စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 25 April 2014

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Eleven Media Group သို့ လာရောက်လည်ပတ်

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Eleven Media Group သို့ လာရောက်လည်ပတ်

Published on: April 26, 2014

ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာကြီးမားသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Mr.Tomas Brunegard သည် မြန်မာနိုင်ငံသို့ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကာ Eleven Media Group သို့ လာရောက် လည်ပတ်ခဲ့သည်။

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Mr.Tomas Brunegard သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် Eleven Media Group သို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ဒေါက်တာသန်းထွဋ်အောင် Chairman & CEO (Eleven Media Group) နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ Freedom of Press အခြေအနေကို လေ့လာရန်နှင့် ဖိအားများနှင့် ရင်ဆိုင်ရုန်းကန်နေရသည့် Eleven Media Group အား စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Mr.Tomas Brunegard သည် ဟောင်ကောင်တွင် ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တွင် ပြုလုပ်သော WAN-IFRA မှ ရွေးချယ်ပေးအပ်သည့် Asian Media Awards 2014 အခမ်းအနားသို့ တက်ရောက်ပြီးနောက် Eleven Media Group သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group သို့ ရောက်ရှိစဉ် အတွင်း EMG ၏ မီဒီယာလုပ်ငန်း လုပ်ဆောင်မှု အဆင့်ဆင့် သတင်းမှတ်တမ်းကို ကြည့်ရှုခဲ့ပြီး အယ်ဒီတာအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Mr.Tomas Brunegard က "အာရှမှာဖြစ်ပွားနေတဲ့ အကြောင်းအရာတွေဟာ တစ်ကမ္ဘာလုံးအတွက် အရေးပါတဲ့ အရာတွေပါပဲ။ အာရှဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီလိုနေရာမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အပါအ၀င် အခြေခံ လူ့အခွင့်အရေးတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ ကာလမှာ ဒီအချက်တွေကို အခြေခံ ဥပဒေအတွင်းမှာ ပြဋ္ဌာန်းရုံတင်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးနိုင်တဲ့ အနေအထားမျိုးရောက်အောင် ဖော်ဆောင်ရပါမယ်။ စီးပွားရေးအရတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ထိတွေ့ ဆက်ဆံမှုတွေမှာ အရမ်းကို ပွင့်လင်းလာပါပြီ။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း ပွင့်လင်းဖို့ လိုပါသေးတယ်။ ဒါမှမဟုတ်ရင် အသိုင်းအ၀ိုင်းတစ်ခုလုံး ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ ရင့်ကျက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပင်းလာတာပါ။ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ လွတ်လပ်တဲ့ စာနယ်ဇင်းတွေဟာ အကျင့်ပျက်ခြစားမှုကို ကုသနိုင်တဲ့ အကောင်းဆုံး ဆေးတစ်ခွက်အဖြစ်၊ အစိုးရကောင်းတစ်ခု တည်ဆောက်ဖို့နဲ့ အစိုးရရဲ့ အရည်အသွေး ကောင်းမွန်ဖို့အတွက် အရေးပါတဲ့ အရာတစ်ခုအဖြစ် လက်ခံထားပါတယ်" ဟု ပြောကြားခဲ့သည်။ ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ၎င်း၏တစ်ရက်တာ ခရီးစဉ်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

Mr.Tomas Brunegard သည် ၂၀၁၄ ခုနှစ်မှစတင်ပြီး ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဖြစ်ပြီး ဆွီဒင်င်ငံရှိ Stampen Group ၏ CEO တာဝန်ကိုလည်း ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ထို့အပြင် ၎င်းသည် ဆွီဒင်သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး၏ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ Mr.Tomas Brunegard သည် University of Gothenburg မှ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်သည်။

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံးသည် ကမ္ဘာတစ်ဝန်းရှိ သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအတွက် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ဥရောပကောင်စီတို့တွင် တရားဝင်ကိုယ်စားလှယ်အဖြစ် ရပ်တည်လျက်ရှိသည်။ WAN-IFRA အဖွဲ့သည် ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်အတွက် အကာအကွယ်ပေးနေသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်အတွက် ကြေညာချက်များ ထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းပြောဆိုလေ့ရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

WAN-IFRA ကို ၁၉၄၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့သတင်းစာများ အစည်းအရုံး (WAN) အနေဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် သတင်းစာထုတ်ဝေသူများနှင့် ပူးပေါင်းပြီွးှ WAN-IFRA အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှား ထုတ်ဝေနေသော သတင်းစာပေါင်း ၁၈၀၀၀ ကို ကိုယ်စားပြုထားသည့် WAN-IFRA အဖွဲ့တွင် နိုင်ငံပေါင်း ၇၆ နိုင်ငံမှ သတင်းစာ အစည်းအရုံးများ၊ သတင်းအေဂျင်စီ ၁၂ ဖွဲ့၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒေသတွင်းအလိုက် ဖွဲ့စည်းထားသော သတင်းစာအဖွဲ့အစည်း ၁၀ ဖွဲ့၊ အင်တာနက် ၀က်ဘ်ဆိုက်ပေါင်း ၁၅၀၀၀ နှင့် ကုမ္ပဏီ ၃၀၀၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထို့ပြင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေးနှင့် တိုးမြှင့်လုပ်ဆောင်ရေး၊ သတင်းစာထုတ်ဝေမှု တိုးတက်စေရန် အထောက်အကူပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အား ရည်ရွယ်ချက်ထား လုပ်ဆောင်သော WAN-IFRA အနေဖြင့် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး နှစ်စဉ်ဆုများ ပေးအပ်လျက်ရှိကာ ရွှေကလောင်ဆုမှာ ထင်ရှားသော ဆုတစ်ဆုဖြစ်ပါသည်။

၁၉၆၁ ခုနှစ်မှစတင်၍ WAN-IFRA မှ နှစ်စဉ်ပေးအပ်ချီးမြှင့်သည့် ရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ ပထမဆုံးရရှိခဲ့သူမှာ ဂါးဒီးယန်း ဦးစိန်ဝင်းဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ပူးတွဲအနေဖြင့် ရရှိခဲ့သူ နှစ်ဦးမှာ ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ဖြစ်ပြီး ၂၀၀၁ ခုနှစ်၌ ရရှိခဲ့ကြသည်။ ၂၀၁၃ ခုနှစ်တွင် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်အား ရွှေကလောင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ စတုတ္ထမြောက် ရရှိခဲ့သူဖြစ်သည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား WAN-IFRA ဥက္ကဋ္ဌ Mr.Tomas Brunegard လာရောက်တွေ့ဆုံစဉ်

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) ဥက္ကဋ္ဌ Mr.Tomas Brunegard Eleven Media Group၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - အောင်မျိုးသန့်)

Eleven Media Group

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform