulphur S ဆာဖာ
Chlorine Cl ကလိုရင်း
Argon Ar အာဂွန်
Potassium K ပိုတတ်စီယမ်
Calcium Ca ကယ်လ်ဆီယမ်

ကဲ စကျက်ကြရအောင်။ ကျက်နည်း ၂ နည်းရှိတယ်။ ကဗျာလို ကျက်နည်းနဲ့ တိုက်ရိုက်ကျက်နည်းပါ။ Maung Chem ကျောင်းသားဘ၀က အမှတ်ရသေးတယ်။ ဆရာစာမေးတဲ့ အချိန်ပေါ့။ Maung Chem က နှစ်နည်းလုံး ကျက်သွားပါတယ်။ ဒါပေမယ့် တစ်ရက်ပဲ ကျက်ချိန်ရတာရယ်၊ ဥာဏ်မကောင်းတာ ရယ်ကြောင့် Maung Chem အဆူခံထိပါတယ်။ ကဗျာလိုကျက်တာက ရလွယ်တယ်။ ဒါပေမယ့် အက်တမ်အမှတ်စဉ်များကို တိုက်ရိုက်မေးရင် ကဗျာကို အစကနေစစဆိုနေရလို့ အချိန်ကုန်ပါတယ်။ တိုက်ရိုက်ကျက်နည်းက တော်တော်ကျက်ယူရပါတယ်။ အဲ ... ရသွားလို့ရှိရင်လည်း သူက ဒိုးဒိုးဒေါက်ဒေါက် ဖြေနိုင်ပါတယ်ဗျာ။ ဒါပေမယ့် စာရဖို့က အဓိက မဟုတ်လားဗျာ။ ကိုယ်နဲ့ အဆင်ပြေမယ်ထင်တာတာ ရွေးကြပေါ့။ နှစ်ခုလုံး ရေးလိုက်ပါတယ်။

ဟိုက်ဒရို၊ ဟီလီ၊ လစ်သယ်၊ Be၊ B, C, N, O, F။
နီယွန်၊ ဆိုဒီ၊ မဂ္ဂနီ၊
အလူ၊ စီလီ၊ ဖော့စ်။
ဆာဖာ၊ ကလို၊ အာဂွန်၊
ပို၊ နောက်က Ca ပေါ့။
ဒီနည်းက တော့ အက်တမ်အမှတ်စဉ်မေးလာရင် လက်ချိုးရေပြီး တွတ်ရတယ်။ ရလွယ်တယ်။

1-H, 2-He, 3-Li, 4-Be, 5-B,
6-C, 7-N, 8-O, 9-F, 10-Ne,
11-Na, 12-Mg, 13-Al, 14-Si, 15-P,
16-S, 17-Cl, 18-Ar, 19-K, 20-Ca.
ဒီနည်းက အက်တမ် အမှတ်စဉ်နဲ့ တွဲကျက်တာ ဆိုတော့ ဒြပ်စင်နဲ့ အက်တမ်အမှတ်စဉ် တွဲမှတ်မိစေတယ်။

အက်တမ်အမှတ်စဉ် ၂၁ မှ ၃၀ ထိကတော့ -
Scandium Sc စကန်ဒီယမ်
Titanium Ti တိုက်တေနီယမ်
Vanadium V ဗနေဒီယမ်
Chromium Cr ခရိုမီယမ်
Manganese Mn မဂ္ဂနီးစ်
Iron Fe အိုင်းယွန်း
Cobolt Co ကိုဘော့
Nickel Ni နီကယ်
Cupper Cu ကော့ပါး
Zinc Zn ဇင့်
အက်တမ်အမှတ်စဉ် ၂၁ မှ ၃၀ ထိ အလွယ်မှတ်မိစေတဲ့ လင်္ကာလေးကတော့
စက်၊ တိုက်၊ ဗနေ၊ ခရို၊ မင့်၊ သံ၊ ကို၊ နစ်၊ ကော့၊ ဇင့်။
အက်တမ် အလုံးသုံးဆယ်ကို လွယ်လွယ်ကူကူ ကျက်မှတ်နိုင်ကြပါစေ။

www.kolinthalarwaddythar.blogspot.com


Thursday, 2 January 2014

ကွမ်းယာ

 ကွမ်းယာ
 ကွမ်းယာဆိုသည်မှာ ကွမ်းရွက် ၊ထုံး နှင့် ဆေးရွက်ကြီး တို့ ဖြင့် ပြုလုပ်ထားပြီး
့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအ၀င်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့
ဓလေ့ဖြစ်ပါတယ်။
ဒါ့အပြင်ကမ္ဘာအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။
တကယ်တော့ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀၀လောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)

ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယက၀င်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေ၀ါးတဲ့သူက ၀ါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ၀င်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ၀ါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ်ဆိုတာကျွန်တော်တို့တွေ
ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ တချို့လည်း..အဖိုးအဖွားတွေ လက်ထက်ကတည်းက ၀ါးလာတာ..ဘာမှမဖြစ်ဘူး..ဆိုပြီး ဆက်ဝါးကြတာပါဘဲ။ အပျင်းပြေဆိုပြီး စ၀ါးမိတဲ့သူတွေလည်း အလွယ်တကူ မဖြတ်နိုင်ကြတော့ပါဘူး။

ကွမ်းယာ၏ ဆိုးကျိုးများ

ကွမ်းယာရဲ့ အပေါ့ဆုံးဆိုးကျိုးတွေက၊ သွားတွေအရောင်ညစ်တာ၊ ကြွေလွှာပြုန်းတီးတာ၊ မေးရိုးအဆစ် ရောဂါရတာ၊ သွားကျောက်တွေတည်ပြီး သွားဖုံးရောဂါတွေရတာပါ။ အသက်အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေကတော့၊ ခံတွင်းကင်ဆာ၊ အစာမျိုလမ်းကြောင်း ကင်ဆာနဲ့ အသည်းကင်ဆာရောဂါ တွေဖြစ်ပါတယ်။ ကွမ်းရွက်ဟာ ဆေးဖက်ဝင် အရွက်ထဲမှာပါပေမယ့်၊ ကွမ်းသီး၊ ဆေးရွက်ကြီးနဲ့ အမွှေးအကြိုင်တွေမှာ နိုင်ထရိုစမင်း၊ အလ်ကာလွိုက်နဲ့ ပိုလီဖီနောဓာတ်တွေ အပါအ၀င်ကင်ဆာ ဖြစ်စေတဲ့ဒြပ်ပေါင်းအမျိုး ၃၀လောက်ပါဝင်ပါတယ်။ ထုံးက ခံတွင်းသားတွေကို လောင်စေပြီး၊ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေအထဲစိမ့်ဝင်အောင်အားပေးပါတယ်။ ကင်ဆာမဖြစ်ခင်အဆင့်မှာ၊ sub mucous fibrosis ဆိုတဲ့ ခံတွင်းသားလွှာလေးတွေ အဖြူရောင်ပြောင်းပြီး မာကျောလာတဲ့ အခြေအနေကို တွေ့ရတတ်ပါတယ်။ တချို့ဆိုပါးစပ်ဟလို့ မရတော့အောင် ဆိုးလာပါတယ်။ leukoplakia, oral lichenplanus လို့ခေါ်တဲ့ အဖြူရောင် အကွက်တွေ ပါးစောင်သားနဲ့ လျှာတွေမှာ ဖြစ်တာလည်းရှိပါတယ်။ အဲဒီကနေတစစနဲ့ ကင်ဆာဖြစ်သွား နိုင်ပါတယ်။ ကွမ်းကိုပါးစောင်မှာမြုံထားတတ်တဲ့သူတွေမှာပိုဆိုးပါတယ်။ လျှာကင်ဆာ လျှာကင်ဆာဆိုတာဟာ လျှာရဲ့အရှေ့ ဒါမှမဟုတ် အနောက်ဘက်မှာဖြစ်တဲ့ ကင်ဆာ အကျိတ်ပါ။ အဖြစ်များဆုံးကင်ဆာ ၁၀ မျိုးထဲမှာ မပါဝင်ပေမယ့် နှစ်စဉ် နှစ်တိုင်း လျှာကင်ဆာ ရောဂါဖြစ်သူအသစ်တွေ ၄၀ မှ ၅၀ ယောက်ထိရှိနေပါတယ်။

အသက် ငယ်သူတွေမှာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၄၅ နှစ်ကျော်လာရင် လျှာကင်ဆာ ဖြစ်နှုန်းမြင့်တက်လာပါတယ်။ လျှာကင်ဆာဟာ ကွမ်းသီးဝါးသူတွေမှာ အဖြစ်များပြီး ဆေးလိပ်သောက်သူ၊ အရက် များများ သောက်သူတွေမှာလည်း လျှာကင်ဆာဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏတွေ အနေနဲ့ လျှာပေါ်မှာ နီရဲတာ ဒါမှမဟုတ် အဖြူအကွက်တွေဖြစ်တာ ဒါမှမဟုတ် အကျိတ် ရှိတာ ဒါမှမဟုတ် အနာရှိတာတွေဖြစ်နေပြီး ကုသမှုခံယူပေမယ့် ပျောက်ကင်းမှုမရှိတာပါ။ တချို့မှာ လျှာနဲ့လည်ချောင်းနာတာ ဒါမှမဟုတ် ထုံကျဉ်နေတာဖြစ်တတ်ပါတယ်။ ဒီဖော်ပြပါ လက္ခဏာတွေဟာ လျှာကင်ဆာဖြစ်နိုင်သလို အခြားရောဂါလည်း ဖြစ်နိုင် ပါတယ်။

ဒါပေမဲ့ အဲဒီလက္ခဏာတွေဟာ နှစ်ပတ်အတွင်း မပျောက်ကင်းရင် ကင်ဆာ ရောဂါဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။ ကုသမှုပိုင်းအနေနဲ့ ကင်ဆာအကျိတ်ကို ခွဲစိတ်ဖြတ်ထုတ်ကာ ဒါမှမဟုတ် ခွဲစိတ်တာနဲ့ ဓာတ်ကင်တာပူးပေါင်းပြီးလုပ်တာတွေ လုပ်လို့ရပါတယ်။ ကင်ဆာကျိတ်ဟာ အရေးကြီး နေရင် ဒါမှမဟုတ် ခွဲစိတ်နိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ရင် ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်ဆာပေါင်းစပ်ပြီး ကုသနိုင်ပါတယ်။ လျှာကင်ဆာဟာ လျှာရဲ့ အရှေ့ဘက်မှာ ဖြစ်ရင် စကားပြောရတာခက်ခဲနိုင်ပါတယ်။ လျှာရဲ့အနောက်ဘက်မှာဖြစ်ရင် အစာမျိုရတာ ခက်ခဲနိုင်ပါတယ်။ ခံတွင်း ကင်ဆာနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေဖြစ်ရင် နောက်၅နှစ် အသက်ဆက်ရှင်ဖို့ အခွင့်အရေးဟာ ၆၀%ထက်မပိုတော့ပါဘူး။ မသေခင်မှာလည်း၊ ဓာတ်ကင်ရတာ ကစလို့ မေးရိုးတခုလုံး လှီးထုတ်ပစ်လိုက်ရတာ၊ လျှာဖြတ်ပစ်လိုက်ရတာစတဲ့ ကုသမှုကြီးတွေနဲ့ကြုံရပြီး၊

အစားမစားနိုင် စကားမပြောနိုင်၊ တပိန်ပိန်တလှီလှီနဲ့ နာကျင်တဲ့ ဝေဒနာကို မသေမချင်းခံစား ကြရရှာပါတယ်။ သွားဖုံးနှင့် လျှာကင်ဆာ ဖြစ်နိုင်သည် သွားများ ကျိုးပြတ် ပျက်စီးခြင်း ၊သွားဖုံးလဲ ရေစီးကမ်းပြိုလိုက်ကာ ပျက်စီး နိုင်သည်ဟု သတိပေးနှိုးဆော်သော်လည်း စားမြဲ စားနေကြပြီး ဖြစ်တော့မှ ဆေးကုမည်ဟု ပြောကြသေးသည် ၊ တကယ်လဲ သွားများကျိုးပြတ်ပျက်စီးသူများမှာ သွားတုများတပ်ကြရမှ ကွမ်းယာပြတ်ကြပါတော့သည်၊ ကွမ်းယာဝါးတာနဲ့ အတူ၊ ဆေးလိပ်သောက်တာ ၊အရက်သောက်တာတွေကလည်း ခံတွင်းနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ သုတေသနတွေအရ ကွမ်းလည်းဝါး ဆေးလိပ်လည်းသောက်ရင်၊ ဆေးလိပ်မသောက် ဘဲ စားတဲ့လူနဲ့စာရင် ကင်ဆာဖြစ်နိုင်ချေ ၆ဆလောက် မြင့်ပြီး၊ ကွမ်းစားဆေးလိပ်သောက် အရက်သောက်၃မျိုးလုံး လုပ်ရင်တော့ ၁၂၃ ဆ မြင့်သွားပါတယ်။

ကိုးကား
             Mandalay Gazette

ကျနော်အသက်မကချစ်တဲ့ ကချေသည်ကလေး

ကျနော်အသက်မကချစ်တဲ့ ကချေသည်ကလေး



(၁)
မိတ်ဆွေ နိုင်ငံခြားသား တစ်ယောက်ကပြောတယ်

"မင်းတို့ မြန်မာနိုင်ငံ မြေပုံကလေ

ကချေသည်မလေးတစ်ယောက်

လက်နှစ်ဖက်ဆန့်တန်း

ခြေတစ်ချောင်းကွေးပြီး မခို့တရို့ရပ်နေသလို" တဲ့၊

သူက ချစ်စနိုးနဲ့ပြောတာပါ

ကျနော့အဖို့မှာတော့

ဒီမြေပုံကလေးဟာ

ကမ္ဘာပေါ်မှာ အလှဆုံး၊ အခန့်ငြားဆုံး၊

အတောက်ပဆုံး နဲ့ အချစ်ရဆုံးပေါ့၊

(၂)

ကလေးဘဝ

ကျောက်သင်ပုန်း နဲ့ ကျောက်တံကိုင်ခွင့်ရတဲ့ အချိန်ကစလို့

ဒီမြေပုံကလေးကို အလွတ်ရေးဆွဲနိုင်ဖို့

အကြိမ်ကြိမ် အထပ်ထပ်ကြိုးစားခဲ့တာ

ဆရာမ ချီးကျူးခံရဖို့မဟုတ်ဘူး

စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ မဟုတ်ဘူး၊

မှတ်မိသေးတယ်

အလျားတို၊ အနံရှည် စတုဂံဘောင်ကွက်ထဲမှာ

လတ္တီကျု၊ လောင်ဂျီကျုမျဉ်းတွေချ

အတွန့်အကောက် အကွေးတွေနဲ့

မြောက်ဖက်မှာ တရုတ်ပြည်နဲ့ထိစပ်တဲ့နယ်နမိတ်

အရှေ့ဖက်မှာ မှာ လာအို၊ ထိုင်းနိုင်ငံနဲ့ဆက်စပ်တဲ့မ
ျဉ်း
များ

အနောက်ဖက်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှှ်နိုင်ငံများနဲ့ စည်းခြား

အနောက်တောင်တပိုင်းလုံးမှာတော့ အပြာရောင်ပါးပါး

ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်က ရေများ

ကျနော့မြေပုံကလေး ရုပ်လုံးပေါ်လာပါပြီ၊

ပြီးတော့

ရှည်လျားလျား မျဉ်းကောက်ကြောင်းနဲ့

ဧရာဝတီ ကိုရေးဖြည့်

သံလွင်ကိုရေးဖြည့်

စစ်တောင်းကို ရေးဖြည့်

ချင်းတွင်းကိုရေးဖြည့်

ဒီမြစ်ကြီးတွေနဲ့ မြန်မာပြည်သူတို့ဘဝတွေ တည်ဆောက်ခဲ့ကြတာပါ၊

ဟောဒီမှာ

လွမ်းမောဘွယ် ရှမ်းတောင်တန်းကြီးတွေ

ဒီမှာ ပဲခူးရိုးမ၊ ဒီမှာ အနောက်ရိုးမ

ဒီမှာ မူးမြစ်ဝှမ်းလွင်ပြင်

ဒီမှာ ချင်းတောင်တန်းများ

မြောက်ဖျား ကချင်ပြည်နယ်က ရေခဲဖုန်းနှင်းတောင်ကြီးတွေ

အမြဲစိမ်းသစ်တောကြီးတွေ

ရှေးဟောင်းမြို့တော်တွေ၊ သတ္တုတွင်းတွေ၊

ရတနာမြေတွေ၊စေတီ ပုထိုးတွေ၊

အရာအားလုံး လှပနေတဲ့မြေ၊

(၃)

အခုတော့လဲ

အမြဲစိမ်းသစ်တောကြီးတွေ မရှိကြတော့

သက်တမ်းရာကျော်ကျွန်းပင်ကြီးတွေ

တရုတ်တွေက ခုတ်လှဲသယ်ဆောင်သွားကြ

ကျောက်စိမ်းနဲ့ အဖိုးတန် သယံဇာတတွေလဲ

တရုတ် နဲ့ ထိုင်းနိုင်ငံထဲ မပြန်ခရီးထွက်ကြ၊

မြန်မာနိုင်ငံက ရောင်းချတဲ့ သဘာဝဓာတ်ငွေ့တွေက

ယူနန် နဲ့ ဘန်ကောက်ကို အလင်းရောင်ပေးနေပြီး

ဗိုလ်ချုပ်တွေက မြေအောက်မြို့တော်ထဲ ဇိမ်ခံနေချိန်

မြန်မာပြည်သူတွေကတော့

အမှောင်ထုထဲမှာ တက်ခေါက်နေကြ၊

အဖက်ဖက်က ဝိုင်းရံတည်ဆောက်ထားတဲ့

အရုတ်ဆိုးဆိုး ရေကာတာတွေက

ရွာတွေကိုရွှေ့ပြောင်းပစ်

သစ်တောတွေကို ဖျက်ဆီးပစ်

မြစ်တွေရဲ့ ရေစီးကို လည်ပင်းညှစ်ခဲ့

ရှေးဟောင်းမြို့တော်ကြီးကတော့

နှစ်ဆယ့်တစ်ရာစု ဒီဇိုင်းအသစ်နဲ့

အလိုမတူပဲ မိတ်ကပ်ချယ်သခံခဲ့ရ၊

ရိုးမကြီးတွေ တောင်ကတုံးဖြစ်

လွင်ပြင်ကြီးတွေက သဲကန္တာရ ဘဝကိုပြောင်း

အင်းလေးကန်ကြီးထဲမှာ ရေမရှိတော့

တောင်ဇလတ်ပန်းတွေ မပွင့်ကြတော့

ဘိန်းပင်တွေကတော့ ပေါသထက်ပေါ

အနာဂတ်ဖျက်ဆီးခံရသူများရဲ့ ဘဝအမော

အိပ်မက်ဆိုးတွေကို ပြန်မပြောချင်ကြတော့၊

(၄)

ဘယ်လိုပဲဖြစ်ဖြစ်

ကျနော့မြေပုံကလေးကို ကျနော်ချစ်နေတုံးပါပဲ၊

လက်နှစ်ဖက်ဆန့်တန်းပြီး ခြေတစ်ချောင်းကွေးရပ်နေတဲ့

ကချေသည်မကလေးကို ကျနော်ချစ်နေတုံးပါပဲ။

အို၊ မေမေ

မြန်မာနိုင်ငံမြေပုံကလေးကို

နဂိုအလှမပျက် ပြန်လည်ရေးဆွဲနိုင်ဖို့

ကျနော့မှာ အင်အားရှိပါရစေ။

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform