တံတားကြီးအား မြင်နေရပါလျက် တံတားတက်လမ်းရှာမရ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ဧရာဝတီမြစ်ကူးနဝဒေးတံတားကြီးမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့သာမက ဧရာဝတီမြစ် အနောက်ခြမ်း ဒေသများအတွက် ထက်၊အောက် ကုန်စည်စီးဆင်းမှုနှင့် မိသားစုအလည်အပတ် ဘုရားစုံဖူး ခရီးစဉ်များအား အချိန်တိုအတွင်း အဆင်ပြေပြေ သွားလာနိုင်သော ဒေသကြီးတစ်ခုလုံးအတွက် အရေးပါ လှသည့်တံတားတစ်စင်းဖြစ်သည်။
ရန်ကုန်ဘက်မှ ပြည်မြို့သို့ လာ ရောက်ကြသော ယာဉ်ငယ်များသည် နဝဒေးတံတားအောက်မှ ဖြတ်ကာ ပြည်မြို့တွင်းသို့ ဝင်ရောက်ကြသည်။
မြို့တွင်းမှ ဘုရားစုံဖူးအလည် အပတ်ခရီးစဉ်ပြီးဆုံး၍ နဝဒေး တံတားကြီးကို ဖြတ်ကာ ငပလီ ကမ်းခြေ၊ ဇလွန်ပြည်တော်ပြန် ဘုရား စသည်တို့နှင့် အနောက်ခြမ်းရှိ ဘုရားပုထိုးများ ဖူးရန်အတွက်ကား နဝဒေးတံတားပေါ်မှ မလွဲမသွေ ဖြတ်သန်းရသည်။
သို့သော်လည်း တံတားကြီးကို မြင်နေရပါလျက် တံတားလမ်းညွှန် ဆိုင်းဘုတ်များမှာ မြို့အဝင်လမ်းခွဲတွင် လည်းကောင်း၊ မြို့တွင်းအထွက်လမ်း များတွင်လည်းကောင်း ချိတ်ဆွဲစိုက်ထူထားခြင်းမရှိသည့်အတွက် တံတား ပေါ်သို့ တက်ရောက်ရန် လမ်းစရှာ မရဖြစ်ကာ''ဟိုမေးဒီစမ်း'' နှင့်ခရီးသွား လာသူများ စိတ်အနှောင့်အယှက် ဖြစ်ကာ အချိန်ကုန်လူပန်းဖြစ်ကြရသည်။
သို့ပါ၍ ရန်ကုန်ဘက်မှ လာသော ခရီးသွားယာဉ်ငယ်များ မြင်သာစေရေး အတွက် ပြည်မြို့အဝင် မိချောင်းရဲရွာ နဝေဒးတံတားတက်ရန် လမ်းထိပ်နှင့် လည်းကောင်း၊ပြည်မြို့တွင်းမှ နဝဒေး တံတားသို့ တက်ရာလမ်းကြောင်းတိုင်း တွင် တံတားလမ်းညွှန်ဆိုင်းဘုတ် များအား ယာဉ်မောင်းသူများမြင်သာ အောင် ချိတ်ဆွဲစိုက်ထူပေးပါမှ တံတားကြီးအား မြင်နေရပါလျက် တံတားတက်လမ်းရှာမရဖြစ်နေသော ယာဉ်မောင်းသူများဒုက္ခ၊ ခရီးကြန့်ကြာ မှု ကိစ္စများ ကင်းဝေးသွားမည်ဖြစ် ပေသည်။ အောင်(ဓာတုဗေဒ)

0 comments:
Post a Comment