သင် မြန်မာစာ တတ်ပါသလား?
မြန်မာစာပေဟာ လူနေမှုလောကမှာ အမှားအယွင်းတွေနဲ့ လုံးချာလိုက်နေပြီ။ ဆိုပါစို့၊ Arrow လို့ စာလုံးမှန်အောင် ပေါင်းတတ်ကြပေမဲ့ မြားကို မျှား ရယ်လို့ ရေးသားကြသူတွေကို ကျွန်မတို့ ခွင့်ပြုခဲ့ကြတယ်။ အိမ်ငှားမည်ကို အိမ်ဌားမည်လို့ ရေးတယ်။ အိမ်ထားမည်လို့ အမှန်အတိုင်းဘယ်သူမှ လိုက်မဖတ်ဘူး။ င ကို ဟထိုးဖို့ ပျင်းကြရာက ဌဝမ်းဘဲ ယဉ်ကျေးမှု ဖြစ်တည်လာတာ။ ဘယ်လောက်ထိလဲဆိုရင် ပြီးခဲ့တဲ့လက ထူးအိမ်သင်အမှတ်တရ လွမ်းကြတော့ ဟောဒီဖေ့စ်ဘွတ်ခ်မှာ တွေ့ရတဲ့ စာနဲ့ ပေနဲ့ဆိုတဲ့လူတွေကိုယ်တိုင် ကိုဌက် ဆိုတာပဲ။ အော် ကိုငှက်ဟာ ကိုထက်လို့ အမည်ပြောင်းပါပေါ့။ ဖြည့်ဖတ်ကြတယ်။ အမှားကို နားလည်ပေးကြတယ်။ ကြာတော့အမှန်ဟာ မှုန်ဝါးသည်ထက် ပိုမိုမှုန်ဝါးလာခဲ့ပြီ။ ကြည့်မြင်တိုင်နဲ့ ရန်ကင်းကို ပြေးတဲ့ ၁၀၇ မီနီဘတ်စ်တွေမှာ ခရီးစဉ်ဖြတ်ပိုင်းဇယားကို ကြည့်မိပြန်တော့ ကုက္ကိုင်းဟာ ဣိုင်း ဖြစ်လို့။ အော် အိုင်းတဲ့လား လို့ ကျွန်မ တွေးတောရင်း မြန်မာစာအန္တရာယ်အပေါ် ဆက်လက်ဆင်ခြင်မိပါတယ်။ နောက်ပြီး မြန်မာစာတန်းထိုးဇာတ်ကားတွေမှာ ယောက်ျားဟာ ယောင်ကျားတွေ ဖြစ်နေကြောင်း မြင်ရပြန်ပါရော။ ယောင်္ကျားလို့ ရေးသားခြင်းကိုသာ အမှန်တရားလို့ထင်မြင်ပြီး စာရေးဆရာ၊ ကဗျာဆရာတွေကိုယ်တိုင်ပါ စတေးတပ်စ်တွေ တင်တဲ့အခါ အဲဒီလို ရေးလာကြတော့ ကျွန်မဖြင့် ရင်ထဲ မကောင်းဘူး။
လူ့စိတ်ဟာ အဖန်ဖန်ထိတွေ့တဲ့အရာအပေါ်မှာသာ ကျင်လည်ကျက်စားတတ်တဲ့သဘာဝရှိလေတော့ ဒီလိုအမှားတွေကို ဖြည့်ဖတ်ပေးရင်း ဖြည့်ဖတ်ပေးရင်းနဲ့ စိတ်ထဲစွဲစွဲလာပြီး ကိုယ်တိုင်တကယ်ချရေးတဲ့အခါ အမှားကိုသာ အမှန်အဖြစ် ချရေးတတ်ကြတော့တာလေ။ မသိခြင်းတွေဟာ ပိုမို မှောင်မိုက်လာတော့တာပေါ့။ အဲဒီအမှောင်ကို ကျွန်မတို့ရဲ့ ချစ်စရာကလေးငယ်တွေလက်ထဲထိ မသိမသာ ထိုးထည့်ပေးကြတော့မှာလား။ သူ့တို့ရဲ့ စာသင်ခန်းဆီ ဒီအမှားတွေ ဝင်မသွားဖို့ ဘယ်သူများ တားဆီးနိုင်မလဲ။ သူတို့ရဲ့ နှလုံးသားကို မြန်မာစာအမှောင်ရိပ်တွေနဲ့ အစွန်းအထင်း ခံကြတော့မလား။ သူတို့က အဲဒါ ခင်ဗျားကြီးတို့ အသုံးမကျလို့ ဆိုပြီး ပြန်ပြောရင် မိတ်ဆွေ ပြုံးနေနိုင်မှာလား။
မိတ်ဆွေ၊ ကျေးဇူးပြုပြီး ကူညီပါ။ အမှားအယွင်းတွေကို ဆက်လက်ခွင့်မပြုဘဲ အမှန်ပြင်ကြဖို့ပေါ့။ ဆိုပါစို့ ကိုယ်သွားစားတဲ့ စားသောက်ဆိုင်မှာ နေ့လည်စာလို့ ရေးထားရင် နေ့လယ်စာဖြစ်ကြောင်း သတိပေးဖို့၊ မန်ကျီးဖျော်ရေ ကိုတွေ့ရင် မန်ကျည်းဖျော်ရည်၊ယောင်္ကျားကို ယောက်ျား၊ အသုတ်လို့ ရေးတာကို အသုပ်ဖြစ်ကြောင်း ပြောပြဖို့ နည်းနည်းလောက် အားစိုက်ပေးတာမျိုးပေါ့။ မိတ်ဆွေရေ အစဉ်အလာတစ်ခုရှိတဲ့ မြန်မာစာကို ကျွန်မတို့ကိုယ်တိုင် ပြုစုစောင့်ရှောက်ကြရမှာပါ။ ပညာရေးစနစ်က ခွင့်ပြုတိုင်း၊ ပတ်ဝန်းကျင်က အမှားခံတိုင်း ကျွန်မတို့ အမြဲဖြည့်ဖတ်ပေးဖို့ မလိုဘူး။ ဒါဟာ ဖြစ်ကို မဖြစ်သင့်ဘူး။ တာဝန်ယူကြ၊ တာဝန်ခံကြရအောင်။ အင်္ဂလိပ်စာကို အမှားမခံသလို ကိုယ့်စာပေကိုလည်း တန်ဖိုးထားကြရအောင်။
မိတ်ဆွေ။ ဒီဟာ ခင်ဗျားရဲ့ ခေတ်ပဲ။ ခင်ဗျား တည်ဆောက်သွားရမယ့်အလှည့်။
မြူပါးရ်
၁၂ စက်တင်ဘာ ၂၀၁၄
၁၂ စက်တင်ဘာ ၂၀၁၄
0 comments:
Post a Comment