စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 11 January 2014

စမတ်ကျကျ အလုပ်လုပ်ရအောင်


လုပ်ငန်းတစ်ခု အောင်မြင်မှု ရနိုင်လား ဆိုတာက SMART နည်းနဲ့ တိုင်းတာ သတ်မှတ်ကြတာပါ။ အဓိပ္ပာယ်တွေ ကတော့

S = Specific (ရှင်းလင်းတိကျမှုရှိခြင်း)
M = Measurable  (တိုင်းတာဆုံးဖြတ်နိုင်ခြင်း)
A = Achievable(အောင်မြင်နိုင်ဖွယ်ရှိခြင်း)
R = Realistic (သဘာဝကျဖြစ်နိုင်ချေရှိခြင်း)
T = Time Bound (အချိန်အကန့်အသတ်ထားခြင်း)တို့ဖြစ်ပါတယ်။

S = Specific (ရှင်းလင်းတိကျမှုရှိခြင်း)

ရည်မှန်းချက် ထားတဲ့နေရာမှာ ဖြစ်သလို မသေမချာ မထားဘဲ တိကျရှင်းလင်းတဲ့ ရည်မှန်းချက်မျိုး ထားရပါမယ်။ ရည်မှန်းချက်ကို  Specific ဖြစ်အောင် Ws & How လို့ သိကြတဲ့ Who(ဘယ်သူနဲ့လဲ)၊  What(ဘာကိုလဲ)၊ Where(ဘယ်မှာလဲ)၊ When(ဘယ်တော့လဲ)၊ Which(ဘယ်ဟာကိုလဲ)၊ Why(ဘာလို့လဲ) နဲ့ How (ဘယ်လိုလဲ) ဆိုတဲ့ မေးခွန်းတွေနဲ့ ချိန်ထိုးရပါတယ်။ ဥပမာ ပိန်ချင်တဲ့ လူတစ်ယောက် အနေနဲ့ “ပိန်အောင်လုပ်မယ်” ယေဘုယျ ရည်မှန်းချက်ပဲ ထားရင် တကယ်တန်း မထိရောက် နိုင်ပါဘူး။ အဆီကျတဲ့ အားကစား လေ့ကျင့်ခန်းတွေ တစ်ပတ် ၄ ရက် လုပ်မယ်ဆိုရင် သူ့ရည်မှန်းချက် အတွက်တော့ မပြည့်စုံ သေးသည့်တိုင်  အတော်လေးတော့ Specific ဖြစ်ပါပြီ။

M = Measurable (တိုင်းတာဆုံးဖြတ်နိုင်ခြင်း)

နောက်တစ်ခုက ရည်မှန်းချက် ပန်းတိုင်ရဲ့ အဖြေကို တိုင်းတာနိုင်ရပါမယ်။ အထက်မှာ ပြောသလို ပိန်အောင်လုပ်မယ် ဆိုပြီး လုပ်ပါရဲ့။ အလေးချိန် ၁ပေါင်လောက် ကျသွားတာဟာ အောင်မြင်တာလား။ ပေါင် ၂၀ လောက်ကျမှ အောင်မြင်တာလား။ ဒီအချက်ကို ထည့်သွင်း ရည်မှန်း ကြရပါမယ်။ ဒီတော့ ကိုယ်အလေးချိန် ၁၅ ပေါင် လျော့အောင် အဆီကျတဲ့ အားကစား လေ့ကျင့်ခန်းတွေ တစ်ပတ် ၄ ရက် လုပ်မယ်လို့ စဉ်းစားသင့်ပါတယ်။ ဒါမှသာ ၁၅ ပေါင် ကျသွားတဲ့ အခါ ကိုယ့်ပန်းတိုင်ကို ရောက်ပြီလို့ သိရမှာပါ။

A = Achievable (အောင်မြင်နိုင်ခြင်း)

ဒီအချက် ကလည်း အဓိက ကျပါတယ်။ သိပ်မြင့်မားတဲ့ ရည်ရွယ်ချက်တွေ ထားတာထက် တကယ်တန်း ရယူနိုင်တဲ့ အောင်မြင်မှုမျိုး ကိုသာ ဦးတည်ရာ ပန်းတိုင်အဖြစ် သတ်မှတ်သင့် ပါတယ်။လက်ရှိ အနေအထားကနေ သိပ်ဝေးကွာလွန်းတဲ့ ရည်မှန်းချက်တွေ ထားမိရင် စိတ်ပန်းလူပန်း ဖြစ်ပြီး မှန်းထားသလို ဖြစ်မလာတဲ့အခါ စိတ်ပျက် လက်လျှော့ တတ်ကြပါတယ်။ အနီးစပ်ဆုံး ဥပမာ တစ်ခုပြရရင် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဆိုတဲ့ ရည်မှန်းချက်ဟာ Achievable  ဖြစ်နိုင်ချေ သိပ်နည်းလွန်း နေပါသေးတယ်။ ကမ္ဘာအဆင့် အစား အရှေ့တောင် အာရှအဆင့်၊ အဲဒီကနေ အာရှအဆင့် ရောက်အောင် အရင်ဆုံး မှန်းကြမယ်ဆို ဖြစ်နိုင်ချေ ပိုများပါတယ်။အထက်မှာ ပြောခဲ့တဲ့ ကိုယ်အလေးချိန် ဥပမာလိုဆို ၁၅ ပေါင် လျှော့ရမယ့် အစား ပေါင် ၅၀ ချမယ်ဆို အောင်မြင်ဖို့ ခက်သွားမှာပါ။

R = Realistic  (သဘာဝကျဖြစ်နိုင်ချေရှိခြင်း)

ဒီအချက်တော့ အထက်က Achievable နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒါပေမဲ့ ဒီအချက်ရဲ့ သဘာဝကျကျ ဖြစ်နိုင်ချေ ရှိခြင်း ဆိုတာကို နှစ်ပိုင်း ခွဲပြီးတော့ ရည်မှန်းချက် ထားသူက ဘယ်လောက် ဆန္ဒပြင်းပြမှု ရှိသလဲနဲ့ ဘယ်လောက် ကြိုးစားအားထုတ်မှု ရှိသလဲ ဆိုတာပေါ်မှာ အခြေတည် တိုင်းတာသင့်ပါတယ်။ ရည်ရွယ်ထားတဲ့ ပန်းတိုင်က သိပ်မြင့်နေသည့် တိုင်အောင် တစ်ဦးနဲ့တစ်ဦး အားထုတ်မှုခြင်း မတူတာကြောင့် ပန်းတိုင်တစ်ခုကို အလွယ်တကူနဲ့  Realistic  မဖြစ်ဘူးလို့ ထင်ကြေး မပေးနိုင်ပါဘူး။ ထင်ရှားတဲ့ ဥပမာ ပြရရင် နတ်မောက်မြို့က ကျောင်းလာ တက်ရတဲ့ ကျောင်းသား တစ်ယောက်က တစ်တိုင်းပြည်လုံး လွတ်လပ်ရေး ရအောင် ကြိုးစားမယ် ဆိုတုန်းက Realistic မဖြစ်ဘူး ထင်သူတွေ ရှိခဲ့မှာပါ။ တကယ်တန်း သူမတူအောင် ကြိုးပမ်းလိုက်တဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာတစ်နိုင်ငံလုံး အတွက် လွတ်လပ်ရေးကို ဆောင်ယူပေး နိုင်ခဲ့ပါတယ်။

T = Time Bound  (အချိန်အကန့်အသတ်ထားခြင်း)

ရည်မှန်းချက် ထားတဲ့အခါ အချိန်အကန့်အသတ် သတ်မှတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက် ၄ ချက် နဲ့တော့ ကိုက်ညီပါရဲ့။ အချိန် သတ်သတ်မှတ်မှတ်နဲ့ အလုပ်မလုပ်ရင် မပြီးမြောက်နိုင်ပါဘူး။ ကျောင်းသားတစ်ယောက် အိမ်စာလုပ်တာလို သေးငယ်တဲ့ လုပ်ငန်းမျိုးမှာတောင် ဘယ်နှစ်နာရီဖြင့် အပြီးလုပ်မယ်ဆိုတာမျိုး ရှိသင့်တာကြောင့် ကာလရှည် လုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေ၊ နိုင်ငံအဆင့် ပန်းတိုင်မျိုးတွေမှာဆို ကုန်ကျမယ့် အချိန်ကို တွက်ချက်ပြီး အဆုံးသတ် အောင်မြင်ရမယ့် အချိန်  (Deadline)သတ်မှတ်ကြ ရပါမယ်။ သတ်မှတ်ရုံ မျှနဲ့လည်း မပြီးသေးဘဲ လေးစား လိုက်နာပြီး သတ်မှတ်ချိန် အတိုင်း ပြီးမြောက်မှ သာလျှင် မိမိတို့ ရည်မှန်းချက်ကို ရရှိ အောင်မြင်တယ်လို့ ခံယူသင့် ပါတယ်။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် ဆိုတဲ့ ဥပမာမှာ ဆိုလည်း ဘယ်နှစ်နှစ်အတွင်း ဆိုတာမျိုး ထည့်သွင်း သတ်မှတ်သင့်ပါတယ်။ ဒါတွေကတော့ SMART  ရဲ့ အဓိပ္ပာယ် တွေပါပဲ။ မူကွဲတွေ အမျိုးမျိုး ရှိသေးပေမဲ့ အဓိက ဆိုလိုရင်းကတော့ ဒါတွေပါပဲ။ အခုနောက်ပိုင်းမှာ SMARTer ဆိုပြီး Evaluate နဲ့ Reward ကို ထပ်ဖြည့်ကြပါတယ်။ ဒီ SMART နည်းနဲ့ ချိန်ထိုးပြီး ရည်မှန်းချက် ပန်းတိုင် သတ်မှတ်ခြင်းကို စီးပွားရေး အဖွဲ့အစည်းတွေမှာသာ မကဘဲ လူတစ်ဦးချင်းစီရဲ့ ရေတို၊ ရေရှည် ပန်းတိုင်တွေ၊ မျိုးဆက်သစ်တွေ အပေါ် ထားတဲ့ မျှော်လင့်ချက်တွေ၊ အဖွဲ့အစည်းတိုင်းရဲ့ ရည်ရွယ်ချက်တွေ မှာလည်း အသုံးပြုနိုင်လို့ စမတ်ကျကျ အလုပ်လုပ် သွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ရပါတယ်။

အေးချမ်း(သံလွင်)
 ---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက်  http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform