နိုင်ငံခြားဘဏ်များ အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပြုရာတွင် ပြည်တွင်းရှိဘဏ်များ အကြီးအကျယ်ထိခိုက်မှု လုံးဝမရှိနိုင်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ အာမခံ
နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုရာတွင် ပြည်တွင်းရှိဘဏ်များ ထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း ဒေသတွင်းနိုင်ငံများအကြား လုပ်ဆောင်နေသည့် အကန့်အသတ်များဖြင့်သာ နိုင်ငံခြားဘဏ်များအား ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် အကြီးအကျယ်ထိခိုက်မှု လုံးဝမရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာ ဆက်အောင်က ပြောကြားသည်။
“အခုမှ စလုပ်နေတဲ့အတွက် ဘာကိုမှ အတည်မပြုနိုင်သေးပါဘူး။ အခုမှ ဆွေးနွေးနေဆဲပဲ ရှိပါသေးတယ်။ ဘယ်အချိန်မှာ ဘယ်နှဘဏ် ပေးဖွင့်မယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ဦးဆက်အောင်က ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအနေဖြင့် ဘဏ်ခွဲများအားလုံး ပေါင်းလျှင်ပင် ပြည်ပဘဏ်တစ်ဘဏ်၏ ငွေကြေးမြှုပ်နှံမှု ပမာဏကို လိုက်မီနိုင်မှု မရှိသေးသော အခြေအနေ ဖြစ်နေသဖြင့် လတ်တလောတွင် ဖွင့်လှစ်ခွင့်ပြုပါက ပြည်တွင်းရှိဘဏ်များ အခက်အခဲ ကြုံတွေ့မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း လုပ်ဆောင်သူများအနေဖြင့် ထိုကဲ့သို့ စိုးရိမ်မှုများ ရှိနေသော်လည်း နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုလိုက်ပါက ဒေသတွင်း နိုင်ငံများကဲ့သို့ပင် မများပြားသော ချေးငွေအတိုးနှုန်းများ ရရှိခံစားခွင့်၊ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေး ချေးငွေများ ရယူရာတွင် ပြည်တွင်းဘဏ်များကဲ့သို့ မဟုတ်ဘဲ အလုံအလောက် ရယူနိုင်ခွင့် စသည့်တိုးတက်မှုများ ရှိလာနိုင်ကြောင်းနှင့် ပြည်ပဘဏ်များအား လုပ်ကိုင်ခွင့်ပြုလိုက်ပါက မြန်မာနိုင်ငံ၏ Financial Sector တိုးတက်မှုသည် ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်နိုင်ကြောင်း ပြည်တွင်းရှိ လုပ်ငန်းရှင်များ အပါအ၀င် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများက ယူဆနေကြောင်း သိရသည်။
ဗဟိုဘဏ်အနေနှင့် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားဘဏ်များအား ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခြင်း၊ ပြည်တွင်းဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများ ဖွင့်လှစ်ခြင်းဟူ၍ အဆင့်သုံးဆင့်ဖြင့် ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့် နိုင်ငံခြားဘဏ်ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အနေဖြင့် အဆင့်သုံးဆင့်ပိုင်းခြားကာ ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံသားဘဏ်နှင့် နိုင်ငံခြားဘဏ် ဖက်စပ်လုပ်ကိုင်ခြင်း၊ ဒုတိယအနေဖြင့် ရာနှုန်းပြည့်နိုင်ငံခြားဘဏ်မှ ပိုင်ဆိုင်သော ကုမ္ပဏီခွဲ ဖွင့်လှစ်ခွင့်နှင့် တတိယအနေဖြင့် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မကြာခင်အချိန်တွင် ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်းနှင့် ထိုကဲ့သို့ ခွင့်ပြုပါက သင့်လျော်သည့်အဆင့်ကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်အခြေစိုက် E.SUN Bank မှ Chairman Mr. Gary Tseng က ပြောကြားထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲကို တွေ့ရစဉ်
Eleven Media Group

0 comments:
Post a Comment