ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံသူများအား ၀င်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်၊
ရင်းနှီးတည်ဆောက်သူများအား ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပြုထားသည့်
မြန်မာ့အထူးစီးပွားရေးဇုန် နည်းဥပဒေ ရေးဆွဲပြီးစီး
ဖြိုးဝေ
ကျောက်တန်းမြို့နယ်ရှိ သီလ၀ါအထူးစီးပွားရေးဇုန် တစ်နေရာအား တွေ့ရစဉ်
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့် အမြင့်ဆုံးခုနစ်နှစ်နှင့် ရင်းနှီးတည်ဆောက်သူများအား ၀င်ငွေခွန် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည့် အချက်များ ပါဝင်သော မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအား နည်းဥပဒေအဖြစ် ရေးဆွဲပြီးစီးနေပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန စသည့်ဦးစီးဌာနများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌနှင့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
“ဘယ်အချိန်မှာ ပြဋ္ဌာန်းနိုင်မလဲဆိုတာ မပြောနိုင်သေးပေမယ့် မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေကို ရေးဆွဲပြီးနေပါပြီ။ ရေးပြီးပြီဆိုပေမယ့် ပြည်တွင်းအခွန်များ ဦးစီးဌာနလို အကောက်ခွန်ဦးစီးဌာနလို ဌာနတွေ အများကြီးနဲ့ ညှိနှိုင်းနေပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၃ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေသည် ၂၀၁၄ ခုနှစ်အတွက် ပထမဆုံးအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေတွင် အခန်းပေါင်း ၁၈ ခန်း၊ ပုဒ်မ ၉၆ ခုဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်းနှင့် သင့်လျော်သည့် အရပ်ဒေသများတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူကာ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ခြင်း စသည့်အချက်များ ပါဝင်ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလ၀ါအထူးစီးပွားရေးဇုန်ဟူ၍ လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် သုံးခုအထိ ရှိနေပြီး ဆက်လက်ထူထောင်မည့် အထူးစီးပွားရေးဇုန်များအား အပြည်ပြည်ဆိုင်ရာ နယ်စပ် (သို့မဟုတ်) ပြည်တွင်း ဈေးကွက်များသို့ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်း၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး သတ်မှတ်နယ်မြေဖြစ်ခြင်း၊ ရေအရင်းအမြစ်နှင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊ လုံလောက်သည့် မြေနေရာရှိခြင်း စသည့်အခြေခံအချက် ရှစ်ချက်နှင့် ကိုက်ညီပါက အထူးစီးပွားရေးဇုန်သစ်များ ထပ်မံဖော်ဆောင်နိုင်ကြောင်း သိရသည်။
ယင်းအချက်များနှင့် ကိုက်ညီမှု မရှိပါကလည်း ဖြစ်နိုင်စွမ်းရှိခြင်းနှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည်ဟု ယူဆပါက အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ကြောင်း အခန်း ၆ အထူးစီးပွားရေးဇုန် ထူထောင်ခြင်းဆိုင်ရာ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ တွင် ဖော်ပြထားသည်။
EMG

0 comments:
Post a Comment