မဟောသဓာဇာတ် အပိုင်း-၂(ထူးခြားသောဇရပ်)
===========================
မဟောသဓာနှင့် ဖွားဖက်တစ်ထောင်သည် အတူကစားရွှင်ပျော်လျက် ကြီးပြင်းလာကြသည်။ ၇-နှစ် အရွယ်သို့ ရောက်သောအခါ မဟောသဓာသည် 'မိမိတို့ ပျော်ပါးကစားရာဇြဖစ်သော မြေတလင်းကား မသင့်။ ဆူးငြောင့်ခလုတ်လည်း ထူထပ်သည်။ မိုးရွာသောအခါ ရွှံ့နှင့်မကင်း။ နေပူသောအခါတွင်လည်း မိမိတို့မှာ နေပူဒဏ်ခံရသည်' ဟူ၍ အကြံဖြစ်၏။ ဖွားဖက်တော်တို့အား အကျိုးအကြောင်း ပြောပြကာ "အချင်းတို့၊ ငါတို့ကစားရန်အတွက် ဇရပ်ဆောက်ရသော် သင့်မည်။ ဇရပ်ဆောက်လုပ်ရန် တစ်ယောက်လျှင် အသပြာတစ်ကျပ်စီ ဆောင်ယူ စုပေါင်းကြလော့" ဟူ၍ ဆို၏။
ဖွားဖက်တော်တို့လည်း မဟောသဓာဆိုတိုင်းပင် မိမိတို့အိမ်မှ တစ်ကျပ်စီ ဆောင်ယူလာကြသည်။ စုပေါင်းလိုက်သောအခါ အသပြာ တစ်ထောင်ရသည်။ မဟောသဓာသည် တတ်သိကျွမ်းကျင်သော လက်သမားဆရာကြီးကို ခေါ်သည်။ အသပြာတစ်ထောင်ပေးကာ ဇရပ်ဆောက်စေသည်။ လက်သမားကြီးသည် ဇရပ်ဆောက်ရာ၌ မဟောသဓာစိတ်ကြိုက် မဆောက်နိုင်။ ထို့ကြောင့် မဟော်သဓာက ဦးဆောင်စီမံရသည်။ မဟောသဓာ စီမံသည့်အတိုင်း လက်သမားဆရာကြီက ဆောက်ပေးရလေသည်။
မဟော်သဓာ စီမံဆောက်လုပ် ဇရပ်မှာ သာမန်ဇရပ် မဟုတ်။ ခိုကိုးရာမဲ့ ခရီးသွား ကိုယ်ဝန်ဆောင် မိန်းမများ သားဖွားရန်အခန်း၊ အာဂန္တုရဟန်း ပုဏ္ဏားများ တည်းခိုရန် အခန်း၊ ခရီးသွား လူဧည့်သည်များ တည်းခိုရန်အခန်း၊ ရီးသွား ကုန်သည်များ ကုန်စည်ထားရန်အခန်း စသည်ဖြင့်အခန်းများ ဖွဲ့၍ဆောက်ထားသော ဇရပ်ဖြစ်သည်။ ထို့ပြင် ဇရပ်ထဲ၌ တရားစစ်ဆေး ဆုံးဖြတ်ရာဌာနကိုလည်း စီမံထားသည်။ ပန်းချီကား အမျိုးမျိုးကိုလည်း စိတ်တိုင်းကျ ရေးဆွဲခိုင်းသည်။ ထိုဇရပ်၌ပင် မိမိတို့ ကစားရန် ကစားကွင်းတစ်ခု ပြုလုပ်ထားသည်။ ဇရပ်အနီး၌ ထောင့်ကွေး အကောက်တစ်ထောင်နှင့် ရေဆိပ်ပေါင်း တစ်ရာရှိသော အုတ်ရေကန်ကြီးကိုလည်း တူးထားသည်။ ရေကန်ထဲ၌ ကြာမျိုးငါးပါး စိုက်၍ ကန်ပေါင်၌ ပန်းပင်သစ်ပင်များကို စိုက်ထားသည်။
ဤအရာအားလုံးကို မဟော်သဓာကိုယ်တိုင် စီမံ ပြုလုပ်ခိုင်းခြင်းဖြစ်သည်။ မဟောသဓာ၏ ဂုဏ်သတင်းမှာ ထင်ရှားကျော်ကြားသွားသည်။ အရပ်လေးမျက်နှာမှ လူအပေါင်းသည် တင့်တယ်လှသော ဇရပ်၊ ရေကန်၊ ဥယျာဉ်ကိုလည်း လာရောက်ကြည့်ကြသည်။ စီမံသူ မဟောသဓာကိုလည်း လာရောက်ကြည့်ကြ၏။
မဟော်သဓာသည် ရောက်လာသော သူတို့ကို သင့်တင့်လျောက်ပတ်စွာ စကားပြောဟောသည်။ အမှုကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင်လည်း တရားသဖြင့် ဆုံးဖြတ်ပေးလေသည်။
ဝိဒေဟရာဇ်မင်းကြီးသည် အိပ်မက်ထူးမြင်မက်ပြီးနောက် ၇-နှစ် ကျော်လာသောအခါ မိမိအိပ်မက် မြင်မက်သော ပညာရှိကို တွေ့လိုနေသည်။ ထို့ကြောင့် အမတ်လေးယောက်အား မြို့ပြင်လေးရပ်သို့ ထွက်၍ ရှာစေသည်။
အမတ်လေးယောက်တို့တွင် တောင်၊ မြောက်၊ အနောက် အရပ်သုံးမျက်နှာသို့ ထွက်ရှာကြသော အမတ်တို့သည် ပညာရှိကို ရှာမတွေ့ကြ။ အရှေ့အရပ်သို့ ထွက်၍ရှာသော အမတ်မူ အရှေ့ယဝမဇ္ဈဂုံးရွာ အရောက်၌ ထူးခြားဆန်းကြယ်သော ဇရပ်၊ ရေကန်တို့ကို မြင်တွေ့သွားသည်။ ထူးခြားလှသဖြင့် စုံစမ်းမေးမြန်းရာ ဤဇရပ် ဤရေကန်တို့ကို လူကြီး စီမံဆောက်လုပ်ထားသည် မဟုတ်။ ၇-နှစ်သား အရွယ် မဟောသဓာ ဆောက်လုပ်ကြောင်း သိရသည်။ ဤအခါ မင်းကြီး အိပ်မက်သော ပညာရှိ ဆိုသူမှာ ဤသူငယ်ပင် ဖြစ်လိမ့်မည် ဟူ၍ တွက်ဆသည်။ ဘုရင့်ထံ တမန် စေလွှတ်၍ အကျိုးအကြောင်း လျှောက်ထားစေသည်။
မင်းကြီးလည်း အမတ်၏ စကားကို ကြားသောအခါ လွန်စွာဝမ်းမြောက်သွားသည်။ သိန်းအမတ်ကို ခေါ်ပြီးလျှင် ပညာရှိကို ခေါ်ဆောင်ရန် တိုင်ပင်သည်။ သိန်းအမတ်က မနာလို။ "အရှင်မင်းကြီး ဇရပ်ဆောက်၊ ရေကန်တူးတတ်ရုံမျှဖြင့် ပညာရှိမဆိုနိုင်။ မည်သူမဆို ပြုလုပ်နိုင်ပါသည်" ဟူ၍ ဆိုကာ တားမြစ်သည်။ ဤတွင် မင်းကြီးက အမတ်အား "ထိုရွာ၌ပင် နေ၍ ထိုပညာရှိကလေး၏ အပြုအမူတို့ကို ဆက်လက်စုံစမ်းပါဦး" ဟူ၍ ညွှန်ကြားလိုက်သည်။ အမတ်လည်း ထိုရွာ၌ နေ၍ မဟောသဓာ၏ အပြုအမူတို့ကို စုံစမ်းရာ အောက်ပါတိုင်း အံ့ချီးဖွယ်တို့ကို မြင်တွေ့ရသည်။
(မဟောသဓာဇာတ် အပိုင်း-၃ ဆက်တင်ပါမည်)
ရွေအိမ်စည်စာကြည့်တိုက်https://www.facebook.com/shweaeimsi
0 comments:
Post a Comment