စီးပွားရေးလုပ်ငန်းတို့ ဖြစ်လေ့ရှိသော အမှားများ
အောင်မြင်သော
စီးပွားရေးလုပ်ငန်းတိုင်း၌ ပြောစရာဇာတ်လမ်း ရှိကြမြဲ ဖြစ်သည်။
အလယ်အလတ်လောက် အနေအထားမှ စတင်ပြီး ပျံတက်နိုင်သော အားကို ရရှိကြသည်။
ထိုမတိုင်ခင် ဆုံးရှုံးမှုများ၊ နောင်တရစရာ ပုံပြင်လည်းများစွာ ရှိခဲ့ရှိဆဲ
ဖြစ်ပေမည်။ မတားမြစ်သင့်ခဲ့သော အဖိုးတန်လှသည့် စိတ်ကူး အယူအဆ တစ်ခုကို
လက်လွတ်ခဲ့သည်များ၊ ယင်းက လုပ်ငန်းကို အလှည့်ပြောင်း ဖြစ်အောင်
တွန်းတင်နိုင်သည်များ စသည်တို့မှာ အများအားဖြင့် ဖြစ်လေ့ရှိသော
မဖြစ်သင့်သော အမှားတို့ ဖြစ်သည်။ ဖြစ်လေ့ရှိသော်လည်း သာမန် အမှားလေးပါဟု
ပြောလို့မရ။ စီးပွားရေး လုပ်ငန်းရှင်တို့၏ ကြိုးပမ်းအားထုတ်မှုတို့ကို
အဆုံးသတ်သွားနိုင်၍ ဖြစ်သည်။ ထိုသို့ လုပ်ငန်းငယ်တို့ ဖြစ်လေ့ရှိသော
အမှားငါးမျိုးကို ဖော်ပြထားသည်။
အစုစပ် ပါတနာ ပြဿနာ
လူမှန်ကို
ရွေးချယ်နိုင်ခြင်းသည် လုပ်ငန်းကို လမ်းညွှန်နိုင်သော အကြံအစည်တို့ ရပြီး
အောင်မြင်မှုသို့ ဦးတည်နိုင်သဖြင့် ထိုအချက်က အရေးပါသည်။ ဘဝတစ်သက်တာ အတွက်
အိမ်ထောင်ဖက် ရွေးခြင်းကဲ့သို့ ဖြစ်သည်။ ကံမကောင်းစွာပင်
လုပ်ငန်းများစွာတို့၌ အစုစပ် လုပ်မှုကို ပထမဆုံး ဖွဲ့စည်းရာတွင်
ပုံစံမကျခဲ့ဘဲ ရှင်းလင်းဆွေးနွေးမှုမျိုး လုပ်ဖို့ပင် ကျော်ခဲ့ကြသည်။ ရေရှည်
ခရီးယှဉ် ပြိုင်ပွဲထဲ၌ မည်သို့ လိုက်ဖက်အောင် လုပ်မည်ဆိုသည်ကို အနည်းငယ်သာ
စဉ်းစားကြသည်။ ကျွမ်းကျင်သူများစွာက အကြံပေးသည်မှာ ပွင့်ဖူးကာစ စီးပွားရေး
လုပ်ငန်းရှင်တို့ အနေဖြင့် အစုစပ် ဖြစ်လာမည့် သူများတွင် မိသားစုဝင်များ၊
ရင်းနှီးသော မိတ်ဆွေများကို ရှောင်သင့်သည်ဟု ဆိုသည်။
ဆုံးဖြတ်ချက်ကောင်းများ ချနိုင်ရန် လိုအပ်သော နယ်နိမိတ်ကို မှုန်ဝါးစေနိုင်၍
ဖြစ်သည်။ စွန့်စားရမည့် အခြေအနေ၌ ရှုပ်ထွေး ခက်ခဲမှုကြောင့် ရှုံးနိမ့်မှု
ဖြစ်အောင် ပြုလုပ်နိုင်သည်။ တကယ် လက်တွဲဖော် ပါတနာများစွာသည် လုပ်ငန်းအတွက်
အလွန်ကောင်းသော ပါတနာများ ဖြစ်လေ့ရှိသည်။ ထိုသို့ မဟုတ်ဘဲ စည်းစိမ်
ငွေကြေး အမြောက်အမြား ရနိုင်မည် မဟုတ်ပေ။ အရေးမကြီးသော ကိစ္စများတွင်
စကားများ ရန်ဖြစ်လေ့ရှိသော မိသားစုဝင် ပါတနာတို့ကြောင့် ဒေဝါလီ ခံရသည်အထိ
အမှား လုပ်မိခဲ့သော နမူနာ လုပ်ငန်းတို့ ရှိကြသည်။ ယနေ့ တရားရုံးများ၌
ရင်ဆိုင်ဖြေရှင်းနေကြသော ဖြစ်ရပ်များစွာတွင် နစ်နာမှုအတွက် လျော်ကြေး၊
ပိုင်ဆိုင်မှုကို ခွဲဝေခြင်း၊ အနာဂတ်တွင် ပြဿနာ ဖြစ်နိုင်သည်ကို
ဆင်ခြင်နိုင်မှု မရှိ၍ ဖြစ်ကြောင်း စသည်ဖြင့် တွေ့ရရာ အစုစပ်ပါတနာ
ရွေးချယ်ရာတွင် ရှောင်ရမည်ကို မရှောင်၍ ဖြစ်သည်။ မိမိ၏ အမြင်ကို
မျှဝေနိုင်သောသူမျိုးသာ အစုစပ်တစ်ဦး အနေနှင့် အကျိုးအမြတ်ရှိသော
လုပ်ငန်းတစ်ခု အဖြစ်သို့ အတူ လိုက်ပါနိုင်မည် ဖြစ်သည်။
မူပိုင်ခွင့်အတွက် မကျေနပ်ခြင်း
ကိုယ်၏
ထုတ်ကုန်၊ လုပ်ငန်း အယူအဆအတွက် အာမခံထားသော တရားဝင်ပိုင်ခွင့်သည်
အရေးကြီးပြီး မည်သူ တစ်ဦးမှ ပိုင်ဆိုင်ခွင့်အဖြစ် မတောင်းဆိုနိုင်အောင်
ကျိန်းသေရန် လိုသည်။ မူပိုင်ခွင့် ဥပဒေကြောင့် အမှုအခင်းများမှာ နာမည်ကြီး
အမှတ်တံဆိပ်များတွင် ရှုပ်ထွေးပြီး ထိန်းမနိုင်အောင် ပျံ့နှံ့နေသည်။ ဥပမာ
ဆမ်ဆောင်းနှင့် Sharp၊ မိုက်ခရိုဆော့နှင့် Saleforce.com ကဲ့သို့
ကိစ္စမျိုးတို့ ဖြစ်သည်။ မိမိ၏ အယူအဆ အိုင်ဒီယာဖြစ်ကြောင်း တောင်းဆိုမှု
ရှင်းလင်းရေရာမှု မရှိသမျှ လွတ်သည့်ငါး ကြီးသော ဝေဒနာကို ခံစားရမည်။
ကုမ္ပဏီငယ်များသည်လည်း ထုတ်လုပ်မှု၊ ဈေးကွက်၊ အိုင်ဒီယာ ရောင်းချမှုတို့၏
လုပ်ပိုင်ခွင့်အပေါ် ပြင်းထန်စွာ တိုက်ပွဲဝင်လေ့ ရှိသည်။ အစီအစဉ်တကျ
ကျိန်းသေအောင် လုပ်နိုင်လျှင် ကိုယ်ပိုင် အိုင်ဒီယာ၊ မူပိုင်ခွင့်၊
အမှတ်တံဆိပ် စသည်တို့သည် တကယ်တမ်းလည်း ကိုယ်ပိုင်အဖြစ် ကျန်ရစ်မည်။
အစီအစဉ်တကျ ကျိန်းသေအောင် လုပ်ခြင်းက ကိုယ့်လုပ်ပိုင်ခွင့်ကို အကာအကွယ်
ပေးနိုင်သော အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ ရောဘတ်ကီအန်ဆိုသော
ကားရှေ့မှန်ရေသုတ်တံ တီထွင်ခဲ့သူသည် သူဘဝတစ်လျှောက်လုံး သူတီထွင်ခဲ့သော
ပစ္စည်းအတွက် မူပိုင်ခွင့်ကို တရားရုံး၌ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးကျမှ
သူ့အယူအဆ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ မည်သူမှ သူ့လို ကြုံချင်ကြမည်
မဟုတ်ပါ။
ထိန်းချုပ်ရန် သတိမထားမိခြင်း
ဆုံးဖြတ်ချက်တစ်ခု
ချမှတ်ပြီးသောအခါ အုပ်ချုပ်မှု အပိုင်းက ပါတနာများ သို့မဟုတ် ယုံကြည်
အပ်နှံထားသော ကျွမ်းကျင်သူများသို့ လွှဲပြောင်းပေးလိုက်သည်။ သို့သော်လည်း
မှတ်တမ်းများအရ ထိုလုပ်ဆောင်မှုသည် မကြာခဏ ဆိုသလို ကုန်ကျစရိတ် ကြီးမားသော
အမှားမျိုးဖြစ်ကြောင်း တွေ့ရသည်။ အထူးသဖြင့် ပြိုင်ပွဲ၌ သုံးစွဲရန်၊
ရင်းနှီးရန် ငွေကြေးများကို သုံးစွဲနိုင်ခွင့် ရှိနေ၍ ဖြစ်သည်။
စီးပွားရေးလုပ်ငန်းငယ် တစ်ခုတွင် တစ်ဦးတည်းပိုင် ဖြစ်လျှင် သို့မဟုတ်
ကော်ပိုရေးရှင်းနှင့် သက်ဆိုင်သော ငွေကြေးတို့၌ ကြီးမားစွာ တာဝန်ရှိသူ
ဖြစ်လျှင် နောက်ဆုံး၌ ထိုတာဝန်ရှိမှုအရ ငွေကြေးများ ကို အမြော်အမြင်ရှိစွာ
သုံးစွဲမည် ဖြစ်သည်။ လက်မှတ်ထိုးရမည့် ကိစ္စအတွက် ချက်လက်မှတ်ကို မစစ်ဆေးဘဲ
ဘယ်တော့မှ မပေးခြင်း၊ ဝန်ထမ်းတစ်ဦး၏ အွန်လိုင်းပေါ်မှ ငွေစာရင်းများ၏
တန်ဖိုးကို ကြည့်ရှုစစ်ဆေးခြင်းတို့လို မရိုးသားသော လှုပ်ရှားမှု
ဖြစ်နိုင်သော၊ အန္တရာယ်ဖြစ်နိုင်သော အချက်တို့ကို သတိပြုရမည် ဖြစ်သည်။
ကုမ္ပဏီများစွာတို့သည် အတွင်းပိုင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရန်
အားနည်းမှုဒဏ်ရာကို ခံစားရလေ့ ရှိသည်။ ကုမ္ပဏီကို တိုးတက်စေလိုလျှင်
စာရင်းအင်းဆိုင်ရာနှင့် ဌာနတို့တွင် စာရင်းအင်းဆိုင်ရာ အမြင့်ဆုံး
အဆင့်ရှိအောင် ထိန်းနိုင်ရန် အရေးကြီးဆုံး ဖြစ်သည်။
စွန့်စားမှုအားလုံးကို ရှောင်ရှားခြင်း
ရှယ်ယာအီကွီတီတို့
အတွက် ငွေကြေးပေးရန် လိုအပ်လျှင် သေချာသော အခြေခံကို ပေးနိုင်မှ
ယုံကြည်မှုရမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့် ပါတနာတို့က လုပ်ငန်းထဲသို့
ရင်းနှီးရန်ခွင့် ပြုကြမည် ဖြစ်သည်။ ထိုသို့ မလုပ်နိုင်လျှင်
တိုးတက်ကြီးထွားမှု ဆုံးရှုံးနိုင်သည်။ မိမိကုမ္ပဏီ တိုးတက်မှု မရှိဘဲ
ရပ်တန့်သွားအောင် ပြုသလိုမျိုး နောက်ပိုင်းကာလတွင် ဖြစ်လာမည်။ အစပိုင်း
ချဉ်းကပ်ရာတွင် ပေးနိုင်သော ရဲစွမ်းသတ္တိရှိမှ ရင်းနှီးမြှုပ်နှံသူများနှင့်
အစုစပ်များ၏ အရင်းအနှီးများအပေါ် အမြင်ရှုထောင့်မှာ ရှေ့သို့
ဆက်သွားနိုင်ရန် သင့်ကို လိုအပ်သည်ဆိုသော သဘောထား ဖြစ်မည်။ ထိုအချက်က
ကိုယ်ပိုင် အရင်းအနှီးကို စွန့်စားရမှု အနည်းဆုံးဖြစ်အောင် ကုမ္ပဏီ၏
လုပ်ငန်းစဉ်များနှင့် အစဉ်အလာကို ဆက်ထိန်းအောင် လုပ်နိုင်သည်။
မိမိလုပ်ငန်းတွင် ကိုးကွယ်ရမည့် ခေါင်းဆောင်ဖြစ်ကြောင်း
သက်သေပြနိုင်သည်နှင့် အမျှ လိုအပ်သော အရင်းအနှီးများလည်း ရရှိလာမည်
ဖြစ်သလို ထိုကွန်ရက်၊ လျှို့ဝှက်သဘောတူညီမှုမျိုး
ရေးသားပြင်ဆင်ထားခြင်းဖြင့် ဖြေရှင်းနိုင်သည်။
ထိုသဘောတူညီမှု
အမျိုးအစားကို “မဖော်ထုတ်အပ်သော သဘောတူညီမှု” (NDA) ဟုခေါ်သည်။
စာတစ်မျက်နှာစာရှိ ထိုအာမခံ ကန်ထရိုက်က သင်၏ စီးပွားရေး အလေ့အထတို့ကို
မီဒီယာ သို့မဟုတ် အခြားလုပ်ငန်းထု အထူးသဖြင့် ပြိုင်ဘက်များက ထုတ်ဖော်ခြင်း
မပြုနိုင်အောင်၊ မရရှိနိုင်အောင် အကာအကွယ် ပေးသည်။ အများနှင့်ဆိုင်သော
(NDA) နမူနာတို့ကို အွန်လိုင်းမှ ရယူနိုင်ပြီး လုပ်ငန်းလိုအပ်ချက်နှင့်
လိုက်ဖက်အောင် ဥပဒေပိုင်းကျွမ်းကျင်သူ၏ မှတ်ချက် အကြံဉာဏ် ရဖို့လည်း
ကြိုးစားရမည် ဖြစ်သည်။ နိဂုံးချုပ်ရလျှင် အခြားသူတို့၏ ဆုံးရှုံးမှုများကို
သင်ခန်းစာယူပြီး စီးပွားရေး လုပ်ငန်းများတွင် ကြီးမားစွာ မှားယွင်းနေသော
ဖြစ်လေ့ရှိသော ယခု အမှားတို့ကို ရှောင်ရှားနိုင်မှ လုပ်ငန်းတွင်
အောင်မြင်သူများ ဖြစ်လာပေမည်။ ထိုအချက်တို့က တန်ဖိုးလည်း မကြီးမားလှပါ။
ကြိုတင်ပြင်ဆင်ခြင်းကသာ မမျှော်လင့်သည်တို့ ဖြစ်မလာအောင် ရှောင်နိုင်ပြီး
တရားရုံး အရှုပ်အထွေးတို့ဖြင့် လမ်းချော်သွားခြင်းမျိုး မဖြစ်အောင်
ရှောင်နိုင်သည်။
Ref: Financial.com
မင်းအောင်မင်း
By HR Journal Originally posted 28/02/2011 14:37PM
http://news.yatanarpon.com.mm/cp/hrjournal/article-8637

0 comments:
Post a Comment