စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 11 May 2014

အေအာဗွီဂယက်

HIV ပိုးက လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုယက်ယူငင်လာတဲ့အခါ ဆေးသိပ္ပံ ပညာရှင်တွေကလည်း ဘဝတွေကို ကယ်တင်ဖို့ ကြိုးပမ်းလာကြပါတယ်။ သူတို့ စွမ်းဆောင်မှုရဲ့ အသီး အပွင့်တစ်ခုကတော့ အေအာဗွီ (ARV Anti Retroviral) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ ခုခံဆေးကို ရှာတွေ့ခြင်း ပါပဲ။ ဒီဆေးဟာ ဗိုင်းရပ်ကို သေအောင်မသတ်နိုင်ပေမဲ့ ဗိုင်းရပ်ပြန်ပွားနှုန်းကို နှေးကွေးစေပြီး ရောဂါ ကူးစက်ခံရသူတွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။ အေအာဗွီ မပေါ်ခင်ကတော့ အေဇက်တီ (AZT) ဆိုတဲ့ဆေးကို သုံးခဲ့ကြပါတယ်။ အေအာဗွီဟာ တကယ်ပဲ ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ အဆမတန်ကို ကြီးလွန်းတယ်လို့ Ms Jiew Premchaipron က ပြောပါတယ်။ Jiew က အိတ်ခ်ျအိုင်ဗွီ ရှိသူတွေ အနေနဲ့တကွ မိသားစုတွေကို ကူညီ ထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံ ACCESS Foundation ကဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီကို ဟန့်တားရာမှာ အေအာဗွီရဲ့ ထိရောက်မှုကို သိပေမဲ့ ကမ္ဘာအဝန်း ရောဂါပိုး ကူးစက်ခံရသူ ၃၈ သန်းမှာဆေးကို လက်လှမ်းမှီနိုင်တဲ့သူ အင်မတန်ရှားပါတယ်။ နာမည်ကြီး ဆေးကုမ္ပဏီ တွေကနေ မှတ်ပုံတင်ထားတဲ့ဆေး (Brandname druge) တွေဟာ ဈေးမြင့်လွန်း တာကြောင့် အနာသိ ဆေးရှိပေမဲ့ ပိုက်ဆံမရှိတော့ သေမင်းကို လည်စင်းပေးကြရပါတယ်။ ဆေးရှိပါလျက်နှင့် ဆေးမကုနိုင်တာမျိုး မဖြစ်ရအောင် နွမ်းပါးတဲ့ နိုင်ငံတွေကပါ ဆေးကို လက်လှမ်းမီ နိုင်အောင် ဈေးနှုန်းကို လျော့ချပေးရမယ်လို့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လှုပ်ရှားသူတွေက ပြောလာကြပါတယ်။ ဒီအခါမှာ ဆေးကုမ္ပဏီကြီးတွေက သူတို့မှာ မူပိုင်ခွင့် (patent) တွေနဲ့ သုတေသန လုပ်ငန်းတွေအတွက် ငွေ အမြောက်အများ ကုန်ကျခံထားရတာကြောင့် ဈေးလျော့ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလာကြပါတယ်။ ဒီလို ပရဟိတသမားတွေနဲ့ စီးပွားရေးသမားတွေကြားက ပဋိပက္ခကို ပြေလည်စေတဲ့ နည်းလမ်းကတော့ ဈေးသက်သာတဲ့ generic drugs (အမျိုးအစားတူ နာမည်တူ ဆေးဝါးတွေ) ထုတ်လုပ်ခွင့် ပြုလိုက်ခြင်းပါပဲ။ သက်ဆိုင်ရာ အစိုးရရဲ့ ဆေးဝါး စက်ရုံကနေ ဆေးကုမ္ပဏီကြီးတွေက ပေးတဲ့ ဖေါ်စပ်နည်းနဲ့ ထွက်လာတဲ့ generic drugs တွေဟာ အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကိုတော့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးပါဘူး။ လက်ရှိဈေးနှုန်းအရ generic drugs တစ်လစာကို ဒေါ်လာ ၃၀ခန့်ရှိပြီး ဒါဟာ brand-name drugs တွေရဲ့ ဈေးထက် လေးဆ ကနေ ဆယ်ဆအထိ သက်သာတာဖြစ်ပါတယ်။ ဆေး တစ်တောင့်ချင်း အနေနဲ့ ဘတ် ၂၅၀နဲ့ ဘတ် ၅၀ အသီးသီး ရှိတဲ့အတွက် ဈေးကွာလှပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းကို ဘယ်လောက်ပဲ လျော့ချပါစေ မတတ်နိုင်တဲ့ သူတွေ ရှိသေးတယ်လို့ Mr Amal Naj က ပြောပါတယ်။ Mr Amal Naj ဟာ ကမ္ဘာ့ အကြီးဆုံး ဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖိုင်ဇာ (Pfizer) ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေ မန်နေဂျာ တစ်ဦးဖြစ်ပါတယ်။ သူက “တာဝန်မကင်းတဲ့ ဆေးကုမ္ပဏီတွေက ဒီလိုဆေးတွေကို အလကားပေးသင့်တာပေါ့။ ဒါပေမဲ့ ဒါဟာ ဆေးကုမ္ပဏီတွေရဲ့ တာဝန်သာမက လူ့အသိုင်းအဝန်းတစ်ခုလုံးမှာလည်း တာဝန်ရှိတယ်” လို့ ဆက်ပြောပါတယ်။ “တကယ်လိုအပ်တဲ့ လူတွေဆီ ဆေးတွေ ဘာလို့ မရောက်နိုင်တာလဲလို့ မေးရင် ဆေးဈေးနှုန်း လျော့ချပေမဲ့ သယ်ယူ ပို့ဆောင်ရေး စရိတ်တွေ သိုလှောင်ရေး စရိတ်တွေက ရှိနေသေတယ် လို့လည်း ပြောသွားပါသေးတယ်။ ထိုင်းအစိုးရရဲ့ ဆေးဝါး စက်ရုံကနေ ၂၀၀၆ ခုနှစ်မှာ လူခြောက်သောင်းစာ ဆေးတွေ ထုတ်လုပ်နိုင်ပြီလို့ Dr Itsaraet Gosriwatana ကပြောပါတယ်။ သူဟာ အစိုးရ ဆေးဝါးဆိုင်ရာ အသင်း ဂျီပီအို (GPO Government Pharmaceutical Pharmaceutical Organization) က အပြည်ပြည်ဆိုင်ရာ အရောင်း မန်နေဂျာဖြစ်ပါတယ်။ လူခြောက်သောင်းစာ ထွက်ရှိလာတဲ့ ဆေးဝါးတွေအနက် ငါးသောင်းစာကို ပြည်တွင်းမှာ သုံးမှာဖြစ်ပြီး တစ်သောင်းစာကိုတော့ ပြည်ပကို တင်ပို့မှာဖြစ်ပါတယ်။ ဒီဆေးတွေဟာ စံချိန် စံညွှန်း အပြည့်အဝတော့ မဟုတ်သေးပါဘူး။ ထိုင်းမှာ အိတ်ခ်ျအိုင်ဗွီရှိသူး ခြောက်သိန်းကျော်ရှိပြီး လက်ရှိအခြေအနေမှာ တစ်သိန်းကျော်ဟာ ဆေးဝါး လိုအပ်နေတယ်ဆိုတာ သိရပါတယ်။ ကိုယ်တွင်း ခုခံအားတိုင်းတာမှု CD4 Count ၂၀၀ ထက် နည်းတဲ့ သူတွေကို ဆရာဝန်တွေက အေအာဗွီဆေး ပေးဖို့ ညွှန်ကြားထားပါတယ်။ CD4 Count များနေရင် ဆေးသောက်ပေမဲ့ အကျိုးမထူးဘူးလို့ သိရပါတယ်။ ထိုင်းအစိုးရရဲ့ ဒုတိယမြောက် ဆေးဝါးစက်ရုံ တည်ဆောက်ပြီးသွားတဲ့အခါမှာ ဆေးထုတ်အင်အား ၁၃၀,၀၀၀ ထိမြင့်တက်လာမှာ ဖြစ်ပြီး ၂၀၀၆ ခုနှစ်အတွင်း သုံးသိန်းအထိ ထုတ်ဖို့ စီစဉ်ထားပါတယ်။ အချို့ကို ပြည်ပ ပို့မှာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် သြဂုတ်လအတွင်းက မြန်မာ ပြည်သူ ပြည်သားတွေအတွက် ဆေးဝါး ၂၀၀ ကို ထိုင်းအစိုးရက တရားဝင်ပေးအပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်အကုန်မှာ ကမ္ဘောဒီးယား၊ လာအို သို့မဟုတ် မြန်မာနိုင်ငံအတွက် လူတစ်သောင်းစာ ဆေးအလုံအလောက် ဖြန့်ချီပေးမယ်လို့ Dr Itsaraet Gosriwatana ကပြောပါတယ်။ ဒါ့အပြင် ထိုင်းလူမျိုး ငါးသောင်းအတွက်လည်း ရရှိမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Thalsin Shinawatra က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံမှာ ထိုင်းနိုင်ငံအတွင်း အေအာဗွီဆေး လိုသူတိုင်း ဆေးရစေရမယ်လို့ ကတိပေးသွားပါတယ်။ “မူဝါဒ ကောင်းကတော့ ရှိပါတယ်။ ဒါပေမဲ့ မူကတော့ မူပါပဲ၊ တကယ်လုပ်ဆောင်မှ မဟုတ်တာ။ မူဝါဒ ကနေ လက်တွေ့လုပ်ဆောင်ချက်အဖြစ် ဘယ်လို အကောင်အထည် ဖေါ်မယ်ဆိုတာကတော့ မေးခွန်း တစ်ရပ်အဖြစ် ရှိနေဆဲပါပဲ” လို့ Ms Jiew က ပြောသွားပါတယ်။ သူက ဆက်ပြီး “လက်ရှိ ဆေးပေါက် ဈေးဟာ ထိုင်းလူမျိုးတွေအတွက် ဈေးကြီးနေသေးတယ်” လို့ပြောပါတယ်။ နိုင်ငံခြား ကုမ္ပဏီကြီးတွေက တောင်းတဲ့ ဈေးအတိုင်း ပေးရမယ်ဆိုရင် လူတစ်ယောက်စာအတွက် တစ်နှစ်ကို ဒေါ်လာ ၁၂၀၀ ကုန်ကျမှာဖြစ်တယ်။ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာခန့်နဲ့ ပျမ်းမျှလစာငွေ ဒေါ်လာ ၄၀ကနေ ၅၀ကြားရတဲ့ ကမ္ဘောဒီးယား တွေအတွက်လည်း ဆေးဝယ်သောက်ဖို့ မတတ်နိုင်ပါဘူး။ ဗီယက်နမ်ဟာ သုံးနှစ်ကာလအတွင်းမှာ generic drug တွေထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ ပထမဆုံး အနေနဲ့ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ မှတ်ပုံတင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြေလည်အောင် ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လှုံ့ဆော်သူတွေက အမြဲတမ်း ဈေးနှုန်းနဲ့ မှတ်ပုံတင်ခွင့်ကိုပဲ ဦးတည် ပြောနေကြတော့တာပဲလို့ Amal Naj ကပြစ်တင် ဝေဖန်ပါတယ်။ ရန်သူ အစစ်က ဈေးနှုန်းမဟုတ်ဘူး တကယ့်ရန်သူ အစစ်က ဗိုင်းရပ်စ် ပဲလို့ သူက ပြောပါတယ်။ ပိုင်ဇာ Pfizer အနေနဲ့ ဆေးသစ်တစ်မျိုး ဈေးကွက်ရောက်လာအောင် ဒေါ်လာသန်း ၅၀၀ ကနေ ၈၀၀အထိ ရင်းနှီးမြှပ်နှံရတယ်။ ဒီလို ကုန်ကျစရိတ်တွေ ကာမိပြီး အမြတ်လည်း ရဦးမှဖြစ်မယ်။ ဒါမှ နောက်ထပ်ဆေးတွေ ထုတ်ဖို့အတွက် သုတေသန လုပ်ငန်းတွေမှာပြန်ပြီး ရင်းနှီးမြှုပ်နှံရဦးမယ်။ အခု လက်ရှိသုံးနေတဲ့ဆေးဟာ လာမယ့်နှစ်အနည်းငယ်အတွင်းသာ သုံးနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ဆေးဝါးခံနိုင်ရည်အားဟာ ငါးနှစ်နေရင် ပေါ်လာနိုင်လို့ အချိန်မှီ ဆေးသစ်ထုတ်ဖို့ လိုတယ်လို့ Amal Naj က ရှင်းပြ သွားပါတယ်။ ဒါ့အပြင်သူက “ဘယ်နိုင်ငံ အစိုးရမဆို ကျွန်တော်တို့ရဲ့ဆေးကို လိုတယ်ဆိုရင် ကျွန်တော်တို့ဆီ လာပြီး ပြောလှည့်ပါ” လို့ ဖတ်ခေါ်သွားပါတယ်။ “- ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform