ရန်ကုန်မြို့အတွင်း
မော်တော်ယာဉ်များ ပြိုင်မောင်းခြင်း၊ စည်းကမ်းချိုးဖောက်ခြင်းများကြောင့်
မြို့နယ်အလိုက် ကင်းလှည့်စစ်ဆေး အရေးယူမှု တိုးချဲ့မည်
ကြည်နိုင်
ညပိုင်းယာဉ်စစ်ဆေးမှု ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်မြို့အတွင်း ညပိုင်းအချိန်များ၌ မော်တော်ယာဉ်များ စည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ အခြားယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း ချိုးဖောက်ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွားလာမှုကြောင့် မြို့နယ်အလိုက် ကင်းလှည့်စစ်ဆေး အရေးယူမှုများ တိုးချဲ့မည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။
ထို့ပြင် ညပိုင်းအချိန်၌ ပါဝါအိတ်ဇောများဖွင့်ကာ ဆူညံစွာ မောင်းနှင်ခြင်းများကြောင့် ရန်ကုန်မြို့နေပြည်သူများ စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်နေကြောင်း သိရှိရပြီး မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ကြရန် လိုအပ်ကြောင်း သိရသည်။
“ညဘက်တွေမှာ ယာဉ်ထိန်းရဲအင်အားက နေ့ဘက်မှာလောက် မများတော့ဘူး။ ညအိပ်ကင်းတွေပဲ ရှိတော့တယ်။ အဲ့တော့ ရမ်းကားမောင်းနှင်တာတွေ၊ စည်းကမ်းဖောက်ဖျက် မောင်းနှင်တာတွေ ဖြစ်လာတယ်။ အဲဒါကြောင့် မြို့နယ်အလိုက် လှည့်ကင်းကားတွေနဲ့ ကင်းလှည့်စစ်ဆေးတာတွေ လုပ်နေပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေက နယ်မြေခံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကို တားဆီးဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး မော်တော်ယာဉ်တွေဖြစ်တာမို့ တားဆီးလို့မရရင် မှတ်သားဖမ်းဆီးတဲ့နည်း ကျင့်သုံးသွားမှာ ဖြစ်ပါတယ်” ဒုတိယရဲမှူးကြီး လင်းထွဋ်က ဧပြီ ၂၈ ရက်က ဆိုသည်။
ရန်ကုန်မြို့ ပြည်လမ်းမကြီးတစ်လျှောက်၊ အင်လျားကန်ပေါင်အနီး၊ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်၊ ဝေဇယန္တာလမ်းတစ်လျှောက်တို့တွင် ပြိုင်မောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်မှုများ ပိုမိုဖြစ်ပွားလေ့ ရှိသဖြင့် အဆိုပါ နေရာများတွင် အဓိကထား ကင်းလှည့်မှုများ ပြုလုပ်နေကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။
“ကျွန်တော်တို့မှာ လူအင်အားလိုအပ်ချက်၊ ကားလိုအပ်ချက်တွေ ရှိနေတဲ့ကြားက အဆင်ပြေအောင် လုပ်နေရပါတယ်။ တကယ်လို့ ဒီလိုအပ်ချက်တွေ မရှိတော့ဘူး ဆိုရင်တော့ ညပိုင်းကင်းလှည့် စစ်ဆေးမှုတွေကို ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောကြားခဲ့သည်။
သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်းမပြုဘဲ လိုက်နာခြင်းမရှိပါက ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
“လူကို ဘေးအန္တရယ်ဖြစ်အောင် မောင်းနှင်မှုတွေ၊ လိုင်စင်မပါဘဲ မောင်းနှင်မှုတွေ၊ အသက်မပြည့်ဘဲ မောင်းနှင်မှုတွေ ရှိလာရင် တည်ဆဲဥပဒေအရ၊ မော်တော်ယာဉ် ဥပဒေတွေနဲ့ ပြင်းထန်းတဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ၎င်းက ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ ၁၄၃(က)တွင် မြို့တွင်း တစ်နာရီ ၄၈ ကီလိုမီတာ မိုင် ၃၀ နှုန်းထက် ပို၍မောင်းနှင်ခြင်း မပြုရန် ပြဋ္ဌာန်းထားသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၂၆၃ မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၄၀၅ ဦးထိရှိခဲ့ပြီး ၆၁ ဦးသေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ သိရသည်။
EMG

0 comments:
Post a Comment