အခွန်များလျော့ကျလာခြင်းနှင့်အတူ ကားဈေးများကျဆင်းလာ
==============================
သင်္ကြန်ပွဲတော်ပြီးသည့်နောက်ပိုင်း ရက်များမှစ၍ ရန်ကုန်မြို့ရှိ ကားဈေးကွက်များတွင် နယ်ဝယ်လက် ကိုယ်ပိုင်ကားစီးမည့်သူများ ယခင်ကာလကထက် ပိုမိုစုံစမ်းဝယ်ယူမှုများ ရှိလာသည်။
ယနေ့ ရန်ကုန်မြို့ကားလောက၌ ဝယ်သူတို့အတွက် အဆင်ပြေပြီး ရောင်းသူများဘက်မှ အဆင်မပြေမှု၊ အရှုံးခံရောင်းလိုက်ရမှုများ များပြားလာသည်ဟု သိရသည်။ ဧပြီ ၁ ရက်ကစတင်ပြီး ကညန အခွန်နှင့် အကောက်ခွန် အသီးသီး လျှော့ချပေးလာခြင်းကြောင့် အဓိကအိမ်စီးကားများ ဈေးကျဆင်း လာခဲ့သည်ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ် ရေးစခန်းမှ ကားအကျိုးဆောင် ကိုနေမင်းသူက ဆိုသည်။
ထို့အတူ ကားစလစ်ဈေးများ၊ တက္ကစီ စလစ်ဈေးများ ကားအဟောင်းရောင်းဝယ်လဲ တပ်ဈေးများလည်း နိမ့်ကျလာခဲ့သည်ဟု သိရသည်။ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကိုကိုထိုက်က “အရင်ငွေကျပ် ၆၄ သိန်းလောက်ရှိတဲ့ တက္ကစီစလစ်က အခုဆို ငွေကျပ်ခြောက်သိန်း၊ ခုနစ်သိန်းလောက် ကျသွားပြီ” ဟု ဆိုလာသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းတို့၌ အနိမ့်ပိုင်းကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိသော Probox, HONDA Vit, Nissan AD Van, March, Suzuki Swift Mitsubishi စသည့် ကားလေးများသည် ငွေကျပ် ၁၅ သိန်း၊ သိန်း ၂၀ ခန့် လျော့ကျလာပြီဖြစ်သည်။
သီရိမင်္ဂလာဈေး ယာဉ်ရောင်းဝယ်ရေး စခန်းမှကိုထူးထူးမြင့်က “အရင်ကဆိုရင် ကားတွေဝယ်ပြီးကိုင်တာ ဈေးပြောလို့ရတယ်၊ အခုမရတော့ဘူး၊ တစ်နေ့ချင်းစီ ကားဈေးနှုန်းတွေက ကျနေတယ်။
နယ်ဝယ်လက် ဆင်းတာ မှန်တယ်၊ ဒါပေမယ့် ဈေးကဆွဲ တင်ရောင်းလို့မရဘူး၊ ဝယ်ထားတဲ့သူမှန်သမျှက ဈေးအမြင့်နဲ့ ဝယ်ထားကြရတာ၊ အဲဒီတော့ အရှုံးတွေပြလာတယ်” ဟု ဆိုသည်။
တစ်ခေတ်တစ်ခါက မြန်မာ့ကား ရောင်းဝယ်ရေး နယ်ပယ်၌ ယာဉ်များ ဈေးမြင့်ခဲ့သော်လည်း ယခုအခါ နိုင်ငံခြားမှ ယာဉ်တင်သွင်းမှု ပိုမိုအဆင်ပြေလာခြင်း၊ကားအရောင်းပြခန်းများ နေရာအနှံ့ပေါ်ပေါက်လာခြင်း၊ ယာဉ်ရောင်းဝယ်ရေး စခန်းများအပြင် မိမိရပ်ကွက် ထဲမှာပင် လမ်းဘေးဈေးခင်းရောင်း သကဲ့သို့ “ရောင်းရန်”ဟူသော ဆိုင်းဘုတ်ငယ်များချိတ်ဆွဲကာ ကားများအစီအရီ ခင်းကျင်းရောင်းချ လာကြသဖြင့် မြန်မာပြည်၏ ကားဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။

0 comments:
Post a Comment