Sunday, 11 May 2014
HIV/AIDS အခြေခံမိတ်ဆက်
အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်ဟာ ကြောက်စရာလားလို့မေးရင် ကြောက်စရာ ကောင်းတယ်လို့ပဲ ဖြေရမှာပါ။
ဒါပေမဲ့ အရမ်းကာရော ကြောက်ဖို့မလိုပါဘူး။ မှန်မှန်ကန်ကန် ကြောက်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဒီရောဂါ နဲ့ ပတ်သက်တဲ့ အခြေခံ သိသင့်သိထိုက်တာလေးတွေကို လိုရင်းတိုရှင်း
ဖေါ်ပြပေးလိုက်ပါတယ်။
အိတ်ခ်ျအိုင်ဗွီဟာ
အေအိုင်ဒီအက်စ် ကိုဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီရောဂါပိုး ကူးစက်စေတာ
ကတော့ မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ လိင်ပိုင်းဆိုင်ရာ အထိအတွေ့တွေကနေတစ်ဆင့်
ပျံ့နှံ့ ကူးစက် နိုင်သလို ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ သားသမီးကိုလည်း
ကူးစက်နိုင်ပါတယ်။ အစကနဦး ရောဂါလက္ခဏာတွေနဲ့ အဖျားရှိတာ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာစတဲ့
တုတ်ကွေးဆန်ဆန် လက္ခဏာတွေ ပြလာနိုင်ပါတယ်။
ရောဂါပိုးကို တိုက်ဖျက်ဖို့အတွက်
ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်မှု စနစ်ကနေ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ် ပေးနိုင်ဖို့ ၂ပတ်ကနေ
သုံးလအထိ အချိန်ယူရပါတယ်။ အိတ်ခ်ျအိုင်ဗွီ ရှိ၊ မရှိ စစ်တယ်ဆိုတာ ခန္ဓာကိုယ်
အတွင်းက အဲဒီ အနုဇီဝပစ္စည်း (antibodies) တွေတည်ရှိမှု အခြေအနေကို စစ်တာပါ။ သွေးကို
ဖေါက်ယူပြီး စစ်တဲ့နည်းကို အသုံးများသလို ပါးစောင်အတွင်းက အရည်ကိုလည်း
စစ်တာရှိပါတယ်။ ပဋိဇီဝပစ္စည်းတွေ စစ်ရာမှာ positive လို့အဖြေရသူတွေကို HIV positive
လို့ ခေါ်ကြတာဖြစ်ပါတယ်။
အေအိုင်ဒီအက်စ် (AIDS - ခုခံအား
ကျဆင်းမှု ကူးစက်ရောဂါ) Acquire Immune Deficiency Syn-drome ရဲ့အတိုကောက်
အခေါ်အဝေါ်ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးကြောင့် လူတစ်ယောက်ရဲ့
ကိုယ်တွင်းခုခံအားကို ကျဆင်းစေပြီး ပြင်ပရောဂါပိုးတွေ ဝင်ရောက် ကူးစက်လာမှုကို ခန္ဓာကိုယ်က
မခုခံမကာကွယ်နိုင်ပဲ ဖြစ်လာပါတယ်။
အေအိုင်ဒီအက်စနဲ့ ဆက်နွယ်နေတဲ့
နောက်ဆက်တွဲ ရောဂါဝေဒနာတွေထဲမှာ အဆုတ်ရောဂါ၊ အရေပြားကင်ဆာ၊ ဦးနှောက် အကြိတ်ရောင်
ရောဂါတွေ အပါအဝင်ဖြစ်ပြီး ကိုယ်အလေးချိန်လည်း သိသိသာသာ ကျဆင်းလာတယ်။
အိတ်ခ်ျအိုင်ဗွီ ရှိသူဟာ အေအိုင်ဒီအက်စ် ရှိချင်မှ ရှိမှာပါ။ အိတ်ခ်ျအိုင်ဗွီ ရှိနေပေမဲ့
အစားအသောက် အနေအထိုင် ဂရုစိုက်ဆင်ခြင်မယ်ဆိုရင် နှစ်ပေါင်းများစွာ
ကျန်းကျန်းမာမာနဲ့ နေနိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးဟာ ခန္ဓာကိုယ်အင်အား
ချိနဲ့လာအောင် လုပ်ပြီးတဲ့ အခါမှသာ အေအိုင်ဒီအက်စ် ဝင်လာတတ်တာပါ။ ဒီရောဂါအတွက်
ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးပါဘူး။ ဒါပေမဲ့ ARV ဆိုတဲ့ဆေးကတော့
ရောဂါပိုး ဆက်လက်ပြန့်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။
အေအာဗဗွီ ဂယက်
အေအာဗွီ သို့မဟုတ် အေအာတီ (ARV
or ART) အိတ်ခ်ျအိုင်ဗွီ ခုခံကာကွယ်ဆေး ( antiretroviral drugs)၊ ဒါမှမဟုတ်
အိတ်ခ်ျအိုင်ဗွီ ခုခံကာကွယ်မှုဆိုင်ရာ ကုထုံး ( antiretroviral therapy ) ရဲ့ အတိုကောက် ပဲဖြစ်ပါတယ်။
ရောဂါပိုးကို မသတ်နိုင်သေးပေမဲ့ ပြန်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း
ခုခံအား ကျဆင်းလာတဲ့အခါမှာ မှီဝဲရတဲ့ဆေးဖြစ်ပါတယ်။
ဂျီပီအို ဗွီအိုင်အာ (Gpo-Vir)
ထိုင်းနိုင်ငံအစိုးရ ဆေးဝါး ထုတ်လုပ်ရေးအသင်း (The Government Pharmaceutical Organization
– GPO) ကထုတ်တဲ့ အိတ်အိုင်ဗွီ ခုခံကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီဆေးဟာ ဆေးသုံးမျိုး
ပေါင်းစပ်ထားတာဖြစ်ပြီး နိုင်ငံရပ်ခြား ဆေးကုမ္ပဏီကြီးတွေကနေ မှတ်ပုံတင် ထားတဲ့
တန်ဖိုးကြီး ဆေးတွေအစား ဈေးသက်သာတဲ့ ဆေးဖြစ်ပါတယ်။ တစ်လစာဆေးဖိုး ဘတ် ၂၀၀၀ (ကျပ်
ငါးသောင်းကျော်ခန့်) ရှိပါတယ်။
အေဇက်တီ AZT
အေဇက်တီ AZT – Retrovir လို့လည်း
ခေါ်ကြတဲ့ ဆေးဖြစ်ပါတယ်။ ၁၉၈၇ခု အေအိုင်ဒီအက်စ် ကုသရေးအတွက် ပထမဆုံးသော ဆေးဝါးအဖြစ်
လက်ခံထားတဲ့ဆေးဖြစ်ပြီး Glazo Smith Kline ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
CD4 + Cells
ခန္ဓာကိုယ်ရဲ့
ခုခံအားကျတဲ့စနစ်မှာ အဓိကကျတဲ့ ဆဲလ်တွေဖြစ်ပြီး
အိတ်ခ်ျအိုင်ဗွီကြောင့် အထိခိုက် ခံရဆုံး ဆဲလ်ဖြစ်ပါတယ်။ တီဖိုး (T4 Cell)
သို့မဟုတ် တီဆဲလ် (T-Cells) လို့လည်း သိကြတဲ့ ဒီဆဲလ် ဟာစစ်သည်တွေလို ပြင်ပက
ကျူးကျော်တိုက်ခိုက်လာတဲ့ ရောဂါပိုးတွေကို ရှေ့ကနေဦးဆောင် တိုက်ခိုက်ကြပါတယ်။
အိတ်အိုင်ဗွီနဲ့ အချိန်အတော်ကြာ
နေထိုင်ခဲ့သူ တစ်ဦးဟာ CD4 Count CD4 ကို ရေတွက် တိုင်းကြည့်တဲ့အခါ လျော့နည်း
ကျဆင်းနေတတ်ပါတယ်။ ဒါဟာ ခုခံမှုစနစ် အားနည်းနေပြီဆိုတဲ့ လက္ခဏာပါ။ သာမန်ကျန်းမာသူမှာ
CD4 အရေအတွက် တိုင်းကြည့်ရင် သွေးမီလီမီတာတိုင်းမှာ ၅၀၀ ကနေ ၁၅၀၀ ကြားရှိတတ်ပါတယ်။
CD4 Count က ၂၀၀ သို့မဟုတ် ၂၀၀ အောက် လျော့နည်းနေရင် ဆရာဝန်တွေက အေအိုင်ဒီအက်စ်
ရှိတယ်လို့ သတ်မှတ်ပြီး ART ကုထုံးနဲ့ ကုဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။
အေဘီစီ (ABC)
အိတ်အိုင်ဗွီ ကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်တဲ့
လိင်ကိစ္စကိုရှောက်ကြဉ်ပါ။ (Abstinence) သစ္စာရှိပါ (Be Faithful)၊ ကွန်ဒုံးသုံးပါ
(Use Condoms) တို့ရဲ့ အတိုကောက် ABC လို့ခေါ်တာပါ။ ဒီနည်းဟာ ထုံးတမ်းစဉ်လာ
တန်ဖိုးတွေကို အလေးမူတဲ့အတွက် ကိုယ်ကျင့်တရား ထိန်းသိမ်းဖို့ လက်ခံတဲ့လူတွေ
နှစ်သက်ကြပြီး အခြားသူတွေကတော့ ဒါဟာ သဘာဝမကျဘူး ကွန်ဒုံးသုံးရေးပေါ်မှာ ပိုပြီး
အလေးပေး သင့်တယ်လို့ ပြောဆိုကြပါတယ်။
စီအင်အင် (CNN)
ကွန်ဒုံး (Condoms) နဲ့
သန့်ရှင်းတဲ့ ဆေးထိုးအပ် (Needles) တွေဖြန့်ဝေ သုံးစွဲခြင်းအပြင် အစိုးရနဲ့
ညှိနှိုင်းဆောင်းရွက်ခြင်း (Negotiation Skills) တို့ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေ၊ ကျန်းမာရေး လုပ်သားတွေဟာ ဒီနည်းကိုသုံးပြီး လုထုကြားမှာ ကျန်းမာရေး
စောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။
“အေးမြချမ်း - ကမ္ဘာကြီးကို
ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့်
စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment