အလုပ်ရွေးချယ်ရာဝယ်
ကျွန်တော် ဟိုနေ့ကပဲ တရုတ်က ကျောင်းပြီးစ လူငယ်လေးတွေနဲ့
စကားစမြည်ပြောဖြစ်ပါတယ်။ သူတို့နဲ့ ပြောရင်းပြောရင်း
အလုပ်အကြောင်းရောက်သွားတယ်။ အဓိက သူတို့ဖြစ်ချင်တာလေးတွေ မေးကြည့်တယ်။
ဘာဖြစ်ချင်လည်းပေါ့၊ အဖြေကတော့ လစာများများရတဲ့ ကုမ္ပဏီမှာ
အလုပ်လုပ်ချင်တယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ ဒီပိုစ်လေးကို ရေးဖြစ်တာပါ။
ခေါင်းစဉ်ကတော့ လုပ်ငန်းခွင်အတွက် ယုံကြည့်မှု့ရှိအောင် တည်ဆောက်ခြင်းလို့
ပေးလိုက်ပေမယ့် အဓိက က အလုပ်နဲ့ ပတ်သတ်တာလေးတွေကို ဆွေးနွေးချင်တာပါ။
ပထမဆွေးနွေးဖြစ်တာက သူတို့ သင်ကြားခဲ့တဲ့
ဘာသာရပ်ကလေးတွေအကြောင်းပါ။ ဒီအပေါ်မှာ မိမိကိုယ်တိုင် စိတ်ဝင်စားလို့
သင်ကြားခဲ့တာလား။ နောက် သင်ကြားခဲ့တဲ့ ဘာသာရပ်နဲ့ ပတ်သတ်ပြီးတော့ မိမိ
အထူးပြုထားတဲ့ သက်ဆိုင်ရာ အလုပ်တွေကို လုပ်ချင်တာလား။ ဒီလိုမျိုး
ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ရင်ပျော်မှာလား စသည်ဖြင့်ပေါ့။
ဒီလိုမှမဟုတ် လစာများတယ်လို့ထင်ရပြီး မိမိသင်ကြားရတဲ့ ဘာသာရပ်နဲ့ ဆက်ဆပ်မှု့
မရှိတဲ့ အလုပ်မျိုးကို ရွေးချယ်ပြီးတော့ လုပ်ငန်းခွင်မှာ မပျော်ရင်ရော?
သူတို့တွေရဲ့ ဖြစ်ချင်စိတ်ကတော့ လစာများချင်တယ်က လွဲပြီးတော့ သဲသဲကွဲကွဲ
အဖြေတစ်ခုထွက်မလာပါဘူး။
ဆိုတော့ လစာများတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ပထမဆုံး ကျွန်တော်
ပြန်ပြီး သုံးသပ်ကြည့်မိပါတယ်။ မိမိရဲ့ အရွယ် ဥပမာ Fresh Graduate
ကျောင်းပြီးစမှာ လစာများတယ်ဆိုတာ ဘာကို ဆိုလိုတာလဲပေါ့။ မှန်ပါတယ် ပထမ ၁
နှစ်တန်သည်၊ ၂ နှစ်တန်သည်မှာ မိမိနဲ့ ကျောင်းပြီးစ သူငယ်ချင်းတွေကြားထဲမှာ
လစာများနိုင်ပါတယ်။ ဒါပေမယ့် စဉ်းစားဖို့လိုတာက အဲ့ဒီ ၁နှစ် ဖြစ်စေ၊ ၂
နှစ်ဖြစ်စေ အချိန်အတွင်းမှာ မိမိရွေးချယ်လိုက်တဲ့ အလုပ်ရဲ့ ရာထူး၊
တာဝန်ခွဲဝေယူမှု့၊ လုပ်ငန်းခွင် ကျွမ်းကျင်မှု့၊ မိမိရဲ့ ပညာအရည်အချင်း
အခြေခံ စတာတွေပေါင်းစပ်ပြီး အတွေ့အကြုံဆိုတဲ့ အရာကို တည်ဆောက်ယူရမယ့်
အချိန်ပါ။ အဲ့ဒီတော့ အလုပ်မ၀င်ခင် မိမိဝင်ချင်တဲ့ ကုမ္ပဏီနဲ့
ပတ်သတ်ပြီးတော့ စဉ်းစားစေချင်တာကတော့
(၁) ကုမ္ပဏီရဲ့ background ပါ။ ဒီကုမ္ပဏီဟာ ဘာနဲ့ပါတ်သတ်ပြီးတော့
အလုပ်လုပ်နေတာလည်း၊ ဒါက မိမိသင်ကြားထားတဲ့ ပညာရပ်နဲ့
ပတ်သတ်ဆက်နွယ်မှု့ရှိသလား။ ဒါမှ လုပ်ငန်းခွင်မှာ မိမိတတ်ကျွမ်းတဲ့
ပညာရပ်ကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။
(၂) နောက်တစ်ခုက အလုပ်ဝင်မယ့် ကုမ္ပဏီရဲ့ Image လို့ခေါ်တဲ့ ကုမ္ပဏီရဲ့
ကျော်ကြားမှု့၊ ဒါကလည်း မိမိရဲ့ Carrier Life လို့ခေါ်တဲ့ မိမိတစ်သက်တာ
လုပ်ရမယ့် အလုပ်ခွင်ဘ၀အတွက် အထောက်အပံတစ်ခုဖြစ်စေပါတယ်။
(၃) နောက်တစ်ခုက အလုပ်ဝင်မယ့် ကုမ္ပဏီရဲ့ အလုပ်သမားတွေအပေါ်မှာ
သတ်မှတ်ထားတဲ့ အာမခံနိုင်မှု့ရှိသော အခွင်အရေး ပေါ်လစီ၊ ဥပမာ နှစ်စဉ်
လစားတိုးမြှင့်မှု့နှုန်းထား၊ ကျန်းမာရေးစောင့်ရှောက်မှု့ စသည် စသည်ပေါ့လေ။
(၄) မိမိကို ဘာ ရာထူးနဲ့ အလုပ်လုပ်ဖို့ ခေါ်ယူတာလဲ?
အနည်းဆုံး အလုပ်မ၀င်ခင်မှာ ဒီ(၄) ချက်ကိုတော့ လစာဘယ်လောက်ပေးမလဲ
ဆိုတာထက်စာရင် ကျောင်းပြီးစလူငယ်တွေအနေနဲ့ စေ့စေ့စပ်စပ်ကလေး သိနိုင်သလောက်
လေ့လာဖို့လိုမယ်ထင်ပါတယ်။ မိမိအလုပ်လုပ်မယ့် ကုမ္ပဏီဟာ မိမိရထားတဲ့ ဘွဲ့နဲ့
ကိုက်ညီမှု့မရှိဘူး၊ နာမည်သိပ်မရှိတဲ့ ကုမ္ပဏီ၊ အလုပ်သမားတစ်ယောက်တွက်
ရေရေရာရာ ဘာမှ အာမခံချက်မရှိဘူး၊ မိမိကိုပေးမယ့် ရာထူးကလည်း
မိမိတတ်ကျွမ်းတဲ့ ပညာထက် အများကြီးနိမ့်ကျနေမယ် (ဥပမာ - မာစတာ ဒီဂရီရထားတဲ့
အင်ဂျင်နီယာတစ်ယောက်ကို Draftman လို့ AutoCAD ပုံဆွဲတာဝန်ပေးတာမျိုး)
ဆိုရင်တော့ မည်မျှ လစာကောင်းသည်ဖြစ်စေ မရွေးချယ်သင့်ပါဘူး။ ဒါဟာ
ကျွန်တော်တို့ရဲ့ Carrier Life ကို အညွှန့်ချိုးလိုက်တာနဲ့ တူတူပဲဖြစ်ပါတယ်။
ဒီထက်စာရင် နာမည် အသင့်အတင့်ရှိမယ်၊ မိမိရတဲ့ဘွဲနဲ့ သင်လျှော်တဲ့
ရာထူးမျိုးလေးလည်းပေးမယ်၊ အာမခံချက်လည်း မဆိုးလှဘူး ဆိုရင်တော့ လစာ
အတန်ငယ်ကွာဟသည်ဖြစ်စေ အလုပ်ဝင်သင့်ပါတယ်။ ဘ၀ဆိုတာက
နှစ်ရှည်စီမံကိန်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ တစ်ဆင့်တစ်ဆင့်နဲ့ ထိုထက်
ထိုထက်ပိုမိုမြင့်မားသော ရာထူး၊ လစာ စတာတွေကို အိပ်မက် မက်ရင်း
အလုပ်လုပ်နေကြတဲ့လူတွေဟာ ဖြတ်သန်းနေကြတာပါ။ ပထမဆုံးခြေလှမ်းကို
မှန်ကန်စေဖို့ အလွန်အရေးကြီးပါတယ်။
---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက် http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်
0 comments:
Post a Comment