“ဟေမာရေ၊ မင်းတော့ သားအစား ရပြီပေါ့ကွယ်” ကျောင်းမှ ပြန်လာသော ဦးသိင်္ခသည် အိမ်ပေါ်သို့ ရောက်လျှင် ရောက်ချင်းပင် မီးဖိုဆောင်တွင် အလုပ်ရှုပ်နေဟန်ရှိသော ဒေါ်ဟေမာအား အော်၍ ပြောလိုက်လေသည်။ “ဘယ်လိုတုံး ကိုသိင်္ခရဲ့” ဒေါ်ဟေမာက နောက်သို့ လှည့်မကြည့်နိုင်သေးဘဲ အလုပ် လုပ်နေရာမှ အသံပြုလိုက်သည်။“အခုပဲ ငါ ကျောင်းရောက်ခဲ့သလေ၊ ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်တယ်။ ဒီဝါတွင်း ဒီကျောင်းမှာ ၀ါဆိုမယ် ဆိုပဲ။ ဒါနဲ့ တိုက်အုပ်ကိုယ်တော်က ငါရောက်သွားတော့- “ဒကာကြီး ကျောင်းမှာ ဒီဝါတွင်း အာဂန္တုကိုယ်တော်တစ်ပါး ဝါကပ်လိမ့်မယ်၊ ဒကာကြီး သွားတွေ့ပါဦး” ဆိုလို့ ငါ အာဂန္တုကိုယ်တော်ကို သွားတွေ့ခဲ့တယ။် အမယ် ရှင်မရေ... တို့သားဦးပဉ္ဇင်း အရွယ်လောက်ပဲကွဲ့။ အလုံးအရပ်လည်း တို့သားနဲ့ ခပ်ဆင်ဆင်ပဲ။ မင်းတွေ့ရင် ကြည်ညိုမှာပါ။ ကိုယ်တော်လေးက ကြည်ညိုစရာလည်း ကောင်းပါတယ်။ မင်းတော့ သားအစား ရပြီပေါ့ကွယ်“
ဦးသိင်္ခက အားတက်သရော ပြောဆိုနေသော်လည်း ဒေါ်ဟေမာထံမှ စကားသံ ထွက်မလာသဖြင့် ဦးသိင်္ခသည် စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်၏။
ဦးသိင်္ခ ရိပ်မိလိုက်ပြီ။ ဒေါ်ဟေမာ သားဦးပဉ္ဇင်းကို သတိရ၍ မျက်ရည်ကျလေပြီ။ အမှန် ဤသို့ပင် ဒေါ်ဟေမာသည် လွန်ခဲ့သော ၁ဝ- နှစ်ခန့် ရဟန်းဖြစ်စကတည်းက ရောဟဏမြို့ စာသင်တိုက်ကြီးသို့ စာသင်ရန်ကြွသွားသော သားဦးပဉ္ဇင်းအတွက် တစ်နေ့မျှ မငိုသောနေ့ မရှိ။
ဦးပဉ္ဇင်းကလည်း နေနိုင်သည်။ သွားကတည်းက ၁ဝ- နှစ်တိုင်တိုင် တစ်ခါတစ်ခေါက် ပြန်ရောက် မလာရုံမျှမက သတင်းမျှပင် ပေးဖေါ်မရ။ သားဦးပဉ္ဇင်းထံမှ မည်သည့် သတင်းမျှ မကြားရ၍ လိုက်သွားပေးရန် မိမိအား ပူဆာခဲ့သည်မှာ ခဏခဏ။ အလုပ်ကလည်း မအား။ လက်ခွဲမရှိရသည့်အထဲ ခရီးကလည်း ဝေးသဖြင့် မိမိ လိုက်မသွားနိုင်၍ သူ့အစ်ကို တော်ဘုန်းကြီး ဦးပဉ္ဇင်းဆရာ ကောရဏ္ဍက ဆရာတော်အား လိုက်သွားပေးပါရန် လျှောက်ထားခဲ့သည်မှာလည်း အတန်တန်။
ဒေါ်ဟေမာကိုလည်း အဆိုးမဆိုသာ။ တစ်ယောက်တည်းသော သားဖြစ်၍ ချစ်မဝ ခင်မဝ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေရဆဲ ရဟန်းပြုချင်လှချေရဲ့ ဆို၍ ဒေါ်ဟေမာ မျက်ရည်နှင့်မျက်ခွက်။ ဖျက်ခဲ့သော်လည်းမရ။ နောက်ဆုံး သားအလိုအတိုင်း လျှော့ပေးပြီး အစ်ကို ဘုန်းတော်ကြီးထံ အပ်နှံ၍ ရဟန်းခံပေးရသည်။ ရဟန်းဘဝ ရောက်သည်နှင့် တစ်ပြိုင်နက် မိမိတို့ဆောက်ပေးသော ကျောင်းမှာ မနေ၊ စာသင်သွားတော့မည်ဆိုကာ ရောဟဏသို့ ကြွသွားခဲ့သည်။
ထိုအချိန်ကစ၍ ဒေါ်ဟေမာ ငိုမဆုံးယိုမဆုံး အပူသည်လုံးလုံးဖြစ်ခဲ့ရသည်။ ကြည့်ပါဦး၊ တစ်နှစ်လည်းမဟုတ်။ နှစ်နှစ်လည်း မဟုတ်။ ၁ဝ- နှစ်လုံးလုံး။ ထို့ကြောင့် ဒေါ်ဟေမာသည် လင်သည်ကို သွားခေါ်ပေးရန် တိုက်တွန်းမရသောအခါ အစ်ကို ဘုန်းတော်ကြီးကို အပူကပ်ပြန်တော့သည်။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်။
ယခင် ယခင် အကြိမ်တွေက ဒေါ်ဟေမာ ပူဆာလျှင် ဘုန်းတော်ကြီးသည် သူ့နှမအား တရားဟော၍ မာန်မဲ၍ ပြန်လွှတ်လေ့ရှိ၏။
” သားတစ်ယောက်လုံး သာသနာတော် လှူထားမှတော့ ဒီလောက် သံယောဇဉ်ကြီးမနေပါနဲ့ ဟေမာရယ်” ဟု ဆိုတော်မူလေ့ရှိသည်။
သို့သော် ဒေါ်ဟေမာ အားမလျှော့။ နေ့စဉ်နေ့စဉ် တစ်ရံတစ်ခါ ရက်ခြား ဘုန်းတော်ကြီးအား သွား၍ သွား၍ နားပူလေ့ရှိသည်။
” တပည့်တော်မသား ဒီလောက်တောင် သတင်းမကြားဘဲ ကြာနေတာ သေများ သေနေလို့လားဘုရား။ အသက်ရှိရင်တော့ ပြန်မလာတောင် သတင်းကြားမှာပါ။ ခုတော့ သေလို့ မကြားတာ ဖြစ်မှာပေါ့။ သေရင်လည်း ကွဲကွဲပြားပြား သိရအောင် ကြွသွားပြီး သတင်းလေး ဘာလေးမေးပါဦး ဘုရား၊ သေလို့သာ သတင်းမကြားတာပါ ဘုရား” ဟူသော ဒေါ်ဟေမာ၏ စကားကို ကောရဏ္ဍကဘုန်းတော်ကြီးမှာ -
”မသေပါဘူးဟဲ့” ဆိုရုံနှင့် မဖြေသိမ့်နိုင်တော့ပေ။ ”အင်း ဒီတစ်ခါတော့ ကိုယ်တိုင်သွားတွေ့၊ သူ့သားကို ခေါ်လာပြီး ပြလိုက်မှပင် အေးတော့မယ်” ဟု စဉ်းစားမိသည် ထင်၏။
“ကဲ... မိဟေမာ၊ ဒီဝါမဆိုမီ ငါကိုယ်တိုင် ရောဟဏကို လိုက်သွားပေးမယ်။ ဒီဝါ နင့်သား ဒီမှာ ၀ါဆိုဖြစ်ဖို့ ငါ့တာဝန် ထားပေတော့” ဟု မိန့်ကြားကာ ကြွသွားခဲ့လေသည်။ သို့သော် ၀ါဆိုရန် နီးကပ်နေလေပြီ။ သားလည်း ကြွမလာ။ ဘုန်းတော်ကြီးလည်း ပြန်မရောက်။ ၀ါနားနီးလေ ဒေါ်ဟေမာ
တစ်ယောက် ပျာလောင်ခတ်လေ၊ ကျောင်းနှင့်အိမ် ခဏခဏကူး၍ သတင်းမေးရလေနှင့်။
ဒီနေ့ သူ အလုပ်ရှုပ်နေသဖြင့် သူ့အစား မိမိကိုလွှတ် အမေးခိုင်း၍ သွားမေးရာ သားတို့ ဆရာတပည့်အကြောင်းတော့ မကြားရ။ အာဂန္တုကိုယ်တော် ရောက်ကြောင်းသာ ကြားရ ဖူးတွေ့ခဲ့ရသည်။ ဤသတင်းကို မိမိက အားတက်သရော ပြောသော်လည်း ဒေါ်ဟေမာထံမှ စကားသံ ထွက်မလာ။ သြော်... မိဟေမာတစ်ယောက်တော့ သားအတွက် တရားမဖက်နိုင်ဘဲ အလကားသက်သက် ငိုပြန်ချေဦးတော့မည်ပေါ့။ ဦးသိင်္ခသည် ဦးခေါင်းတညိတ်ညိတ်နှင့် အတွေးနယ်ချဲ့မိရာမှ ဒေါ်ဟေမာရှိရာသို့ လှမ်းကြည့်နေမိသည်။ ဒေါ်ဟေမာထံမှ စကားသံတို့အစား ရှိုက်သံတို့ကသာ တုံ့ပြန်ပေးပို့၍ နေပေတော့သည်။
(၂)
“ဟေမာရေ... ထွက်ခဲ့ပါဦး ဟေ့”
ဝါတော်ဝင်နေ့ ဖြစ်၏။ ဤနေ့ ဤအချိန်မှာမှ သားနှင့်မောင်ကြီး ပြန်မရောက်လျှင် မျှော်လင့်ချက် ဆုံးလေပြီဟုသာ ဒေါ်ဟေမာသည် နေ့လယ်ကတည်းက ငိုပွဲဆင်၍ နေလေတော့သည်။ ဟုတ်ပါပြီ၊ ငါ့သား ဦးပဉ္ဇင်းသေလို့သာ အပြောရခက်လို့ မောင်ကြီး ဘုန်းကြီးလည်း ပြန်မလာတာပေါ့။ ကံဆိုးတဲ့သားရယ်၊ သေတာတောင် ဆွေဝေးမျိုးဝေး တစ်မြို့တစ်ရွာမှာ သေရလေခြင်း၊ ငါ့သား ဦးပဉ္ဇင်းအလောင်းကိုမှ ကျကျနန သဂြုင်္ိဟ်သူ ရှိပါ့မလား။
“ဟေမာရေ... ထွက်ခဲ့ပါဦး ဆိုမှကွာ...”
အပြင်ခန်းမှ ဦးသိင်္ခ ခဏခဏ ခေါ်နေသဖြင့် ဒေါ်ဟေမာသည် မနေသာ၍ မျက်ရည်သုတ်ကာ အပူရုပ်ကို မပူရုပ်ဆင်လျက် ထွက်လာခဲ့ရသည်။
သြော်... တို့ကျောင်းမှာ ၀ါဆိုမယ်ဆိုတဲ့ အာဂန္တုကိုယ်တော်လေး ထင်ပါရဲ့။ အပြင်ခန်း ခေါင်းရင်းကျကျတွင် ဣနြေ္ဒရရ ထိုင်နေသော ရဟန်းတော် တစ်ပါးကို ဖူးတွေ့လိုက်ရသည်။
“ဟုတ်ပါရဲ့ သားအရွယ်။ နည်းနည်းပိန်တာရယ်၊ ညိုတာရယ်ပဲ ကွာတယ်။ အားလုံး အရပ်အရွယ်တူပါပဲ။ ဒါကြောင့် သားအစားရတယ်လို့ ဟိုတစ်ယောက်က ပြောတာပေါ့။ သြော်... ဒီဦးပဉ္ဇင်း မြင်ရမှပဲ ငါ့သားကို ပိုပြီး သတိရလိုက်ပါဘိ”
“ကဲ... မဟေမာ၊ လာထိုင်၊ ဒီဝါတွင်း တို့ကျောင်းမှာ ၀ါဆိုမယ့် အာဂန္တုကိုယ်တော်ပေါ့။ မနေ့ကပဲ ငါ လျှောက်ခဲ့တယ်။ “အရှင်ဘုရား၊ တပည့်တော်တို့ ဆောက်တဲ့ကျောင်းမှာ ၀ါကပ်ရင် ဝတ္တရားတစ်ခုကို လိုက်နာရမယ်လို့။ ဝတ္တရားကတော့ ၀ါတွင်းသုံးလပတ်လုံး တပည့်တော်တို့အိမ်မှာ ဆွမ်းဘုဉ်းပေးပြီး ဝါကျွတ်လို့ ပြန်ကြွရင်လည်း တပည့်တော်တို့ကို အသိပေးပြီးမှ ကြွရပါတယ်ဘုရား” လို့ လျှောက်ခဲ့တယ်လေ။ ဒါကြောင့် ဒီနေ့ကစပြီး တို့အိမ်ကို နေ့တိုင်းကြွပြီး ဆွမ်းဘုဉ်း ပေးလိမ့်မယ်ကွဲ့၊ မင်း ကြိုးစားပြီး ဆွမ်းဝတ်ပြုပေရော့”
ဒေါ်ဟေမာသည် မိမိသားအရွယ်ဖြစ်သော အာဂန္တုကိုယ်တော်အား ရှိခိုးဦးချရင်းက-
“အရှင်ဘုရား၊ တပည့်တော်မတို့ရဲ့ ကျောင်းမှာ ၀ါဆိုမယ်ဆိုလို့ ဝမ်းသာပါတယ်ဘုရား၊ အဲဒီ အရှင်ဘုရား ဝါဆိုတဲ့ကျောင်းဟာ တပည့်တော်တို့သား ရဟန်းခံမယ့်နှစ်မှာ ဆောက်တာပေါ့ ဘုရား။ သားရဟန်းတစ်ပါးတည်း အေးအေးချမ်းချမ်းနေဖို့ဆိုပြီး ဆောက်ပါတယ်။ သားရဟန်းက ရဟန်းဖြစ်တဲ့ဝါမှာပဲ စာသင်ရအောင်ဆိုပြီး ဟိုရောဟဏဆိုတဲ့ မြို့အဝေးကြီးကို ကြွသွားပါတယ် ဘုရား။ အခု ၁ဝ- နှစ်တောင် ကြာပြီပေါ့။ သတင်းလည်း မကြားရ။ ပြန်လည်းမလာနဲ့။ ဒီဒကာကြီး လိုက်သွားပါဆိုလည်း ခိုင်းမရတာနဲ့ တပည့်တော်မမှာ သားအတွက် တစ်နေ့မှ မငိုရတဲ့နေ့ မရှိပါဘူး ဘုရား။ မောင်ကြီး ဘုန်းတော်ကြီးကိုလည်း ခဏခဏ သွားပူဆာပါတယ်။ ဒီမှာမှ တပည့်တော်မသား သေလို့သာ ပြန်မလာတာ ထင်ပါတယ်ဘုရားဆိုပြီး ငိုလျှောက်တာနဲ့မနေသာတော့လို့ ထင်ပါရဲ့၊ ဒီနှစ်ဝါ ဒီမှာဆိုဖို့ သွားခေါ်မယ်ဆိုပြီး ထွက်သွားတာ၊ အခု ဝါသာ ၀င်သွားပါရော၊ သားရော မောင် ဘုန်းကြီးပါ ပြန်မလာဘူးဘုရာ့။ ဧကန် တပည့်တော်မ ထင်တာ မှန်နေပြီနဲ့ တူပါတယ်ဘုရား”” ဟု လျှောက်ရင်း ငိုပြန်လေသည်။
“ဟယ်... ဟေမာရယ်၊ ဦးပဉ္ဇင်းရှေ့မှာ မငိုပါနဲ့။ ဦးပဉ္ဇင်း စိတ်မကောင်း ဖြစ်နေပါ့မယ်။ ကဲ... ဆွမ်းပြင်ချေပါ” ဦးသိင်္ခက ဒေါ်ဟေမာ အငိုရပ်ရန် စကားဆက်ပေးသည်။
“ဒကာမကြီး၊ လောကဓမ္မတာ နာနာဘာဝ, ၀ိနာဘာဝ, အညထာဘဝ ဆိုတဲ့ တရားမျိုးဆိုတာ ကင်းနိုင်ကောင်းတာမျိုး မဟုတ်ဘူး။ သားရှိရင် သားနဲ့ ရှင်ကွဲ ကွဲရမယ်။ သေကွဲ ကွဲရမယ်။ စည်းစိမ်ချမ်းသာတွေ ရှိရင်လည်း ပျက်ပြား၍ မွဲတေသွားရမယ် ဆိုတာမျိုးဟာ ဓမ္မတာတရားတွေပါ။ ဒီတရားတွေကို မြင်အောင် ရှုပြီး ဒီတရားတွေကင်းရာကင်းကြောင်း နိဗ္ဗာန်ချမ်းသာကိုသာ တောင့်တပြီး တရားအားထုတ်ဖို့ အရေးကြီးပါတယ်”
“တင်ပါ့ဘုရား၊ မောင် ဘုန်းကြီးလည်း ဒီလိုပဲ ခဏခဏဟောပါတယ်။ တပည့်တော်မမှာသာ သားအတွက် တရားပျက်တယ်လို့ဆိုဆို နေ့တိုင်း ငိုနေရတယ် ဘုရား။ သေတာတောင် မတွေ့ရတဲ့သားမို့ မဖြေနိုင်တာပါ ဘုရား”
“တော်ပါတော့ ဟေမာရယ်၊ နင့်မလဲ ဒီသေစကားပဲ ပြောပြောနေ သေတာဟုတ်ချင်မှ ဟုတ်မှာပါ။ နင့်သားက ရဟန်းမို့ သံယောဇဉ်ဖြတ်ထားတာလားမှ မသိတာ။ ကဲ-ဆွမ်းပြင်ချေပါ”
အာဂန္တုကိုယ်တော်ကား ဦးသိင်္ခစကားကို အမှတ်မထင်နားထောင်ရင်း မျက်လွှာကိုသာ ချထားလေ၏။ ဒေါ်ဟေမာသည် နေရာမှ ထသွားပြီး ဆွမ်းပြင်နေလေသည်။
“ဒီလိုပါပဲ ဦးပဉ္ဇင်းရယ်၊ ဒီဒကာမကြီးတော့ သူ့သားအတွက် ဘယ်တော့မှ မျက်ရည်ခြောက်မှာ မဟုတ်ပါဘူး။ ဦးပဉ္ဇင်းလည်း ဒီဝါတွင်းကြိုးစားပြီး တရားဟောပေးပါဦး” ဟု ဦးသိင်္ခက ဆက်လက်လျှောက်နေလေရာ ဦးပဉ္ဇင်းမှာ ဦးခေါင်းကို ငုံ့လျက်သာ တစ်မျှော်တစ်ခေါ်ကြီး စဉ်းစားနေဟန် ရှိလေ၏။
မဟာပ၀ါရဏာနေ့
သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခံချိန်တွင် ၀ါတွင်းသုံးလပတ်လုံး ကြွနေကျအတိုင်း အာဂန်္တုကိုယ်တော်သည် ဦးသိင်္ခ၊ ဒေါ်ဟေမာတို့အိမ်သို့ ကြွရောက်လာ၏။ ဒေါ်ဟေမာသည် ကိုယ်တော်ကို မြင်တိုင်း သား ဦးပဉ်္စင်းကို အမှတ်ရ၍ မျက်ရည်ကျနေကျပင်ဖြစ်ရာ ယနေ့လည်း မျက်ရည်ကို သုတ်၍ ရှိခိုးဦးချလျက် ဆွမ်းပြင်၍ နေလေ၏။
“ဒကာမကြီး၊ ဦးပဉ္ဇင်း ဒီနေ့ ပြန်ကြွတော့မယ်လို့”
“ဘုရား... ပြန်ကြွတော့မယ်”
ဒေါ်ဟေမာသည် ဆွမ်းပြင်နေရာမှ အလန့်တကြားပင် မေးလိုက်မိသည်။
““ဟုတ်တယ်... ဒကာမကြီး၊ ၀ါကျွတ်လို့ ပ၀ါရဏာလည်း ပြုပြီးသွားပြီ။ အခု ဆွမ်းကိစ္စပြီးရင် ဒီကောရဏ္ဍကက ပြန်ကြွတော့မလို့ အခု လာနှုတ်ဆက်တာပါပဲ””
““သြော်””
ဒေါ်ဟေမာသည် မျက်ရည်ဝိုင်း၍ သွားပြန်လေသည်။
“ဟင်း... ငါ့သား ဦးပဉ္ဇင်း မရှိလို့ ငါ့သားနဲ့ ရွယ်တူ အာဂန္တုဦးပဉ္ဇင်းကို ငါ့သားအမှတ်နဲ့ ပြုစုနေရတာ၊ အခု ဦးပဉ္ဇင်းကတောင် ခွဲသွားတော့မှာပါကလား”
ထိုစဉ်တွင် ဦးသိင်္ခ ရောက်၍လာပြီး ဦးပဉ္ဇင်းကို ရှိခိုးဦးချရင်းက-
“ကြွတော့မလို့လား ဘုရား”” ဟု လျှောက်လေ၏။
“ဟုတ်တယ် ဒကာကြီး””
“ဒါဖြင့် ပင့်လျှောက်ပါရစေ ဘုရား၊ ဒီတစ်နေ့ ဆိုင်းတော်မူပါဦး၊ နက်ဖြန် တပည့်တော်တို့အိမ် ဆွမ်းဘုဉ်းပေးတော်မူပါဦးဘုရား၊ တပည့်တော်တို့ သင်္ကန်း လှူဒါန်းလိုပါသေးတယ် ဘုရား” ဟု ဦးသိင်္ခက လျှောက်ထားလေ၏။
“ဟုတ်ပေသားပဲ၊ ငါဖြင့် ဒါလျှောက်ဖို့ သတိမရဘူး” ဟု ဒေါ်ဟေမာသည် မိမိ၏ ၀မ်းနည်း စိတ်အားငယ်တတ်မှုကို အပြစ်မြင်လိုက်ပြီးမှ-
“ဟုတ်ပါတယ်ဘုရား၊ နက်ဖြန် သည်အိမ်မှာ ဆွမ်းဘုဉ်းပေးပြီး သင်္ကန်း အလှူခံပါဦးဘုရား”
ဟု ထပ်ဆင့် လျှောက်ထားလိုက်လေ၏။ ဦးပဉ္ဇင်းသည် မည်သို့မျှပြန်လည်မမြွက်ကြားဘဲ ဆိတ်ဆိတ် ၀န်ခံလိုက်ပြီးလျှင် ဆွမ်းအကပ်ခံ၍ ဆွမ်းဘုဉ်းပေးတော်မူလေ၏။ နောက်တစ်နေ့တွင် ဦးသိင်္ခ၊ ဒေါ်ဟေမာတို့ အိမ်၌ ဦးပဉ္ဇင်းအား ဆွမ်းဆက်ကပ်၍ သင်္ကန်းအတွက် ပိတ်ဖျင်ကိုးတောင်ကိုလည်းကောင်း၊ ဆေးအတွက် ထန်းလျက်နှင့် နှမ်းဆီတို့ကို လည်းကောင်း ဆက်ကပ်လှူဒါန်းလေသည်။
“အရှင်ဘုရား ဒီကကြွရင် ရောဟဏကို ရောက်မှာလား ဘုရား” ဒေါ်ဟေမာ၏ လျှောက်ထားသံ။
“ရောက်မှာပါ ဒကာမကြီး”
“ရောက်ရင်တော့ တပည့်တော်မသား ဦးပဉ္ဇင်းအကြောင်း စုံစမ်းပြီး တွေ့ရင် ဒကာမကြီး နေ့တိုင်း ငိုနေရကြောင်း၊ ဆက်ဆက်ပြန် လာဖို့အကြောင်း မိန့်ကြားပေးပါ ဘုရား၊ အရှင်ဘုရားအရွယ်လောက် ပါပဲ။ အရှင်ဘုရားထက် နည်းနည်းဖြူပြီး နည်းနည်းဝတာပဲ ထူးပါတယ်။ ကောရဏ္ဍကက ဦးပဉ္ဇင်းဆိုရင် သိကြမှာပါ။ အဲလေ သေသွားပြီဆိုရင်တော့လည်း...”
ဒေါ်ဟေမာ ပြောရင်း မျက်ရည်ကျလာပြန်၏။
“အို... တော်ပါတော့ မဟေမာ၊ ကဲ- ဆွမ်းကပ်ပြီး ရေစက်မိုးစက်ကလေး ချကြရအောင်ပါ””
ဦးပဉ္ဇင်းသည် ဆွမ်း, သင်္ကန်း အလှူနှင့်ဆိုင်သော အနုမောဒနာ တရားကို အတန်ငယ် ဟောကြားပြီးမှ ရဟန်းတော်များသည် ကုလပလိဗောဓဟူသော ဆွေမျိုးမိဘဆိုင်ရာ ကြောင့်ကြမှုများကို ထင်ရှားအောင် အားထုတ်ကြရကြောင်း၊ မိဘမျက်မှောက်မှာ နေသည့်တိုင်အောင် ပလိဗောဓကင်းအောင် နေကြရကြောင်း၊ သို့မှသာ လိုအပ်သော တရားထူး၊ တရားမြတ်တို့ကို ရနိုင်ကြောင်း ဟောပြော၍ ရေစက်ချပေးကာ ကြွတော်မူရန် ပြင်ဆင်လေ၏။
ဦးသိင်္ခသည် ဦးပဉ္ဇင်း သပိတ်အတွင်း၌ ထန်းလျက်ထုပ်နှင့် ဆီကျည်ဘူး စသည်တို့ကို စနစ်တကျ ထည့်၍ သင်္ကန်းလျာ ပိတ်ကိုးတောင်ကို ခေါက်၍ သပိတ်ပေါ်၌တင်ကာ ဦးပဉ္ဇင်းလက်သို့ ဆက်ကပ်လိုက်လေ၏။
ဦးပဉ္ဇင်းသည် သပိတ်ကို ပခုံး၌ လွယ်ကာ ဖြည်းညင်းစွာ အိမ်ပေါ်မှ ဆင်းကြွသွားလေသည်။ ဒေါ်ဟေမာကား မိမိသားဟူသော အမှတ်ဖြင့် ဦးပဉ္ဇင်း ကြွသွားတော်မူရာသို့ မျက်စိတစ်ဆုံး လက်အုပ်ချီရင်း ယိုဆင်းလာသော မျက်ရည်တို့ကို အသာအယာ သုတ်ရလေ၏။
“ဗျို့ ဦးသိင်္ခ၊ ဒေါ်ဟေမာ ရှိရဲ့လားဗျို့၊ ဒီမှာ ကောရဏ္ဍကက ဘုန်းတော်ကြီး ကြွလာပြီ””
အိမ်ရှေ့မှ တစ်စုံတစ်ယောက်က အော်၍ပြောသဖြင့် ဒေါ်ဟေမာ အိမ်ပေါ်အမှ အပြေးဆင်းလာ၍ ကြိုဆိုလေရာ ၀ါဆိုဦးက သားကိုခေါ်ရန် ကြွသွားသော မောင် ဘုန်းတော်ကြီး တစ်ပါးတည်း အိမ်သို့ ကြွလာသည်ကို တွေ့ရလေ၏။
““အရှင်ဘုရား၊ အရှင်ဘုရား တစ်ပါးတည်းလား ဘုရား။ သား ကော၊ သားမောင်ပဉ္ဇင်းဘယ်မှာလဲ ဘုရား””
ဒေါ်ဟေမာသည် နှုတ်မှ တတွတ်တွတ်ရွတ်ရင်း တစ်ပါးတည်း ကြွရောက်လာသော ဘုန်းတော်ကြီးအား အငမ်းမရ မေးလေသည်။ ဟိုဟိုသည်သည် ကြည့်၍ မမြင်တိုင်း တတွတ်တွတ် မေး၍ ဒေါ်ဟေမာ ချုံးပွဲချ ငိုကြွေးလေ၏။
“သေပြီ၊ သေပြီ။ သားဦးပဉ္ဇင်း သေပြီ မဟုတ်လား ဘုရား။ ကိုယ်တော်တစ်ပါးတည်း ကြွလာတာ သားဦးပဉ္ဇင်း သေလို့ မဟုတ်လား ဘုရား၊ သေပြီလို့သာ ရဲရဲကြီး မိန့်တော်မူပါတော့ ဘုရား”
“ဟဲ့-ဟဲ့ ဟေမာ၊ သတိထားဦးလေ၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ နင့်ဟာ တစ်ခုမှ မဟုတ်ဘူး”
ဟု ဘုန်းတော်ကြီးသည် လှိမ့်၍ငိုနေသော ဒေါ်ဟေမာအား မိန့်တော်မူ၏။
“ဟဲ့ ဟေမာရဲ့၊ နင့်သားကို နင်တစ်ဝါတွင်းလုံး ဆွမ်းကျွေးနေတာ မဟုတ်လားဟဲ့”
”ဟင်-ဘာ ဘုရာ့၊ သားကို တစ်ဝါတွင်းလုံး ဆွမ်းကျွေးနေတယ်”
ဒေါ်ဟေမာ အငိုရပ်ကာ တအံ့တသြ မေးလျှောက်လိုက်သည်။
”အေးလေ၊ နင့်ကျောင်းမှာ နင့်သား ဦးပဉ္ဖင်း တစ်ဝါလုံး နေသွားပြီး နေ့တိုင်း နင့်အိမ်မှာ နင်ကပ်တဲ့ဆွမ်း စားသွားတာကပဲ။ ပြီးတော့ နင်ပဲ ပဝါရဏာသင်္ကန်း ပိတ်ကိုးတောင်တောင် လှူလိုက်သေးတယ် မဟုတ်လား”
ဒေါ်ဟေမာ အူကြောင်ကြောင် ဖြစ်၍သွားသည်။
”ဟင် - မိန့်တော်မူပါဦး ဘုရား၊ ဝါတွင်းက အာဂန္တုကိုယ်တော်က တပည့်တော်မ သားလား” မေးသာ မေးရသည်။ စိတ်က မယုံနိုင်သေး။
”ကြည့်ပါဦး၊ ငါ့သားဆိုရင် ဒါယိကာမကြီး၊ ဦးပဉ္ဖင်းဟာ ဒါယိကာမကြီးသားလေ လို့ ဘာကြောင့် မပြောပါလိမ့်၊ ဟုတ်ရင် ပြောရမှာပါ
”သြော်- ဟေမာ၊ ဟေမာ။ ခက်ပဲ ခက်လှချည့် ဟေမာရယ်၊ ဝါဆိုဦးက ငါ ဒီကသွားတော့ နင့်သားကို လမ်းတစ်ဝက်မှာ တွေ့တယ်ဟဲ့၊ နင့်ကို ချီးမြှောက်ရင်း ဝါဆိုရအောင် ပြန်လာတာတဲ့။ ဒါနဲ့ ငါကလည်း ကောင်းသကွယ်၊ သွား သွား၊ မယ်တော်ကို တရားလေး ဘာလေး ဟောပြီး ချီးမြှောက်ချေဦးတော့ လို့ လွှတ်လိုက်သလေ
”သြော-သြော်.. သားဦးပဉ္ဖင်းကိုး”
”အေးလေ၊ နင့်သား နင့်ကျောင်းမှ နေပြီး နင့်အိမ် တစ်ဝါတွင်းလုံး ဆွမ်းစားနေတာ မဟုတ်လား။ အခု ငါပြန်လာတော့ လမ်းတစ်ဝက်မှာ တွေ့ပြန်ရော။ ”ဟော- မောင်ပဉ္ဖင်း၊ မင်းပြန်လာပလား။ မင်း မယ်တော်ကို တွေ့ခဲ့ရဲ့လား” လို့ မေးတော့ ”တွေ့ခဲ့ပါတယ်။ တစ်ဝါတွင်းလုံးလည်း ချီးမြှောက်ခဲ့ပါတယ်” လို့ လျှောက်ပြီး နင်တို့လှူလိုက်တဲ့ ထန်းလျက်နဲ့ အဖျော်ရည်တောင် လုပ်ကပ်ပြီး ပိတ်ကိုးတောင်ကို ငါ့ပြန်လှူလိုက်လို့ အလှူခံလာရသေးတယ်။ ဟိုမှာ မြင်ရဲ့လား၊ ပြီးတော့မှ ”တပည့်တော် ရောဟဏမှာပဲ ဆက်နေပါရစေတော့” လို့ ငါ့ကိုလျှောက်ပြီး လမ်းခွဲသွားတယ်လေ”
ဆရာတော်ကြီး စကားကား အဆုံးသတ်၍ သွားလေ၏ ။ ဒေါ်ဟေမာကား စကားပြန်ကြား လျှောက်ထားခြင်း မရှိတော့ပေ။ ဦးပဉ္ဖင်း ဆင်းသက်ကြွသွားရာ လမ်းဆီသို့သာ ငေးမော မျှော်ရည်လျက် လက်အုပ်ချီ၍ အကြိမ်ကြိမ် ဦးချလေ၏။ မျက်ရည်များမှာ ယိုစီးမြဲ ယိုစီး၍ နေသော်လည်း ငိုယိုနေခြင်းကာ မရှိ။ ပကတိ ကြည်လင်၍ နေကာ နှုတ်မှလည်း-
”သြော်- င့ါသား၊ ငါ့သား။ ငါ့သားလို ရဟန်းမျိုး ဒီဘုရား သာသနာမှာ များစွာ ရှိနေသေးကလား။ ကုလပလိဗောဓကို ဖြတ်ပြီး မိဘရပ်ထံကို မပြန်ဘဲ နေနိုင်ရုံမက မိဘမျက်မှောက် တစ်ဝါတွင်းလုံး နေသွားတာတောင်မှ ဦးပဉ္ဖင်းက သားဦးပဉ္ဖင်းပဲ လို့မှ အသိမပေး၊ အေးအေးမြမြ သီတင်းသုံးနိုင်ပါလေရဲ့၊ သားတော်မြတ် ဦးပဉ္ဖင်းဘုရား၊ အမေ မွေးရကျိုးနပ်ပါပေရဲ့။ အရတော်ပါပေရဲ့။ သားလို ရဟန်းမျိုးတွေကိုပဲ သက်သေပြုပြီး မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက ရထဝိနိတသုတ်မှာ လာတဲ့ အကျင့်တွေ၊ မောနေယျအကျင့်တွေ၊ တုဝဋ္ဋကသုတ်မှာလာတဲ့ အကျင့်တွေ၊ မဟာအရိယာဝံသအကျင့်တွေကို ဟောတော်မူခဲ့ပေတာပဲ။ သြော်-သား... သား၊ အံ့ဖွယ်ကောင်းတဲ့ ယောက်ျားမြတ်ပါပေတကား” ဟု တတွတ်တွတ် ပြောဆိုရင်း သွားရာသို့ မျှော်မှန်းကာ ပူဇော်ရိုကျိုး ရှိခိုးဦးချ၍ပင် မဝနိုင်အောင် ရှိနေလေသတည်း။
(ဝိသုဒ္ဓိမဂ် အဌကထာ ၁- ၈ဝ)
ရဝေနွယ် (အင်းမ)

0 comments:
Post a Comment