အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားဟာ ကောသမ္ဗီပြည်၊ ဂင်္ဂါမြစ်နားမှာ သီတင်းသုံးနေခိုက် ဂင်္ဂါမြစ် ရေအယဉ်နဲ့ သစ်တုံးကြီး တစ်တုံး မျောပါလာတာကို ဂေါတမမြတ်စွာဘုရားက မြင်တော်မူပြီး . . . .
“ ရဟန်းတို့ မျောလာတဲ့ သစ်တုံးကြီးကို သင်တို့ မြင်တယ် မဟုတ်လား” လို့ မေးတော့
မြင်ပါကြောင်း ရဟန်းတွေက ဖြေကြတယ်၊ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက . . .
“ ရဟန်းတို့ အကယ်၍ သစ်တုံးကြီး ဒီဘက်ကမ်းကိုလည်း မကပ်ဘူး၊ ဟိုဘက်ကမ်းကိုလည်း မကပ်ဘူး၊ မြစ်အလယ်မှာလည်း နစ်မြုပ်မသွားဘူး၊
သောင်ပေါ်ကိုလည်း မတင်ဘူး၊ လူကလည်း ဆယ်မယူဘူး၊ နတ်ကလည်း ဆယ်မယူဘူး၊ ၀ဲလည်း စုပ်ယူမသွားဘူး၊ အတွင်းကလည်း မဆွေးမပုပ်ဘူး ဆိုလျှင် . . .
ပင်လယ် သမုဒ္ဒရာထဲကို ရောက်သွားမယ်၊ဘာကြောင့်လဲ ဆိုရင် . . .
ဂင်္ဂါမြစ်က သမုဒ္ဒရာထဲ နိမ့်ဆင်းညွတ်ကိုင်း သက်ရှိုင်းနေတဲ့အတွက်ကြောင့် ဖြစ်တယ်”
“ ရဟန်းတို့ . . . ဒီ သစ်တုံးကြီး ဥပမာအတိုင်း သင်တို့ဟာလည်း ဒီဘက်ကမ်းလည်း မကပ်၊ ဟိုဘက်ကမ်းလည်း မကပ်၊ အလယ်မှာလည်း မနစ်မမြုပ်၊ သောင်ပေါ်လည်းမတင်၊ လူလည်း အဆယ်မယူမခံရ၊ နတ်လည်း အဆယ်ယူမခံရ၊
ဝဲလည်း အစုပ်မခံရ၊ အတွင်းမှာလည်း မဆွေးမပုပ်ဘူး ဆိုရင်ဖြင့်
သင်တို့ဟာ နိဗ္ဗာန်သို့ ညွတ်ကိုင်းသက်ရှိုင်း ရောက်ရှိသွားမယ်။
ဘာကြောင့်လဲဆိုရင် . . .
သမ္မာဒိဋ္ဌိဆိုတဲ့ မှန်တဲ့ မြင်သိမှုဟာ နိဗ္ဗာန်သို့ ညွတ်ကိုင်းနေတဲ့ ရောက်စေတဲ့ တရားဖြစ်ခြင်းကြောင့်ပဲ” လို့
ဂေါတမ ဗုဒ္ဓက အမိန့်ရှိတဲ့ အခါမှာ ရဟန်းတွေကလည်း ပြန်ပြီး မေးလျှောက်ကြတယ်။
“ အရှင်ဘုရား . . . ဒီဘက်ကမ်းဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ဟိုဘက်ကမ်း ဆိုတာကကော ဘာကိုဆိုလိုပါသလဲ၊ အလယ်မှာ နစ်မြုပ်တာ ... သောင်ပေါ် တင်နေတာ ... လူဆယ်ယူတာ၊ နတ်ဆယ်ယူတာ၊ ၀ဲစုပ်ယူတာ ... အတွင်းမှာ ပုပ်ဆွေးခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ ဘုရား” လို့ မေးလျှောက်ကြတယ်။
“လူမှာရှိတဲ့ မျက်စိ၊ နား၊ နှားခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ ဆိုတာတွေကို ဒီဘက်ကမ်းလို့ ဆိုလိုတယ်။
အဲဒီမျက်စိ အစရှိတာတွေကို နှစ်သက်စွဲလမ်းနေရင် . . . ဒါ ဒီဘက်ကမ်းကို ကပ်တာ။
အဲဒီမျက်စိစတဲ့ ဒီဘက်ကမ်းကို ထိလာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးတွေက ဟိုဘက်ကမ်း။
ဟိုဘက်ကမ်းကို ကပ်တယ်ဆိုတာ . . .
အဲဒီ အဆင်း အသံ အစရှိတာတွေကို တပ်မက် ကပ်ငြိသာယာနေရင် . . . ဒါ ဟိုဘက်ကမ်းကို ကပ်တာ ...
အလယ်မှာ မြုပ်တယ်ဆိုတာက တဏှာ အနှောင်အဖွဲ့တွေထဲက နစ်မြုပ်နေတာကို ဆိုလိုတာ၊ ချစ်သူခင်သူတွေကို တပ်မက် ချစ်ခင်တဲ့ တဏှာ၊ ရာထူးဂုဏ်၊ စည်းစိမ်ဥစ္စာ၊ သားမယား စသည်တွေကို တွယ်တာတပ်မက်နေတဲ့ တဏှာဟာ လူပုဂ္ဂိုလ်ကို အဲဒီ တပ်မက်ရာဝတ္ထု၊ အာရုံတွေထဲမှာ ခေါင်းမဖော်နိုင်အောင် နှစ်မြုပ် ပေးနေတယ်။
ရေအောက်မှာ မြုပ်သွားတဲ့ သစ်တုံးကြီးတွေကို ရွှံ့တွေ၊ သဲတွေ အထပ်ထပ်ဖုံးတဲ့ အခါ
ရေပေါ် ပြန်မပေါ်နိုင်လောက်အောင် ဖြစ်သွားသလို တဏှာကလည်း လူကို တပ်မက်မှု အနှောင်အဖွဲ့တွေ ထဲက ပြန်မတက်နိုင်အောင် နှစ်မြှုပ်ထားတာ . . .
သောင်တင်တယ် ဆိုတာက ထောင်လွှားမှု မာနကိုဆိုလိုတာ၊ မာနမြင့်တက်နေတာကိုပဲ သောင်တင်တယ်လို့ ဆိုလိုတယ်။
မာနဖြစ်နေရင် . . . လူဟာ ငါသိ ငါတက် ဆိုတာမျိုးတွေလည်း ဖြစ်တယ်။
ဒီလို မာနတက်နေတော့ နောက်ထပ်အသိတိုးဖို့၊ အမြင်သစ်တွေ့ဖို့ မဖြစ်နိုင်တော့ဘူး၊ မာနခံနေသမျှတော့ ရှေ့ဆက်ပြီး တိုးတက်သွားစရာရှိမှာ မဟုတ်တော့ဘူး။
လူဆယ်ယူတယ် ဆိုတာကတော့ လူတွေနဲ့ ဆက်ဆံရောနှောပြီး နေရတာနှစ်သက်နေခြင်းမျိုးကိုပဲ ဆိုလိုတယ်။
လူတွေနဲ့ ဆက်ဆံရောနှောနေတာဟာ ဒီလိုနေရတာကို နှစ်သက်လို့ပဲ။
ဆက်ဆံရောနှောနေသမျှ လူမှုကိစ္စတွေ ရှုပ်ထွေးပြီး လူဆိုရင်လည်း ကောင်းရာကောင်းကြောင်းကို အသေအချာ မလုပ်နိုင်ဘူး၊ မလုပ်အားဘူး၊
ရဟန်းဆိုရင်လည်း လူမှုကိစ္စတွေနဲ့ ရှုပ်ထွေးပြီး ငြိတွယ်နေရင်
တရားဓမ္မအလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် မလုပ်နိုင်တော့ဘူး။
နတ်ဆယ်ယူတယ် ဆိုတာက လူ့ဘ၀ထက်သာတယ်လို့ ထင်တဲ့
နတ်ဘ၀၊ နတ်အဖြစ်မျိုးကို တောင့်တပြီး၊ အဲဒီဘ၀မျိုးကို ရဖို့ လုပ်ဆောင်မှုမျိုးမှာ နှစ်သက်ငြိတွယ် နေတာမျိုးကို ဆိုလိုတာ။
ဝဲစုပ်ယူတယ် ဆိုတာက ကာမဂုဏ် ၅-ပါးရဲ့ ဆွဲဆောင်ယူငင်ရာကို လူသတ္တ၀ါက လိုက်ပါနေရတာကို ဆိုလိုတာ၊
ဒီကာမဂုဏ် ထဲမှာပဲ တ၀ဲဝဲလည်နဲ့ မထွက်နိုင်တော့တာ . . .
အတွင်းက ဆွေးနေတယ်၊ ပုပ်တယ်ဆိုတာကတော့ အကျင့် သီလမရှိတာ၊ အကျင့်ပျက်တာကို ဆိုလိုတာ . . .
သစ်တုံးကြီး ဆွေးပုပ်သွားရင်၊ ပျက်စီးကြေမွသွားရင် သစ်တုံးဘ၀ပျောက်ပြီး ပင်လယ်သမုဒ္ဒရာဆီ ဆက်ပြီးပါသွားစရာ ဘယ်ရှိတော့မှာလဲ။
ဒီလိုပါပဲ အကျင့်ပျက်ရင် သီလမရှိရင် ကောင်းမြတ်တဲ့ ဘ၀မျိုးကို ရဖို့၊ ရောက်ဖို့ မဖြစ်နိုင်တော့ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ပင်လယ် သမုဒ္ဒရာကြီးဆီရောက်ဖို့ မဖြစ်နိုင်တော့ဘူး . . . .
ဂေါတမမြတ်စွာဘုရားနဲ့ ရဟန်းတော် အရှင်သူမြတ်တို့ကတော့ ဒီဘက်ကမ်း ဟိုဘက်ကမ်း ....
ဘယ်ကမ်းကိုမှ မကပ်မငြိ၊ အလယ်မှာလည်း မနစ်ကြ မမြုပ်ကြ၊
ဘယ်သောင်ပေါ်ကိုမှလည်း တင်ခဲ့ကြ၊ ဘယ်လူ ဘယ်နတ်ရဲ့ အဆယ်အယူကိုလည်း မခံခဲ့ကြ၊ ၀ဲစုပ်ခံရခြင်း မရှိ၊ ယိုင်နဲ့ ဆွေးမြေ့ခြင်း ဆိုတာလည်း သူတို့မှာ မရှိကြ၊ နိဗ္ဗာန်ပင်လယ် သမုဒ္ဒရာကြီးဆီကို ကောင်းစွာ ရောက်သွားခဲ့ကြတယ်။
ဆရာ - နန္ဒာသိန်းဇံ (သမုဒ်ပင်လယ်ပြာ နှိုင်းပမာ) - စာအုပ်မှ ကောက်နှုတ်ရေးသားပါသည်။
ဤစာဖြင့် ... ကွယ်လွန်ပြီး ဖြစ်သော ....
ဆရာ နန္ဒာသိန်းဇံ ကောင်းရာသုဂတိ ကို ရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

0 comments:
Post a Comment