အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် မြေပြိုမှုများကြောင့် လူ ၃၅၀ ခန့် သေ
အာဖဂန် နစ္စတန်နိုင်ငံ ဘာဒက်ရှန် အာဂူးကျေးရွာမြေပြိုမှုတွင် ပျက်စီးသွားသောနေအိမ်များကို မေလ ၃ ရက်က တွေ့ရစဉ် MUHAMMAD SHARIF/EPA
အာဖဂန်နစ္စတန်မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်တွင်းရှိ ရွာတစ်ရွာတွင် သောကြာနေ့က မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၃၅၀ သေဆုံးပြီးနောက်ထပ် လူ ၂,၅၀၀ ခန့်မှာလည်း သေဆုံးမည်ကို စိုးရိမ်ရသည်။
မြေပြိုမှုများဖြစ်ပြီးနောက် ဒေသခံရွာသားများ၊ ကုလသမဂ္ဂ နှင့် အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံ တပ်ဖွဲ့ဝင်များ အားလုံးတို့မှာ ဖုံးလွှမ်းထားသော ရွှံ့နွံများနှင့် ကျောက်တုံးများ အောက်တွင် ပိတ်မိနေသူများကို ရှာဖွေရန် အချိန်မီကြိုးစားနေရသည်။
သို့သော် အပျက်အစီးများ နှင့် ရွှံ့မြေများအောက် ကျန်နေ သော လူဦးရေမှာ များလွန်းသဖြင့် သေဆုံးသူဦးရေမှာ ပျောက်ဆုံး နေသည်ဟု သတ်မှတ်ထားသည့် လူဦးရေ ၂,၅၀၀ အတိုင်း သေဆုံးနိုင်သည်ဟု ဘာဒက်ရှန်ပြည်နယ် အုပ်ချုပ်ရေးမှူးက အေအက်ဖ်ပီအား ဖုန်းဖြင့် ဆက်သွယ်ဖြေကြားသည်။
‘‘ကျွန်တော်တို့ ကနဦးရှာဖွေ မှုတွေက ဒေသခံပြည်သူတွေ သတင်းပို့တဲ့ လူဦးရေ ၂,၅၀၀ ဝန်းကျင်ဆိုတဲ့ အရေအတွက်ကို အခြေခံပြီး ရှာဖွေမှုလုပ်တာပါ။ ဒီထဲမှာ မိန်းမတွေနဲ့ ကလေးတွေ ပါဝင်နိုင်ပြီး သေဆုံးသူအရေအတွက်ကလည်း ၂,၅၀၀ အထိ မြင့်သွားနိုင်ပါတယ်’’။
ပြည်နယ်တာဝန်ရှိသူများက အဆိုပါ အတ်ဘာရိခ်ကျေးရွာ သည် တောင်ပေါ်မှ မြေပြိုမှုနှစ် ကြိမ်ဆက်တိုက် ဖြစ်ပြီးနောက် တစ်နာရီအတွင်းမှာပင် ရွာတွင်းရှိ ရွှံ့ဖြင့်ဆောက်ထားသော နေအိမ် ပေါင်း ရာနှင့်ချီကို ဖုံးလွှမ်းနှစ်မြှုပ်ပစ်လိုက်ကြောင်း ဆိုသည်။
ရွာသားများမှာ သောကြာ နေ့ဖြစ်၍ ဗလီနှစ်ခုထဲတွင် စုပြုံရှိ နေခဲ့ပြီး တောင်စောင်းပေါ်ရှိ ရွာ သို့ ပထမတစ်ကြိမ် မြေပြိုကျမှု များ ဖြစ်ပြီးနောက် ထိခိုက်သူများ ကို ကယ်ဆယ်ရန်အထွက်တွင် ဒုတိယအကြိမ် မြေပြိုမှုနှင့် ကြုံ ခဲ့ရခြင်းဖြစ်သည်။
အာဖဂန်မြောက်ပိုင်းတွင် ပြီးခဲ့သည့်ရက်များကလည်း ဂျော်ဇ် ဂျန်၊ ဖာယတ်နှင့် ဆာအီပါလ် ပြည်နယ်များတွင် မိုးအဆက်မ ပြတ်ရွာပြီး ရေကြီးမှုများဖြစ်ပွားခဲ့ ရာ လူ ၁၅၀ ကျော် သေဆုံးပြီး လူ ၆၇,၀၀၀ ခန့် ထိခိုက်ခဲ့ရသည်။
—Ref: AFP

0 comments:
Post a Comment