စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 11 May 2014

HIV ပိုးထိန်းဆေး ART

ဒီနေ့ HIV/AIDS နဲ့ ပတ်သက်ပြီး အသံ ကျယ်ကျယ်လောင်လောင် မြည်ဟည်း နေတာကတော့ ART (Ant: retroviral treatment) ကို အမြောက် အမြား လိုအပ်နေမှုပါပဲ။ ART ဆိုတာ HIV ပိုးထိန်း ဆေး တစ်မျိုးပါ။ သုတေသန အရ ART တကယ် လိုအပ်နေသူ ၄ ဦးမှာ ၁ ဦးသာ ART ဆေး ရရှိ နေပါတယ်။ ကျန်တဲ့ လူတွေဟာ AIDSဝေဒနာနဲ့ အတူ စိတ်ဓာတ် ကျဆင်းမှုပါ ခံစားရပြီး မိသားစု တာဝန်၊ တိုင်းပြည် တာဝန်၊ HIV/ AIDS တိုက်ဖျက်ရေး တာဝန်တွေကို ဆက်လက် မလုပ်ဆောင်နိုင်တော့ဘဲ သေဆုံးရ မှာ ဖြစ်ပါတယ်။ NGOဆေးခန်းတွေ၊ အစိုးရ ဆေးရုံတွေဆီက ဆေးအခမဲ့ သောက်နေသူတွေ အတွက် တော့ သိပ်ပြဿနာ မရှိလှပေမယ့်Self-Funcled လို့ခေါ်တဲ့ မိမိ ပိုက်ဆံနဲ့ အပြင်မှာ ၀ယ်သောက်နေ သူတွေ အတွက်တော့ ဆေးအကြောင်း နားမလည်ဘဲ သောက်နေ နိုင်သလို၊ ဆေးပေးတဲ့ သူကလည်း ပြီးလွယ်စီးလွယ် ပေးနေနိုင်ပါတယ်။ ဒါကြောင့် ART နဲ့ ပတ်သက်တဲ့ အခြေခံ သတင်း အချက်အလက် တွေကို မှန်မှန်ကန်ကန် သိဖို့ ဝေငှ လိုက်ရပါတယ်။ ART အေအာတီဆိုတာ ဘာလဲ HIV ကူးစက်ရောဂါ အတွက် ကုသမှု တစ်ခု ဖြစ်ပါတယ်။ HIV ပိုးက ခန္ဓာ ကိုယ်ထဲမှာ ရှိတဲ့ ကိုယ်ခံ စွမ်းအား(သို့မဟုတ်) CD4 ကို ဖျက်ဆီးတယ်။ ပြီးတော့ မျိုးပွားတယ်။ ART ဆေးက HIV ပိုး ပွားများ လာမှုကို ထိန်းချုပ် ဟန့်တားပေးပါတယ်။ HIV က မျိုးမပွားနိုင်တော့ ကိုယ်ခံအား ပြန်တက်လာပြီး ကျန်းမာလာတယ်။ ဒါပေမယ့် ဒီဆေးကHIV ကို အမြစ်ပြတ် အသေ မသတ်နိုင်သေးဘူး။ ဒါကြောင့် ART ဆိုတာ ပိုးထိန်းဆေး ဖြစ်တယ်။HIV ဟာ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေဦးမှာဖြစ်တယ်။ အကျိုးကျေးဇူး ART စသောက်ပြီး ရက်တို အတွင်းမှာ စားကောင်း အိပ်ပျော်ပြီး ကိုယ်အလေးချိန် ပြန်တက်လာမယ်။ အားအင် ပြည့်ဖြိုးပြီး ကျန်းမာရေး ကောင်းလာမယ်။ ယခင်က အလုပ်အကိုင်တွေ ပြန်လုပ်လာနိုင်ပြီး မိသားစုကို ပြန်လည် တာဝန်ယူ လာနိုင်မယ်။ ကလေးတွေ ဆိုရင်လည်း ဆော့ကစား၊ ကျောင်းပြန် တက်ပါမယ်။ ဘ၀ကို အဓိပ္ပာယ် ရှိရှိ အသက်ရှင်ဖို့ အားအင်တွေရှိလာပြီး CD4 တွေ လည်း တက်လာ ပြီပေါ့။ ဘေးထွက်အာနိသင်များ ကြက်သားစားချင် အရိုးထွင်ဖို့ မပျင်းရသလို ART မှာလည်း ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေပါတယ်။ ဆေးစ သောက်ပြီး ၂ ပတ် ကနေ ၃ ပတ် အတွင်းမှာ အနီကွက်များ ထွက်ခြင်း၊ ဖျား၊ အသားဝါ၊ ကြွက်သားနာကျင်၊ ခေါင်းမူး ခေါင်းကိုက်၊ မအီမသာ၊ အော့အန်၊ ၀မ်းပျက်၊ မောပန်းနွမ်းနယ်၊ အိပ်ရေးပျက်၊ အိပ်မက်ဆိုးမက် စတာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မစိုးရိမ် ပါနဲ့။ ဒါတွေဟာ လူတိုင်း ကြုံတွေ့ရမယ်လို့ မဆိုလိုပါဘူး။ ဖြစ်ခဲ့ရင် မလန့်သွားဖို့။ ဆေးကို ရပ်မပစ်ဖို့နဲ့ သက်ဆိုင်ရာ ဆရာဝန်ဆီ အမြန်ဆုံး ပြန်လာပြသဖို့ပါပဲ။ ပြီးတော့ ဒါတွေဟာ အကြာကြီး မဖြစ်တတ်ပါဘူး။ အဓိက ကတော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေကို ရပ်မပစ်ဖို့ပါ။ ဆရာဝန်နဲ့ ပြသ အကြံဥာဏ်ယူဖို့ အရေး ကြီး ပါတယ်။ ဘယ်သူတွေ သောက်သင့်သလဲ HIV ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ ရောဂါ အခြေအနေ၊ ပြင်ပရောဂါ ၀င်ရောက်မှု၊ ပြီးတော့ CD4 ၂၀၀ အောက်ရောက်မှ စတဲ့ တိုင်းတာမှုတွေကို ဆရာဝန်က ပြုလုပ်ပြီး ART သောက်ဖို့ ညွှန်းရမှာပါ။ ခုခံအားတွေ များနေပြီး မလိုသေးဘဲ ဆေးသောက်ရင် ဘေးထွက် ဆိုးကျိုး နဲ့ တွေ့နိုင်ပြီး ဆေးမ သောက်ဘဲ ထိန်းထားနိုင်တဲ့ အချိန်တွေ ပြန်မရတော့ပါဘူး။ ART ရဲ့ သဘာဝ ကျားမြီး ဆွဲသလိုပါပဲ။ စပြီးရင် ရပ်လို့ မရပါဘူး။ တစ်သက်လုံး သောက်ရမှာပါ။ ဘာလို့လဲ ဆိုတော့ ပိုးတွေကို သေအောင် မသတ်နိုင်ဘဲ ထိန်းပဲ ထိန်းနိုင်လို့ပါ။ နားမလည်ဘဲ ဆေးကိုရပ် ရင်ပိုးတွေဟာ ပြန်ပွား များလာပြီး ကိုယ်ခံ စွမ်းအားကို ဖျက်ဆီးမှာ ဖြစ်ပါတယ်။ နောင်တစ်ချိန် ပြန်သောက်ရင်တောင် ဆေးယဉ်ပါးမှု၊ ဆေးမတိုးမှုတွေ ကြုံရပါမယ်။ ART မှာ ဆေးအမျိုးအစား ၃ မျိုး ပေါင်းစပ် ပါဝင်ရပါမယ်။ တစ်မျိုးစီမှာ အစွမ်းသတ္တိ တစ်မျိုးစီ ရှိပြီး ဥပမာပေးရရင် တစ် မျိုးက HIV ပိုးရဲ့ခေါင်းကို ထိန်းချုပ်မယ်၊ နောက်တစ်မျိုးက လက်ကိုချုပ်၊ နောက်တစ်မျိုးက ခြေထောက်ကို ချုပ်မလှုပ် နိုင် အောင် မပွားနိုင်အောင် လုပ်ထားသလို ဖြစ်ပါလိမ့်မယ်။ ကိုယ်ခံ စွမ်းအားတွေကိုလည်း ထပ်ပြီး မပျက် စီးစေတော့ပါဘူး။ တချို့ နားမလည်ဘဲ နှစ်မျိုးတည်းပါတဲ့ဆေး သောက်ပါတယ်။ ဒါဆိုရင်တော့HIV ပိုးဟာ လွတ်တဲ့ အပိုင်းကနေ ဆက်ပြီးပွား၊ ဆက်ပြီး များပြီး ကိုယ်ခံအားကို ဖျက်ဆီးပါမယ်။ ရှေးတုန်း က ဆေးအမျိုးအစား သိပ်မပေါတဲ့အတွက် တစ်မျိုး တည်းသောက်ရပါတယ်။ ရေရှည်ကျတော့ ဆေး ယဉ်ပါးမှုတွေ ဖြစ်လာပါတယ်။ ဒေါက်သုံးခုပါတဲ့ ဖိုခနောက်နဲ့ တစ်ခုပါတဲ့ဟာ ဘယ်ဟာ ပိုခိုင် တယ်ဆို တာ သိသာ ထင်ရှားပါတယ်။ ART ကို ဘယ်လိုသောက်ရမလဲ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အချိန် အတိအကျ သောက်ရပါမယ်။ မနက် ၈ ဆို ည ၈၊ မနက် ၇ နာရီသောက်ရင် ည ၇ နာရီ သောက်ရပါတယ်။ ဆေးတစ်လုံးရဲ့ ပိုးတွေကို ထိန်းချုပ်နိုင် စွမ်းဟာ ၁၂ နာရီပဲ ရှိလို့ပါ။ နားလည်တဲ့ ဆရာဝန် ညွှန်းတဲ့ အတိုင်း သောက်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့် သဘောနဲ့ ကိုယ်လိုတိုး၊ ပိုလျှော့ မလုပ်ရပါဘူး။ အချိန်ရရင် ဆေးသောက် ကျင့်ဖို့ တိုက်တွန်းပါတယ်။ တစ်သက်လုံး တစ်နေ့ နှစ်ကြိမ်နဲ့ အချိန် အတိအကျ သောက်ရမှာဆိုတော့ နာရီနဲ့ စနစ်တကျ လေ့ကျင့်ထားရင် ပိုအကျိုး ရှိပါတယ်။ အချက်ပေးသံ ပါတဲ့ နာရီဟာ အကောင်းဆုံးပါ။ အချိန် အတိအကျ သောက်ဖို့ ပြင်ဆင်မထား ဘူး(သို့မဟုတ်)အတိအကျ မသောက်နိုင်ရင် ရေရှည်မှာ ဆေး ယဉ်ပါးမှု၊ ဆေးမတိုးမှုတွေ ဖြစ်လာမှာ သေချာပါတယ်။ HIV ပိုးကလည်း သူ့ကို စနစ်တကျ မထိန်းချုပ်ရင် သူ့တာဝန် အတိုင်း ခုခံ အားကို ဖျက်ဆီးမယ်၊ မျိုးပွားမယ်။ ပြီးတော့ ကျန်းမာရေးကို ဆိုးသွားစေမှာ အသေအချာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနဲ့တည့်မည့် ဆေးအမျိုးအစား ရွေးစရာ နည်း သွားပါလိမ့်မယ်။ အန္တရာယ်ကင်းတဲ့ လုပ်ဆောင်မှု ART ဆေးဟာHIV ပိုးကို သေအောင် မသတ်နိုင်ဘဲ ထိန်းပဲ ထိန်းပေးနိုင်တဲ့အတွက်HIV ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေပြီး သူ တစ်ပါးကို ကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် သွေးမလှူပါနဲ့။ သွေးပေပစ္စည်းနဲ့ အပ်တွေကို မျှဝေ မသုံးပါနဲ့။ လိင်ဆက်ဆံတိုင်း ကွန်ဒုံး သုံးပါ။ ကွန်ဒုံး သုံးခိုင်းတာ ကိုယ့်ဆီက HIV သူများဆီ မပြန့်အောင်နဲ့ သူများဆီက ရောဂါအစုံ ကိုယ့်ဆီ ၀င်မလာအောင် သုံးခိုင်း ခြင်း ဖြစ်ပါတယ်။ ဘာတွေကို ရှောင်ရမလဲ ယခုအချိန်ထိ HIV လုံးဝပျောက်တဲ့ ဆေး ကမ္ဘာမှာ မပေါ်သေးပါ။ ဒီတော့ ဆေးမြစ်ဆေးဥနဲ့ အရွက် ဆိုတာတွေ သုံးပြီး ကုပေးမယ်၊ ပျောက်တယ် ဆိုလာရင် ဒါဟာ လိမ်လည်မှု တစ်ခုပါ။ ပျောက်တယ် ဆိုတာတွေ နောက်လိုက်နေရင် ငွေကုန် လူပါး ဖြစ်ပါမယ်။ ငွေကုန်ရင် ပြန်ရှာ ရနိုင်ပေမယ့် လူပါးရင် မလွယ်တော့ပါဘူး။ ပြီးတော့ ART ဆေးနဲ့ တွဲသောက်ရင် ဆေးအာနိသင် ပြယ်ပါမယ်။ ဒါ့အပြင် တ ခြား ဆေးတွေနဲ့လည်း ဓာတ်မတည့်မှုတွေ ဖြစ်နိုင်လို့ မိမိ လက်ရှိ သောက်နေတဲ့ ဆေးတွေကို ဆရာ ၀န်နဲ့ ဖွင့်ဟပြောဆို တိုင်ပင်သင့် ပါတယ်။ ပြုစုစောင့်ရှောက်ပေးသူ ဆေးကို အချိန်မှန်မှန် သောက်နိုင်ရန် သတိ ပေးဖို့နဲ့ ဘေးထွက် ဆိုးကျိုးနဲ့ ကြုံကြိုက်လာရင် ပြုစု ပေးဖို့၊ ဆေးခန်း ခေါ်သွားပေးဖို့ အတွက် မိသားစု ၀င်(သို့မဟုတ်) မိတ်ဆွေ တစ်ယောက်ယောက် လည်း ရှိသင့်ပါတယ်။ အနှစ်ချုပ် ဆိုရင်တော့ ART ဆေးဟာ တစ်သက်လုံး သောက်ရမယ်။ အချိန်မှန် သောက်ရမယ်။ သတ်မှတ်ထားတဲ့ ဆေးပမာဏ အတိုင်း သောက်ရမယ်။ ပုံမှန် မပျက်မကွက် သောက ရမယ်။ ဘေးထွက် ဆိုးကျိုးတွေကို ခံနိုင်ရည် ရှိရမယ်။ မိမိသဘောနဲ့ ဆေးကို ရပ်မပစ်ရဘူး။ ဆေးခန်း ကို ချိန်းထားတဲ့ အတိုင်း ပုံမှန်ပြရမယ်။ လိုအပ်တဲ့ တိုင်းတာ စစ်ဆေးမှုတွေ လုပ်ရမယ်။ လက်ရှိ သောက်နေတဲ့ ဆေးတွေကို ဖွင့်ပြောရမယ်။ မိမိကို ပြုစု စောင့်ရှောက် သတိပေးမည့်လူ ရှိရမယ်။ မြင့်မြတ် Ref: ART Counselling Teen Magazine

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform