အမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုနှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်း
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်းခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား သက်ဆိုင်ရာမှ ပိတ်သိမ်းလိုက်ကြောင်း မေ ၁၄ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။
နေပြည်တော်မှ ရန်ကုန်သို့ မေ ၁၂ ရက် ညနေ ၆ နာရီတွင် နေပြည်တော်မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ ဦး တင်ဆောင်ထွက်ခွာလာသော ရာဇာမင်းခရီးသည် ပို့ဆောင်ရေး မှန်လုံမော်တော်ယာဉ် တစ်စီးသည် ည ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၇/၆ အနီးရှိ မီးရထားခုံးကျော် တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်မှာ ခရီးသည်အမျိုးသား ၁၀ ဦး အမျိုးသမီးလေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရာဇာမင်းခရီးသည် ပို့ဆောင်ရေးယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များလုံခြုံစွာ သယ်ယူပို့ဆောင်ရေးတွင် စနစ်တကျကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရာဇာမင်းခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား နေပြည်တော်ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် မေ ၁၅ ရက်မှစတင်ပြီး ပိတ်သိမ်းလိုက်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ဖော်ပြခဲ့သည်။
ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူခရီးသည်များ၏ မိသားစုများအား အထူးခရီးသွား အာမခံလျော်ကြေး ပေးအပ်ပွဲကို မေ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ရာ အထူးခရီးသွား အာမခံကြေး ကျပ်သိန်း ၃၀၊ စက်တပ်ယာဉ်အားလုံးနှင့် အကျုံးဝင်သည့် အာမခံကြေးငွေ ကျပ်ငါးသိန်း၊ အလုံးစုံ မော်တော်ယာဉ် အာမခံကြေးငွေ ကျပ် ၁၀ သိန်းနှင့် ရာဇာမင်း ကုမ္ပဏီမှ သေဆုံးသူ တစ်ဦးလျှင် ကျပ် ၁၅ သိန်း ပေးအပ်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ကျပ်သိန်းခြောက်ဆယ် ပေးအပ်ခဲ့ကြောင်း သိရသည်
Thursday, 15 May 2014
အမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုနှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment