အသည်းရောင်အသားဝါ “ဘီ”ရောဂါဆိုတာဘာလဲ။
၁။ အသည်းရောင်အသားဝါ “ဘီ”ရောဂါဆိုတာဘာလဲ။ အသည်းရောင်အသားဝါ
“ဘီ”ရောဂါဆိုတာ အသည်းရောင်ဗိုင်းရပ်(စ်)ပိုးများဖြစ်တဲ့ အေ၊ ဘီ၊ စီ၊ ဒီ၊
အီး၊ ဂျီ စသည် ဖြင့်ရှိတဲ့အထဲက “ဘီ” အမျိုးအစား ဗိုင်းရပ်
(စ်)ပိုးကူးစက်ခံရခြင်း ဖြစ်ပွားတဲ့ရောဂါကိုဆိုလိုခြင်းဖြစ်ပါတယ်။
“ဘီ” ရောဂါပိုး ကူးစက်ခံရပြီးနောက်၊ ရုတ်တရက် အသည်းရောင်ခြင်း (Acute
Hepatitis)၊ ဒါမဟုတ် တငွေ့ငွေ့နာတာရှည် အသည်းရောင်ခြင်း (Chronic
Hepatitis ) စသည်ဖြင့် ဖြစ်နိုင်သလို၊ ရောဂါလက္ခဏာမပြဘဲ ကြာရှည်စွာ
ဗိုင်းရပ်(စ်)ပိုး သယ်ဆောင်ထားသူများ (Asymptomatic Carrier)
အဖြစ်လည်းရှိနေနိုင်ပါတယ်။ ယခင်ကတော့ ဒီလိုလူတွေကို ကျန်းမာ သူများ
Healthy Carrier အဖြစ် သတ်မှတ်ကြသော်လည်း၊ ယခုအခါ
“ဘီ”ပိုးကူးစက်ခံရသူအားလုံးကို Healthy ဖြစ်တယ်လို့ မသတ်မှတ်
နိုင်တဲ့အတွက် ရောဂါလက္ခဏာမပြသူများ Asymptomatic Person များလို့သာ
ခေါ်ဆိုကြပါတယ်။
“ဘီ” ပိုးကူးစက်ခံရသူအားလုံးဟာ နောက်ဆက်တွဲအဖြစ် အသည်းခြောက်ခြင်း၊
အသည်းကင်ဆာဖြစ်ခြင်းရောဂါ များဖြစ်ပေါ်နိုင်သလို၊ တစ်ချိန်ချိန်မှာ
နာတာရှည်အသည်းရောဂါများကြောင့် သေဆုံးနိုင်မှု (Life Time Risk) ဟာ ၄၀% မှ
၅၀%အထိ ရှိနိုင်ပါတယ်။
၂။ ရောဂါဖြစ်နိုင်ရှိသူတွေက ဘယ်သူတွေလဲ။
အသည်းရောင် “ဘီ” ကူးစက်နှုန်းဟာ အလွန်မြင့်မားပြီး မြန်ဆန်တဲ့အတွက်
“ဘီ”ပိုးရှိသူများ ပေါများရာဒေသ (Endemic Area) မှာ
“ဘီ”ပိုးကာကွယ်ဆေးထိုးမထားလို့ဘဲဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးထားသော်လည်း
ကိုယ်ခံအား (Antibody) မပြည့်တဲ့သူတွေ၊ မအောင်တဲ့သူတွေမှာ မည်သူမဆို “ ဘီ ”
ပိုးကူးစက်ဖို့ အခွင့်အလမ်းရှိနေပါတယ်။
တစ်ကမ္ဘာလုံးမှာ လူဦးရေသန်းပေါင်း ၄၀၀ကျော်ခန့် “ဘီ ”
ပိုးကူးစက်ခံထားရပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၅%ခန့်ရှိပါတယ်။ အဲဒီအထဲက
၇၅%သောသူများဟာ အရှနဲ့ ပစိဖိတ်ဒေသမှဖြစ်ကြပါတယ်။ တစ်နှစ်ကို လူဦးရေ
၉သန်းခန့်ဟာ “ဘီ” ရောဂါပိုးနဲ့ ဆက်နွှယ် တဲ့ ရောဂါများကြောင့်
သေဆုံးနေရပြီး၊ တစ်ကမ္ဘာ့လုံးဆိုင်ရာအတိုင်းအတာနဲ့ဆိုရင် သေဆုံးမှု
အများဆုံးရောဂါများအနက် အဆင့် (၉)ရှိ ပါတယ်။
မြန်မာနိုင်ငံမှာ ယခင်ကပြုလုပ်ခဲ့တဲ့ သုတေသနာတွေအရ “ဘီ” ပိုးကူးစက်ခံထားရသူ (၅)သန်းခန့် ရှိနေပြီလို့ သိရပါ တယ်။
၃။ “ဘီ” ရောဂါပိုး ရှိ/မရှိ ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
“ဘီ” ရောဂါပိုး ရှိမရှိ၊ စစ်ဆေးရာမှာ အလွယ်ကူဆုံးနဲ့
အမြန်ဆုံးနည်းလမ်းကတော့ သွေးကို စစ်ဆေးခြင်းဖြစ်ပါ တယ်။ HBs Ag လို့ခေါ်တဲ့
ဘီရောဂါပိုးရဲ့ အခွံလေးက ထွက်ရှိတဲ့ အသားဓါတ် Protein တစ်မျိုးကို
ရှာဖွေစစ်ဆေးခြင်းဖြစ်ပါတယ်။ Rapid Strip Test တွေလို့ခေါ်တဲ့
စက္ကူပြားလေးများနဲ့ စစ်ဆေးတဲ့ Test တွေရှိသလို၊ ELISA လို့ခေါ်တဲ့ Enzyme
Linked Immuno Sorbent Assay Test များလည်းရှိပါတယ်။
ရောဂါရှာဖွေမှုတိကျကိန်း (Sensitivity And Specificity) မှာ
အနည်းငယ်ကွာပေမယ့် အကြမ်းဖျင်း တိကျမှုရှိပါတယ်။
အခုအခါမှာ HBs Ag Test Negative ဖြစ်သော်လည်း “ဘီ ”
ပိုးကူးစက်ခြင်းမခံရဘူးလို့ အတိအကျ မပြောနိုင်ပါဘူး။ Occult Hepatitis ‘B’
ဆိုတဲ့ တစ်မျိုးပေါ်လာလို့ပါပဲ။ ဒါကြောင့် အခုအခါမှာ ဗိုင်းရပ်(စ်)ပိုးရဲ့
DNA ကိုစစ်ဆေးတဲ့ (bDNA) Test များ၊ PCR Test များကသာ ရောဂါ ရှိ/မရှိ
အတိအကျ ဖော်ပြပေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးကြည့်ခြင်းဖြင့် ဗိုင်းရပ် (စ်)
ပိုးပမာဏ (Viral Load)ပိုး အမျိုးအစား (Genotype)စသည်ဖြင့်
စစ်ဆေးနိုင်ပါတယ်။
၎။ အသည်းရောင် “ဘီ” ပိုးကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား။ ဘယ်လိုကုသဆေးများရှိနေပါပြီလဲ။
အသည်းရောင် “ ဘီ ” ပိုးကို ကုသရာမှာ အဓိက ရည်မှန်းချက်ကတော့ ဗိုင်းရပ်
(စ်) ပိုးများ တဖြည်းဖြည်းနည်းသွား ပြီး၊ “ဘီ” ရောဂါပိုးရဲ့ နောက်ဆက်တွဲ
အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့မှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။
ဒီလိုကုသရာမှာ “ဘီ ” ရောဂါပိုးများ ပြန့်ပွားမှုကို
ထိန်းချုပ်နိုင်ခြင်းအဆင့် (Sero Conversion Stage of DNA Negative
Stage)ကို အဓိကထား လုပ်ဆောင်ပါတယ်။
HBs Ag Negative ဖြစ်တဲ့အဆင့်သို့ ရောက်ရှိသူများရှိသော်လည်း
ရာခိုင်နှုန်းအလွန်နည်းပါတယ်။ အခုအချိန်အထိ အမေရိကန်နိုင်ငံအစားအစာနဲ့
ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (US FDA)က အသုံးပြုခွင့်ပေးထားတဲ့ “ ဘီ ”
ရောဂါပိုးကုသဆေး (၃)မျိုးရှိနေပါပြီ။ Interferom လို့ခေါ်တဲ့
ထိုးဆေးတစ်မျိုးရယ်၊ Lamivudine နဲ့ Adefovir လို့ခေါ်တဲ့ သောက်ဆေး
နှစ်မျိုးဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေ၊ ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး
ဦးစားပေးရွေးချယ်သုံးစွဲနိုင်ပါတယ်။
၅။ ဘီရောဂါပိုး ကူးစက်ခြင်းမှကင်းဝေးအောင် အများပြည်သူများကို ဘယ်လိုအကြံပေးဆွေးနွေးချင်ပါသလဲ။
“ဘီ” ရောဂါပိုးဟာ ယနေ့အချိန်အခါမှာ အရေးကြီးတဲ့
ကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေပါပြီ။ “ ဘီ” ရောဂါပိုး ကူးစက်ခြင်းကို
ယနေ့မတားဆီးနိုင်ဘူးဆိုရင်၊ နောင်တစ်ချိန်မှာ “ဘီ” ရောဂါပိုးရဲ့
နောက်ဆက်တွဲ ရောဂါများကြောင့် ငွေကုန်ကြေးကျ အလွန်များလာမှာဖြစ်ပါတယ်။
အဓိက,ကတော့ ကျန်းမာရေးသတိအမြဲရှိပြီး၊ “ဘီ ” ပိုး ကူးစက်နိုင်တဲ့
အခြေအနေများကို ရှောင်ရှားဖို့ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊
တစ်ဦးဦးရဲ့ သွေးကိုမထိ၊ မကိုင်မိစေဖို့၊ တစ်ခါသုံးအပ်များ၊
ခွဲစိတ်ကိရိယာများ၊ အသုံးအဆောင်များကိုသာ သုံးစွဲဖို့၊ သွားနုတ်ခြင်း၊
နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အပ်စိုက်ကုခြင်း စသည်တို့မှာ “ဘီ”
ပိုးကင်းစင်မှုရှိသော ပစ္စည်းကိရိယာ များသာ အသုံးပြုဖို့
တိုက်တွန်းချင်ပါတယ်။ နောက်ဆုံးအနေနဲ့ “ဘီ” ပိုးကာကွယ်ဆေးများကို
မဖြစ်မနေထိုးထားကြပါတယ်။ ကိုယ်ခံအား ကို စစ်ဆေးပြီး Antibody Level
ပြည့်ဝအောင် လုပ်ထားပါလို့ အကြံပြုချင်ပါတယ်
0 comments:
Post a Comment