စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 11 January 2014

ဝန်ထမ်းများ အလုပ်မှာ ပျော်နိုင်ကြပါစေ

ဝန်ထမ်းများ အလုပ်မှာ ပျော်နိုင်ကြပါစေ

အသက်အရွယ် ကန့်သတ်ချက်ကြောင့် နိုင်ငံတော်မှ အငြိမ်းစား ခံစားခွင့် ပေးခဲ့သော်လည်း အငြိမ်းစား အဖြစ် ရပ်တည်ခြင်းထက် သမာအာဇီဝ အလုပ်တစ်ခုခု ထမ်းဆောင်ပါက တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုး ရှိမည်ဟု တွေးမြင်ခဲ့ပါသည်။ ပြင်ပ အလုပ် တစ်ခုခုကို အကောင်အထည်ဖော်ပါက သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် သော်လည်းကောင်း၊ ကိုယ်စိတ် ကျန်းမာရေး အတွက် သော်လည်းကောင်း အထောက်အကူ ဖြစ်မည်ဟု ယုံကြည်သည့်အတိုင်း ဆောင်ရွက်ဖြစ်ခဲ့ပါသည်။ အငြိမ်းစား ယူပြီးနောက် အလုပ် တစ်ခုခု ဆက်လုပ်လိုသူကို နိုင်ငံတော် အလုပ်မှ ချိတ်ဆက်ပေးသည့် အစီအစဉ် ရှိလျှင် ကောင်းမှာပါပဲဟု စိတ်ကူးယဉ်မိပါသည်။ ပြင်ပ အလုပ်တစ်ခုခုကို ရရှိရေး၊ မိမိ အတွေ့အကြုံနှင့် ပညာ အရည်အချင်းကို အားကိုး၍ ကုမ္ပဏီ တစ်ခုသို့ ဆက်သွယ်ခဲ့ရာ မိတ်ဆွေတစ်ယောက်၏ ချိတ်ဆက်ပေးမှုအရ အထွေထွေမန်နေဂျာ တာဝန်ကို ထမ်းဆောင်ခွင့် ရခဲ့ပါသည်။ မိမိ၏ တစ်သက်သာ ကာလပတ်လုံး အတွေ့အကြုံမှာ စက်ရုံဝန်ထမ်း ဖြစ်ပါသည်။ ယခုလည်း စက်ရုံတစ်ခုမှာ အလုပ်ရသည်ဖြစ်၍ မိမိလိုလားချက်နှင့် ကိုက်ညီပါသည်။ မိမိ ပင်ကိုဗီဇမှာ စက်ရုံအလုပ်မှာ “ခရေဇီ” ဖြစ်၍ စက်ရုံ အလုပ်မှာ တက်တက်ကြွကြွ တာဝန် ထမ်းဆောင်နိုင်ပါသည်။ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထုတ်လုပ်မှု နည်းစဉ်မှာ မိမိအဖို့ အခက်ကြီး မဟုတ်သော်လည်း လွယ်လည်း မလွယ်ပါ။ ယခင် မိမိ အတွေ့အကြုံနှင့် မတူ ကွဲပြားသော်လည်း ဆက်စပ်နိုင်သည်ဖြစ်၍ ယခုအလုပ်မှ မိမိအဖို့ “ရေကန်အသင့် ကြာအသင့်” ဟု ဆိုရမလို ဖြစ်ပါသည်။ ထုတ်လုပ်သော ပစ္စည်းသည် ဈေးကွက်ပေါက်နေသည့် အခြေအနေအရ ဈေးကွက်မှာ ထုတ်ကုန်ပစ္စည်း မပြတ်အောင် ထုတ်လုပ်မှုကို အလေးထားရပါသည်။


ဈေးကွက် လိုအပ်ချက်အရ စက်ရုံကို ၂၄ နာရီ လည်ပတ် ထုတ်လုပ်ရပါသည်။ စက်များ၏ သဘာဝမှာ နဂို ထုတ်လုပ် ကတည်းက Running hour တစ်စုံတစ်ခု ခံနိုင်ရည် အတွက်သာ ဖြစ်ရာ တစ်ရက်လျှင် အဆိုင်း တစ်ဆိုင်း လည်ပတ် ထုတ်လုပ်လျှင် ၁၂ လ ခံနိုင်မည့် စက်သည် ၂၄ နာရီအတိုင်း ၃ ဆိုင်း လည်ပတ်ပါက ၄ လအတွင်း Running hour ပြည့်ပြီဟု ဆိုနိုင်ပါသည်။ ရက်အတိုင်းအတာဖြင့် ဆိုပါက လအနည်းငယ်အတွင်း Running hour ပြည့်၍ စက်ချို့ယွင်းမည်ဟု ခန့်မှန်းနိုင်ပါသည်။ အချိန်တိုအတွင်း စက်ပြင်ဆင် ထိန်းသိမ်းရန် ပို၍ ဂရုစိုက်ရမည် ဖြစ်ကြောင်း အလွယ် တွက်ချက် သိရှိနိုင်ပါသည်။ ထို့ကြောင့် ထုတ်လုပ်မှုကို ဂရုတစိုက် ဖိဖိစီးစီး လည်ပတ်ရသလို စက်ပြုပြင်ကြံ့ခိုင် ထိန်းသိမ်းရေးကိုလည်း ဂရုစိုက်ရပါသည်။ အထက်ဖော်ပြပါ ကုမ္ပဏီ၏ လုပ်ငန်းတာဝန်မှာ မိမိ အတွေ့အကြုံနှင့် အံဝင်ခွင်ကျ ဖြစ်သော်လည်း မိမိစိတ်ပိုင်းနှင့် မကိုက်ညီ၍ စိတ်အနှောင့်အယှက်ဖြစ်ကာ အချိန်တိုအတွင်း ကုမ္ပဏီကို ကျောခိုင်းခဲ့ပါသည်။ နောက်ထပ်တစ်ခါ ကုမ္ပဏီ တစ်ခုနှင့် ဆက်သွယ်ခဲ့ရာ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီ တစ်ခုတွင် ဝန်ထမ်းအလုပ်တစ်ခု ရရှိခဲ့ပါသည်။ မိမိ အတွေ့အကြုံ အဆင့်နှင့် ကိုက်ညီသော ရာထူးတစ်နေရာ အတွက် အင်တာဗျူး ဖြေဆိုခဲ့သော်လည်း သတ်သတ်မှတ်မှတ် ရာထူး မရရှိခဲ့ဘဲ ကုမ္ပဏီပိုင် စက်ရုံများကို သွားရောက် လေ့လာပြီးလျှင် တွေ့ရှိချက်များကို တင်ပြရသည့် အစကနဦးပိုင်း တာဝန် ထမ်းဆောင်ခဲ့ရပါသည်။ ယခင်က မိမိ၏ ကျယ်ပြန့်စွာ ရရှိခဲ့သော အတွေ့အကြုံအရ ယခု စက်ရုံ လေ့လာတွေ့ရှိချက်များကို ပညာပါပါ တင်ပြ သုံးသပ်ပြနိုင်ခဲ့ပါသည်။ စက်ရုံများ လေ့လာ တွေ့ရှိချက်များ၊ အစီရင်ခံ တင်ပြပြီးသည့် နောက်ပိုင်း စက်ရုံတစ်ခုသို့ စေလွှတ်ကာ သွားရောက် တာဝန်ထမ်းဆောင်စေပါသည်။ မည်သည့်တာဝန်ဟူ၍ သတ်မှတ်ပေးခဲ့ခြင်း မရှိပါ။ အလုပ်တာဝန် တစ်ခုကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ပါဝါ- ၃ မျိုး ပြည့်စုံရန် လိုအပ်ပါသည်။
(1) Personal power
(2) Positional power
(3)Other powers အရေးကြီးသည့် Positional power မရှိ၍ တာဝန်ထမ်းဆောင်ရသည်မှာ လွန်စွာ ကသိကအောက် နိုင်လှပါသည်။ အသက်အရွယ်ရသော လူတစ်ယောက်သည် မူလတန်းအရွယ် ကလေးတစ်သိုက်နှင့် ဆော့ကစားနေရသလို ခံစားရပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကြောင့် ယင်းကုမ္ပဏီကိုလည်း ကျောခိုင်းခဲ့ပါသည်။

နောက်ထပ် ကုမ္ပဏီ တစ်ခုကိုလည်း ရက်ပိုင်းအတွင်း တာဝန်လက်ခံရန် ချိတ်ဆက်နိုင်ခဲ့ပါသည်။ ယင်းကုမ္ပဏီမှာ လသားအရွယ် ကုမ္ပဏီပေါက်စကလေး ဖြစ်ပါသည်။ ကုမ္ပဏီ၏ profile အရ တာဝန်မများ၍ နည်းနည်းနှင့်ကြဲကြဲသာ ကုမ္ပဏီကို ဖွဲ့စည်းထားပါသည်။ ဖွဲ့စည်းထားသော လက်တစ်ဆုပ်စာ ဝန်ထမ်းများမှာလည်း တာဝန် ချောက်တိချောက်ချက်သာ ရှိ၍ ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ကြပါသည်။ ဝန်ထမ်းများ၏ အတွေ့အကြုံအရ ကုမ္ပဏီ၏  profile ကို အကောင်အထည်ဖော်ရန် အခက်အခဲ မရှိခဲ့ပါ။ ပွင့်ပွင့်လင်းလင်း သတ်မှတ်ရလျှင် ကုမ္ပဏီ၏ profile မှာ သာမန် ဝန်ဆောင်မှု သဘောမျိုးသာ ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးနှင့် ကံကောင်းခြင်း အထောက်အပံ့အရ ကုမ္ပဏီသည် အလွန်ကျယ်ပြန့်သော တာဝန်ကို ထမ်းဆောင်ရန် အခြေအနေ ဖြစ်ပေါ်လာပါသည်။ တိုးတက်လာသော လုပ်ငန်းတာဝန်များနှင့် လိုက်လျောညီထွေ၊ ပညာရှင်များကို အလေးထား ဖွဲ့စည်းရန် လိုအပ်ပါလျက် လျစ်လျူရှုခြင်း၊ ကုမ္ပဏီမှာ ရှိရင်း အရောင်းတာဝန်ကို ပေးအပ်ထားသော ဝန်ထမ်းလိုလို၊ “ဝိုင်းလုပ်ဝိုင်းစား” လိုလို ပုဂ္ဂိုလ်နှစ်ဦးဖြင့် မကျွမ်းကျင်သော နားမလည်သော ပညာရပ်ပိုင်းဆိုင်ရာ အလုပ်များကို တိုးချဲ့ အကောင်အထည်ဖော်ခဲ့ရာတွင် ကသိကအောက်ဖြစ်စရာများစွာ ပေါ်ပေါက်ခဲ့ပါသည်။ ကုမ္ပဏီတစ်ခု၏ သရုပ်မှန်၊ အခြေအနေကို စာရင်းဇယားများက ဖော်ဆောင်ပေးသည်ဖြစ်ရာ ယင်းအချက်ကို “ကလေးကစား” သလို အကောင်အထည်ဖော်ခဲ့ကြပါသည်။ ယခုရက်ပိုင်းတွင် သတင်းပြန်ကြားချက် တစ်ခုကို ပြင်ပ သတင်းဌာနတစ်ခုမှ ကြားသိခဲ့ရပါသည်။ မြို့နယ် ၂၈ မြို့နယ်မှာ လုပ်ငန်းခွဲကလေးပေါင်း ၄၈ ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းရှင်ကို အသိအမှတ်ပြု အလေးထားခံရကြောင်း သတင်း ဖြစ်ပါသည်။

ကုမ္ပဏီ အများစုက ဝန်ထမ်းများ လျှော့ချ၍ ရပ်တည်လာရသည့် အချိန်တွင်း ထိုလုပ်ငန်းပိုင်ရှင်က လုပ်ငန်း တိုးချဲ့ရန်၊ ဝန်ထမ်း ထပ်မံ ဖြည့်စွက်ရန်၊ ကြိုးပမ်းအားထုတ်သည့် အခြေအနေကို အစိုးရက ဂုဏ်ပြု အသိအမှတ်ပြုသည့် သဘော ဖြစ်ပါသည်။ အောင်မြင်နေသည့် အတိုင်းအတာအရ ကုမ္ပဏီသည် မီလျံနာအဆင့်လား၊ ဘီလျံနာအဆင့်လား စသည်ဖြင့် ငွေကြေးပမာဏကို တိုင်းတာသည့် မေးခွန်းဖြင့် အင်တာဗျူးခဲ့ရာ ကုမ္ပဏီ လုပ်ငန်းရှင်က “ငွေကြေး အောင်မြင်မှုကို မိမိ မစဉ်းစားခဲ့ကြောင်း၊ အလုပ်ကို ပျော်သလောက် လုပ်နေမှာ ဖြစ်သည်။ အလုပ်မှာ မပျော်လျှင် ယခုအလုပ်ကို မိမိ ရပ်လိုက်ပါမည်။ ဝန်ထမ်းများကို အလုပ်မှာ ပျော်နေအောင် အမြဲထားပါသည်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။ လွန်စွာ ရိုးစင်းသော သဘောထားနှင့် လွန်စွာ ရိုးစင်းသော အလုပ် သဘောတရား ဖြစ်ပါသည်။ စာရေးသူ လေ့လာဖူးသော “စွန့်ဦးတီထွင် လုပ်ငန်းရှင်” ၏ အင်္ဂါရပ်များနှင့်လည်း သွယ်ဝိုက်၍ ညီညွတ်နေပါသည်။ စာရေးသူ ထဲထဲဝင်ဝင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အထက်ဖော်ပြပါ လုပ်ငန်းခွင်များ၏ ကုမ္ပဏီ သုံးခုမှ တူညီနေသော ချို့ယွင်းချက်မှာ ဝန်ထမ်းများကို အပိုင်းပိုင်း ရိုက်ခွဲထားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်အောင် အုပ်ချုပ်ထားခြင်းပင် ဖြစ်သည်။ ဝန်ထမ်းများအချင်းချင်း “သတင်း” ကို “အတင်း” ဖြင့် ရယူ အကောင်အထည် ဖော်နေခြင်း၏ ပြယုဂ်ဟုပြောလျှင် ရနိုင်ပါသည်။ အထက်ဖော်ပြပါ မိမိ အတွေ့အကြုံများနှင့် အဆိုပါ အသေးစား လုပ်ငန်းကလေးများ၏ အောင်မြင်သော လုပ်ငန်းရှင် ပြောစကားကို အလေးအနက် သုံးသပ်ပြီး လူမှုစီးပွားရေးကို အကောင်အထည် ဖော်နေကြသည့် မိမိတို့ နိုင်ငံမှ လုပ်ငန်းရှင်များသည် ငွေကြေး ပမာဏဖြင့် မတိုင်းတာဘဲ အောင်မြင်သော လုပ်ငန်းဖြစ်ရေးကို ဝန်ထမ်းများ စိတ်ချမ်းသာမှု အနှစ်သာရဖြင့် တိုင်းတာ ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မြမြင့်မိုရ်(လှိုင်)
By Opportunity Journal Originally posted 03/11/2011 11:05AM

 

 ---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက်  http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform