Monday, 12 May 2014
လုပ်သား အခွင့်အရေး အပြည့်အဝရရှိရန် ရွှေပြည်သာစက်မှုဇုန် လုပ်သားရာကျော် လမ်းလျှောက် ဆန္ဒထုတ်ဖော်
လုပ်သား အခွင့်အရေး အပြည့်အဝရရှိရန် ရွှေပြည်သာစက်မှုဇုန် လုပ်သားရာကျော် လမ်းလျှောက် ဆန္ဒထုတ်ဖော်
Monday, May 12, 2014
လုပ်သား ဆန္ဒဖော်ထုတ်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသော ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေပြည်သာ စက်မှုဇုန် အမှတ် ၂ အတွင်းရှိ စက်ရုံ လေးရုံမှ လုပ်သား ၅၀၀ ခန့်သည် မေလ ၁၁ ရက် နေ့တွင် လုပ်သား အခွင့်အရေးများကို အပြည့်အဝ ပေးအပ်ရန်အတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြ လုပ်သားများထံမှ သိရသည်။
ယင်းဆန္ဒထုတ်ဖော်ခြင်းကို ရွှေပြည်သာ မြို့ဦးစေတီမှ ယနေ့ နံနက် ၇ နာရီတွင် စတင်ခဲ့ကာ နံနက် ၁၁ နာရီတွင် Star Tex စက်ရုံရှေ့၌ ဆန္ဒဖော်ထုတ်မှု ပြီးဆုံးခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူ PNG ရေသန့်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကြည်မင်းထိုက်က ပြောကြားသည်။
အလုပ်သမား အငြင်းပွားမှု ဥပဒေအရ လုပ်သား ပြဿနာများကို ဖြေရှင်းရာတွင် တောင်းဆိုသော အချက်များကို အလုပ်ရှင်က စာချုပ်ပေါ်တွင်သာ ပေးအပ်ပြီး ပြင်ပတွင် ပေးအပ်ခြင်း မရှိဘဲ လုပ်သား အခွင့်အရေး ချိုးဖောက်ခြင်းကို ခံနေရကြောင်း ၎င်းက လက်ရှိ အခြေအနေကို ဝေဖန်ပြောဆိုသည်။
“နှစ်ပေါင်း ၆၀ လောက်က ဥပဒေတောင် အခုထိ လုပ်သားတွေ မရသေးဘူး” ဟု ဦးကြည်မင်းထိုက်က ဆိုသည်။
ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြင့် လုပ်သား အခွင့်အရေး ထိပါးခံရမှုကို တာဝန်ရှိသူများ သိရှိသွားလိမ့်မည် ထင်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို လာရောက်သော လုပ်သားတစ်ဦး ဖြစ်သူ ဦးဇာနည်ကျော်က ပြောကြားသည်။
ဆန္ဒထုတ်ဖော်ပွဲကို တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး PNG ရေသန့်စက်ရုံ၊ ဆန်းနေကြာ နေကြာစေ့ စက်ရုံ၊ Star Tex အထည်ချုပ် စက်ရုံနှင့် မိုးဟိန်း စက္ကူစက်ရုံတို့မှ လုပ်သားများ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment