စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 15 May 2014

အရူးတစ်ယောက်ရဲ့ ဖြောင့်ချက်


အရူးတစ်ယောက်ရဲ့ ဖြောင့်ချက် 

(Written by: နရီမင်း)

‘လောကကြီး’ ဆိုတဲ့ စကားလုံးဟာ အသံထွက်ကို ပြောင်းပြန်လှန်ပြီး အော်ဟစ်ရွတ်ဆိုပစ်လိုက်ဖို့ပဲ ကောင်းတယ်။ ‘ဘ၀’ ဆိုတာကလည်း ‘သရ’ မပါ ဘာမပါ (အရပ်ထဲကလူတွေ ပြောတတ်ကြသလို) နှစ်လုံးတည်းနဲ့ ဘောင်းဘီကျပ်နေတတ်တာမျိုးပါ။

ကျွန်တော့်မှာ အများတကာလိုပဲ နာမည်တစ်လုံးရှိတယ်။ ခေါင်းတစ်လုံး၊ မျက်စိနှစ်လုံး၊ ... ... နှစ်လုံး စသဖြင့် ရှိတယ်။ သာမန်လူတစ်ယောက်သာ ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်း တစ်ယောက်လို့ မကြာခဏ ထင်တတ်တဲ့ (ဒါမှမဟုတ်) အထင်ခံချင်တဲ့ စိတ်ရောဂါရှိတယ်။

ကျွန်တော့်အဖေက ကားသမားပါ။ ကျွန်တော့်ကို ငယ်ငယ်ကတည်းက စတီယာရင်ကွင်း ဘယ်လှည့်ညာလှည့်နဲ့ မောင်းတတ်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ‘တိုက်လော့’ ပြုတ်နေတဲ့ ကားတစ်စီးဆိုတာ အဖေမရိပ်မိဘူး။ ဒီလိုနဲ့ ချောက်ထဲခဏခဏ ကျတယ်။ ကျွန်တော့်အမေကတော့ ကလေးတွေ အများကြီးမွေးတဲ့ အလုပ်ကိုပဲ လုပ်တယ်။ (ကျွန်တော်တို့မှာ မောင်နှမ ရှစ်ယောက်တောင်ရှိတယ်။ ဒါတောင် ငယ်ငယ်လေးတွေနဲ့ သေသွားတဲ့သုံးယောက် မပါသေးဘူး) ကလေးစိတ် မကုန်သေးမီ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျလိုက်တဲ့ အမေဟာ အလကားနေရင်း လောကကြီးကို စိတ်ကောက်ပြီး ဘ၀ကို ရာဇာနေ၀င်းလို တစောင်းကြီး ကြည့်တတ်တယ်။

ကျွန်တော်ဟာ ငယ်ငယ်တုန်းက တစ်ယောက်တည်းနေရတာကြိုက်ပြီး ကြီးလာတဲ့အခါမှာတော့ နှစ်ယောက်တည်းနေရတာ ပိုပြီးတော့ကြိုက်တယ်။ တကယ်က တခြားသူတွေလိုပါပဲ။ ထမင်းစားပြီး အိမ်သာသွားတယ်။ ရေသောက်ပြီး သေးပေါက်တယ်။ ခွေးနှစ်ကောင်ကိုက်တာ ရပ်ကြည့်တယ်။ ခွေးပိန်လေးကို ခွေးဝကြီးက ကိုက်နေတာမြင်ရင် ခွေးပိန်လေးဘက်ကနေ ၀င်ကိုက်ပေးချင်စိတ် ပေါက်တယ်။ “မတရားတာမြင်ရင် နည်းနည်းလေးမှ မခံချင်ဘူးကွ” ဆိုပြီး အဖေ့ရှေ့မှာ သွားပြီးအာချောင်မိလို့ အဖေက နွားရိုက်တဲ့ကြိမ်လုံးနဲ့ နှစ်ချက်သုံးချက်လောက်ရိုက်ပြီး ဆုချတယ်။

နွားရိုက်တဲ့ ကြိမ်လုံးကြောင့် ကျွန်တော်နွားစိတ် နည်းနည်း(နဲနဲ) ပေါက်သွားတယ်။ စကားပြော နည်းနည်း(နဲနဲ) နည်း(နဲ)သွားတယ်။

ဒါပေမဲ့ သခင်မြင်ရင် အမြီးတနှံ့နှံ့လုပ်တတ်တဲ့ ခွေးတွေကို ကျွန်တော်ကြည့်မရဘူး။ ဘာသိဘာသာနေပြီး ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ ကြောင်တွေကို သဘောကျတယ်။ ဘာပဲဖြစ်ဖြစ် ခွေးအစစ်တွေနဲ့ ခွေးစိတ်ပေါက်နေတဲ့ အမြီးတနှံ့နှံ့ ကြောင်တွေကိုပဲ လူတွေက ပိုသဘောကျတယ်။ စုတ်စုတ်ပြတ်ပြတ်နဲ့ လူတွေကိုမြင်ရင် ခွေးတွေက သခင်ကို မျက်နှာလိုမျက်နှာရနဲ့ တ၀ုတ်ဝုတ် ထဟောင်တတ်တယ်။ တစ်ညလုံး မအိပ်ရဘဲ အလုပ်လုပ်ရရှာတဲ့ ကြွက်ခုပ်သမားကြောင်တွေ နေ့ဘက်မှာ အိပ်နေတာကို ‘ငပျင်း’ လို့ ပြောပြီး တစ်ညလုံးအားရအောင် အိပ်ပြီးမှ နေ့ဘက်ကျ ဟန်ရေးပြနေတဲ့ ခွေးတွေကိုမှ လူတွေက သဘောကျတတ်ကြတယ်။ လူတွေက ညဘက်မှာ အိပ်ပျော်နေကြတာကိုး။ ခွေးတွေလို လူရှေ့သူရှေ့ ဟန်ရေးပြတတ်ဖို့ ကျွန်တော်အတော်ကြီး လေ့ကျင့်ယူရဦးမယ်။

အခုတော့ တက်ကျမ်းတွေဖတ်ပြီး ကြီးပွားချင်စိတ်ပေါက်နေတဲ့ ကျွန်တော် မှန်တစ်ချပ်ရှေ့မှာရပ်ပြီး မျက်နှာအကြောလျှော့တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေတယ်။ ကျွန်တော့်မျက်နှာမှာ အကြောတွေက တင်းနေပြီး လူတွေ့တိုင်းပြုံးပြဖို့ အဆင်သင့် မဖြစ်တတ်ဘူး။ လွယ်တယ်ထင်ရပေမယ့် တကယ်တော့ ပြုံးပြတတ်ဖို့ မလွယ်ဘူး။ ကျွန်တော် ဘယ်လောက်ပဲကျင့်ကျင့် ပြုံးပြတာနဲ့ မတူဘဲ မဲ့ရွဲ့ပြီး အကြောဆွဲနေတာမျိုးနဲ့ပဲ တူတယ်။

“သူငယ်ချင်းလေးရေ” ဆိုပြီး မျက်နှာကပြုံးပြ ညာလက်နဲ့ လက်ဆွဲနှုတ်ဆက်ရင်းက ဘယ်လက်နဲ့ ဗိုက်ကိုဓားနဲ့ထိုးသွားတာ မြင်ဖူးတယ်။ လူတွေက သိပ်ကြောက်ဖို့ကောင်းတာ။ မှန်ကြည့်ရင်းနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြောက်လာတယ်။ လူတွေက ကျွန်တော့်ကို ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်တဲ့ အခါတိုင်း ကိုယ့်ဗိုက်ကို ကိုယ်မလုံဘူး။ ဘယ်လက်နဲ့ ယောင်ယောင်ပြီး ကာမိတာ ခဏခဏပဲ။ လူတွေက ကျွန်တော့်ကို သူငယ်နာမစင်ဘူးလို့ ထင်ကြတယ်။ ဒါမျိုးကို သူငယ်နာလို့ မခေါ်ပါဘူး။ ငယ်ငယ်တုန်းက ဒါမျိုးတွေကိုမှ မသိခဲ့တာ။

တစ်နေ့မှာ ကျွန်တော်အိပ်မက်တစ်ခု မက်တယ်။ အိပ်မက်ထဲမှာ ကျွန်တော်က ကြောင်တစ်ကောင်ပေါ့။ အမြီးသိပ်လှတဲ့ ကြောင်။ ရွှေဝါရောင် အမြီးစုတ်ဖွားလေးက ‘ဒပ်ဖဒိလ’ ပန်းပွင့်လေးနဲ့ တူသတဲ့။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်တော်တို့ကြောင် ကျူးကျော်ရပ်ကွက်ထဲကို ကြောင်အမြီးပြတ်တစ်ကောင် ရောက်လာတယ်။ ‘ကြောင်စုန်း’ ဆိုလား၊ ‘ကြောင်ဆိုး’ ဆိုလား။ တစ်ခုခုပဲ။ ဒါပေမဲ့ ‘ကြောင်သူတော်’ မဟုတ်တာတော့ သေချာပါတယ်။ အဲဒီကြောင်ကြီးက “ကြောင်မှန်ရင် အမြီးမပါရဘူး” လို့ ကြေညာပြီး တွေ့သမျှကြောင်တွေရဲ့ အမြီးတွေကို ကိုက်ဖြတ်ပစ်သတဲ့။ ဒီလိုနဲ့ ကျွန်တော့်အမြီးလေး ကိုက်ဖြတ်ခံလိုက်ရတယ်။ ကျွန်တော်လေ ငိုလိုက်ရတာ။ အိပ်ရာက လန့်နိုးတော့ မျက်ရည်တွေ ရွှဲနစ်လို့။ အဲဒီနေ့ကစပြီး ကျွန်တော့်မှာ နောက်ရောဂါတစ်ခု ထပ်တိုးတယ်။ ဘယ်လက်က ဗိုက်ကိုကာပြီးတဲ့နောက် အားနေတဲ့ညာလက်က အမြီးရှိတတ်တဲ့ နေရာကို ကာ,ကာ ထားမိတော့တာပါပဲ။

‘ဒါဝင်’ တို့ရဲ့ ‘အီဗော်လူးရှင်း’ သီအိုရီအရ လူတွေဟာ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်လာနိုင်တဲ့ အချိန်ကစပြီး လူတွေရဲ့ လက်နှစ်ဖက်က အားသွားတယ်။ အဲ့ဒီ အားအားယားယားရှိနေတဲ့ လက်နှစ်ဖက်က တောင်လုပ်မြောက်လုပ် လျှောက်လုပ်ရာက လူ့သမိုင်းဟာ တိုးတက်လာတာဆိုပဲ။ လူဖြစ်လျက်နဲ့ လက်နှစ်ဖက်စလုံး မအားတော့တဲ့ ကျွန်တော်ဟာ လေးဖက်ထောက်နေတာနဲ့ ဘာများထူးဦးမှာလဲ။

ဘယ်လက်က ရှေ့ကိုကာ၊ ညာလက်က နောက်ကိုကာရင်း လူတွေကြားထဲ ကျွန်တော်လျှောက်သွားတယ်။ လူတွေက ကျွန်တော်လမ်းလျှောက်တာ သိပ်လှတာပဲ၊ ‘အေရိုးဗစ်’ ကနေတဲ့ အတိုင်းပဲတဲ့။ သူတို့ပြောကြသလိုသာဆို မော်ဒယ်ရှိုးတွေမှာ ကျွန်တော့်ရဲ့ လမ်းလျှောက်ဟန်ကို စတိုင်သစ်တစ်ခုအဖြစ် ထည့်သွင်းရမလိုတောင် ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် သိပါတယ်။ ကျွန်တော် လမ်းလျှောက်တာ ‘အေရိုးဗစ်’ ကသလို မလှပါဘူး။ ‘ပန်းစကား’ ရုပ်ရှင်ကားထဲက ကျော်ဟိန်းလို သွက်ချာပါဒ လိုက်နေတာနဲ့ပဲ တူပါတယ်။

သူတို့က ‘စတိုင်’ ရှိမှ ‘စတား’ ဖြစ်တာတဲ့။ ကျွန်တော့်မှာ ‘စတိုင်’ ရှိတဲ့အတွက် ‘စတား’ ဖြစ်နိုင်တယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီလို အချွန်နဲ့ ၀ိုင်းမ,ကြတဲ့ လူတွေရဲ့ စကားတွေကို ကျွန်တော်မယုံပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် သိပါတယ်။ မလွှဲမရှောင်သာလို့သာ လုပ်နေရပေမယ့် မဟုတ်မှန်းသိတဲ့ လူတစ်ယောက်ဟာ မရူးသေးဘူး...တဲ့။ ကျွန်တော်က ဘာလို့ရူးရမှာလဲ။

ဒါနဲ့များ
လူကို အရူးလေး ဘာလေးနဲ့။
အလကား
အရူးတွေ ...

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform