မျက်မမြင်တွေ တစ်ယောက်နှင့်တစ်ယောက် လက်ဆင့်ကမ်း ရပ်နေကြသလို ..........
တစ်ချိန်တွင် ထင်ရှားသော ပရောဟိတ်တစ်စုသည် ဗုဒ္ဓထံပါးသို့ ရောက်လာ၍ ဗုဒ္ဓနှင့် အချိန်ကြာမြင့်စွာ တရားဆွေးနွေးကြလေသည်။ ၎င်းတို့အထဲတွင် အထူးဥာဏ်ပညာစွမ်းရည် ထက်မြက်လှသည်ဟု အသိအမှတ်ပြုခြင်းခံရသော အသက်(၁၆)နှစ်ရွယ် ကာပဋိကအမည်ရှိ ပုဏ္ဏားလူငယ်တစ်ဦးက ဗုဒ္ဓအား အမေးပုစ္ဆာ ပြုလုပ်လေသည်။
“အရှင်ဂေါတမ၊ အစဉ်အဆက်မပြတ် နှူတ်တိုက်ရွရွ ရွတ်ဖတ်၍ ဆင့်ကဲဆင့်ကဲ ကျက်မှတ်ခဲ့ရသော မိရိုးဖလာ ရှေးဟောင်းဗြာဟ္မဏကျမ်းကြီးများ ရှိပါသည်။ ဤကျမ်းများနှင့် ပက်သက်၍ ဗြာဟ္မဏ လူမျိုးတို့က “ဒါမှ အမှန်တရားဖြစ်သည်၊ အခြား ဘယ်ဟာမှမမှန်” ဟု တစ်ထစ်ချ ယုံကြည်ဆုံးဖြတ်ကြပါသည်။ အရှင်ဂေါတမ၊ အဲဒီ့အကြောင်းအရာနှင့် ပက်သက်၍ ဘာများပြောလိုပါသလဲ။”
“ဗြာဟ္မဏလူမျိုးများတွင် “ဒါမှ အမှန်တရားဖြစ်သည်၊ အခြားဘယ်ဟာမှမမှန်” ဆိုတာကို ကိုယ်တိုင်မြင်သည်၊ သိသည်ဟု ပြောဖူးသူ တစ်စုံတစ်ယောက် ရှိပါသလား”ဟု ဗုဒ္ဓက မေးမြန်းလေသည်။
ပုစ္ဆာရှင် ပုဏ္ဏားလေးက ရိုးသားမှန်ကန်စွာပင် “မရှိပါဘုရား” ဟု ဖြေကြားလေသည်။
“ဒါဖြင့်ယင် ဆရာတစ်ယောက်တလေမျှ၊ ဒါမှမဟုတ် ဆွေစဉ် ၇ ဆက် ဆင်းသက်ခဲ့တဲ့ ဆရာ့ဆရာတွေထဲမှ၊ ဒါမှမဟုတ် ဒီကျမ်းကြီးတွေကို ရေးသားခဲ့ကြတဲ့ ကျမ်းပြုပုဂ္ဂိုလ်တွေထဲက “ဒါမှ အမှန်တရားဖြစ်သည်၊ အခြားဘယ်ဟာမှ မမှန်” ဆိုတာကို မြင်သည်၊ သိသည်ဟု ပြောဖူးသူ တစ်ယောက်တလေများ ရှိခဲ့သလား”။
“မရှိခဲ့ပါ”
“ဒါဖြင့်ယင် မျက်မမြင်တွေ တစ်ယောက်နှင့်တစ်ယောက် လက်ဆင့်ကမ်း ရပ်နေကြသလိုပေါ့။ ပထမလူက မျက်မမြင်၊ အလယ်လူကလဲ မျက်မမြင်၊ နောက်ဆုံးလူကလဲ စက္ခုအလင်းမရှိ၊ ဒါ့ကြောင့် ဗြဟ္မဏလူမျိုးတို့ ဖြစ်နေပုံက မျက်မမြင်တွေ စီတန်းနေကြသလိုပဲလို့ သဘောရတယ်။”
ထို့နောက် ဗုဒ္ဓက ထိုဗြဟ္မဏပုဏ္ဏားတို့အား အရေးကြီးသော သြဝါဒတစ်ခုကို မိန့်မြွက်ခဲ့လေသည်။
“သစ္စာတရားကို ထိန်းသိမ်းစောင့်ရှောက်သူ ပညာရှိသည် ဤဟာသာလျှင် အမှန်တရားဖြစ်သည်။ အခြားဘာမဆို မှားယွင်းသည် ဟု ပြောဆိုခြင်းငှာ မသင့်ချေ။”
သစ္စာတရား ထိန်းသိမ်းစောင့်ရှောက်ခြင်း သဘောကို ရှင်းလင်း ဟောပြပါရန် ပုဏ္ဏားလုလင်များက တောင်းပန် လျှောက်ထားရာတွင် “ပုဂ္ဂိုလ်တစ်ဦး၌ ယုံကြည်မှူ တစ်ခုရှိအံ့၊ “ဤဟာသည် ကျွန်ုပ်၏ ယုံကြည်မှူဖြစ်ပါသည်” ဟုဆိုသော် ဤအချိန်အထိ ၎င်းသည် အမှန်တရားကို ထိန်းသိမ်း စောင့်ရှောက်ထားသည် မည်ပေသည်။ ထို့ထက်လွန်၍ “ဤဟာသာ အမှန်တရားဖြစ်သည်၊ အခြားဘာမဆို မှားယွင်းသည်” ဟု ယတိပြတ် ဆုံးဖြတ်မှူကို မပြုအပ်ပေ။”
တစ်နည်းဆိုရသော် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မိမိကြိုက်သလို ယုံကြည်နိုင်၍ “ဤဟာကို ကျွန်ုပ်ယုံကြည်၏” ဟု ပြောဆိုနိုင်ပါ၏။ ဤသို့ပြောဆိုသည့်တိုင်အောင် အမှန်တရားကို ထိန်းသိမ်းထားပေသေးသည်။ သို့သော် ဤသို့ မိမိယုံကြည် သက်ဝင်မှူ့ရှိရုံမျှဖြင့် ၎င်း၏ ယုံကြည်မှူသည်သာ အမှန်တရားဖြစ်၍ အခြားဘာမဆို မှားယွင်းသည်ဟု မပြောဆိုအပ်ပေ။” ဟု မိန့်မြွက်တော် မူခဲ့သည်။
အရာတစ်ခု(အယူအဆတစ်မျိုး)ကို စွဲလမ်းနှစ်သက်၍ အခြားအရာများ(အယူအဆများ)ကို ညံ့ဖျင်းသည်ဟု နှိမ့်ချတတ်ခြင်းကို ပညာရှိတို့က “အနှောင်အဖွဲ့” ဟု သမုတ်ကြောင်း ဗုဒ္ဓက ဟောကြားထားပေသည်။
တရံရောအခါက ဗုဒ္ဓက တပည့်သာဝကများအား ပဋိစ္စသမုပါဒ် တရားကို ဟောကြားတော်မူ၏။ ရဟန်းများက တရားတော်ကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ကြကြောင်းလျှောက်ထားကြ၏။ ထိုအခါ ဗုဒ္ဓက “အို ရဟန်းတို့၊ဤအလွန်ရှင်းလင်းပြတ်သားလှသော တရားကိုတောင်မှ အသင်တို့သည် ဆုပ်ကိုင်ထားလျှင်၊ ယုယပိုက်ထွေးထားလျှင်၊ မြတ်နိုးစွာ သိမ်းဆည်းထားလျှင်၊ စွဲလမ်းနေလျှင်၊ တရားတော်သည် ဖောင်နှင့်တူကြောင်း၊ တစ်ဘက်ကမ်းသို့ ကူးခပ်သွားရန်သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ဆုပ်ကိုင်ထားရန်မဟုတ်ကြောင်း သင်တို့ နားမလည်ကြသေး ” ဟု မိန့်မြွက်တော် မူလေသည်။
အို- ရဟန်းတို့ ၊ ထိုနည်းတူစွာ ဖောင်နှင့်တူသော တရားဓမ္မကို ငါဘုရားပြသတော်မူပေပြီ။ တစ်ဘက်ကမ်းသို့ ကူးမြောက်ရန်အတွက်သာ ဖြစ်၍ ယူဆောင်သွားရန် (ဆွဲကိုင်ထားရန်) မဟုတ်ပေ။ သင် ရဟန်းတို့သည်လည်း တရားဓမ္မသည် မဂ္ဂင်ဖောင်နှင့် တူညီကြောင်း နားလည် သဘောပေါက်ပါက ကောင်းမွန်သော အရာများ(ဓမ္မ)ကိုပင် စွန့်လွှတ်ကြရပေမည်။ မကောင်းမွန်သော အရာများ(အဓမ္မ)ကိုမူ စွန့်လွှတ်ကြရန်မှာ အဘယ်ဆိုဘွယ် ရှိတော့အံ့နည်း။
ဗုဒ္ဓ၏ ဒေသနာတော်များသည် လူသားတို့အား ဘေးကင်းရာ၊ ငြိမ်းချမ်းရာ၊ ပျော်ရွှင်ရာ၊ တည်ငြိမ်ရာ နိဗ္ဗာန်သို့ အရောက် သယ်ယူပို့ဆောင်ရန်ဖြစ်ကြောင်းကို ဤဥပမာမှာ ကောင်းစွာထင်ရှားလှပေသည်။ ဗုဒ္ဓ၏ဒေသနာ တစ်ရပ်လုံးသည် ဤရည်ရွယ်ချက်သို့ ဦးတည်ပေသည်။
ကောက်နုတ်ချက်။ ။မြတ်ဗုဒ္ဓဒေသနာ ၊ ဒေါက်တာဝေါလ်ပိုလာ ရာဟုလာ။
ဦးကိုလေး(ဇေယျာမောင်) ဘာသာပြန်
—တစ်ချိန်တွင် ထင်ရှားသော ပရောဟိတ်တစ်စုသည် ဗုဒ္ဓထံပါးသို့ ရောက်လာ၍ ဗုဒ္ဓနှင့် အချိန်ကြာမြင့်စွာ တရားဆွေးနွေးကြလေသည်။ ၎င်းတို့အထဲတွင် အထူးဥာဏ်ပညာစွမ်းရည် ထက်မြက်လှသည်ဟု အသိအမှတ်ပြုခြင်းခံရသော အသက်(၁၆)နှစ်ရွယ် ကာပဋိကအမည်ရှိ ပုဏ္ဏားလူငယ်တစ်ဦးက ဗုဒ္ဓအား အမေးပုစ္ဆာ ပြုလုပ်လေသည်။

0 comments:
Post a Comment