၂၀၁၄ ဧပြီလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
စစ်ပွဲများကြားမှ ဓားစာခံကလေးငယ်များ
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နေရာအရပ်ရပ်၌ လက်ညှိုးထိုးမလွဲ
ပေါများစွာရှိနေသည့် အရာများမှာ ဒုက္ခသည်စခန်းများ ဖြစ်သည်။ အရှေ့ဘက်တွင်
ယခင်အစိုးရ လက်ထက်ကတည်းက တည်ရှိနေခဲ့သော မြန်မာ-ထိုင်း နယ်စပ်ဒုက္ခသည်
စခန်းများနှင့် ကေအိုင်အိုနှင့် အစိုးရတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်
လာရသော ကချင်ဒုက္ခသည် စခန်းများ၊
အနောက်ဘက်တွင် ရခိုင်ပဋိပက္ခကြောင့် နေအိမ်ဆုံးရှုံးသူများ ခိုလှုံနေရသည့်
ဒုက္ခသည် စခန်းများ၊ အလယ်ပိုင်းတွင်လည်း မိတ္ထီလာ ပဋိပက္ခကြောင့်
ဖြစ်ပေါ်ခဲ့ရသည့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများ ခိုလှုံနေရသည့်
ဒုက္ခသည်စခန်းများတို့ဖြင့် မြန်မာတစ်နိုင်ငံလုံး၏ နေရာအနှံ့အပြားပင်
ဒုက္ခသည်စခန်းတို့ဖြင့် နေရာယူလျက်ရှိသည်။
စစ်ကြောင့်၊
ပဋိပက္ခများကြောင့်စသည့် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းများတွင်
ပြေးဝင်ခိုလှုံ နေကြရသောသူများ မြန်မာနိုင်ငံတွင် အမြောက်အမြား
ရှိလာနေပြီဖြစ်သည်။ နေရာထိုင်ခင်း ကျပ်တည်းသည့်အပြင် အလှူရှင်များအပေါ်
အဓိကအားထား နေရသောကြောင့် အလှူရှင်နည်းပါးသည့် အချိန်များတွင် ဒုက္ခပင်လယ်
ဝေကြရသည်။ ငြိမ်းချမ်းစွာ ဖြေရှင်းသည့်နည်းထက် အကြမ်းဖက်နည်းဖြင့်
ဖြေရှင်းကြသောကြောင့် ပြည်သူပေါင်းများစွာတို့၏ သွေး၊ ချွေး၊
မျက်ရည်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ စတေးခဲ့ရပြီးဖြစ်သည့်အပြင်
အကောင်အထည် မပေါ်သေးသော ငြိမ်းချမ်းရေးကြောင့် ဒုက္ခသည်စခန်းတွင်
ရောက်ရှိနေကြသည့်သူများ မည်သည့်အချိန်မှ မိမိနေရပ်သို့
ပြန်သွားနိုင်မည်ဆိုသည့် အချက်မှာ အဖြေမဲ့နေဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေး
ဆွေးနွေးနေဆဲပင် ယခုတကျော့ပြန် အစိုးရနှင့်ကချင်လွတ်မြောက်ရေး
တပ်မတော်အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားသောကြောင့်
စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည် အသစ်အသစ်များ တိုးပွားခိုလှုံရလျက်
ရှိနေပြန်ပါသည်။
စစ်ပွဲကြောင့် ထိခိုက်ခံစားရသူများတွင် သနားစရာ
အကောင်းဆုံးမှာ ကလေးသူငယ်များပင် ဖြစ်သည်။ စစ်ပွဲဆိုသည့်အရာမှာ
ငယ်ရွယ်နုနယ်သော ကလေးငယ်များ မဆိုထားနှင့် လူကြီးများအတွက်ပင်
ရင်ဆိုင်ကြုံတွေ့ရန် မသင့်တော်သည့် အရာတစ်ခု ဖြစ်သည်။ ယခုတော့
ကိုယ့်နိုင်ငံသားများ အချင်းချင်း လက်နက်ဖြင့် ဖြေရှင်းကြသည့်ပွဲတွင်
အပြစ်ကင်းသည့် ကလေးသူငယ်ပေါင်း ထောင်သောင်းချီ၍ မြေစာပင် ဖြစ်နေရသည်။
မကြာသေးမီအချိန်က ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့က
သတင်းထုတ်ပြန်ရာ၌ စစ်ပွဲဒဏ်ခံဒေသများတွင် ကလေးသူငယ်များ ကြုံတွေ့နေရသည့်
အန္တရာယ် အလွန်အမင်း ကြီးထွားလာလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ကျောင်းစာသင်ခန်းတွင် ရှိနေရမည့် ကလေးများသည် ကလေးစစ်သားများအဖြစ်
စုဆောင်းခံရပြီး လက်နက်ကိုင် တိုက်ပွဲဝင်နေရသည်။ ကစားကွင်းများတွင်
လွတ်လပ်စွာ ဆော့ကစားနေရမည့်အစား ဒုက္ခသည်စခန်းများတွင် ဆင်းရဲကျပ်တည်းစွာ
နေထိုင်နေကြရသည်။ မိဘရင်ခွင်ထဲတွင် အေးချမ်းစွာ ခိုလှုံနေရမည့်အရွယ်များ
ဖြစ်လင့်ကစား ခိုလှုံစရာ ရင်ခွင်ပျောက်ဆုံး နေကြရသည်။ အာဏာရှိသူတို့၏
မာနချင်းစီးချင်းထိုးပွဲတွင် အပြစ်မဲ့ ကလေးသူငယ်များ၏ သွေး၊ ချွေး၊
မျက်ရည်စက်တွေ ဆက်လက်စတေးခံရဖို့ မသင့်တော်တော့ပါ။ နုနယ်သည့်
မျက်နှာလေးများ နေရာတွင် အမုန်းတရားနှင့် နာကြည်းမှုဒဏ်ရာများကြောင့်
ကြမ်းတမ်းခက်ထန်မှုများ နေရာဝင်မယူလာစေ သင့်တော့ပါ။ ထို့ကြောင့်
အစိုးရအပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အပြစ်ကင်းစင်သည့်
သနားစဖွယ် ကလေးငယ်များ၏ အနာဂါတ်အတွက် သားသမီးချင်း ကိုယ်ချင်းစာကာ
အမုန်းတရားနှင့် အာဃာတတရားများကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေးအတွက်
ဝိုင်းဝန်းကြိုးပမ်းကြပါရန် The Daily Eleven သတင်းစာက အလေးအနက်
တိုက်တွန်းရေးသား အပ်ပါသည်။
0 comments:
Post a Comment