Sunday, 11 May 2014
အေ့ဒ်စ်ရောဂါ သို့မဟုတ် အလုံးအရင်းနှင့်လာနေသောမြန်မာ့ပို့ကုန်
မသိနားမလည်ခြင်း၊
ကျွမ်းကျင်မှုမရှိခြင်းနှင့် နိုင်ငံတကာ၏ မသိကျိုးကျင်ပြုခြင်းတို့ကြောင့်
ကုသ၍ရနိုင်သော ရောဂါ တခုသည် မြန်မာပြည်သူတရပ်လုံးကို အမျိုးတုံးစေပြီး
အရှေ့အာရှကိုပါ အန္တရာယ်ပြု ခြိမ်းခြောက် နေပြီလော။
အေ့ဒ်စ်ရောဂါ (AIDS)နှင့် တိုက်ခိုက်နေရသည့်
ရှုံးနိမ့်နေသောရှေ့တန်းစစ်မျက်နှာတရပ်ဖြစ်သောရန်ကုန်မြို့စွန် ဆင်းရဲသား
ရပ်ကွက်တခုတွင် အိတ်ခ်ျအိုင်ဗွီပိုးရှိသူ လူနာ ၅၀၀ ကျော်ကို ဆေးကုသပေးနေသော
အခန်းတခန်းသာပါသည့် ခနော်ခနဲ့ ပုဂ္ဂလိကဆေးခန်းတခန်း ရှိပါသည်။ အဖမ်းခံရမည်ကို
ကြောက်သောကြောင့် အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသည့် ဆေးခန်း၏ တဦးတည်းသောဆရာဝန်က
သူ၏လူနာများကို အသက်ကယ်ဆေး အေ.အာရ်.ဗွီ (ARV- Antiretroviral) မပေးပါ။ ဤဆေးအတွက် တလ ကုန်ကျ စရိတ်မှာ ငွေကျပ် (၅၀၀၀၀)
ခန့်ရှိသောကြောင့် သာမန်လူနာတဦး၏ လခ ထက်ပင် ပိုနေပါသည်။ ထိုဆေးအစား ဆရာဝန်က
ပြည်တွင်းထွက်သစ်ဥ သစ်ဖု သစ်သီးများဖြင့် မဲမဲပျစ်ပျစ် အနံ့ပြင်းပြင်း ဆေးတမျိုး
ဖော်စပ်လိုက်၏။ အေအာရ်ဗွီ (ARV) ဆေးဘိုးထက် တ၀က်သက်သာပြီး အလကားပေးရသည်က ခဏခဏ။ ဆရာဝန်မသည်
ချိုင့်ဟောင်းကြီးထဲမှ ဆေးကို ဇွန်းအပြည့်ထည့်၍ ပေးလေ့ရှိသည်။
“လူနာအများစုက
အနောက်တိုင်းက ဆေးတွေကိုမတတ်နိုင်ကြဘူး”ဟု သူက ရှင်းပြသည်။ “ကျမက ဈေးသက်သာပြီး ထိလည်းထိရောက်တဲ့ ရိုးရာဆေးတွေ
ပေးကြည့်တာပါ။ ကျမဆေးတွေက တကယ်ပဲ ထိရောက်ပြီး ဘေးထွက်ဆိုးကျိုး တွေလဲ မရှိပါဘူး”
သူ၏အမျိုးသားလူနာများမှာ
ကုန်ကားမောင်းသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး
အမျိုးသမီးအများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံမှ ပြန်လာသော
လိင်လုပ်သားများဖြစ်သည်။ ထို့အပြင် ၁၉၆၂
ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သော စစ်အာဏာရှင် အစိုးရလက်အောက်တွင်
စည်ပင်ဖွံ့ဖြိုးလာသော မြန်မာပြည်လိင်လုပ်ငန်းမှ လုပ်သားများလည်း ပါဝင်ပါသည်။
သိပ္ပံနည်းကျသက်သေပြနိုင်မှု
မရှိသလောက်ပင် ဖြစ်သော်လည်း ထိုဆရာဝန်က သူ၏ကုထုံးကြောင့် သူ့လူနာများ၏ ဒီစီ ၎
အရေအတွက် (ကိုယ်ခံအား စံနစ်၏ စွမ်းအားကို စစ်ဆေးသောနည်းတမျိုး) ကို တိုးပွားစေပြီး
သူတို့၏အသက်ကို သုံးလေး နှစ်ခန့် ပို၍ရှည်လာစေသည်ဟု ပြောပါသည်။ သို့သော်သူက
တလလျှင် သူ့လူနာ ရှစ်ယောက်ကိုးယောက်ခန့် သေဆုံး ကြောင်းလည်း ၀န်ခံသည်။
တီဘီ၊ ငှက်ဖျား၊ တိုက်ဖွိုက်၊
(သို့) ၀မ်းရောဂါများဖြင့် နောက်ဆုံးသေဆုံးကြကြောင်း၊ ရောဂါကူးစက်ခံရသူ
အိမ်ထောင်ဘက် နှင့် မိဘမဲ့ကလေးများသာ ကျန်ရစ်ကြကြောင်း သူက ပြောပြသည်။
အဘိုးအဘွားတွေ၊ တခြားဆွေမျိုးတွေနဲ့ပဲ နေနေရတဲ့ မိဘမဲ့ကလေးတွေ အများကြီးပဲ
ကျမတို့ဆီမှာ ရှိတယ်”ဟု သူမက
ပြောသည်။
အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်ဆိုင်ရာ ပူးတွဲကုလသမဂ္ဂအစီအစဉ်၏ ဖော်ပြချက်အရ ၂၀၀၅ ခုနှစ်တွင်
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ခန့်မှန်းချေ ၃၆၀၀၀၀ (သုံးသိန်းခြောက်သောင်း) ခန့်
ရှိပါသည်။ ၎င်းမှာအာဖရိကအတိုင်းအတာကို မမီသေး သော်လည်း ကူးစက်နှုန်းမှာ
ကြောက်ခမန်းလိလိ တိုးပွားလျက် ရှိပါသည်။
မြန်မာစစ်ဗိုလ်ချုပ်များက
ထိုနှုန်းကို ရပ်တန့်သွားရန် ဘာတခုမျှမလုပ်ကြပါ။ ရှမ်းလူမျိုးများကဲ့သို့
တိုင်းရင်းသား လူမျိုးစု များတွင် အမျိုးသားများ၏ ခန့်မှန်းချေ ၉ ရာနှုန်းသည်
အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများဖြစ်ပြီး အချို့နေရာများ၌ မူးယစ်ဆေးဝါး အကြောထဲ
ထည့်၍ သုံးစွဲသူများ၏ ၉၆ ရာခိုင်နှုန်းသည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများ
ဖြစ်ကြသည်။
ပြည်သူလူထု၏ မသိနားမလည်မှု၊
ကျယ်ပြန့်နက်ရှိုင်းလာသော ဆင်းရဲမွဲတေမှု၊ စည်ပင်ဖွံ့ဖြိုးလာသော ပြည့်တန်ဆာ
လုပ်ငန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဆေးဝါးကင်းမဲ့မှု စစ်အစိုးရ၏အောက်တွင်
တချိန်က အများချီးကျူးခြင်းကို ခံခဲ့ရဖူးသော ကျန်းမာရေး စောင့်ရှောက်မှုစံနစ်
ယိုယွင်းပျက်စီးလာမှု စသည့် အချက်များက ကူးစက်နှုန်းကို ပိုဆိုးစေပါသည်။ အခြေအနေ အားဖြင့်တော့
မုန်တိုင်းတခု အဆင့်သို့ ရောက်နေပါပြီ။ ပေါက်ကွဲပြီး
ရေရှည်မည့်အိတ်ခ်ျအိုင်ဗွီကပ်ဆိုးကြီး ပေါ်ပေါက်ဖို့ လိုအပ်သည့် အခြေအနေတွေကတော့
အားလုံး ပြည့်စုံနေပါပြီဟု အမေရိကန်နိုင်ငံမှ လူထုကျန်းမာရေးနှင့် လူအခွင့်အရေး
ပညာရှင်တယောက်ဖြစ်သူ ခရစ်ဘေယာက ပြောပါသည်။
ဤကပ်ဆိုးသည်
ဤတိုင်းပြည်အတွက်သာ အဖြစ်ဆိုးတခုမဟုတ်ဘဲ အင်အားကြီးနိုင်ငံတခုဖြစ်သော
တရုတ်နိုင်ငံအပါအ၀င် ဒေသတခုလုံးအတွက် စိုးရိမ်ဘွယ်ရာကြီးမားလာသော
ခြိမ်းခြောက်မှုတခုလည်း ဖြစ်ပါသည်။ မြန်မာပြည်သည် ကမ္ဘာပေါ် တွင်
အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအကြီးဆုံး ဘိန်းထုတ်လုပ်သော နိုင်ငံ ဖြစ်သည်။
ကူးစက်မှုအားလုံး၏ ငါးပုံလေးပုံကို ခြေရာခံကြည့်ပါက
မြန်မာပြည်ဘိန်းမှောင်ခိုလမ်းကြောင်းအတိုင်း ပြန်ကောက်ယူ၍ ရနိုင်သည်ဟု ကုလသမဂ္ဂ
မူးယစ် ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးက ခန့်မှန်းပါသည်။ မျိုးရိုးဗီဇဆိုင်ရာ
ဆန်းစစ်လေ့လာချက်များအရလည်း မြန်မာပြည်ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်
လိင်လုပ်သားများက အာရှတိုက်တခွင်သို့ ရောဂါဖြန့်ပေးနေကြောင်း သက်သေခံလျက် ရှိသည်ဟု
နယူးယောက်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီက ပြီးခဲ့သည့် ဇူလိုင်လတွင်
ထုတ်ဖော်ပြောဆိုပါသည်။
ဤအစီအရင်ခံစာကို ရေးသားသူ
လော်ရီဂါးရက်က “တရုတ်ပြည်မှာ
ဖြစ်ပေါ်ခဲ့တဲ့ ရောဂါအမျိုးအစား တမျိုးကလွဲလို့ အခု အာရှမှာ အိန္ဒိယနိုင်ငံ
မဏိပူရကနေ ဗီယက်နမ်အထိ၊ တရုတ်ပြည်အလယ်ပိုင်းကနေ အင်ဒိုနီးရှားအထိ ဖြစ်ပွားလည်ပတ်
နေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး အမျိုးအစားတွေအားလုံးဟာ တိုင်းပြည်တခု တည်းကနေ
ပေါ်ထွက်လာတာပါ” ဟု ပြောကြား ခဲ့ပါသည်။
ဒီအချက်ကြောင့် မြန်မာပြည်ဟာ
ကမ္ဘာပေါ်မှာ မျိုးသစ်အများဆုံး ဖြန့်ဖြူးဝေငှတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ
သက်သေပြတာပါပဲ။ ဂါးရက်က ဆက်ပြောသည်မှာ ဤကဲ့သို့မျိုးရိုးဗီဇဆိုင်ရာ သက်သေပြချက်သည်
မီးခိုးထွက်နေသော သေနတ်ပမာ မြန်မာ ပြည်ဟာ တရားခံဖြစ်ကြောင်း လက်ညှိုးညွှန်ပြနေပါတယ်
... အာရှတခွင်ကို မြန်မာပြည်က ပိုးဖြန့်ဖြူးနေခြင်းဟာ ဒေသ တခုလုံးအတွက် ထင်ရှားတဲ့
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတခုပါပဲ”
သို့သော်လည်း
နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ဤကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှု အန္တရာယ်ကို
အလေးအနက်ထား၍ အာရုံစိုက်ခြင်းမရှိသည်မှာ နားမလည်နိုင်အောင်ပင် ဖြစ်သည်။ပြီးခဲ့သည့်
သြဂုတ်လက ဂျီနီဗာအခြေစိုက် ဂလိုဘယ်ဖန်းဒ် အဖွဲ့ကြီးသည် ငါးနှစ်အတွက်
ဒေါ်လာသန်းတရာဘိုး အကူအညီပေးမည့် ထောက်ပံ့ရေးအစီအစဉ်တရပ်ကို ပြန်လည်
ရုတ်သိမ်းတော့မည်ဟု ကြေညာခဲ့သည်။ အမေရိကန်၏ စီးပွားရေး အရ အရေးယူမှုနှင့်
အာရှ၏ပျော့ပျောင်းသော သံတမန် ဆက်ဆံရေးတို့အကြား အာဏာခိုင်မြဲ လျက် ရှိသော
စစ်အစိုးရ၏ တားဆီးကန့်သတ်မှုများနှင့် ခရီးသွားလာခွင့်ပိတ်ပင်မှု များကို
ထိုထောက်ပံ့ရေး အဖွဲ့ကြီးက အပြစ်တင်ခဲ့သည်။ ထိုထောက်ပံ့ရေးအဖွဲ့၏
မြန်မာပြည်ဆိုင်ရာ အစီအစဉ်ကို အောက်တိုဘာလ တ၀ိုက်တွင် အဆုံးသတ်ခဲ့သည်။ သို့သော်
ဥရောပသမဂ္ဂဦးဆောင်သော ရောဂါတိုက်ဖျက်ရေး အစီအစဉ်သစ် တရပ်က အစားထိုးဝင်ရောက်ရန်
ပြင်ဆင်လျက် ရှိသည်။
သို့သော်နောက်ဆုံးတွင်
နောက်ထပ်အလားအလာရှိသော ရောဂါကပ်ဆိုးကြီးတရပ်က မြန်မာပြည်က တောင်းဆိုနေသော ပြဿနာကို
အာရုံစိုက်လာရန် နှိုးဆော်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အစိုးရကို
သံတမန်ချဉ်းကပ်နည်းသစ်များဖြင့် ရင်ဆိုင်ကိုင်တွယ်ရန် တွန်းအားပေးလိုက်သည်။
ထိုရောဂါမှာ
ကြက်ငှက်တုပ်ကွေးဖြစ်သည်။ မတ်လအစောပိုင်းတွင် H5N1 ဗိုင်းရပ်စ်ပိုးကို မြန်မာပြည်၏ ဒုတိယအကြီးဆုံး ဖြစ်သော
မန္တလေးမြို့အနီးရှိကြက်ခြံများတွင် စတင် တွေ့ရှိရသည်။ တလအတွင်း
တတိုင်းပြည်လုံးတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု (၁၀၀)ကျော် ပေါ်ပေါက်ခဲ့ကြောင်း
သတင်းရရှိသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အရာရှိ တဦးက
အခြေအနေအရပ်ရပ်သည် ထင်ထားသည်ထက် ပို၍ဆိုးရွားနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ ကလည်း စိတ်ပူသည်။ ကတ်ထရီးနားမုန်တိုင်းဘေးမှ
လွန်မြောက်ကာစအချိန်တွင်ကြက်ငှက်တုပ်ကွေးရောဂါကို မတားဆီးနိုင်မည်ကို
စိုးရိမ်နေသည်ဟု ခရစ်ဘေရာ က ဆိုသည်။
မြန်မာပြည်၏လျှို့ဝှက်သိုသိပ်သော
အုပ်ချုပ်သူများသည် မိမိတို့တိုင်းပြည်၌ AIDS ပြဿနာရှိကြောင်း ၂၀၀၁ ခုနှစ်ထိ လူသိရှင်ကြားဝန်ခံခဲ့ခြင်း
မရှိပါ။ “ပြဿနာဟာ
အမျိုးသားရေးပြဿနာပါပဲ” ဟု ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး
ခင်ညွန့်က ရာထူးမှ ဖယ်ရှားမခံရမီ ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်ရောက်သော်လည်း
စစ်အစိုးရသည် အင်အားလေးသိန်း ရှိသည့် စစ်တပ်အတွက် လက်နက် ၀ယ်ယူရန် နှစ်စဉ်
ဒေါ်လာသန်းနှင့်ချီ၍ သုံးစွဲခဲ့သော်လည်း AIDS တိုက်ဖျက်ရေးအတွက် စုစုပေါင်း ဘတ်ဂျက်မှာ ဒေါ်လာ ၂၂၀၀၀ သာ
ရှိကြောင်း နိုင်ငံတကာအကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG -
International Crisis Group) က
ဖော်ပြခဲ့သည်။
မြန်မာပြည်သည် လူဦးရေသန်း ၅၀
ကျော် ရှိသော တိုင်းပြည်ဖြစ်သည်။ ဤကပ်ဆိုးသည် “တိုင်းပြည်အတွင်း ရှေ့လာမည့် ဆယ်စုနှစ်များအတွက်
စီးပွားရေးဖွံ့ဖြိုးရေးတိုးတက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များ၏
အခြေခံများကို ဖျက်ဆီး ပစ်နိုင်သည်။ ဤအခြေအနေကို ပြောင်းလဲထူးခြားအောင်
ဆောင်ရွက်နိုင်စွမ်း ရှိသူ အားလုံး ချက်ချင်းလတ်တလော အရေးယူဆောင်ရွက်သင့်ပြီဟု ICG အဖွဲ့က ထောက်ပြခဲ့သည်။
ပညာရေးဆိုင်ရာအစီအစဉ်များသည်လည်း
ရှားပါးလှပြီး မြန်မာပြည်တွင်းသို့ ၀င်ရောက်ဆောင်ရွက်ခွင့်ရသည့် အနည်းငယ် မျှသော
ပြည်ပအထောက်အပံ့ပေးရေး အဖွဲ့အစည်းအချို့၏ အမြောက်အမြား ကူညီထောက်ပံ့မှုဖြင့်
အစီအစဉ်များကို ဆောင်ရွက်ကြရသည်။ မသိချင်ယောင်ဆောင်၍ မဖြစ်တော့လောက်အောင်
တိုးတက်များပြားလာနေသော သေဆုံးမှုများက လူအများကို သတိထား အာရုံစိုက် လာစေသည်။
AIDS
ဝေဒနာရှင်များသည် လူအများ၏ လူမှုရေးအရ ဖယ်ချန်ခြင်းကို ခံရသည်။ မဂ္ဂဇင်းအယ်ဒီတာတဦးက
သူ့အစ်ကို ရောဂါရှိကြောင်းသိရှိသောအခါ အိမ်ရှင်က အိမ်ဆက်မငှားတော့ကြောင်း
ပြောပြသည်။ ကျေးလက်ဒေသများတွင် ရွာသား များသည် AIDS ဝေဒနာရှင်များနှင့် မြစ်တခုထဲတွင် ရေအတူချိုးခြင်း၊
အ၀တ်လျှော်ခြင်း မပြုလုပ်ကြ။ တောရွာများ၌ ရောဂါရှိသူများ သေဆုံးလျှင် ကားတာယာများ
ပေါ်တင်၍ မီးသင်္ဂြိုဟ် ကြသည်။ ပြင်းထန်သော မီးအရှိန်ကသာလျှင် ရောဂါပိုးကို သေစေပြီး
အခြားသူများကို ဆက်လက်ကူးနိုင်မည် မဟုတ်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။
စစ်အစိုးရသည် AIDS ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် သူကိုယ်တိုင်အချိန်ဆွဲ
ဖင့်နှေးနေရုံမက အခြားတသီးပုဂ္ဂလ ကြိုးပမ်းမှုများကိုလည်း တားဆီးပိတ်ပင်ရန်
ကြိုးစား၏။ ပြီးခဲ့သည့်သြဂုတ်လက ခွင့်ပြုချက် လျှောက်ထားမှု စံနစ်တကျ မဟုတ်ဟု
အကြောင်းပြ၍ မုံရွာမြို့မြောက်ပိုင်းရှိ ရွှေနှလုံးသား ဟု အမည်ရှိသော ထင်ရှားသည့်
ဆေးခန်းတခုကို ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်။ ထိုဆေးခန်းသည် ပုဂ္ဂလိက စီးပွားရေး
လုပ်ငန်းများ၏ ငွေကြေးအထောက်အပံ့ဖြင့် ဆင်းရဲချို့တဲ့သူများကို ( အထူးသဖြင့် AIDS ဝေဒနာရှင်များကို ) အခမဲ့ဆေးဝါးကုသပေးနေသောဆေးခန်းဖြစ်သည်။
“အာဏာပိုင်တွေက
ဆေးခန်းရဲ့အောင်မြင်မှုကို မနာလိုတာပါ ” ဟု မုံရွာမြို့ခံတဦးက ဒီမိုကရက်တစ်မြန်မာ့အသံကို
ပြောပြသည်။
“သူတို့ကတော့
ဆင်းရဲတဲ့သူတွေကို ဘာတခုမှ ထောက်ပံ့နိုင်တာမဟုတ်ဘူး”ဟု သူက ပြောပြသည်။ ဆေးခန်းဝန်ထမ်း များကို ထောင်ခြောက်လ၊
အလှူရှင်များကို ထောင်သုံးနှစ်ချနိုင်ကြောင်း အာဏာပိုင်များက ခြိမ်းခြောက်သည်ဟု
သူက ဆက်လက်ပြောပြသည်။
နိုင်ငံခြားသားကြောက်ရောဂါ
ရှိသည့် စစ်အစိုးရသည် ပြည်ပထောက်ပံ့ရေးအဖွဲ့များကိုလည်း တင်းတင်းကျပ်ကျပ်
ချုပ်ချယ် ကန့်သတ်ခဲ့သည်။
“စစ်အစိုးရက
နိုင်ငံခြားသားအထောက်အပံ့ လုပ်သားတွေအားလုံးကို သူလျှိုတွေလို့ပဲ သဘောထားတယ်” ဟု ရန်ကုန်မြို့ရှိ ဥရောပသံတမန်တဦးက ပြောပြသည်။
မြန်မာလူမျိုး မဟုတ်သော ထောက်ပံ့ရေး လုပ်သားတဦး ရန်ကုန်မြို့မှ ထွက်ခွာရန်
ခရီးသွားလာခွင့် လျှောက်ထားပါက သုံးပတ်ကြာပြီး တခါတရံ
ထို့ထက်ပိုမိုကြာမြင့်တတ်သည်။
“ကျနော်တို့ဟာ
မြို့အကျယ်ချုပ်ကျနေတယ်လို့ ရီစရာပြောကြတယ်” ဟု မူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးထိုးရန်
ဆေးထိုးအပ်များ ပေးဝေလျက်ရှိသော အဖွဲ့တဖွဲ့၏ ရန်ကုန် တာဝန်ခံတဦးက ပြောပြသည်။
ယခုအခါ မြန်မာလူမျိုးများသည်
မိမိတို့လုပ်နိုင်သမျှကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြသည်။ ဝေဒနာရှင် အများစုမှာ
အေအာဗွီဆေးကို ၀ယ်ယူသုံးစွဲရင်း အကြွေးလည်ပင်း နစ်နေကြသည်။ “ တချို့လူတွေဟာ အေအာဗွီဆေးကို ၀ယ်ဖို့ သူတို့ အိမ်တွေ
ခြံတွေကိုပါ ရောင်းလိုက်ရတယ်” ဟုမန္တလေးမြို့မှ ဆရာဝန်တဦးက ဆိုသည်။
“ကျနော်တို့
ကိုယ်ဘာသာကိုယ် တခုခုလုပ်ရမှာပဲ၊ ဂလိုဘယ်ဖန်းဒ် ဒီမှာရှိရှိ မရှိရှိပေါ့” ဟု ရန်ကုန်မြို့ရှိ လူမှုရေးလုပ်သား တဦးက ပြော၏။ သူသည် သူ၏
သူငယ်ချင်းမိတ်ဆွေများနှင့် အတူ မိဘမဲ့ကလေးများ (အချို့ HIV ပိုးကူးစက်ခံရသူ) အတွက် ဂေဟာတခု ထူထောင်ရန်
ရံပုံငွေစုဆောင်းနေသည်။
“ဒီမှာ ဖြစ်နေတဲ့ ကလေးတွေ ရာနဲ့ချီပြီး ရှိတယ်”ဟု သူက ပြောသည်။ “ကလေး
နှစ်ဆယ်သုံးဆယ် လောက်တော့ နေစရာရမယ် ထင်ပါတယ်။ အဲဒါက ကျမတို့စုဆောင်းရရှိတဲ့
ငွေပမာဏပေါ် မူတည်ပါတယ်”။နိုင်ငံခြားမှ
ကျောထောက်နောက်ခံပံ့ပိုးမှု မရှိဘဲ လိုအပ်သောငွေဒေါ်လာ(၇၀၀၀) စုဆောင်းရရှိရန် (သို့)
ကလေးများအတွက် ဆေးဖိုးပေးရန် သူ ကြိုးစားနေသည်။
“ ဒီငွေဟာ
သူတို့အမိုးအကာအောက် ရောက်ဖို့အတွက် လုံလောက်ရုံပဲ ရှိပါတယ်ဟု သူက ပြော၏။ အစိုးရ၏
ဝင်ရောက် ချယ်လှယ်မှုကို စိုးရိမ်သောကြောင့် လူမှုရေးလုပ်သားများသည် ကျန်းမာရေးနှင့်
လူမှုဝန်ထမ်း အရာရှိများထံ မိမိတို့လုပ်ငန်း အစစ်အမှန်ကို
အကြောင်းကြားအသိပေးခြင်းမပြုဘဲ ဂေဟာကို တည်ဆောက် ကြမည်ဖြစ်သည်။
“အရေးကြီးတာကတော့
ဂေဟာကို တည်ထောင်ပြီး လည်ပတ်နိုင်ဖို့ပါပဲ”ဟု သူက ရှင်းပြသည်။ “ပြီးတော့မှ သက်ဆိုင်ရာ အရာရှိတွေကို ပြောပါမယ် ဒါကို
အသိအမှတ်ပြုပါ၊ အကူအညီပေးပါ၊ ဒါမှမဟုတ် ကလေးတွေကို ခေါ်ပြီး ကိုယ့်ဘာသာကိုယ်
စောင့်ရှောက်ကုသပေးကြပါလို့၊ ဒါကတော့ သူတို့ ဘယ်တော့မှ မလုပ်မယ့်ကိစ္စပါ”
မြန်မာပြည်အား
တိုက်ခိုက်ဖျက်ဆီးပြီး ကျန်အိမ်နီးနားချင်းနိုင်ငံများဖြစ်သော တရုတ်၊အိန္ဒိယနှင့်
ထိုင်းနိုင်ငံတို့ကိုပါ ဒုက္ခ ရောက်စေသည့်ရောဂါမှာ HIVတမျိုးတည်း မဟုတ်ပါချေ။ မြန်မာပြည်သည် ကမ္ဘာ့အဆိုးရွားဆုံး
တီဘီရောဂါပြဿနာရှင် နိုင်ငံလည်း ဖြစ်ပါသည်။ နှစ်စဉ်ရောဂါဖြစ်ပွားမှုအသစ်
စစ်ဆေးတွေ့ရှိရပြီး ဆေးယဉ်နေသောမျိုးသစ်များလည်း ပေါ်ပေါက်ပြန့်ပွားလျက် ရှိပါသည်။
မြန်မာပြည် လူဦးရေ၏၄၀ရာနှုန်းခန့်သည် တီဘီရောဂါ ကူးစက်ခံရပြီးဖြစ်သည်ဟု ယူဆရ၏။
မယုံနိုင်စရာ
ကောင်းလောက်အောင်ပင် ၂၀၀၅ခုနှစ်အတွင်း အာရှတခွင်၌ ငှက်ဖျားကြောင့် သေဆုံးရသူ၏
တ၀က်ကျော်မှာ အမှောင်ခေတ်ထဲ ကျရောက်နေသောမြန်မာပြည်မှ ဖြစ်သည်။ ငါးနှစ်အောက် ကလေး
သေဆုံးမှု၏ အဓိကတရားခံမှာလည်း ငှက်ဖျားရောဂါပင် ဖြစ်သည်။
ဆင်းရဲမွဲတေမှုနှင့်
အာဟာရချို့တဲ့မှုသည်လည်း ငှက်ဖျားရောဂါ ပြဿနာကို ပိုမိုဆိုးရွားစေသည်။ မြန်မာပြည်သူ
လူထု၏ လေးပုံတပုံသည် တနေ့လျှင် တဒေါ်လာ အောက်ဝင်ငွေဖြင့် ရပ်တည်ရှင်သန် နေကြပြီး
ငါးနှစ်အောက်ကလေးများ၏ သုံးပုံတပုံမှာ အာဟာရချို့တဲ့နေကြသည်။
ဤသို့သော အခြေအနေများဖြစ်ပေါ်နေသော်လည်း
အခြားဆင်းရဲသော တိုင်းပြည်များအားလုံးနီးပါးထက် ပို၍နည်းပါးသော လူသားချင်းစာနာသည့်
အကူအညီများကိုသာ ရရှိပါသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးဒဏ်ခတ်မှုကို
မြန်မာပြည်ကဲ့သို့ပင် ခံစားနေရသော ကျူးဘားနိုင်ငံသည်ပင် လူတဦးချင်း အပေါ်ရရှိသည့်
အထောက်အပံ့ပမာဏမှာ မြန်မာပြည်ထက် နှစ်ဆပိုများသည်။
ဂလိုဘယ်ဖန်းဒ်အဖွဲ့ကြီး
ထွက်ခွာသွားမှုကလည်း နောက်ထပ်ရိုက်ချက်တခုပင် ဖြစ်သည်။ ဤအဖွဲ့ကြီး၏ ငါးနှစ်အစီအစဉ်
အောက်တွင် အေအာဗွီဆေးဝါးလိုအပ်သူ ၄၅၀၀၀အနက် လူနာ၅၀၀၀ခန့် ဆေးဝါးရရှိမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပိုးစစ်ဆေးစမ်းသပ်မှု၂၈၀၀၀
သာ ပြုလုပ်နိုင်ခဲ့သော ဤတိုင်းပြည်အတွက် စမ်းသပ်မှု ဆိုင်ရာ အထောက်အပံ့များလည်း
ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။
“ဒီဆုံးဖြတ်ချက်ကြောင့်
လူတွေသေကုန်ကြတော့မယ်”ဟု
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် အကြီးအကဲ ချားလ်ပတ်ထရီက
ဒီဇင်ဘာလတွင် လော့စ်အန်ဂျယ်လိစ်တိုင်းမ်သတင်းစာသို့ ပြောကြား ခဲ့သည်။
ဂလိုဘယ်ဖန်းဒ်အဖွဲ့ကြီး
ကိုယ်တိုင်ကလည်း သူ၏ပြန်လည်ထွက်ခွာခြင်းနှင့် ပတ်သက်သောကြေညာချက်၌် ရှင်းလင်း
ပြောကြားရာတွင် အလေးအနက် ၀င်ရောက်ဖြေရှင်းမှုမျိုး မရှိပါက AIDS၊ တီဘီနှင့် ငှက်ဖျားတို့သည် မြန်မာ ပြည်သူ လူထုသာမက အိမ်နီးချင်းနိုင်ငံများ
အထူးသဖြင့် ထိုင်းနိုင်ငံအပါအ၀င် ဒေသတခုလုံးသို့ ကပ်ရောဂါဘေးဆိုးကြီးတရပ် သဖွယ်
ရောက်ရှိသွားနိုင်သည်။ အခြားနိုင်ငံများ၏ ရောဂါပြန့်ပွားမှုအား
ထိန်းချုပ်ထားနိုင်သည့် အခြေအနေကိုလည်း အန္တရာယ်ပေးနိုင်သည်။
ဤသို့ဖြစ်နိုင်ချေ အများဆုံး
နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ ၎င်း၏ကူးစက်မှုနှုန်းမှာလည်း မြင့်တက် နေသည်။
ပြီးခဲ့သည့် နှစ်က တရုတ်ကျန်းမာရေးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်
ပူးတွဲလေ့လာချက်တရပ်တွင် ရောဂါကြောင့် သေဆုံးသူ ၂၅၀၀၀ ရှိပြီး ကူးစက်မှု၇၀၀၀၀
ရှိကြောင်း၊ အများစုမှာ မူးယစ်ဆေးထိုးသွင်းခြင်းနှင့် လိင်ကိစ္စများကြောင့်
ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာပြည်နှင့်
နယ်နိမိတ်ချင်း ထိစပ်နေသောယူနန်ပြည်နယ် သည် အဆိုးဆုံးထိခိုက်သောပြည်နယ်များ အနက်
တခုဖြစ် သည်။ မြန်မာပြည်လမ်းမကြီးဟု ခေါ်ကြသောယူနန်ပြည်နယ်၏ မြို့တော်ကူမင်းနှင့်
မြန်မာပြည် မြောက်ပိုင်းမြို့တမြို့ ဖြစ်သည့် မန္တလေးမြို့ကို ဆက်သွယ်ထားသော
ကုန်သွယ်ရေး လမ်းကြောသည် ရောဂါကူးစက်ပျံ့ပွားရေး လမ်းကြောင်းကြီး တခုဖြစ်ပြီး
ထောင်နှင့်ချီသော ကုန်ကားမောင်းသူများ နေ့စဉ်ကူးသန်းသွားလာနေကြသည့် AIDS အဝေးပြေးလမ်းမကြီးပင် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်
မြန်မာပြည်သည် ကပ်ရောဂါအသွင်ကူးစက်မှုကို ပိုမိုအရှိန်ရစေရန် တွန်းအားပေးနေသော နိုင်ငံ တခုဖြစ်၍ ကမ္ဘာက
ဤမျှကြီးမားပြီး လူဦးရေထူထပ်သော နိုင်ငံတခုကို စိတ်ချလက်ချ လျစ်လျူ မရူ့ထားသင့်ပေ။
ဤအကြောင်းများကြောင့်
လော်ရီဂါးရတ်ကဲ့သို့ လေ့လာဆန်းစစ်သူများက AIDS ပြဿနာကို ကျန်းမာရေး ပြဿနာတရပ် အဖြစ် သာမကဘဲ
အမျိုးသားရေးနှင့် ဒေသတွင်းဆိုင်ရာ လုံခြုံရေး အမြင်ဖြင့်ပါ ကိုင်တွယ်
ဖြေရှင်းသင့်ကြောင်း ပြောဆို နေကြခြင်းဖြစ်သည်။
“လောလောဆယ်မှာ AIDS ပြဿနာကို ကျန်းမာရေး ဆိုင်ရာ ပြဿနာတခုအနေနဲ့ပဲ
ပြောဆိုနေကြပါတယ်၊ ဒါကြောင့်လဲ အစိုးရ တော်တော် များများ က ဦးစားပေးအစီအစဉ်တွေရဲ့အောက်ဆုံးအဆင့်လောက်မှာ
ဒီပြဿနာကို ထားကြတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။
“ဒါကြောင့်လဲ
ဒီကပ်ရောဂါကို ကိုယ်ပြည်တွင်းမှာသာမက ဒေသတွင်းမှာပါ ကိုင်တွယ်ဖြေရှင်းဖို့
နိုင်ငံတော်မှာ တာဝန်ရှိတယ် ဆိုတဲ့ အယူအဆကို ဘေးဖယ်ထားကြတာ၊ လျစ်လျူထားကြတာ
ဖြစ်ပါတယ်”
၂၀၀၄ ခုနှစ် ဒီဇင်ဘာလထုတ်
ဝါရှင်တန်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်တွင် မြန်မာပြည်၏ လျစ်လျူရှု ခံထားရသော AIDS ကပ်ဆိုးကြောင့် ဖြစ်ပေါ်လာသောဒေသတွင်း အန္တရာယ်နှင့် ပတ်သက်၍ “ ကုလသမဂ္ဂ အနေဖြင့်
ယင်းကိစ္စနှင့် ပတ်သက်၍ စိမ်ခေါ်မှုတရပ် ရှိလာနိုင်သည်ဆိုလျှင် ယခုအချိန်သည်
ဤစိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်ပင် ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
တနှစ်ကြာပြီးသောအခါ
အလွတ်သဘောဟု ဖေါ်ပြထားသော တံခါးပိတ်အစည်းအဝေးတခုတွင် ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ
လက်ထောက် အထွေထွေအတွင်းရေးချုပ် အီဘရာဟင်ဂမ်ဘာရီက လုံခြုံရေးကောင်စီတွင်
မြန်မာနိုင်ငံ၏ ဆုတ်ယုတ် ကျဆင်းနေသော လူ့အခွင့်အရေးနှင့် ကျန်းမာရေး
မှတ်တမ်းများအကြောင်း အကျဉ်းရုံး ဆွေးနွေးသွားခဲ့သည်။ နိုင်ငံတကာ
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထင်ရှားစွာ ခြိမ်းခြောက်နေသည်ဟု ဆိုကာ
အမေရိကန်နှင့်ဗြိတိန်တို့က ပြောဆိုနေသော် လည်း မြန်မာပြည်သည် လုံခြုံရေးကောင်စီ
အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နှင့်ရုရှားတို့၏ အကူအညီဖြင့်
ကောင်စီ၏ တရားဝင်အစီအစဉ်ထဲတွင် ထည့်သွင်းဆွေးနွေးရန်ကိစ္စအား ရှောင်လွှဲထားနိုင်ခဲ့၏။
မြန်မာစစ်ဗိုလ်ချုပ်များထံသို့
သက်ရောက်မှု မည်မျှရှိသည်ကို ခန့်မှန်းတွက်ချက်ရ ခက်ခဲသော်လည်း ကုလသမဂ္ဂ၌
အကျဉ်းရုံးဆွေးနွေးမှုသည် ထင်ရှားသောအဖြစ်အပျက်တခု ဖြစ်လာသည်ဟု လော်ရီဂါးရက်က
ပြောကြားသည်။
“ကုလသမဂ္ဂက
ဘာပြောပြောဘာထင်ထင် သူတို့က ဂရုစိုက်ပါမလား” ဟု သူက စိတ်ပူ၏။“အခု သူတို့က
မြို့တော်ကို ပြောင်းရွှေ့သွားပြီဆိုတော့ သူတို့စိတ်ထဲမှာ ဘယ်လိုရှိမယ်ဆိုတာ
ခန့်မှန်းဘို့ ပိုလို့တောင် ခက်သွားပါသေးတယ်"
ပြီးခဲ့သည့်နိုဝင်ဘာလက
မြန်မာစစ်ဗိုလ်ချုပ်များသည် ရန်ကုန်မြို့နှင့်
မိုင်၄၀၀ခန့်ဝေးသောပျဉ်းမနားမြို့တွင် အစိုးရရုံးကို အသစ်တည်ဆောက်၍
ပြောင်းရွှေ့သွားခဲ့ကြသည်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်
ဗေဒင်ဆရာများ၏ အကြံပေးချက်ကြောင့်လည်းကောင်း၊ အမေရိကန်၏ ကျူးကျော်မှုကို
ကြောက်ရွံသောကြောင့် လည်းကောင်း၊ ဤသို့ ပြောင်းရွှေ့သွားကြသည်မှာ
သိသာထင်ရှားလှပါသည်၊
၁၉၉၀ခုနှစ်များတွင်
စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသေးလည်း ထိုင်းနိုင်ငံသည် လူထုအသိပညာ
မြှင့်တင်မှုအစီအစဉ် များနှင့် ရာနှုန်းပြည့် ကွန်ဒုံးသုံးစွဲမှုအစီအစဉ်များ အပါအ၀င် AIDS ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားမှုတခုကို စတင် ဆောင်ရွက်ခဲ့ပါသည်။
''ထိုင်းနိုင်ငံဟာ
အာဏာရှင်နိုင်ငံဖြစ်လုဆဲဆဲ
အခြေအနေရှိပါတယ်'' ဟု
လော်ရီဂါးရက်က ဆို၏၊ ''ဒါပေမဲ့ထင်သလို
မဟုတ်ဘဲ ကျမတွေ့ဖူးခဲ့သမျှ တိုင်းပြည်ထဲမှာ AIDSတိုက်ဖျက်ရေးတိုက်ပွဲကို အအောင်မြင်ဆုံး
တိုက်ခိုက်နိုင်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်''
ဒီတိုက်ပွဲကို စတင်ဖြစ်သော
အကြောင်းမှာ ထိုင်းစစ်တပ်၏ စစ်သားစုဆောင်းရေးမှ လူငယ်များတွင် ရောဂါကူးစက်မှုနှုန်း
အလွန်မြင့်မားနေသောကြောင့် ဖြစ်သည်။ မြန်မာပြည်စစ်တပ်၏ စစ်သားများကြားတွင် တူညီသော
(သို့မဟုတ်) ပိုမို ဆိုးရွားသော အထောက်အထားများ တွေ့ရှိရသော်လည်း မြန်မာပြည်သည်
ဤကဲ့သို့သော တိုက်ပွဲမျိုး ဆင်နွှဲခဲ့ခြင်းမရှိပါ။
အမေရိကန်အခြေစိုက် နိုင်ငံတကာ
ပြည်သူ့ရေဒီယို “ကမ္ဘာလောက” အစီအစဉ်၏ သတင်းစာဆရာ အော်လန်ဒို ဒီဂတ်ဇမန်း ၏ HIV ပိုးရှိသူ စစ်သားများစွာကို ဖြုတ်ပစ်ခဲ့ရသော
မြန်မာစစ်တပ်ဆရာဝန် တဦးနှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် “သူတို့ တတွေဟာ ဘယ်အေအာဗွီဆေးမှမရရှိပါဘူး၊
ပြုစုစောင့်ရှောက်မှု ထောက်ပံ့ကူညီမှုလည်း လုံးဝမရကြပါဘူး”ဟု ထိုဆရာဝန်က ပြောခဲ့သည်။
ထို့ပြင်စစ်တပ်ရှိ (AIDS)အဆောင်ကြီး၏ခုတင်များသည်
အသစ်အသစ်ရောက်ရှိလာသူ လူနာ များဖြင့် အလျှင်အမြန် အစားထိုး ပြည့်နှက်လျက်ရှိသည်ဟု
ဆိုသည်။
မြန်မာပြည်တွင်
အတိုင်းအတာတရပ်ထိ အောင်မြင်မှုရသည်မှာ ကွန်ဒုံးကိစ္စ ဖြစ်သည်။ ၁၉၉၆ ခုနှစ်က
ကွန်ဒုံး၂သန်း ၆ သိန်း သာ ရောင်းရသော်လည်း မနှစ်ကကွန်ဒုံးသန်း ၄၀ ကျော်
ရောင်းချခဲ့ရသည်။ လူကြိုက်အများဆုံးတံဆိပ်တခုဖြစ်သော ''အဖော်'' ကို ၀ါရှင်တန်အခြေစိုက် အကျိုးအမြတ် မထားသော အဖွဲ့ဖြစ်သည့်
နိုင်ငံတကာလူဦးရေဆိုင်ရာဝန်ဆောင်မှုအဖွဲ့ (PSI)က တင်သွင်းပြီး ဈေးပေါပေါဖြင့် ရောင်းချ ပေးသည်။ (PSI )သည် ကွန်ဒုံးသုံးစွဲပုံနှင့်ပတ်သက်၍ လူထုပညာပေး
ရုပ်မြင်သံကြားဇာတ်လမ်း များနှင့် ရုပ်ရှင်များကိုလည်း ရိုက်ကူးထုတ်လုပ်ပါသည်။
လွန်ခဲ့သည့်ဆယ်နှစ်ကဆိုလျှင်
ဤကဲ့သို့အဖြစ်မျိုး စိတ်ကူးယဉ်ကြည့်၍ပင် ရမည်မဟုတ်ပါ။ မြန်မာပြည်သည် ရှေးရိုး
ဆန်သော တိုင်းပြည်ဖြစ်သည်။ ကွန်ဒုံးသုံးစွဲခြင်းကို ပြည့်တန်ဆာလုပ်ငန်း၊
လူမှုရေးရှုပ်ပွေခြင်းတို့နှင့် တွဲ၍မြင်ထားကြသည်။ သို့သော်လည်း ၁၉၉၀ ခုနှစ်များက
ထိုင်းနိုင်ငံတွင် အောင်မြင်ခဲ့သော ကွန်ဒုံးလှုပ်ရှားမှုကိုမီရန် များစွာလိုသေးသည်။
မြန်မာပြည်၏ကျန်းမာရေးပြဿနာနှင့်
ပတ်သက်၍ ကမ္ဘာကြီး၏တုန့်ပြန်ဆောင်ရွက်မှုသည် ရှုပ်ထွေးလှသည်။ လူသားချင်း စာနာသည့်
အထောက်အပံ့များနှင့်ပတ်သက်ပြီး ခါးသီး၍အဖြေမထွက်သည့် အငြင်းပွားမှုများ
ဖြစ်လာခဲ့သည်။ တိုင်းပြည် ပြင်ပရှိပြောနိုင်ဆိုနိုင်သော ဒီမိုကရေစီအင်အားစုများက
နိုင်ငံခြား အထောက်အပံ့ပေးရေးအဖွဲ့များ တည်ရှိနေခြင်းသည် မကောင်းဆိုးရွားအစိုးရအား
တရားဝင် အသိအမှတ်ပြုရာ ရောက်ကြောင်းငြင်းဆိုကြသည်။
ကင်တပ်ကီအထက်လွှတ်တော်အမတ်
မစ်ခ်ျမက္ကောနဲလ်က ဂလိုဘယ်ဖန်းဒ်ရုပ်သိမ်းသွားရန် လှုပ်ရှား ဆောင်ရွက်ခဲ့ချိန်တွင်
မြန်မာပြည်ရှိ AIDS ၏ အကြီးအကဲ ဘရိုင်ရန်ဝီလီယံက ဤကဲ့သို့ရုပ်သိမ်းသွားခြင်း
ကို ဒုက္ခသည်စခန်းများတွင် အစား အသောက်များကို မပေးဘဲထားခြင်းနှင့်တူကြောင်း ဥပမာပေး၏။
ဤကပ်ဆိုးကြီးကို အရေးပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း
အလေးအနက်ဖော်ပြခဲ့သည့် အစီအရင်ခံစာကို ရေးသားခဲ့သူ လော်ရီဂါးရက်ကိုယ်တိုင်ကပင်
ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံခြားအထောက်အပံ့အဖွဲ့များအား “သွေးပန်းထွက်နေသည့်အနာကို ပလာစတာကပ်ထားသည်” နှင့် တူကြောင်းခိုင်းနှိုင်းခဲ့သည်။
ကြက်ငှက်တုပ်ကွေး ရောဂါလည်းအတူတူပင်ဖြစ်ပါသည်။ ( AIDS ) ကဲ့သို့ပင် (H5N1 ) သည် နိုင်ငံကူးပြဿနာတရပ် ဖြစ်ပါတယ်။ မြန်မာပြည်ဟာ
အခြားသူတွေအားလုံးအတွက်လည်း အရေးကြီးတဲ့ သူ့ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာကို
ဘာကြောင့် တုန့်ပြန်ဖြေရှင်းခြင်း မပြုသလဲဆိုတာကို
အလေးအနက် မီးမောင်းထိုးပြလိုက်တဲ့ ပြဿနာတရပ်ပါပဲဟု ခရစ်ဘေကာက ရှင်းပြသည်။
အံ့သြဘွယ်ကောင်းစွာပင်
စစ်အစိုးရသည် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်
ခဲ့သည်။ ဥပမာ နမူနာအသားစများကို စစ်ဆေးရန် ဘန်ကောက်သို့ အလျင်အမြန် ပေးပို့ခဲ့သည်။
သို့သော် မြန်မာပြည်သူများကို ပြောပြရန် (၉)ရက်စောင့်ဆိုင်းခဲ့သည်။
ထို့ပြင်လူသားများ သေဆုံးနိုင်ခြင်းအား ကာကွယ်ရန်နှင့် ကြက်ငှက်တုပ်ကွေးကပ်ရောဂါကို လေ့လာစစ်ဆေးရန် လုံလောက်သော သတင်း အချက်အလက်များ
ဖြန့်ဖြူးပေးရန်လည်း ပျက်ကွက်ခဲ့သည်။ မြန်မာပြည် တွင် ကြက်ငှက်တုပ်ကွေးနှင့်
ပတ်သက်သော ယုံကြည် လက်ခံနိုင်လောက်သည့် သတင်းအချက်အလက်သည် ဘန်ကောက် ပို့စ် သတင်းစာ၏
ဥပမာအရပြောရလျှင် ကြက်မ၏သွားကဲ့သို့ ရှားပါးလှ၏။
အနောက်နိုင်ငံတနိုင်ငံက
ဇီဝပိုးမွှားကာကွယ်ရေးဝတ်စုံ (၁၀၀၀)နှင့် အခြားပစ္စည်းကိရိယာများ မြန်မာပြည်သို့
ပေးပို့လိုက်၏။ စစ်အစိုးရက ရန်သူတော်ကြီးတဦးထံမှ ဤကဲ့သို့ကူညီမှုမျိုးကို လက်ခံ
လိုက်ခြင်းသည် စစ်အစိုးရထဲမှ အနည်းဆုံးတဦးဦးက ကြက်ငှက်တုပ်ကွေးအား
မြန်မာပြည်တဦးတည်း ရင်ဆိုင်တိုက်ခိုက်၍မရနိုင်ဟု နားလည်ကြောင်းပြသသည့် သာဓကပင်
ဖြစ်ပါသည်။ဥပမာ ရောဂါစောင့်ကြည့် လေ့လာရေးသည် ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာ ပစ္စည်းကိရိယာနှင့်
အခြားအခြေခံစံနစ်များ အန္တရာယ် ရှိလောက်အောင် ဟောင်းနွမ်းခေတ်နောက်ကျ နေသောကြောင့်
အလုပ်မဖြစ်နိုင်ကြောင်း ဘေရာက မှတ်ချက်ချ သည်။ ကြက်ငှက်တုပ်ကွေးကို
မန္တလေးတွင်ပထမဆုံးစတင်လေ့လာ တွေ့ရှိခဲ့ပြီး မန္တလေးသည် တခုတည်းသော လုပ်လုပ်နိုင်သည့် ဓါတ်ခွဲခန်းတည်ရှိရာ
မြို့ဖြစ်ကြောင်း သူကဆိုသည်။
“စိုးရိမ်စရာကောင်းတာကတော့
ရန်ကုန်နဲ့မန္တလေးမှာသာ သွေးလှူရှင်များကို သွေးစစ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ
ရှိတာပါပဲ” ဟု
သူကထပ်လောင်းပြောဆိုသည်။
ကြက်ငှက်တုပ်ကွေးရောဂါ
ဖြစ်ပွားမှုများ သည် လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများအား အနှောက်အယှက်
ဖြစ်စေသည့် ခရီးသွားလာခွင့် ကန့်သတ်မှုများကို စစ်အစိုးရက လျှော့ပေါ့ပေးရန်
ဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်ရပါသည်။ သို့သော် ကာလကြာရှည်လိမ့်မည်တော့ မဟုတ်ပါ။
AIDS
ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ လှိုင်းတံပိုးကြီးသည် မြန်မာပြည်ကဲ့သို့သော
တိုင်းပြည်များသို့ ၀င်ရောက်ရိုက်ခတ်ဦး မည်ဖြစ်သည်ဟု လော်ရီဂါးရက်က ဆိုသည်။
ဝါရှင်တန်ပို့စ်သတင်းစာတွင် ကိုးကားထားသော နိုင်ငံခြားကူညီထောက်ပံ့မှု အရာရှိတဦး၏
ခန့်မှန်းချက်အရ လာမည့်ဆယ်စုနှစ်အတွင်း ဤရောဂါသည် မြန်မာပြည်ရှိ
လူငယ်များ၏ဆယ်ပုံတစ်ပုံကို သတ်ဖြတ်လိမ့်မည်ဟုဆိုပါသည်။
ရိုးရာဆရာဝန်၏
ဆေးခန်းတည်ရှိသော ရန်ကုန်မြို့စွန်တနေရာတွင် လူငယ်များသည် သစ်ပင်ပေါ်မှ
ကြွေကျသောသစ်ရွက် များကဲ့သို့ တဖြုတ်ဖြုတ် သေဆုံးနေကြပြီဖြစ်ကြောင်း ရန်ကုန်တွင်
နေထိုင်ခဲ့ဖူးသူ တဦးက ပြောပါသည်။ ဆရာဝန်ကိုယ်တိုင် က သေစာရင်းထဲတွင် AIDS ဟူ၍ ဖော်ပြခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော်
ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်ရှိ ဘုရားကျောင်းများက ဤရောဂါကြောင့်
သေဆုံးရသူများကို မီးသင်္ဂြိုဟ်ပေးရန် ငြင်းဆန်တတ်သောကြောင့် ဖြစ်သည်။
“ သူတို့ဟာ
ပညာမတတ်ကြပါဘူး” ဟုသူက သူ၏
ဆင်းရဲနုံချာလှသောဖောက်သည်များအကြောင်း ပြောပြပါသည်။
“ သူတို့ဟာ
ကူးစက်ခံရပြီဆိုတာနဲ့ တခြားဆွေမျိုးတွေ အိမ်နီးနားချင်းတွေကိုတောင် ပြောပြဖို့
ရှက်တတ်ကြပါတယ်။ သူတို့ဟာ ဒါကို ဖုံးကွယ်ထားပြီး မကြာခင်မှာပဲ သေဆုံးသွားကြပါတယ်။
လပိုင်းအတွင်း သေဆုံးသွားကြပါတယ်” ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment