စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်း တာဝန်များ

လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်း တာဝန်များသည် အပေါ်ယံအားဖြင့် အားလုံး တူညီမှု ရှိနိုင်သော်လည်း အတွင်းကျကျ  အသေးစိတ် လုပ်ငန်း တာဝန်များသည် လုပ်ငန်း၊ ကုမ္ပဏီ တစ်ခုချင်းအလိုက်၊ အခြေအနေ တစ်ခုချင်းအလိုက် ကွဲပြားခြားနား ကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ တစ်ခါတစ်ရံတွင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်းတာဝန် အသေးစိတ်ကို သတ်မှတ်ရန် ခက်ခဲလှပါသည်။ ဤ အကြောင်း ကြောင့်ပင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများသည် အမျိုးမျိုးသော လုပ်ဆောင် ချက်များကို လုပ်ကိုင်တတ်ရန် လိုအပ်ပြီး အခန်းကဏ္ဍ အမျိုးများစွာတို့ကို နိုင်နင်းစွာ ကိုင်တွယ် တတ်ရပေမည်။ ဤသည်မှာ ပြည့်စုံ ကျွမ်းကျင်သော လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာ တစ်ယောက်အဖြစ် ရပ်တည်ရေးတွင် အဓိက ကျလှပေသည်။ ဤသို့ဆိုပါက မည်ကဲ့သို့သော လုပ်ငန်းတာဝန် အခန်းကဏ္ဍများကို လုပ်ဆောင် တတ်ရမည်နည်းဟု မေးရန် ရှိပေသည်။ အမေရိကန် ပြည်ထောင်စုရှိ American Society for Training & Development အဖွဲ့ကြီးက လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာအများစု၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ငန်းတာဝန် အသေးစိတ်တို့ကို စစ်တမ်းကောက်ယူပြီး ဖော်ပြပါ မေးခွန်းအတွက် အဖြေ ပေးခဲ့ပါသည်။ လူသား အရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အောက်ပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အထက်ဖော်ပြပါ စစ်တမ်း ကောက်ယူခြင်းမှ ထွက်ပေါ် လာပါသည်။

၁။ အကဲဖြတ်သူ (Evaluator)
လူသားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၏ ထိရောက်မှုနှင့် အသုံးဝင်မှုများကို လေ့လာစိစစ်ပြီး ဝန်ထမ်းများနှင့် အဖွဲ့အစည်းအား မည်သို့မည်ပုံ အကျိုးပြုနိုင်သနည်းဟု လေ့လာ အကဲဖြတ်နိုင်သူ ဖြစ်ရပေမည်။

၂။ အဖွဲ့အား အထောက်အကူပြုသူ (Group Facilitator)
အဖွဲ့လိုက် ဆွေးနွေးခြင်းနှင့် အဖွဲ့လိုက် ဆောင်ရွက်ခြင်းတို့ကို စီမံခန့်ခွဲပြီး တစ်ဦးချင်းစီနှင့် အုပ်စုအဖွဲ့လိုက် အတွေ့အကြုံကောင်းများ ရရှိခံစားနားလည်တတ်လာစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၃။ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက် ရေးသားအကြံပြု ဆွေးနွေးသူ  (Individual Development Counsellor)
ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ပိုင် အရည်အသွေးများ၊ တန်ဖိုးများ၊ ရည်မှန်းချက်များအား ဆန်းစစ်ဖော်ထုတ်ရာတွင် အထောက်အကူပေးပြီး အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ သတ်မှတ်ဖော်ထုတ်ရေးဆွဲပြီး အကောင်အထည်ဖော် ရေးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၎။ သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားသူ (Instructional Writer)
မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည့် သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားနိုင်သူ ဖြစ်ရပေမည်။

၅။ လမ်းညွှန်ပြသသူ (Instructor)
တစ်ဦးချင်းသင်ယူစေရန် သတင်းအချက်အလက်များ ပြင်ဆင်တင်ပြခြင်းနှင့် သတ်မှတ်ထားသော သင်ယူမှုအတွေ့အကြုံများ ရရှိစေရန် လမ်းညွှန်ပြသနိုင်သူ ဖြစ်ရပေမည်။

၆။ လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံခန့်ခွဲသူ (Manager of Training & Development)
လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ သို့မဟုတ် စီမံချက်များအား စီစဉ်ခြင်း၊ စုဖွဲ့ဆောင်ရွက်ခြင်း၊ တာဝန်ပေးခြင်း၊ ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ပြီး အဖွဲ့အစည်းရှိ အခြားအဖွဲ့ငယ်များနှင့်အတူ လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား ပူးပေါင်းလုပ်ဆောင်နိုင်ရေးကို ချိတ်ဆက်ပေးနိုင်သူ ဖြစ်ရပေမည်။

၇။ ဈေးကွက်ဖော်ဆောင် မြှင့်တင်သူ (Marketer)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမြင်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများကို အဖွဲ့အစည်း၏ ဌာနအသီးသီး လက်အောက်ရှိ ကြိုတင်သတ်မှတ်ထားသည့် ဝန်ထမ်းအားလုံး သိရှိစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၈။ ပြန်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူ (Media Specialist)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ပြန်ကြားရေးဆိုင်ရာ အရုပ်နှင့် အသံပြုလုပ်ချက် နည်းပညာများ၊ ကွန်ပျူတာပြုလုပ်ချက် နည်းပညာများနှင့် အခြားသင်ထောက်ကူ နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပေမည်။

၉။ လိုအပ်ချက်များကို ဆန်းစစ်လေ့လာသူ (Needs Analyst)
ကြိုတင်သတ်မှတ်ထားသည့် ဆောင်ရွက်နိုင်မှုနှင့် အမှန်တကယ် ဆောင်ရွက်နိုင်မှုအကြား ကွာဟချက်များကို ဖော်ထုတ်ပြီး ၎င်းကွာဟချက်များ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်သူ ဖြစ်ရပေမည်။

၁၀။ အစီအစဉ် စီမံအုပ်ချုပ်သူ (Programme Administrator)
သင်ယူမှု အစီအစဉ်များအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ပါဝင်မည့်သူများနှင့် အခြားလိုအပ်သည့် အစိတ်အပိုင်းအားလုံး အဆင်သင့် ရှိနေစေပြီး အစီအစဉ်တစ်ခုလုံး အောင်မြင်ချောမောစွာ အကောင်အထည် ဖော်နိုင်ရေးကို ဦးစီးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၁။ အစီအစဉ်ပုံဖော်သူ (Programme Designer)
သီးခြားသတ်မှတ်ထားသော အစီအစဉ်များ၏ ရည်ရွယ်ချက်များ ပြင်ဆင်ချမှတ် လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ ဆောင်ရွက်ရမည့် (၁၅) ရပ်၊ ပါဝင်သည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လုပ်ဆောင်ချက်များ ရွေးချယ်သတ်မှတ်ခြင်းနှင့် အစီအစဉ် ကျနမှု ရှိနေ စေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၂။ မဟာဗျူဟာ ကျွမ်းကျင်သူ (Strategist)
လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တာဝန်များ အောင်မြင်ပြီးမြောက်စေရန် ပို့ချရန်ရှိသော သင်တန်း ပုံစံများ၊ ဖွဲ့စည်းမှုများ၊ မူဝါဒများ၊ အစီအစဉ်များ၊ ဝန်ဆောင်မှုများနှင့် လက်တွေ့ဆောင်ရွက်မှုများအား ရေရှည်အစီအမံများ ချမှတ်ပြီး အကောင်အထည် ဖော်နိုင်သူ ဖြစ်ရပေမည်။

၁၃။ လုပ်ငန်းတာဝန်အား ဆန်းစစ်လေ့လာသူ (Task Analyst)
အလုပ်အကိုင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုတွင် သီးခြားသတ်မှတ်ထားသော အကျိုးရလဒ်များ အောင်မြင်စွာရရှိစေရန် လုပ်ဆောင်မှုများ၊ လုပ်ငန်းတာဝန်များ၊ အသေးစိတ် လုပ်ငန်းတာဝန်များ၊ လူသားအရင်းအမြစ်နှင့် လိုအပ်သော အထောက်အပံ့များအား ဖော်ထုတ် သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၄။ သဘောတရား ပညာရှင် (Theoretician)
သင်ယူခြင်း၊ သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်သော သဘောတရား အယူအဆများအား တိုးတက်စေခြင်းနှင့် စမ်းသပ် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။

၁၅။ ချိတ်ဆက်ဖော်ဆောင်ပေးသူ (Transfer Agent)
တစ်ဦးချင်းသင်ယူမှုမှ ရရှိထားသော အတွေ့အကြုံများကို လက်တွေ့နှင့် ချိတ်ဆက် အသုံးချနိုင်ရေးကို ကူညီသူ ဖြစ်ရပေမည်။ အချုပ်အားဖြင့် တင်ပြရသော် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အထက်ဖော်ပြပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အဖွဲ့အစည်း အမျိုးမျိုးရှိ လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အရေးကြီးသော တာဝန်ကြီးများ ဖြစ်ပေသည်။ ၎င်း အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အလုပ်အကိုင်ဆိုင်ရာ ကိုယ်ပိုင်အစီအစဉ်များ (Career Mapping) ချမှတ်ရာတွင် များစွာ အထောက်အကူ ပြုနိုင်ပေသည်။ ၎င်းတာဝန်ကြီးများကို အခြေခံပြီး လူသားအရင်းအမြစ် စီမံခန့်ခွဲသူများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုပညာရပ် တစ်ခုလုံးကို ခြုံငုံလေ့လာသူ (HRM Generalist) အဖြစ်လည်းကောင်း၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာရပ်အောက်ရှိ လုပ်ငန်းစဉ် တစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသူ (HRM Specialist) အဖြစ်လည်းကောင်း ရွေးချယ်နိုင်ကြပေမည်။ ထို့အပြင် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအား စစ်တမ်းကောက်ယူခြင်းမှ ရရှိလာသော ဖော်ပြပါ အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် လက်တွေ့ကျသော သဘောတရားများကို ဖော်ပြပေးခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းစွာ သိမြင်စေပါကြောင်း ရေးသားဖော်ပြအပ်ပေသည်။

ထွန်းထွန်းအောင် (စီးပွား)
By HR Journal Originally posted 20/08/2011 11:34AM

မားကက်တင်း ကကြီး၊ ခခွေး

မားကက်တင်း ကကြီး၊ ခခွေး

  
မားကက်တင်းဆိုတာ ဘာလဲ

လူတော်တော်များများက ရောင်းတာ၊ ကြော်ငြာတာလောက်ကိုပဲ မားကက်တင်းလို့ ထင်ကြတယ်။  ဒီလိုထင်တာကလည်း သိပ်တော့ အံ့သြစရာ မရှိပါဘူး။ နေ့တိုင်းလိုလိုပဲ လူတွေဟာ ကြော်ငြာတွေ၊ အရောင်းအဖွဲ့တွေနဲ့ တရစပ် ထိတွေ့နေရတာ မဟုတ်လား။ တစ်ယောက်မဟုတ် တစ်ယောက်က ကျွန်တော်တို့တစ်တွေကို တစ်ခုခုရောင်းဖို့ ကြိုးစားနေကြတယ်။ (အိုနာသေဘေးရယ်၊ အခွန်ရယ်၊ အရောင်းရယ်ကို ကျွန်တော်တို့ ရှောင်လွှဲလို့မရ)

Telling and Selling

တကယ်တော့ ရောင်းခြင်း၊ ကြော်ငြာခြင်း Selling and advertising ဆိုတာ မျောနေတဲ့ မားကက်တင်း ရေခဲတုံးကြီးရဲ့ ထိပ်ဖျားလေးပါပဲ။ ဒီနှစ်ခုဟာ အရေးကြီးပေမဲ့ မားကက်တင်း အလုပ်စဉ်ကြီးရဲ့ အစိတ်အပိုင်းတွေပါ။ (ဒါပေမဲ့ အရေးအကြီးဆုံးတွေတော့မဟုတ်) ဒီကနေ့ ခေတ်မှာကျတော့ မားကက်တင်းဆိုတာ ရောင်းရုံ (telling and selling) မဟုတ်တော့။ ဒါက အယူအဆ ဟောင်းကြီးဖြစ်သွားပြီ။ ဖောက်သည်ရဲ့ အလိုကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အမြင်နဲ့ မားကက်တင်းကို ကြည့်ရမယ်။ စားသုံးသူရဲ့ လိုအပ်ချက်ကို တကယ်သိမယ်၊ သူတို့တွေအတွက် အကျိုးရှိမယ့် ပစ္စည်းတွေထုတ်မယ်၊ ဈေးနှုန်းသင့်တင့် ဖြန့်ဖြူးမှုကောင်းပြီး အရောင်းမြှင့်တင်ရေးထိ ရောက်မယ်ဆိုရင် ပစ္စည်းတစ်ခုဟာ အလွယ်တကူနဲ့ ရောင်းချနိုင်လိမ့်မယ်။

မားကက်တင်းဆိုတာ

Chartered Institute of Marketing က မားကတ်တင်းကို “အမြတ်ယူပြီး စားသုံးသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ” လို့ အဓိပ္ပာယ် ဖွင့်ခဲ့တယ်။ ဆိုလိုတာကတော့ မားကက်တင်းဆိုတာ Management Function တစ်ခုဖြစ်တယ်။ ဒါကြောင့် ဖောက်သည်တွေရဲ့ အကြိုက်ကိုသိအောင်လုပ်၊ အဲဒီအကြိုက်ကို ဆောင်ပေးနိုင်ရင် လုပ်ငန်းရော ဖောက်သည်ပါ အကျိုးအမြတ်ရမယ်။

အကန့်အသတ်မရှိတဲ့ လိုအင်များ

လူတွေမှာ မြားမြောင်ထွေပြားတဲ့ လိုအင်တွေရှိကြတယ်။ စားဝတ်နေရေးဆိုတဲ့ အခြေခံဇီဝကမ္မ လိုအင်တွေရှိသလို စိတ်ပိုင်းဆိုင်ရာ လိုအင်တွေလည်း ရှိတယ်။ ဒီလိုအင်ဆန္ဒတွေကို မားကက်တင်းသမားတွေက ဖန်တီးထားတာမဟုတ်။ လိုအင်တစ်ခုရှိလာရင် လူတစ်ယောက်ဟာ ဒီလိုအင်ကို ပတ်သက်ဖို့ကြိုးစားမယ်။ ဒါမှမဟုတ် ဒီလိုအင်ကို ဖြည့်ဆည်းပေးနိုင်မယ့် အရာကိုလိုက်ရှာမယ်။ လူတွေဟာ သူတို့ရဲ့ လိုအင်ဆန္ဒတေကို Products တွေနဲ့ ဖြည့်ဆည်းကြတယ်။ လူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာတွေကို Products လို့ခေါ်တယ်။ များသောအားဖြင့် Products ဆိုတာ ကားလို၊ တီဗီလို၊ ဆပ်ပြာခဲလို ဒြပ်ရပစ္စည်းတွေကို ခေါ်တာ။ ဒါပေမဲ့ Products ဆိုတဲ့စကားလုံးက ဒြပ်ရှိပစ္စည်းတွေတင် မကဘူး၊ လူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ပေးနိုင်တဲ့ အရာမှန်သမျှဟာ Products ဖြစ်တယ်။ မားကက်တင်းသမားတွေက ဒြပ်ရှိနဲ့ ဒြပ်မဲ့ပစ္စည်းတွေကို ခွဲခြားဖို့ ကုန်စည် (goods) နဲ့ ဝန်ဆောင်မှု (Services) ဆိုပြီး သုံးနှုန်းကြတယ်။ ဒီ goods တွေ Service တွေအပြင် လူတွေရဲ့ လိုအင်ဆန္ဒတွေက တခြားအရာတွေကလည်း ဖြည့်ဆည်းပေးနိုင်တယ်။ အဲဒါတွေက တီဗီမှာ ဘယ်သရုပ်ဆောင်ကို ကြည့်မလဲ။ အားလပ်ရက်မှာ ဘယ်နေရာကိုသွားမလဲ။ ဘယ်အဖွဲ့အစည်းကို ထောက်ခံမလဲ၊ ပံ့ပိုးမလဲ။ ဘယ်အိုင်ဒီယာကို ကျင့်သုံးမလဲ။ ဒါကြောင့် product  ဆိုရင် လူတွေရဲ့ လိုအင်ဆန္ဒက ဖြည့်ဆည်းနိုင်မယ့် ဒြပ်ရှိပစ္စည်းတွေ၊ ဒြပ်မဲ့ဖြစ်တဲ့ ဝန်ဆောင်မှုတွေ၊ အခြားအရာတွေ ပါပါတယ်။

မှန်းချက်နဲ့ နှမ်းထွက်

ဖောက်သည်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှုဟာ မျှော်မှန်းချက် (expectation) နဲ့ အမြင်သဘောထား (perception) ပေါ်မှာ မူတည်တယ်။ နှမ်းထွက်  (expectation) ဟာ မှန်းချက် (perception) အတိုင်းဖြစ်ခဲ့ရင် ဖောက်သည်တစ်ယောက်ဟာ စိတ်ကျေနပ်မှာဖြစ်ပြီး ပိုခဲ့ရင်တော့ ပျော်ရွှင်နှစ်ထောင်း အားရဖြစ်မယ်၊ လျော့ခဲ့ရင်တော့ စိတ်ကျေနပ်မှုရမှာ မဟုတ်တော့။ တွင်းရေလောက်သာ သောက်ဖူးတဲ့ ကျွန်တော့်လို လူတစ်ယောက်ကတော့ ကျွန်တော်တို့ မြို့ကထုတ်တဲ့ ရေသန့်ဘူးလေးကို သောက်ရရင် စိတ်ချမ်းသာတာပဲ။ ကျွန်တော့်ရဲ့  expectation က ပုလင်းထဲကို ရေထည့်ပြီး တံဆိပ်ကပ်လိုက်ရင် ရေသန့်လို့မြင်ထားတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတစ်ယောက်ကတော့ အဲဒီရေသန့်ကို မသောက်ဘူးဗျ။ ကွာလတီ မကောင်းလို့တဲ့။ ရာနှုန်းပြည့် ရေသန့်မဟုတ်လို့တဲ့။ သူ့ရဲ့အမြင် (expectation) က သိပ်မြင့်နေတာကိုး။

တီကျူအမ်

ဖောက်သည်တွေ စိတ်ကျေနပ်မှုဟာ ကွာလတီနဲ့ ဆက်နွှယ်နေတယ်။ ဒါကြောင့် လုပ်ငန်းအတော်များများက အလုံးစုံအ ရည်အသွေးစီမံခန့်ခွဲမှု (Total Quality Management -TQM) ကို သုံးလာကြတယ်။ တီကျူအမ်ဆိုတာ Product တစ်ခုရဲ့ ကွာလတီကို စဉ်ဆက်မပြတ် အရည်အသွေး ကောင်းအောင်လုပ်တဲ့ ပရိုဂရမ်တစ်ခုပါပဲ။ ကွာလတီဟာ Product တစ်ခုရဲ့ ပါဖောင်းမန့်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိတယ်။ ဆိုလိုတာက ကွာလတီကောင်းရင် ပါဖောင်းမန့် ကောင်းမယ်။ ပါဖောင်းမန့်ကောင်းရင် ဖောက်သည်တွေ စိတ်ချမ်းသာမယ်၊ လုပ်ငန်းလည်း အမြတ်ရမယ်။

မားကက်တင်းဘယ်မှာသုံး

မားကက်တင်းကို ကုန်စည်တွေ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကသာ သုံးကြတာမဟုတ်။ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ စာရင်းကိုင်လုပ်ငန်းတွေလို ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ တက္ကသိုလ်တွေ၊ ပရဟိတလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ စစ်တပ်တွေလို အမြတ်ကို ရှေးမရှုတဲ့ အဖွဲ့အစည်းတွေကလည်း မားကတ်တင်း လုပ်ကြတယ်။

By HR Journal Originally posted 05/02/2012 20:20PM

အားကိုးလောက်တဲ့ အရာရှိ

အလုပ်လုပ်ကြတဲ့ လူတိုင်းမှာ အထက်အရာရှိနဲ့ အဆင်မပြေဘူး။ နားလည်မှုမရှိဘူးဆိုတဲ့ ပုံပြင်လေးတွေ နောက်ကွယ်မှာ ရှိကြတာ ချည်းပါပဲ။ ကိုယ်သာ သူဋ္ဌေးဆို ဒီလိုဘယ်လုပ်မလဲ ဆိုတာမျိုးလည်း မကြာခဏ တွေးမိကြပါတယ်။  တကယ်လို့များ ကိုယ့်ကြိုးစားမှုကလည်း ကောင်းလို့၊ အခြေအနေကလည်းပေးလို့ ဝန်ထမ်းအချို့ကို စီမံခန့်ခွဲရတဲ့ အရာရှိရာထူးမျိုးကို တိုးမြှင့်ခံရတဲ့အခါ ဝန်ထမ်းတွေ အားကိုးလောက်တဲ့ အရာရှိဖြစ်လာဖို့ အောက်ပါ အချက်တွေက အထောက်အကူ ပြုနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ဝန်ထမ်းတွေကို ကြိုးစားကြဖို့၊ သင်ယူဖို့မပြောခင် အရာရှိကိုယ်တိုင်က သင်ယူစရာတွေမပြတ် လေ့လာသင်ယူ သင့်ပါတယ်။ ဒါရိုက်တာပဲ၊ မန်နေဂျာပဲ အားလုံး သိတယ်ဆိုတဲ့ စိတ်မျိုးမထားဘဲ စဉ်ဆက်မပြတ် လေ့လာခြင်း (Continuous Learning) နဲ့ ကိုယ်တိုင်ရဲ့ တိုးတက်မှုကို ရှာဖွေကြရပါမယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလုပ်တဲ့ ဟောပြောပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကို တက်ရောက်တာ၊ မွမ်းမံသင်တန်းတက်တာ၊ လေ့လာရေး ခရီးထွက်တာမျိုးတွေကို အခါအခွင့်သင့်တာနဲ့ လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ လက်ရှိဈေးကွက်မှာ ဖြစ်ပျက်နေတာတွေနဲ့ အပြောင်းအလဲတွေကို မျက်ခြည်မပြတ်မှာ ဖြစ်ပါတယ်။ အရာရှိကောင်းတွေမှာ ရှိသင့်တဲ့ အချက်တစ်ခုကတော့ တိကျပြတ်သားတဲ့ လမ်းညွှန်မှုပါပဲ။ ဝန်ထမ်းတွေက ဘာလိုချင်တယ်၊ ဘာလုပ်ပေးရမယ်ဆိုတာကို အရိပ်အခြည်လောက်ပဲ ပြောပြတာထက် တိတိကျကျ ပြည့်ပြည့်စုံစုံ ပြောပြလိုက်ရင် ဝန်ထမ်းတွေ အတွက်လည်း လွယ်ကူသလို အမှားအယွင်း နည်းတာကြောင့် ကိုယ်တိုင်အတွက်လည်း အချိန်ကုန် သက်သာပါတယ်။ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းတွေ တင်ပြလာတဲ့ အခက်အခဲတွေကို အလေးအနက် အချိန်ပေး နားထောင်ပြီး စဉ်းစား ဖြေရှင်းပေးသင့်ပါတယ်။

တချို့အရာရှိတွေက “ဘယ်လိုနည်းနဲ့ပဲ ရရ၊ ငါခိုင်းတာ အောင်မြင်ရင်ပြီးရော” ဆိုတဲ့ စိတ်ထားတွေ ရှိကြပါတယ်။ ဒါဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်တာကြောင့် Two-way Communication   လို့ခေါ်တဲ့ အပြန်အလှန် ဆက်ဆံခြင်းကိုသာ အသုံးပြုသင့်ပါတယ်။ အရာရှိတွေ သိထားသင့်တဲ့ အခြားအခြေခံ အချက်တစ်ခုကတော့ ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဝန်ထမ်းတိုင်းဟာ ထိုက်တန်တဲ့ လေးစားခံရမှု ရှိသင့်ပါတယ်။ ကိုယ်ကအရာရှိဖြစ်လို့ ကိုယ်နဲ့တန်းတူ ဒါမှမဟုတ် ကိုယ့်ထက်ရာထူးမြင့်တဲ့ ပုဂ္ဂိုလ်တွေကိုပဲ အရေးတယူ ဆက်ဆံနေမယ်ဆိုရင်တော့ ကိုယ့်ဝန်ထမ်းတွေရဲ့ ရိုသေလေးစားမှုကို ထိုက်သင့်သလောက် မရနိုင်ပါဘူး။ ကိုယ့်ဝန်ထမ်းတွေဟာ ဌာနရဲ့ သက်ဆိုင်ရာ တာဝန်တွေကို ကျေပွန်အောင် အတူလက်တွဲ လုပ်ဆောင်ကြသူတွေဖြစ်လို့ သူတို့ကိုလည်း ထိုက်သင့်သလို တလေးတစား ဆက်ဆံကြရပါမယ်။

ရာထူးနိမ့်တဲ့ ဝန်ထမ်းအများစုဟာ သူတို့ရဲ့ စွမ်းဆောင်ရည်အတွက် အထွေအထူး ချီးကျူးခံကြရလေ့မရှိပေမဲ့ အမှားတစ်ခုလုပ်မိရင်တော့ အရာရှိတွေရဲ့ ဆူပူမှုကို အခါမလပ်ခံကြရပါတယ်။ ဒါကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့အခါမှာလည်း အနည်းဆုံး နှုတ်နဲ့ပဲဖြစ်ဖြစ် ချီးကျူးအားပေးကြရပါမယ်။ အရာရှိကောင်းဖြစ်ဖို့ အရေးပါတဲ့ အချက်တစ်ခုကတော့ ကိုယ့်ဝန်ထမ်းတွေအကြောင်း ကောင်းကောင်း သိနေဖို့ပါပဲ။ ဘယ်ဝန်ထမ်းကတော့ ဘယ်နေရာ အားသာတယ်၊ အားနည်းတယ်ဆိုတာကို သိနေမှသာ အလုပ်တွင်မှာ ဖြစ်သလို သူတို့ရဲ့ အားနည်းချက် တွေကိုလည်း အားသာချက် ဖြစ်လာအောင် အချိန်ယူ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတိုင်းဟာ ဘက်စုံ ထူးချွန်မနေတာကြောင့် လိုအပ်နေတဲ့ စွမ်းဆောင်ရည်တွေအတွက် သင်တန်းတက်ခိုင်းတာ၊ ရုံးအတွင်းမှာပဲ လေ့လာစေတာမျိုးတွေ လုပ်ပေးရပါမယ်။

သူတို့စွမ်းဆောင်ရည် တက်လာလေ ကိုယ်တာဝန်ယူထားရတဲ့ ဌာနရဲ့ စွမ်းဆောင်ရည်လည်း တက်လာလေဖြစ်မှာပါ။ အရာရှိနဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးဟာလည်း အဓိကကျပါတယ်။ တချို့အရာရှိတွေက ဝန်ထမ်းတွေ တုန်နေအောင် ကြောက်တာကို ကြိုက်ကြသလို တချို့ကတော့ အရိုသေ မခံလောက်အောင်ကို ရောရောနှောနှော ပေါင်းသင်းကြပါတယ်။ တကယ်တော့ အရာရှိနဲ့ ဝန်ထမ်းတွေမှာ သင့်တင့်လျောက်ပတ်တဲ့ လေးစားမှုရှိသင့်သလို ဆက်ဆံရေးဟာလည်း ပွင့်လင်းရိုးသားမှု ရှိဖို့လိုပါတယ်။ သူတို့ရဲ့ လုပ်ငန်းခွင်က အခက်အခဲတွေကို တတ်နိုင်သလောက် ဖြေရှင်း၊ တောင်းဆိုအပ်တဲ့ အခွင့်အရေးတွေကို အထက်ကို တင်ပြပေး၊ တားမြစ် ပြုပြင်သင့်တာတွေကိုလည်း အုပ်ထိန်းသူသဖွယ် လမ်းပြပေးမှသာလျှင် အရာရှိကောင်း ပီသမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေ ချစ်ခင် အားကိုးလောက်တဲ့ အရာရှိ ဖြစ်လာတာနဲ့အမျှ ကိုယ်အုပ်ချုပ်ရတဲ့ ဌာနရဲ့ စွမ်းဆောင်မှုဟာလည်း အချိုးကျ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီတစ်ခါ အထက်အရာရှိတွေရဲ့ ချီးကျူးမှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ရာထူးမျိုးကို တိုးမြှင့်ခံထားရတာမျိုး၊ လစာတိုးတာ မျိုးသာမက မိမိရဲ့ ဝန်ထမ်းတွေမှာလည်း ပိုမို အကျိုးများနိုင်တာကြောင့် အားကိုးလောက်တဲ့ အရာရှိများအဖြစ် ကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။

<p>Ref: How to be a good by</p>
Obinna Heche
By Opportunity Journal Originally posted 29/08/2011 12:06PM

မန်နေဂျာ အရာရှိတို့၏ ပုထုဇဉ်သဘာဝ

မန်နေဂျာ အရာရှိတို့၏ ပုထုဇဉ်သဘာဝ
မနုဿ လူသားအရင်းအမြစ် (Human Resource) ရယ်လို့ ဖြစ်လာသောအခါဝယ် လူနှစ်မျိုးရှိရာ ကျားနှင့်မတို့ ဖြစ်၏။ ကျားနှင့်မ လူမှုရေး သဏ္ဌာန် ကွဲပြားခြင်းကို Gender ဟု ခေါ်ပါသည်။
Genderမှာ မတူကြတာလေးတွေ ရှိတယ်
မတူကြတာလေးတွေကတော့ ဥပမာ ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေမှာဆိုရင် ရဟန်းခံတဲ့ သိမ်ထဲကို အမျိုးသမီး ဝင်လို့မရဘူး။ ရွှေတိဂုံ ဘုရားအထက် ပစ္စယံကို အမျိုးသမီးတက်လို့ မရဘူး။ ဒါတွေက ကမ္ဘာပေါ်မှာ အရှေ့တိုင်း နိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ။ အနောက်တိုင်း နိုင်ငံတွေရဲ့ယဉ်ကျေးမှုကျပြန်တော့ Lady First ဆိုတာမျိုးတွေ ဖြစ်လာကြပြန်ရာ အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ယဉ်ကျေးမှု မတူကြတာတွေရှိပါ၏။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂ဝရာစု၌ အမျိုးသမီး ဆရာဝန်၊ အင်ဂျင်နီယာ၊ တရားသူကြီး၊ ရှေ့နေ၊ သမ္မတ၊ ဝန်ကြီးချုပ် စတာတွေ များလာကြပြီဖြစ်၏။ ထိုအခါ ကုမ္ပဏီတစ်ခုတွင် အမျိုးသားမန်နေဂျာတွေ များလာသလို အမျိုးသမီး မန်နေဂျာ၊ စာရေးစာချီ၊ ဝန်ထမ်းတွေလည်းများလာပါပြီ။ ထိုအခါ အနောက်နိုင်ငံတို့က ပညာရှင်ဆိုသူ ဆရာကြီးတွေကလည်း ဂျင်ဒါဆတာကို ကျယ်ကျယ်လောင်လောင် အော်ဟစ်လာကြပါသည်။ တစ်ဖန် ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် INGO တွေလာရောက်လုပ်ကိုငရာ အကြံပေးအရာရှိ အနောက်နိုင်ငံသားတွေ ရောက်လာ၏။ ကျား၊ မအခွင့်အရေးတန်းတူ ရရှိရေး စသော ဒဿနများကိုလည်း နိုင်ငံခြားသားတွေက ပြောလေ့ရှိပါ၏။ အဖွဲ့အစည်း ရုံးတွေမှာဆိုရင်လည်း မိန်းမသားတွေ အနိုင်ကျင့်မှု၊ နှောင့်ယှက်ခံခြင်း Harassment မှ ကင်းဝေးရန် စည်းကမ်း၊ လုပ်ထုံးများကိုလည်း ပြဋ္ဌာန်း ကြရပါ၏။ ဒါကတော့ ပုရိသတို့၏ ရန်ကကာကွယ်ရန် ဖြစ်ပါ၏။
ပုရိသ မန်နေဂျာတို့အား ထိုးနှက်လေ့ ပုရိသ မန်နေဂျာတို့အား ထိုးနှက်လေ့ရှိသော ဗျူဟာ
ပုရိသ မန်နေဂျာတို့အား နာမည်ဖျက်လိုပါသော် အရက်သမားဖြစ်ကြောင်း အတင်းပြောလျှင် နာမည် နည်းနည်းပဲပျက်၏။ မိန်းမရှုပ်သည်ဟု အတင်းပြောလျှင်တော့ နာမည်များများပျက်ပါ၏။ မိန်းမ မရှုပ်ရဘဲ နာမည်အဖျက်ခံရသော မန်နေဂျာများစွာ ရှိပါ၏။ ဟုတ်လို့ နာမည်ပျက်တာလည်း ရှိပါ၏။ သို့သော် အရှေ့တိုင်းဒေသတွင် ဤနည်းဖြင့် နာမည်ဖျက်သော နည်းသည် ထိရောက်သော နည်းတော့ဖြစ်နေပါ၏။ စာရင်းကောက်ယူရမည်ဆိုလျှင် မိန်းမကိစ္စကြောင့် အလုပ်ပြုတ်သော မန်နေဂျာအရေအတွက် တော်တော်များများ ရှိပါမည်။ သို့သော် ယောက်ျားလေးကိစ္စနှင့် အလုပ်ပြုတ်သော အမျိုးသမီး မန်နေဂျာကို လိုက်ရှာလျှင် မရှိသလောက် ရှားပါလိမ့်မည်။ အကြောင်းရင်းကို စစ်ပါက အရှေ့တိုင်း ဒေသတို့တွင် မိန်းမတို့အိနြေ္ဒ ရွှေပေးလို့ မရဟူသော စကားပုံ ရှိပါ၏။
ထူးထူးဆန်းဆန်း မိန်းကလေး တစ်ယောက်
ကျွန်တော်သည် Management & HR သင်တန်းကို ဖွင့်ထားရာ သင်တန်းသားများထဲတွင် ထူးထူးဆန်းဆန်း စကားပြောလာသူ မိန်းကလေးတစ်ယောက်ကို တွေ့ဖူး၏။ သူမကတော့ ကုမ္ပဏီ တစ်ခု၏ Supervisor အဆင့်ရှိ မိန်းကလေးတစ်ဦး ဖြစ်ပါ၏။ သူက ဖွင့်ဟတိုင်ပင်သည်မှာ-
“ဆရာ သမီးအခုအလုပ်လုပ်တဲ့ ကုမ္ပဏီကနေ ထွက်ချင်တယ်ဆရာ။ အဲဒါ နည်းနည်း အကြံပေးပါ”
“ဘာကိစ္စထွက်ချင်တာလဲကွယ့်”
“သမီးရဲ့အထက်အရာရှိ မန်နေဂျာကြီးက မျက်နှာလိုက်တယ် ဆရာ။ သူက ယောက်ျားလေးတွေကို မျက်နှာသာပေးတယ် ဆရာ။ မိန်းကလေးဆိုရင် နှိမ်တယ်”
“ဟေ ထူးထူးဆန်းဆန်းပါလား”
တစ်ချိန်တုန်းက ကျွန်တော် မောင်ထွန်းဝင်းသည် ယောက်ျားလေး ဝန်ထမ်းများကို မျက်နှာလိုက်သည် စွပ်စွဲခံရဖူး၏။ အချိန်ကာလအားဖြင့်တော့ နည်းနည်းတော့ ကြာခဲ့ပါပြီ။ ထိုစဉ်က ကျွန်တော်သည် မြို့ငယ်လေး တစ်ခုတွင် INGO ရုံးတစ်ရုံး၌ မြို့နယ် စီမံကိန်းအရာရှိ လုပ်စဉ်က ဖြစ်၏။ ရုံးတွင်း၌ မိန်းကလေး ဝန်ထမ်း၁ဝ ယောက်လောက်၊ ယောက်ျားလေး ဝန်ထမ်း ၁ဝ ယောက်လောက်ရှိ၏။ ကျွန်တော်၏ တပည့်တစ်ဦးမှာ စောရန်နိုင် (နာမည်လွှဲ) ဖြစ်၏။ သူက လူတော် တစ်ယောက်ဖြစ်၏။ လုပ်ငန်းသဘာဝအရ ကျွန်တော်သည် မော်တော်ဆိုင်ကယ် နောက်ခုံ၌ စောရန်နိုင်ကို ခေါ်၍ သွားလေရှိ၏။ မိန်းကလေး ဝန်ထမ်းတွေကိုတော့ မော်တော်ဆိုင်ကယ် နောက်ထိုင်ခုံတွင် တင်စီးလေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့လေးက ငယ်သဖြင့် ကျွန်တော့်က အားလုံးကသိနေပြီး မျက်လုံး ဒေါက်ထောက် ကြည့်နေ၏။ စောရန်နိုင်ကိုခေါ်၍ မောတော်ဆိုင်ကယ်နှင့် တောရွာကို သွားတော့ အဆင်ပြေပုံမှာလမ်း၌ ဆိုင်ကယ်ပျက်သော စောရန်နိုင်က ပြင်တတ်၏။ မိန်းကလေး ဝန်ထမ်းဆိုရင် ဘယ်မှာ ပြင်တတ်လိမ့်မလဲ။ ထိုပြင် တစ်ခါတစ်ရံ၌ ကျေးရွာတွေကနေ ဆိုင်ကယ်စီး၍ ပြန်ကြသောအခါ ကျွန်တော်နှင့် စောရန်နိုင်တို့သည် ည ၁ဝ နာရီလောက်မှ မြို့နယ်ရုံးသို့ ပြန်ရောက်သည့် အခါရှိပါ၏။
အကယ်၍ မိန်းကလေး ဝန်ထမ်းကို ခေါ်သွားပါက မိန်းကလေး တစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ ဆိုင်ကယ် တစ်စီးရယ် ည ၁ဝ နာရီလောက် မြို့ပြင်က ပြန်လာပါသော် ပတ်ဝန်းကျင်က မည်သို့ ပြောကြပါမည်နည်း။ ဒီတော့ ခရီးထွက်သည့်အခါ စောရန်နိုင်နှင့်အတူ ခရီးထွက်တာများ၏။ စောရန်နိုင် မအားသော နေ့၌ အခြားသော ယောက်ျားလေးများနှင့် အတူ ခရီးထွက်၏။ ခရီးထွက်သောအခါ ကြုံရာခေါက်ဆွဲဆိုင်၊ ဟိုတယ်၊ ထမင်းဆိုင်တို့၌ ထမင်းစားသောအခါ တပည့် ယောက်ျားလေးများနှင့် အတူစား၏။ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်၏။ ထိုအခါ အတင်းပြောသော အသံတွေ ထွက်လာသည်မှာ ဆရာဦးထွန်းဝင်းသည် ယောက်ျားလေးများကသာ ဦးစားပေးသည်။ မိန်းကလေးတွေက ဦးစားမပေး။ ယောက်ျားလေးတွေကို မျက်နှာလိုက်သည်ဟု ဆိုကြ၏။ တကယ်တော့ မဟုတ်ရပါ။ ယောက်ျားလေးတွေက လုပ်ငန်းသဘာဝအရ ခိုင်းလို့ကောင်း၏။
ညဘက်မိုးချုပ် ခေါ်ခိုင်းလည်း အားနာစရာမလိုပါ။ ယောက်ျားလေးတွေကို မျက်နှာသာပေးသည်ဟူသော အနံ့ထွက်တာ နည်းနည်းတော်ပါသေး၏။ မိန်းကလေးတွေကို ဦးစားပေးတယ် ဆိုသော အနံထွက်ရင် ပိုမဆိုးလား။ ဤကိစ္စကို ကျွန်တော်သည် ကျွန်တော်၏ တပည့်မအား ရှင်းပြလိုက်၏။ ပြီးတော့ ဒီလို နိဂုံးချုပ်လိုက်သည်မှာ “ကဲ သမီးစဉ်းစားကြည့် ဆရာကိုယ်တိုင်လည်း တစ်ချိန်တုန်းက ယောက်ျားလေးတွေကို မျက်နှာလိုက်တယ်ဆိုပြီး အထင်လွဲတာ ခံရဘူးတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လုပ်ငန်းသဘာဝအရ ခိုင်းလို့ပိုကောင်းလို့ ပိုခိုင်းလိုက်တာပါ။ သမီးကလည်း အခုကိုယ့်ရဲ့ အထက်အရာရှိ မန်နေဂျာကို အမျိုးသားတွေကို မျက်နှာလိုက်တယ်ဆိုပြီး အထင်လွဲပြန်ပြီ၊ ဒီတော့ ဆရာသမားကို အထင် မလွဲကောင်းဘူး။ သမီး ငရဲကြီးမယ်” ဟု ဆုံးမလိုက်ပါ၏။
ထိုအခါ တပည့်မထံက ကျွန်တော် မျှော်လင့်သော စကားကတော့-
“ဟုတ်ကဲ့ဆရာ၊ သမီးနားလည်ပါပြီ” ဟူသော တုံ့ပြန်မှုဖြစ်၏။ သို့သော် ဒီလိုဖြစ်မလာဘဲ တပည့်မက ကျွန်တော့်ကို ကြောင်ကြည့်နေ၏။ အင်းမလုပ်၊ အဲမလုပ်နဲ့ပါ။ သို့နှင့်ကျွန်တော်က“ဟဲ့သမီး၊ ခုနကဆရာပြောတာကြားရဲ့လား”
“ဟုတ်ကဲ့ ကြားပါတယ်”
“ဒါဆိုရင်သမီးရဲ့မန်နေဂျာကြီးကို သမီးအထင်မလွဲတော့ဘူး မဟုတ်လား” ဟုမေးရာ တပည့်မက ဘာမျှပြန်မပြောဘဲ ကျွန်တော့်ကို ကြောင်ကြည့်နေ၏။ သို့နှင့် ကျွန်တော်က-
“ဟဲ့သမီး၊ ဆရာ့ရဲ့ဆုံးမစကားမှာ အမှားပါလို့လား။ ဆရာ့ရဲ့ဆုံးမစကား ဥပမာတွေမှာ သမီး လက်မခံနိုင်တာ ဘာရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောစမ်း” ဟု ဆိုတော့မှ တပည့်မက-
“ဒီလိုပါဆရာ၊ သမီးပြောချင်တာက သမီးရဲ့မန်နေဂျာကြီးက ယောက်ျားလေးတွေကို မျက်နှာသာပေးတယ်။ အဲဒါကို အထင်မလွဲဖို့ ဆရာက ဆုံးမတယ်” “အေးလေ အဲဒါဘာဖြစ်လို့လဲ”
“တကယ်တော့ဆရာ သမီးပြောတာ မပြည်စုံလို့ပါ။ သမီးရဲ့မန်နေဂျာကြီးဆိုတာက ယောက်ျား မန်နေဂျာ မဟုတ်ဘူးဆရာ။ အသက် ၄ဝလောက် ခပ်ချောချော အပျိုကြီး မိန်းမ မန်နေဂျာကြီးပါ ဆရာ။ မန်နေဂျာကို ယောက်ျားလား၊ မိန်းမလား ခွဲခြားမပြောမိတာ သမီးကို ခွင့်လွှတ်ပါဆရာ” “ဟိုက်”ကောင်းကြပါလေရော ခင်ဗျား။ ကောင်းကြပါလေရော။
လူလည်လူတတ် ဆရာကြီး လုပ်မိတဲ့ ကျွန်တော်သည် ဒီတစ်ချီတော့ ထိသွားပါ၏။ တပည့်မအား ဘာပြောရမှန်း မသိတော့ပါ။ တစ်ခါတလေတော့လည်း အပျိုကြီး မမ မန်နေဂျာကြီးတို့သည် ခပ်ချောချော ယောက်ျားလေး လက်အောက်ငယ်သားတို့အား “မောင်လေး” “မောင်လေး” ဟုဆိုကာ မျက်နှာသာ ပေးကြတာ ရှိဖူးမှာပါ။ တစ်ခါကတော့ ကျွန်တော့် မိတ်ဆွေတစ်ဦးသည် မြို့တစ်မြို့၌ အလုပ်လုပ်နေစဉ် သူ၏ရုံးသို့ သူ၏ မိတ်ဆွေ Lady Doctor Project Officer အပျိုကြီးတစ်ဦး လာလည်၏။ အပျိုကြီးက မော်တော်ဆိုင်ကယ်နဲ့ လာလည်တာပါ။ မော်တော်ဆိုင်ကယ်ကိုေ နာက်ကထိုင်၍ လိုက်လာတာဖြစ်ပြီး ဆိုင်ကယ် မောင်းသူကတော့ အသက် (၂၅)အရွယ်နှစ် လူငယ်တစ်ဦး ဖြစ်ပါ၏။
ကျွန်တော့် မိတ်ဆွေက နေ့လယ်စာနဲ့ တည့်ခင်းဧည့်ခံ၏။ ကျွန်တော့် မိတ်ဆွေရယ်၊ ဒေလီဒေါက်တာ အပျိုကြီးရယ်၊ အပျိုကြီးရဲ့ဆိုင်ကယ်ကို မောင်းတဲ့လူငယ်လေးရယ် အတူတူ ထမင်းတစ်ဝိုင်းတည်း စားကြ၏။ ဧည့်ခံသည့်ဟင်းက ကြက်သားဟင်း ဆီပြန်ပါ။ ဒေါက်တာ အပျိုကြီးက မော်တော်ဆိုင်ကယ် ဒရိုင်ဘာ၏ ထမင်းပန်းကန်ထဲကို ကြက်အသည်းအမြစ်လေးတွေ ထည့်ပေး၏။ တစ်ဖန် ထမင်းကုန်တော့ ထမင်းထည့်ပေးတာ လေးတွေ၊ ဟင်းရွက်ကြော် ထည့်ပေးတာလေးတွေ တွေ့ရတော့ ကျွန်တော့် မိတ်ဆွေက ဒေါက်တာ အပျိုကြီးနဲ့ ဆိုင်ကယ်ဒ ရိုင်ဘာလေး ဟိုလိုလိုဒီလိုလိုဖြစ်နေလား စနည်းနာကြည့်တော့ ၎င်းဆိုင်ကယ်ဒရိုင်ဘာလေးရဲ့အစ်ကိုဟာ ဒေါက်တာ အပျိုကြီးရဲ့လက်အောက် ဝန်ထမ်းဖြစ်၍ ဒေါက်တာ အပျိုကြီးက ဆိုင်ကယ် ဒရိုင်ဘာလေးနဲ့ကတော့ သီတာဒေဝီမင်းသမီးနဲ့ ညီတော် လက္ခဏာသဏ္ဌာန် ဖြစ်သည်ဟုဆို၏။ လွန်ခဲ့သော တစ်လခန့်က ကျွန်တော်၏ မိတ်ဆွေ အမျိုးသမီးတစ်ဦးသည် ကျွန်တော့်အိမ်သို့ လာလည်၏။ သူမ၏ ခင်ပွန်းက အဖွဲ့အစည်းတစ်ခု၏ ပညာရေးအရာရှိ ဖြစ်၏။
သူ့ခင်ပွန်း၏ အဖွဲ့ Organization တွင် အပျိုကြီး Officer တွေရှိ၏။ ၎င်းအပျိုကြီးတွေကို ရုံးကားပေးထား၏။ ရုံးကားမောင်းသောဒရိုင်ဘာများသည် ဒေါ်လာနဲ့လခရ၏။ ၎င်းအပျိုကြီး မမတို့သည် မိမိတို့၏ကား မောင်းရန် ဒရိုင်ဘာခန့်ရာ အသက် ၅ဝ ကျော် ခေါင်းဖြူစွယ်ကျိုးအရွယ် ဒရိုင်ဘာတွေကို မခန့်ကြပါ။ အသက် ၂ဝကျော် တော်တော်ချောချော ယောက်ျားလေးများကို ခန့်ပြီး “မောင်လေး” “မောင်လေး” နှင့်ခေါ်ကာ အရေးပေးသည် ဆိုရာတွင် ၎င်းမောင်လေးတို့ကလည်း “မမ” “မမ”ဟု ဂရုစိုက်ပြရသည်ဟု သူမက ဆိုပါ၏။ ဒီတော့ ကျွန်တော်တင်ပြလိုသည်က အမျိုးသား မန်နေဂျာနှင့် အမျိုးသမီး မန်နေဂျာတို့သည် ဂျင်ဒါချင်းမတူ၊ ဓလေ့ထုံးတမ်းချင်းမတူ၊ အခွင့်အရေးချင်း မတူကြပါ။ သို့သော် ကျားဖြစ်စေ၊ မဖြစ်စေ၊ ပုထုဇဉ်ဆိုသော သဘာဝကတော့ အတူတူပဲဟု ဆိုချင်ပါ၏။ အဖွဲ့အစည်းတို့၏ ဒါရိုက်တာ၊ CEO မန်နေဂျင်း ဒါရိုက်တာတို့သည် အမျိုးသာမန်နေဂျာတို့အား မိမိလက်အောက် စာရေးမလေးတွေနဲ့ ထွေးရောယှက်တင် မနေဖို့ ဆုံးမဖူးပါလိမ့်မည်။ ထိုအခါ အမျိုးသမီး မန်နေဂျာတို့ကိုလည်း မိမိလက်အောက် အမျိုးသားဝန်ထမ်းလေးတွေနဲ့ ထွေးရောယှက်တင်မနေဖို့ ဆုံးမဖို့ မေ့မနေစေရန် ဤဆောင်းပါးကို တင်ဆက်ရပါကြောင်း။
By HR Journal Originally posted 13/04/2011 10:50AM

အသက်မွေးဝမ်းကျောင်း အလုပ်အပေါ် မှီခိုအားထား နေရခြင်း သို့မဟုတ် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခု

အသက်မွေးဝမ်းကျောင်း အလုပ်အပေါ် မှီခိုအားထား နေရခြင်း သို့မဟုတ် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခု

“အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ” ဟူသော မြန်မာစကားပုံ တစ်ခုရှိသည့် အားလျော်စွာ လူတိုင်း ကိုယ်စီကိုယ်င မိမိတို့၏ စားဝတ်နေရေး အတွက် အသက်မွေး ဝမ်းကျောင်းကြရန်  အသက်မွေးမှု အတတ်ပညာ တစ်ခုစီ ကျွမ်းကျင်တတ်မြောက် ကြရပါသည်။ ငယ်စဉ်က ပညာသင်ကြား ခဲ့ရာတွင် လည်းကောင်း၊ အရွယ်ရလာသည့် အခါ အလုပ်အကိုင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာတွင် လည်ကောင်း၊ ကံ၊ ဉာဏ်၊ ဝီရိယအပေါ် မူတည်၍ တစ်ဦးနှင့် တစ်ဦး ဘဝတိုးတက်မှု ကွာခြားလာသည်ကို စာဖတ်သူများ သိပြီးဖြစ်ပါသည်။ လူတို့သည် လုပ်ခ/ လစာဖြစ်သော ပုံမှန်ဝင်ငွေ ရရှိရေးကို မျှော်မှန်းလျက် အလုပ်တစ်ခုခုကို ဝင်ရောက် လုပ်ကိုင်ရသည်မှာ ဘဝပေး တာဝန်တစ်ခုပင် ဖြစ်ပါသည်။

ဤသို့ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အမျိုးမျိုးသည် အလုပ်လုပ်သူတို့၏ မှီခိုအားထားရာ အမှန်ဖြစ်ပါသည်။ ဝန်ထမ်းများ အနေဖြင့် ဝင်ရောက် လုပ်ကိုင်သည့် အလုပ်ကို တာဝန်ယူ ထမ်းဆောင်ခြင်းဖြင့် လုပ်ခ၊ လစာနှင့် အခြားအကျိုးများ (Benefits) ရရှိသော်လည်း တစ်ဖက်တွင် ထိုအသက်မွေးဝမ်းကျောင်း အလုပ်ကပင် မိမိအား စိတ်ဖိစီးမှုများ ပေးရာ အခြေခံအကြောင်းများ သို့မဟုတ် ဇာစ်မြစ်တစ်ခု ဖြစ်နေသည်ကို တွေ့ရပါသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ မျှော်မှန်းချက်နှင့် ပတ်သက်သည့် စိတ်ဖိစီးမှု ဇာစ်မြစ်ကို ဖြစ်ပေါ်လာစေသော အဓိက အခြင်းအရာ နှစ်ရပ်ကို အောက်တွင် ဖော်ပြထားပါသည်။

(က) အလုပ်အကိုင် ခိုင်မြဲမှု အာမခံချက် မရှိခြင်း (Lack of job security)
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အတတ်ပညာ ရှာဖွေကြပြီးနောက် မိမိနှင့် သင့်တော်မည့် အလုပ်ကို ရွေးချယ်ဝင်ရောက် လုပ်ကိုင်ကြပြီး အလုပ်လုပ်ခြင်းဖြင့် ရသည့် ဝင်ငွေနှင့် မိမိ၏ စားဝတ်နေရေးကို ထိန်းကျောင်းနိုင်စေရေးမှာ လူတိုင်း၏ ပင်မ ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ တစ်ဖန် ရရှိထားသည့် အလုပ်အကိုင် အဆင်ပြေ လာသောအခါ အလုပ်ခိုင်မြဲမှု အာမခံချက်ကို လိုလားကြပါသည်။ စီးပွားရေး အခြေအနေ မကောင်းသော ကာလတွင် ကုမ္ပဏီ တစ်ခုအနေဖြင့် ဝန်ထမ်းများကို လျှော့ချရမည့် အနေအထား ကြုံတွေ့လာရပြီ ဆိုပါစို့။ ကုမ္ပဏီရှိ ဝန်ထမ်းများသည် ၎င်းတို့ အလုပ် ရပ်စဲခြင်း ခံရမည်ကို စိုးရိမ်ထိတ်လန့် ကြရပါသည်။ အလုပ်လက်မဲ့ ဖြစ်ရမည့် ဝန်ထမ်းများအဖို့ နောက်ထပ် အလုပ်အကိုင်သစ် ရရှိအောင် ရှာဖွေရမည့် ဒုက္ခကို တွေး၍ ပူပင်နေရမည် ဖြစ်သည်။

ကုမ္ပဏီ တစ်ခုတွင် ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့ လာရသောကြောင့် မလွှဲမရှောင်သာ ဝန်ထမ်းအချို့ကို အလုပ်မှ ရပ်စဲရတော့မည်ဟု ရိုးတိုးရိပ်တိပ် သတင်းစကား ထွက်လာချိန်၊ နောက်ဘယ်ဌာနမှ ဘယ်နှယောက်ပါမည် စသည်ဖြင့် အမည်စာရင်း တိကျစွာ မကြော်ငြာသေးမီ အချိန်တွင် ဝန်ထမ်းတို့၏ ခံစားရသော စိတ်ဒုက္ခကို ကိုယ်ချင်းစာနာ တတ်သူတိုင်း ခံစားနားလည် ကြပါသည်။ မည်သို့ဆိုစေ ဝန်ထမ်းတိုင်းသည် အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိပါက အနုတ်လက္ခဏာ ဆောင်သော သို့မဟုတ် စိတ်သောက ရောက်စေသော ဆိုးကျိုးတစ်ရပ် ကြုံတွေ့ပါ၏။ ထို့ကြောင့် အလုပ် လုပ်သူတိုင်း လုပ်ငန်းခွင်တွင် အဆင်ပြေစွာ အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအပြင် အလုပ်အကိုင်ကို စိတ်ချလက်ချ ခိုင်မြဲစွာ ရေရှည်လုပ်ကိုင် နိုင်ရေးမှာ အရေးကြီးကြောင်း တွေ့ရပါသည်။

(ခ) မျှော်မှန်းထားသည့် ရာထူးနှင့် လုပ်နေရသည့် နေရာ မအပ်စပ်ခြင်း သို့မဟုတ် လိုက်ဖက်မှု မရှိခြင်း (Status Incongruity)
ဝန်ထမ်း လောက၏ အတွေ့အကြုံအရ အောက်ခြေ ရာထူးနေရာများတွင် ပညာအရည်အချင်း အရလည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံတို့ အရလည်းကောင်း အလုပ်အကိုင် ရာထူးနေရာများ လစ်လပ်မှု၊ နေရာတိုးချဲ့မှုတို့ ရှိလာသောအခါ လက်ရှိ လုပ်ကိုင်နေသော ဝန်ထမ်းများ တစ်ဆင့်ပြီးတစ်ဆင့် ရာထူး တိုးတက်လေ့ ရှိပါသည်။ ဝန်ထမ်းများ အနေဖြင့် အလုပ်စတင် ဝင်ရောက်စဉ်က မိမိလုပ်ကိုင်လိုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို မည်သို့မည်ပုံ တိုးတက် လာရမည်ဟု ခိုင်မာသော ရည်မှန်းချက် ချထား တတ်ပါသည်။ သို့ရာတွင် လက်တွေ့လုပ်ကိုင် ဆောင်ရွက်နေရသော ရာထူးနေရာနှင့် နောင်ရာထူးတက်ရန် အခွင့်အလမ်း နည်းပါးခြင်းကို နှိုင်းယှဉ် သိရှိရသောအခါ အခြေအနေသည် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခု ဖြစ်လာပါသည်။

ဝန်ထမ်းတစ်ဦးသည် မိမိလက်တွေ့ တာဝန် ထမ်းဆောင်ရသည့် ရာထူးနေရာသည် “ဆက်မတက်နိုင်တော့သည့် ရာထူး” သို့မဟုတ် “ရပ်တန့်နေရသည့် ရာထူး” သို့မဟုတ် “ကျောက်ချရတော့မည့် ရာထူး” ဟု ခံစားသိမြင်သော အချက်သည် စိတ်ဖိစီးမှု၏ ဇာစ်မြစ်တစ်ခုပင် ဖြစ်၏။ ဥပမာ - ကုမ္ပဏီ တစ်ခုတွင် လုပ်သက် ၁၀ နှစ်ကျော် တာဝန်ထမ်းလာခဲ့သည့် “လက်ထောက် မန်နေဂျာ” တစ်ဦးသည် အသက်အရွယ် အရလည်းကောင်း၊ ပညာ အရည်အချင်း အရလည်းကောင်း နောက်ထပ်ရာထူး ဆက်မတက် နိုင်တော့ဘဲ ဤရာထူး Position မှာပင် ရပ်နေရမည့် အနေအထား ဖြစ်ပါသည်။ ၎င်းအနေဖြင့် “မန်နေဂျာ” ရာထူးသို့ ရာထူးတိုးမြင့် (Promotion) ရယူလိုသည်။ ဖြစ်နိုင်ပါက ထိုထက်မြင့်သော ရာထူးကို ရရှိရန် မျှော်မှန်းထားသူ ဖြစ်သောကြောင့် အဆိုပါ လက်ထောက် မန်နေဂျာမှာ စိတ်ဆင်းရဲခြင်း ကြုံတွေ့ရပါသည်။

ယေဘုယျအားဖြင့် အကြောင်း အမျိုးမျိုးကြောင့် ရာထူးတက်ရန် အခွင့်အလမ်း မရှိတော့ဘဲ လက်ရှိရာထူး နေရာဖြစ်သည့် “ရပ်တန့်နေရသည့် ရာထူး” သည် မိမိမျှော်မှန်းထားသည့် ရာထူးထက် အဆင့်နိမ့်နေသည်ဟု သိသာစွာ ခံစားလာရခြင်းသည် စိတ်ဖိစီးမှုကို စတင်စေခြင်းပင် ဖြစ်ပါသည်။ ရာထူးတက်ခြင်း၊ ရပ်တန့်ခြင်း စသည့် ဝန်ထမ်းရေးရာ ကိစ္စများကို ဆွေးနွေးခြင်း မပြုမီ အစိုးရဌာန သို့မဟုတ် ကုမ္ပဏီတစ်ခုခုတွင် ထားရှိကြရသည့် ဖွဲ့စည်းပုံဇယား (Organization Chart) ကို လေ့လာရန် လိုပါသည်။ ယခုအခါ ဝန်ထမ်း အဖွဲ့အစည်း အခင်းအကျင်းကို အထက်အောက် အဆင့်ဆင့် ဖွဲ့စည်းပုံစံ (Hierarchy) ဟု ခေါ်ဝေါ်ကြပြီး ပိရမစ် (Pyramid) ပုံစံကဲ့သို့ အောက်ခြေတွင် ကား၍ အထက်ပိုင်းတွင် ရှူးသွားသည့် ပုံသဏ္ဌာန်မျိုး ဖြစ်ကြောင်း ဝန်ထမ်းစီမံ ခန့်ခွဲရေး တာဝန်ယူသူများ သိထားပြီး ဖြစ်ပါသည်။

ဝန်ထမ်း အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် MD သို့မဟုတ် CEO တစ်ဦးက ဦးဆောင်၍ သူ့အောက်တွင် အထွေထွေ မန်နေဂျာ၊ မန်နေဂျာများနှင့် လက်အောက်ခံ ဝန်ထမ်းများကို အဆင့်များ (Layers) ပိုင်းခြား ဖွဲ့စည်းထားသည့် Hierarchy ပုံစံ ဖြစ်ပေါ် နေပါသည်။ ဤနေရာတွင် စာရေးသူသည် အစိုးရဌာနတွင် အရာရှိငယ် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်စဉ်က ဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအား ဖွဲ့စည်းပုံ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်ကို မှတ်မိနေပါသည်။ ဆရာက “ဌာနဆိုင်ရာ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအရ အောက်ခြေ ဝန်ထမ်းစု အဆင့်များတွင် ဝန်ထမ်းသစ်များ ဖြည့်တင်း ခန့်ထားရာတွင် “ခွင့်ပြုအင်အား” ဦးရေအတော်အသင့် ရှိသဖြင့် အရည်အချင်း မီသူများကို ခန့်ထားခဲ့ကြောင်း၊ သတ်မှတ်ထားသည့် လုပ်သက်နှင့် အရည်အချင်း ရှိသူများအားလည်း အထက်အဆင့်ဆင့် ရာထူးများ လစ်လပ်ခဲ့ပါက ရာထူး တိုးမြင့်ရေးကို စနစ်တကျ ဆောင်ရွက် ပေးလျက် ရှိကြောင်း။

ဝန်ထမ်း ဖွဲ့စည်းပုံသည် ပိရမစ် (Pyramid) ပုံဖြစ်သဖြင့် အထက်ပိုင်းတွင် ရာထူးနေရာများမှာ အကန့်အသတ် ရှိနေကြောင်း၊ ရာထူး တိုးတက်ရေးသည် တောင်တက်ခရီး သွားရသကဲ့သို့ မြင့်မြင့်သို့ တက်ရောက် လိုသူတိုင်း ပို၍ပို၍ ကြိုးစားရမည် ဖြစ်ကြောင်း၊ တောင်ခြေပိုင်းတွင် တက်ရတာ လွယ်သော်လည်း တောင်အမြင့်ပိုင်းတွင် ခက်ခဲစွာ ဇွဲနပဲဖြင့်တက်မှ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ အဆင့်မြင့် ရာထူးနေရာများကို အရည်အချင်း ပြည့်ဝသူများ ကြိုးကြိုးစားစားဖြင့် ရယူနိုင်ပြီး ရာထူး ရရှိလာသောအခါ တာဝန်ကြီးကြီးကို ထမ်းဆောင်ရကြောင်း၊ တောင်ခြေတွင် လိမ့်ကျပါက နာကျင်ထိခိုက်မှု နည်းသော်လည်း တောင်ထိပ်ပိုင်းမှ အဆင်မသင့်၍ လိမ့်ကျပါက ပို၍ အထိနာနိုင်ကြောင်း” ဖွဲ့စည်းပုံ (Organizational Structure) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်ကို မှတ်သားနာယူ ခဲ့ဖူးပါသည်။

လုပ်ငန်း အဖွဲ့အစည်းတွင် အလယ်အလတ်တန်း ဝန်ထမ်းအဆင့် ရှိသော မန်နေဂျာ တစ်ဦးသည် အသက် ၄၀ အရွယ် ရောက်ရှိလာသည့် အခါ တစ်ဖက်တွင် လူ့သဘော စရိုက်အရ အဆင့်မြင့်ရာထူး တိုးမြှင့်လိုချင်သည့် ဆန္ဒ ပြင်းပြလာသည်။ အခြားတစ်ဖက်တွင် အထက်ရာထူးနေရာ လစ်လပ်မှု မရှိသေးခြင်း၊ ရာထူး လစ်လပ်လာသော်လည်း အခြားဌာနမှ ပုဂ္ဂိုလ်တစ်ဦးကို ခန့်ထားလိုက်ခြင်း တို့ကြောင့် အဆိုပါ ဝန်ထမ်းမှာ လက်ရှိရာထူး နေရာတွင် ရပ်တန့် သွားပါသည်။ တစ်နည်းဆိုသော် ၎င်းအတွက် လက်ရှိရာထူး နေရာသည်သာ “မိုင်ကုန်” ရောက်သွားပြီဟု မှတ်ယူ ရပါတော့သည်။ မျှော်မှန်းချက် ကြီးကြီးထားပြီး “တက်နိုင်ရင် ထိပ်ဖျား ရောက်နိုင်တာ” ဆိုသလို ရာထူးတိုးတက် ရယူလိုသူ အမျိုးသား ဝန်ထမ်းများအဖို့ ရာထူး မတက်သဖြင့် ခံစားရသည့် စိတ်ဝေဒနာ မျိုးကို အနောက်တိုင်းတွင် “ယောက်ျား သွေးဆုံးချိန်” (Male menopause) ဟု ခေါ်ဆိုကြပါသည်။

ဤကဲ့သို့ မိမိရာထူး တိုးတက်ရေးအတွက် အဟန့်အတား သဖွယ် ရှေ့မှ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသော အနေအထားတွင် ရာထူး ရပ်တန့်သွားသူ ဝန်ထမ်း (Plateaued employee) အနေဖြင့် ကြိတ်မနိုင် ခဲမရဖြစ်ကာ စိတ်ဖိစီးမှုဒဏ်ကို တအုံနွေးနွေး ခံစားရသည်ကို ဝန်ထမ်းလောကသားများ နားလည်ထားကြပါသည်။ အောက်ခြေ ဝန်ထမ်းအလွှာ (Bottom Layer) တွင်ရှိသော ဝန်ထမ်းများသည် အလုပ်စတင် ဝင်ရောက်စဉ် ကာလအတွင်း ရာထူးအဆင့်ဆင့် တိုးတက်မှု မြန်ဆန်ခဲ့ရ သော်လည်း နောက်ပိုင်း အသက်အရွယ် ရလာလေလေ လက်ရှိရာထူးက မတက်လေလေ ဖြစ်လာပါသည်။ အသက် ၆၀ နားနီး၍ အငြိမ်းစားယူရန် ကာလ တဖြည်းဖြည်း နီးလာပါက စိတ်ခံစားမှု ပိုမိုပြင်းထန်ကာ မကျေနပ်မှု ဖြစ်ပေါ်ရသည်မှာ ဓမ္မတာပင်။

အထက်ပါ အခြေအနေမျိုးကို စီမံခန့်ခွဲရေးအဖွဲ့ (Management) မှ ဖွဲ့စည်းပုံကို ပြုပြင်ခြင်း (Reorganization) ဖြင့် ကုစား နိုင်ပါသည်။ ဝန်ထမ်းဖွဲ့စည်းမှု Hierarchy အဆင့်ကို လျှော့ချခြင်း သို့မဟုတ် ဒေါင်လိုက်အဆင့်မှ အလျားလိုက် အဆင့်သို့ အသွင်ပြောင်းစေခြင်း ဖြစ်သော မတ်စောက်သော ပိရမစ်ပုံစံအစား ပြားချပ်သော ပိရမစ်ပုံစံသို့ ပြောင်းစေသည့် သဘောပင် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံကို အဆင့်များ လျှော့ချခြင်းဖြင့် ပြားချပ်သော ဖွဲ့စည်းပုံ (Flat Organization) တစ်ခု အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းရန် လိုလာပါသည်။ ဝန်ထမ်းအဆင့်အလွှာများ လျှော့ချလာခြင်းဖြင့် လက်ရှိဝါရင့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံ ပိုမို လိုအပ်ပါသည်။ စီမံခန့်ခွဲမှုပိုင်းတွင် ဗဟို ထိန်းချုပ်မှု အဆင့်များ လျှော့ချလာရမည် ဖြစ်ပြီး ဝန်ထမ်းများတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်မှု အခွင့်အာဏာများကို ပိုမိုအပ်နှင်းရန်လည်း လိုအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် ဝန်ထမ်းများတွင် ရာထူးတိုးမြှင့်ရေး အပါအဝင် မိမိဘဝ တိုးတက်ရေးကိုသာ အရိုးစွဲလျက် ရှိပါသည်။ မည်သို့ပင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲ၍ ရာထူးအဆင့်အတန်း မည်သို့ ပြောင်းလဲ သတ်မှတ်စေကာမူ ဝန်ထမ်းများ၏ မျှော်မှန်းချက်နှင့် လက်ရှိရာထူးတို့ မလိုက်ဖက်ခြင်း၊ အပ်စပ်မှု မရှိခြင်း စသည်တို့အပေါ် မလွှဲမရှောင်သာ ကြုံတွေ့ခံစားရမည် ဖြစ်ပါသည်။ အနာဂတ်တွင် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ကိုင်နေရင်းဖြင့် အလုပ်မျှော်မှန်းချက်နှင့် အံဝင်ခွင်ကျ မရှိသော ပြဿနာများ တိုးမြှင့်လာရန် အလားအလာ ရှိသဖြင့် ပေါ်ပေါက်လာမည့် စိတ်ဖိစီးမှု ဇာစ်မြစ်ကို HR မန်နေဂျာများနှင့် စီမံခန့်ခွဲမှု တာဝန်ရှိသူများ ဂရုပြုနိုင်ရန် လိုအပ်ပါသည်။

ဦးမြင့်သောင်း (သီလဝါ)
By HR Journal Originally posted 26/03/2011 15:38PM

မှန်ကန်တဲ့ အင်တာဗျူး၊ အာမခံချက်ရှိတဲ့ လုပ်ငန်းခွင်

မှန်ကန်တဲ့ အင်တာဗျူး၊ အာမခံချက်ရှိတဲ့ လုပ်ငန်းခွင်

  
အင်တာဗျူးဆိုတာ ဘယ်တုန်းက ပေါ်လာပြီး ဘယ်အချိန်လောက်က မြန်မာပြည်ကို ရောက်လာတယ်ဆိုတာ မသိရပေမဲ့  အင်တာဗျူး ဆိုတာကြီး (လူတွေ့ စစ်ဆေးတယ်၊ မေးမြန်းတယ်၊ တိုင်ပင်တယ်လို့ နားလည်ထားတဲ့ ဟာကြီး) ကို လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော် ငါးဆယ် နီးပါးကတည်းက ထိတွေ့ဖူးပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ လုပ်ငန်းတွေမှာထက် အဲဒီအချိန်က ဌာနဆိုင်ရာတွေက အလုပ်ခေါ်တာ၊ ရာထူးတိုးမြှင့်ဖို့ ဆောင်ရွက်တာတွေမှာ အဲဒီ အင်တာဗျူး ဆိုတာကြီးနဲ့ တွေ့ဆုံရတာပါ။ အင်တာဗျူးဆိုတာ (နောက်မှ နားလည်လာတာပါ) စာမေးပွဲတစ်ခု မဟုတ်ပါဘူး။ စာမေးပွဲမှာ လူတွေ့ စစ်ဆေးတာလည်း မဟုတ်ပါဘူး။ အလုပ်သမားက သူ့ရဲ့အရည်အချင်း၊ သူ့ရဲ့ ဘဝ မျှော်မှန်းချက် (လစာနဲ့ အကျိုးခံစားခွင့်တွေ အပါအဝင်) အတွက် အလုပ်ရှင် ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ ညှိနှိုင်း ဆွေးနွေတာဖြစ်ပြီး အလုပ်ရှင်ဘက်ကလည်း သူ့အလုပ်၊ သူ့ကုမ္ပဏီအတွက် လစ်လပ်နေတဲ့ ရာထူးနေရာအတွက် သင့်လျော်မယ်ထင်တဲ့ လူကို ရှာဖွေတာပဲ ဖြစ်ပါတယ်။

ရှေးခေတ် သက်ဦးဆံပိုင်ခေတ်၊ ကျွန်စနစ် ထွန်းကားခဲ့တဲ့ ခေတ်တွေကလို အလုပ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ကျွဲတစ်ကောင်၊ နွားတစ်ကောင်လို သဘောထားပြီး အလုပ်ရှင်ကို ရောင်းစားဖို့ လာရောက် တွေ့ဆုံတာ မဟုတ်သလို အဲဒီ အလုပ်ရှင်၊ အဲဒီ အဖွဲ့အစည်းမှာ ကျွန်ခံဖို့အတွက် လာရောက် တွေ့ဆုံတာလည်း မဟုတ်ပါဘူး။ နှစ်ဖက်စလုံးဟာ အပြန်အလှန် လေးစားမှု ဘောင်ထဲကပဲ တွေ့ဆုံ ဆွေးနွေးတာမျိုး ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အင်တာဗျူး ဖြေမယ့်သူ၊ အလုပ်လိုချင်တဲ့ သူဟာ မာနကြီး တစ်ခွဲသားနဲ့ ဒီအလုပ်မရလည်း ဘာမှမဖြစ်ပါဘူး ဆိုတဲ့ စိတ်ထားမျိုး ရှိနေမယ် ဆိုရင်တော့ အင်တာဗျူး မဝင်တာ၊ လူတွေ့ စစ်ဆေး မခံတော့တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါက အလုပ်သမား အလိုရှိတဲ့ဘက် အတွက်ရော အလုပ် လိုချင်တဲ့ဘက် အတွက်ပါ အကောင်းဆုံးနဲ့ စိတ်ချမ်းသာရာ အခြေအနေမျိုးကို ရရှိစေပါလိမ့်မယ်။ တကယ်တော့ အလုပ်လိုချင်တဲ့ လူတစ်ဦးဟာ မိမိကိုယ်ကို ရောင်းကုန်အဖြစ် သဘောထားရင် ကောင်းပါတယ်။

ဒီစကားဟာ အထက်မှာ ဖော်ပြခဲ့တာနဲ့ ဆန့်ကျင်နေသယောင် ထင်ရပေမဲ့ မိမိကိုယ်ကို နှိမ့်ချမှုနဲ့ ရောင်းစွံအောင် လုပ်နိုင်စွမ်းရှိတဲ့ ကိုယ့်ရဲ့အရည်အချင်းကို ဖော်ထုတ်ရာ ရောက်ပါတယ်။ သီအိုရီ တစ်ခုမှာတော့ "Try to sell you on working for the firm" လို့ဆိုထားပါတယ်။ ဒီစကားရဲ့ အဓိပ္ပာယ်ကို တွေးတော စဉ်းစားယူရင် ဘာကို ဘယ်လို လုပ်သင့်တယ် ဆိုတာ သိနိုင်မှာပါ။ အင်တာဗျူးမှာ အလုပ်ရှင်ဟာ သူ့အတွက် လိုအပ်တဲ့ ဝန်ထမ်းကို ခေါ်ယူတော့မယ်ဆိုရင် ဝန်ထမ်းရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်း၊ သက်ဆိုင်ရာ လုပ်ငန်းမှာ ပိုင်နိုင် ကျွမ်းကျင်မှု စွမ်းရည် စတာတွေကို အဓိက စစ်ဆေးပါလိမ့်မယ်။ ဒီနေရာမှာ သူ့ရဲ့ သိမြင်တတ်မှု၊ စူးစမ်း လေ့လာတတ်မှုတွေကိုလည်း ရုတ်တရက် စစ်ဆေးတတ်ပါတယ်။ ရုံးပေါ် ရောက်လာတဲ့အခါ မြေညီကနေ ရောက်လာတဲ့ ရုံးအထိ လှေကား ဘယ်နှစ်ထစ် ဖြတ်ခဲ့ရသလဲ (ဓာတ်လှေကားကို မမေးတတ်ပါ)၊ တွေ့ခဲ့တဲ့ လုံခြုံရေးမှူး နာမည် (သူ့ရင်ဘတ်မှာ ရှိတဲ့ ကတ်ပေါ်မှာ ဖော်ပြထားပါတယ်) စသဖြင့် အဲဒီ အလုပ်လျှောက်သူရဲ့ စူးစမ်း လေ့လာနိုင်စွမ်းကို မေးမြန်း အကဲဖြတ်တတ် ပါတယ်။ တခြား အထွေထွေ ဗဟုသုတတွေကိုလည်း ခန့်ထားမယ့် လုပ်ငန်း အခြေအနေပေါ် မူတည်ပြီး စစ်ဆေးနိုင်ပါတယ်။

ဒါကတော့ အလုပ်ဝင်ဖို့ လျှောက်ထားမယ့် အလုပ်သမားကိုယ်တိုင် အဲဒီရာထူး နေရာအတွက် ဘာတွေလိုမယ်ဆိုတာ ဆင်ခြင်ပြီး ပြင်ဆင် လေ့လာခဲ့တာမို့ အခက်အခဲရှိမယ် မထင်ပါဘူး။ ယေဘုယျ အဆင်ပြေနိုင်ပါတယ်။ ဒီနေရာမှာ နှစ်ဖက်စလုံး ကိုယ်လုပ်သင့်တာကို နည်းလမ်းတကျ ဆောင်ရွက်နိုင်ရင် အဆင်ပြေသွားမှာ ဖြစ်ပြီး ရည်မှန်းချက်ကို ရောက်နိုင်ပါတယ်။ သတိထားရမှာက လုပ်ငန်းရှင်ဟာ မိမိ ခေါ်ယူလိုတဲ့ အလုပ်သမား (ဝန်ထမ်း)မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာပြီး စိတ်ကျေနပ်မှ အလုပ်ခန့်တာပါ။ သူကျေနပ်တဲ့ အထိ အချက်အလက် မျိုးစုံနဲ့ ရွေးချယ် ခန့်ထားပြီးရင်လည်း လုပ်ငန်းခွင်မှာ အာမခံချက် ရှိဖို့အတွက် သူတာဝန် ယူရပါလိမ့်မယ်။ ဒါမှသာ မျှတပေမပေါ့။ တစ်ခါတစ်ခါမှာတော့ မှားယွင်းမှုနဲ့ လွဲချော်မှုတွေ ပေါ်ပေါက်လာတတ်တဲ့ အတွက် စိတ်မကျေနပ်စရာ အဖုအထစ်တွေ ဖြစ်တတ်ပါတယ်။ ဒါဟာ လုပ်ငန်းရှင်ရဲ့ ကိစ္စလား၊ လုပ်ငန်းရှင်နဲ့ အလုပ်သမားကြားမှာ ဆက်စပ် ဆောင်ရွက်ပေးတဲ့ အကျိုးဆောင် ကုမ္ပဏီရဲ့ ကိစ္စလားဆိုတာ မသိရပေမဲ့ ကာယကံရှင် (အထူးသဖြင့် အလုပ်လျှောက်ကြ၊ အင်တာဗျူး ဖြေဆိုခဲ့ကြတဲ့ အလုပ်သမားတွေ) အတွက်တော့ မကျေနပ်စရာပါ။

အကျိုးဆောင် ကုမ္ပဏီ ဒါမှမဟုတ်ရင် အလုပ်ခန့်မယ့် ကုမ္ပဏီက ခေါ်တဲ့ အလုပ်နဲ့ အဲဒီ အလုပ်အတွက် အင်တာဗျူးတာက တစ်မျိုး၊ အင်တာဗျူးပြီးလို့ ကျေနပ်မှုရပြီး အလုပ်ခန့်တော့မှ လုပ်ငန်းခွင် ဝင်ခိုင်းတော့မှ တခြားအလုပ် ဖြစ်နေတာမျိုးတွေကို မကြာခဏ ကြုံရလေ့ ရှိတယ်။ အတွင်းရေးမှူး ခေါ်ပြီးမှ Public Relation ကို ရောက်သွားရတာမျိုး၊ စာရင်းကိုင်၊ စာရင်းစစ်ခေါ်ပြီးမှ ဂိုဒေါင်မှူး၊ ဒါမှမဟုတ် တာလီစာရေး ဖြစ်သွားရတာမျိုးတွေဟာ အလုပ် လျှောက်ထားတဲ့ ကာယကံရှင်တွေရဲ့ ဂုဏ်သိက္ခာကို စော်ကားတာမျိုး ဖြစ်ပါတယ်။ ရာထူးမြင့်မြင့်၊ အလုပ် ကောင်းကောင်းအတွက် လိုအပ်တဲ့ အရည်အချင်းနဲ့ ပတ်သက်တဲ့ ဘွဲ့၊ ဒီဂရီ လက်မှတ်တွေ၊ အတွေ့အကြုံတွေနဲ့ တင်ပြ ဆွေးနွေးပြီးမှ အမှန်တကယ် ခန့်ထားမယ့် အလုပ်ထက် နိမ့်ကျတဲ့ အလုပ်တွေမှာ ထိုးထည့်ခံရတဲ့အခါ (ထမင်းငတ်နေလို့ ဘာအလုပ်ပဲရရ ရရာအလုပ်ပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့ လူတွေက လွဲလို့) ဘယ်သူကမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

ဒါဟာ အလုပ် ခေါ်တဲ့ဘက်က ပုဂ္ဂိုလ်များရဲ့ မတည်ကြည်၊ မရိုးသားမှုကို ဖော်ပြတဲ့ အခြင်းအရာပဲ ဖြစ်ပါတယ်။ ခေါ်တဲ့အလုပ်က မက်မောစရာ အလုပ်မျိုး၊ တကယ်ရာထူး လက်ခံရတော့ တခြားအလုပ် ဖြစ်နေတာမျိုးဟာ ကောင်းပါ့မလား၊ သင့်ပါ့မလား စဉ်းစားစရာပါ။ အလုပ်လျှောက်တဲ့ လူတွေဟာ အလုပ်အကိုင် မရှိတဲ့ လူတွေ၊ အလုပ်လိုချင်တဲ့ လူတွေ၊ အလုပ်လက်မဲ့တွေ ဖြစ်နေပေမဲ့ သူတို့မှာ သင်ယူခဲ့တဲ့ ပညာ၊ တတ်ကျွမ်း သိမြင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ငယ်ရွယ်ဖျတ်လတ်တဲ့ ကျန်းမာရေးကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒါကိုမမြင်ဘဲ ထမင်းငတ်လို့ အလုပ်လာရှာတဲ့ လူတွေလို့ မြင်နေရင် အားလုံး အံချော်ကုန်ပါလိမ့်မယ်။ တကယ်တော့ မှန်ကန်တဲ့ အင်တာဗျူးနဲ့ အာမခံချက်ရှိတဲ့ လုပ်ငန်းခွင်သာ ဖြစ်နေရင် အားလုံးအတွက် မင်္ဂလာတစ်ပါးပဲ မဟုတ်လား။

ထက်ကျော်

By HR Journal Originally posted 18/03/2011 17:25PM
http://news.yatanarpon.com.mm/cp/hrjournal/article-11938

အမှတ်တံဆိပ် အကြောင်း

အမှတ်တံဆိပ် အကြောင်း
အမှတ်တံဆိပ် ဆိုတာ ပုံရိပ် တစ်မျိုးပါ။ ပုံရိပ် ဆိုတာကို ဥပမာပေးပြီး ဖွင့်ဆိုရရင်တော့  ကြယ်ကို တွေ့ရင် တော်လှန်ရေးရဲ့သင်္ကေတမျိုး၊ ချိုးဖြူငှက်ကို တွေ့ရင် ငြိမ်းချမ်းရေးရဲ့ သင်္ကေတမျိုး၊ အသည်းနှလုံးပုံကို တွေ့ရင် ချစ်ခြင်း ကြိုက်ခြင်းရဲ့ သင်္ကေတမျိုးပဲ ဖြစ်ပါတယ်။ အဲဒီ သင်္ကေတကို တွေ့ရင် ဘာကို ဆိုလိုတယ် ဆိုတာကို ပြောစရာ မလိုပဲ သိနေကြတယ်လေ။ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ ဆောင်ရွက်မှု လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေနဲ့ လူမှုရေး အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းတိုင်း၊ အဖွဲ့အစည်းတိုင်းမှာလည်း အမှတ်တံဆိပ်တွေ ရှိကြတယ်။ အမှတ်တံဆိပ်တိုင်းဟာ အရေးပါ အရာရောက်တဲ့ အဆင့်မှာ ရှိနေဖို့ အရေးကြီးပါတယ်။ ကြက်ခြေနီ အမှတ်တံဆိပ်ကို တွေ့ရင် “အကူအညီ ရတော့မယ်” ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာသလို ကုန်ပစ္စည်း ထုတ်လုပ်သည် ဖြစ်စေ၊ မထုတ်လုပ်သည် ဖြစ်စေ၊ အမြတ်အစွန်း ရယူသည် ဖြစ်စေ၊ မရယူသည် ဖြစ်စေ အဖွဲ့အစည်းတိုင်း၊ ကုမ္ပဏီတိုင်းဟာ မိမိတို့ အမှတ်တံဆိပ်ရဲ့ အရေးပါ အရာရောက်မှုကို အလေးထား ဆောင်ရွက် ပြုမူသင့်ပါတယ်။ တချို့ ကုမ္ပဏီတွေဟာ ကြီးကျယ်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချ ဖြန့်ဖြူးနေပေမဲ့လည်း သူတို့ တစ်တွေရဲ့ အမှတ်တံဆိပ်တွေကတော့ ကြီးကျယ် ခမ်းနားတဲ့ အခြေအနေကို ရောက်ရှိမနေတာ သတိပြုသင့်တယ်။ အမှတ်တံဆိပ် တစ်ခု တည်ဆောက်တဲ့အခါ ကြီးကျယ် မြင့်မြတ် ခမ်းနားမှု ရှိဖို့ လိုတယ်ဆိုရင် လက်ခံနိုင်ပါ့မလား။ အဲဒီလို ကြီးကျယ် ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခု တည်ဆောက်တဲ့ အခါ ယေဘုယျအားဖြင့် အခြေခံမူ ရှစ်ချက် ရှိတယ်။

(၁) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ ရှည်ကြာစွာ အားနဲ့ ဆွဲတင်မှ ရပါတယ်။

(၂) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ တစ်စုံတစ်ခုကို ပြုလုပ်နိုင်တယ်။

(၃) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ ကိုယ့်အကြောင်း ကိုယ်သိတယ်။

(၄) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ တီထွင် ဖန်တီးတယ်။ ဒါမှမဟုတ် လုံးဝ ဖြစ်တဲ့ အမျိုးအစား တစ်ခုကို ပြန်လည် ဖန်တီးတယ်။

(၅) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ စိတ်လှုပ်ရှားမှုကို အသာအယာပုတ်တယ်။

(၆) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုမှာ ဘယ်တော့မှ ပြောလို့ မပြီးတဲ့ ပုံပြင် ဇာတ်လမ်း တစ်ပုဒ် ရှိတယ်။

(၇) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုမှာ ပုံသေ မပြောင်းလဲတဲ့ ပုံသဏ္ဌာန် ရှိတယ်။

(၈) ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုမှာ ဆီလျော်မှု ရှိတယ်။

ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ တန်ဖိုးရှိပြီး ခိုင်မာတဲ့ အဆိုပြုချက် အပေါ်မှာ အခြေခံပြီး ဆယ်စုနှစ် ကြာအောင် ပြုလုပ်ရတာ ဖြစ်တယ်။ စားသုံးသူရဲ့ စိတ်ထဲမှာ စွဲနေအောင် တည်ထောင်ရတာပေါ့။ တချို့ ကုမ္ပဏီတွေဟာ အမှတ်တံဆိပ် ခိုင်မာအောင် ပြုလုပ်ပြီးမှ ထုတ်ကုန်ပစ္စည်း အပေါ်မှာ အမြတ်အစွန်း ရတာမျိုးတွေ ရှိတယ်။ ဝယ်ယူ စားသုံးသူတွေက ဘယ်အမှတ်တံဆိပ်ဟာ တန်ဖိုးရှိသလဲ၊ မရှိဘူးလဲ ဆိုတာကို သိမြင်ကြပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ လိုအပ်ချက် ဖြစ်တယ်။ အနားယူ အပန်းဖြေရုံ စွဲမှတ်နေလို့ မဖြစ်ပါဘူး။ တချို့သော အမျိုးအစားတွေဟာ တခြားဟာတွေထက် ပိုပြီး ကောင်းမွန်နေတတ်တယ်။ ဒါပေမဲ့ တစ်ခုပဲ ဖြစ်ရပါမယ်။ အဲဒါက အမှတ်တံဆိပ် ဖြစ်သွားတယ်။ အများအားဖြင့် ထုတ်ကုန်ပစ္စည်း အချို့ဟာ သူမတူအောင် စိတ်ထဲမှာ စွဲထင်နေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေကြတယ်။ သာလွန် ထူးကဲပြီး အမြင်ပေါက်စေတဲ့ ကုန်ပစ္စည်းတွေဟာ ကုန်ပစ္စည်း ဆိုတဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အမှတ်တံဆိပ် တစ်ခု အဖြစ် ရောက်လာတတ်ပါတယ်။ တစ်စုံတစ်ဦးဟာ ကြီးကျယ် ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခုကို တည်ထောင်ချင်တယ် ဆိုပါတော့။ ပထမဦးဆုံး အနေနဲ့ နားလည်သဘောပေါက်ဖို့ လိုတာက သူတို့တစ်တွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ပါပဲ။ အမှတ်တံဆိပ် တစ်ခုဟာ ဘာကို ဆိုလိုသလဲ ဆိုတာကို သိသာ ထင်ရှားဖို့ လိုအပ်ပါတယ်။ အမှန်တကယ် စတင် ပြုလုပ်သင့်တဲ့ အချက်ကတော့ ဝယ်ယူ စားသုံးသူတွေ အနေနဲ့ ဘာကို ကြိုက်တယ်၊ ဘာကို မကြိုက်ဘူး ဆိုတာပဲ ဖြစ်တယ်။ ရှည်ကြာစွာ ဆွဲတင်ထားရတဲ့ အမှတ်တံဆိပ် တစ်ခု ရပ်တည်နိုင်ဖို့ ထိန်းသိမ်းထားရပါမယ်။

ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ် တစ်ခု အနေနဲ့ ဘာကို လုပ်ရမယ်။ ဘာကို မလုပ်ရဘူး ဆိုတဲ့ ဗဟုသုတ ရှိလာပါတယ်။ အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ခံစားမှု မှန်ကန်သလား၊ မမှန်ကန်ဘူးလား ဆိုတာ ကိုယ့်ဘာသာ မေးကြည့်ရပါမယ်။ အမှတ်တံဆိပ်တိုင်းဟာ သူတို့တစ်တွေနဲ့ ပတ်သက်နေတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာ သရုပ်ဆောင်နေကြတာပဲ ဖြစ်တယ်။ ဆိုကြပါစို့။ ဒစ်စနေးဆိုရင် မိသားစုတွေ အတွက် ဖျော်ဖြေမှု တန်ဖိုး၊ အက်ပဲလ် ဆိုရင် ကွန်ပျူတာ တော်လှန်ရေး၊ နိုက်ဆိုရင် အားကစား၊ အသီးသီး အသက သူ့ဘာသာသူ သရုပ်ဆောင်နေကြတယ်။ သူတို့နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေရဲ့ သတင်းကို ပေးနေကြတယ်။ အမှတ်တံဆိပ် တစ်ခု တည်ထောင်တဲ့အခါ ကိုယ့်ရဲ့ ရယ်ရွယ်ချက်ကို သိရှိဖို့ လိုအပ်ပါတယ်။ ကြီးကျယ် ခမ်းနားတဲ့ အမှတ်တံဆိပ်ဟာ အတားအဆီးတွေကို ကျော်လွှားခဲ့တာပါ။ အတွေ့အကြုံ အပေါ်မှာ ရည်ရွယ်ချက်နဲ့ ထပ်လောင်းပြီး အားဖြည့်ခဲ့တာ ဖြစ်တယ်။ လူတိုင်းရဲ့ ရည်မှန်းချက်ကတော့ သူတို့တစ်တွေရဲ့ ကုန်ပစ္စည်းကို အဆင့်အတန်း တစ်ခုမှာ အကောင်းဆုံး ဖြစ်စေချင်လို့ပါ။ ဒါပေမဲ့ ကုန်ပစ္စည်း အသစ် ဖန်တီးမှုက လောင်းကြေးထပ်ရသလို ပါပဲ။ ဒီနေရာမှာ အမှတ်တံဆိပ် တစ်ခုက သရုပ်ဆောင်ရုံတင် မဟုတ်တော့ပါဘူး။ စားသုံးသူတွေရဲ့ စိတ်လှုပ်ရှားမှု ကမ္ဘာထဲ ရောက်သွားဖို့ပါပဲ။ ဆုံးဖြတ်ချက်တွေရဲ့ အားလုံး မဟုတ်ခဲ့ရင်တောင်မှ စိတ်လှုပ်ရှားမှုက လိုအပ်ပါတယ်။ စိတ်လှုပ်ရှားမှုက လူအများကို ထိုင်ပြီး ရှင်းပြနေရတာထက် ပိုပြီးတော့ အကျိုးရှိပါတယ်။ အမှတ်တံဆိပ် တစ်ခုဟာ အတွေ့အကြုံနဲ့ ဆက်သွယ်ပြီး စွမ်းအားနဲ့ ထွက်ပေါ်ခဲ့တာပဲ ဖြစ်တယ်။

ပထမတော့ ထူးခြား သာလွန်တဲ့ အမှတ်တံဆိပ်က ကုန်ပစ္စည်းကို ဦးဆောင်တယ်။ နောက်ပိုင်းမှာတော့ ထူးခြား သာလွန်တဲ့ ကုန်ပစ္စည်းက အမှတ်တံဆိပ်ကို ဦးဆောင်သွားတော့တယ်။ အမှတ်တံဆိပ် တစ်ခုဟာ ဥပမာ တင်စားထားတဲ့ ပုံပြင် ဇာတ်လမ်း တစ်ပုဒ်လိုပဲ အချိန်တိုင်းမှာ တဖြည်းဖြည်းနဲ့ ထွက်ပေါ်လာခဲ့တယ်။ အဲဒီလို ဆက်သွယ်မှုက အများကြီး နက်ရှိုင်းပါတယ်။ လူတွေရဲ့ အခြေခံစိတ်ကလည်း ဒဏ္ဍာရီတွေကို တန်ဖိုးထားတတ်ကြတယ်။ လူတွေရဲ့ အာရုံမှာ စွဲထင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါက အမြဲတမ်းလိုလို ပါပဲ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ကြီးမားတယ်လို့ တွေးထင်ထားတတ်ကြတယ်။ အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်နေတဲ့ ဝန်ထမ်းတွေ အနေနဲ့လည်း ကြီးမားတဲ့ လုပ်ဆောင်ချက်ရှိဖို့ လိုအပ်ပါတယ်။ တချို့ အမှတ်တံဆိပ်က ကြည့်လိုက်ရင် ပုံပြင်ဇာတ်လမ်း တစ်ပုဒ်က ပြောပြနေသလိုပါပဲ။ ပုံပြင် ဇာတ်လမ်းတွေက လူတွေနဲ့ ဆက်သွယ်မှု ရှိတယ်။ လူတွေက စိတ်လှုပ်ရှားမှုနဲ့ ဆက်သွယ်မှု ရှိကြပါတယ်။ အမှတ်တံဆိပ် ဆိုတာ အမျိုးမျိုး ဖြစ်နေလို့ သိပ်ပြီး မကောင်းပါဘူး။ ရောမခေတ်က ယှဉ်ပြိုင် သတ်ပုတ်ကြတဲ့ ပြိုင်ကွင်းထဲမှာလို ကုန်ပစ္စည်း တစ်ခု အတွက် အမှတ်တံဆိပ် အချင်းချင်း ပြိုင်နေကြတာမျိုး မဖြစ်သင့်ဘူး။ ကုန်ပစ္စည်း တစ်ခုအတွက် အမှတ်တံဆိပ် တစ်ခုကသာ ဦးဆောင်ဦးရွက် ပြုနေသင့်ပါတယ်။ အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အလေးထားရမယ့် နောက်ဆုံး အချက်ကတော့ ဆီလျော်မှု ရှိဖို့ပါပဲ။ အမှတ်တံဆိပ် အတော်များများဟာ အေးစက်စက်နိုင်ကြတယ်။ အသက်ဝင်မှု မရှိကြဘူး။ အေးစက်စက်နိုင်တဲ့ အမှတ်တံဆိပ်တွေ အနေနဲ့ ကျဆုံးသွားတတ်တယ်။

တချို့ အမှတ်တံဆိပ်တွေ ကျတော့လည်း လတ်တလော ဖြစ်တဲ့ အဖြစ်အပျက်တွေပေါ် မူတည်ပြီး တည်ထောင်ထားလို့ လျှပ်ပေါ် လော်လည်သလို ဖြစ်နေတတ်တယ်။ အဲဒါမျိုးလည်း မကောင်းပြန်ဘူး။ အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အကြီးမားဆုံး အတွေးအခေါ်ကတော့ ဆီလျော်မှု ရှိဖို့ပဲ ဖြစ်တယ်။ ဆိုလိုချင်တာက လူတွေအနေနဲ့ ဘာကို လိုချင်သလဲ။ အမှတ်တံဆိပ် အနေနဲ့ ဘယ်လို သရုပ်ဆောင်မလဲ ဆိုတာပါ။ စားသုံးသူတွေ ရှာဖွေတဲ့ အရာက နောက်ဆုံး ကျန်ရစ်မယ့် တန်ဖိုးပါပဲ။ အဲဒီအတွက် မေးခွန်းက အရည်အသွေးပဲ ဖြစ်ပါတယ်။ အရေအတွက် မဟုတ်ဘူး ဆိုတာကို သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။

<p>အညွှန်း - What makes a great brand</p> <p>by ALAN M WEBBER</p>
ရေးသားသူ- သူရထက်
By HR Journal Originally posted 07/03/2011 14:16PM

လူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာတွေရဲ့ ထိရောက်မှုကို ဘယ်လို တိုင်းတာမလဲ

လူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာတွေရဲ့ ထိရောက်မှုကို ဘယ်လို တိုင်းတာမလဲ

(၁) ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေမှာ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာတွေနဲ့ စီမံကိန်း (HR Strategies and Plans) တွေ ရေးဆွဲ အကောင်အထည် ဖော်ရတာဟာ တော်တော့်ကို အကုန်အကျ များပါတယ်။  တစ်ဖက်မှာလည်း ကုမ္ပဏီတွေဆိုတာ အမြတ်အစွန်း (Profit) အတွက် အဓိကထား လုပ်ကိုင်နေကြရတာမို့ သက်ဆိုင်ရာ စီမံခန့်ခွဲသူ Management တွေ၊ ဒါရိုက်တာ အဖွဲ့ဝင် (Board of Directors) တွေအနေနဲ့ HR Strategies တွေ Plans တွေက အဖွဲ့အစည်းအတွက် ရရှိလာမယ့် အကျိုးကျေးဇူး (Benefits) တွေကို သိသိသာသာ တွေ့မြင်သိရှိ လိုကြပါတယ်။

သင်တန်း (Training) တွေပေး၊ Employee Development Program တွေလုပ်၊ ဆုပေးချီးမြှင့်စနစ် (Reward System) တွေကို ငွေကြေးတွေ၊ လုပ်အားတွေ၊ အချိန်တွေ အမြောက်အများ အကုန်အကျခံ အကောင်အထည်ဖော် ဆောင်ရွက် (Implement) လုပ်ပြီးမှ သိသာထင်ရှားတဲ့ အကျိုးရလဒ် Benefits တွေ များများစားစား ရမလာခဲ့ဘူးဆိုရင် အဖွဲ့အစည်းရဲ့ Management ပိုင်းကလည်း ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ ငွေကြေးဆိုင်ရာ မဟာဗျူဟာ (Financial Management Strategy) တွေချမှတ်ဖို့ စဉ်းစားဆုံးဖြတ် ကြတဲ့အခါမှာ သက်ဆိုင်ရာ မဟာဗျူဟာတွေရဲ့ ရလဒ် (Outcome) တွေနဲ့ ထိရောက်မှု (effectiveness) တွေကို တိတိကျကျ တိုင်းတာနိုင်သလို HR Plan နဲ့ Strategy များ ရေးဆွဲ အကောင်အထည် ဖော်ဖို့ကိုလည်း သက်ဆိုင်ရာ Outcome တွေ၊ Effectiveness တွေကို တိုင်းတာ ဆောင်ရွက်ဖို့ တာဝန်ဟာ HR မန်နေဂျာများ အပေါ်ကို ကျရောက် လာပါတယ်။

(၂) တကယ်တော့ လူသားအရင်းအမြစ် (Human Resources) နဲ့ လူ့စွမ်းအား (Human Power) ဆိုတာတွေဟာ ထိတွေ့ကိုင်တွယ်လို့ မရတဲ့တန်ဖိုး (Intangible Value) တွေ ဖြစ်တဲ့အတွက် အလွယ်တကူ တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း သက်ဆိုင်ရာ HR မန်နေဂျာတွေနဲ့ တက်အားသမျှ ကြိုးပမ်းတိုင်းတာ ကြတဲ့အခါမှာ HR စွမ်းဆောင်ရည် (HR Performance) ကိုတိုင်းတာတဲ့ tools တွေ အသီးသီး ထွက်ပေါ် လာကြပါတယ်။ ယေဘုယျအားဖြင့် ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုရဲ့ HR Performance ကို တိုင်းတာနိုင်တဲ့ Tools တွေကတော့

(၁) အလုပ်သမား၊ ဝန်ထမ်းများ၏ အမူအကျင့် လေလာမှုစစ်တမ်း (Employee attitude surveys)
(၂) Customer များ၏ သဘောထား လေ့လာမှုစစ်တမ်း (Customer Surveys)
(၃)  Supplier  များ၏ သဘောထား လေ့လာမှုစစ်တမ်း (Supplier Surveys)
(၄) အကယ်၍ မိမိအဖွဲ့အစည်း၊ ကုမ္ပဏီ ကြီးမားပါက ပြည်သူလူထု၏ သဘောထား လေ့လာမှုစစ်တမ်း (Public Image Surveys)
(၅) ပြင်ပ သုတေသန ဆောင်ရွက်မှုများ (External Research Projects)
(၆) လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် အဖွဲ့အစည်း၏ စီးပွားရေးဆိုင်ရာ ရလဒ် (Business Results) များ အပြန်အလှန် ဆက်စပ်မှု (Correlations between the implementation of a new HR strategy and the organization's business results)
(၇) ဝန်ထမ်းများ အလုပ်မှ ထွက်ပါက ပြုလုပ်သည့် အင်တာဗျူး (Exit Interviews)
(၈) အလုပ်သမား ခန့်ထားမှုနှင့် ဝန်ထမ်းကောင်းများအား ထိန်းသိမ်း ထားနိုင်မှုဆိုင်ရာ ပြဿနာများ (The presence or otherwise of recruitment and retention problems)

စသည်တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ Tools တွေနဲ့ တိုင်းတာရာမှာ HR ရဲ့ သဘောတရားအရ တိတိကျကျ တိုင်းတာဖို့ ခက်ခဲတဲ့အတွက် HR မန်နေဂျာများဟာ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာ HR ဆိုင်ရာ ကိန်းဂဏန်းတွေ၊ ညွှန်ကိန်းတွေဟာ စာရွက်တွေပေါ်မှာ ကောင်းနေတတ် ပေမယ့်လည်း လက်တွေ့မှာ အဆင်မပြေမှုတွေ များစွာရှိနေ နိုင်ပါတယ်။ နောက်တစ်ချက်က HR Strategy တွေရဲ့ ပင်ကိုယ်ကိုက ရှုတ်ထွေး လှတဲ့အတွက် တစ်ခါတလေမှာ ၎င်းတို့ရဲ့ ရလဒ် (Result) ကို ဘယ်လို တိုင်းတာရမလဲ ဆိုတာကို သေသေချာချာ မသိ ဖြစ်တတ်ပါတယ်။ ဥပမာ လူတစ်ယောက် အရည်အသွေး (Skill) တတ်လာတယ်ဆိုတာ ဘယ်လောက် တက်လာတာလဲ Marketing တို့၊ Sale တို့က ပြောသလို ဘယ်နှစ်သိန်းဖိုး၊ ဘယ်လောက်ဖိုး ဆိုပြီး ပြောလို့မရတဲ့ သဘောပါ။

နောက်တစ်ခါ သက်ဆိုင်ရာ လေ့လာမှုစစ်တမ်း (Surveys) တွေ ပြုလုပ်တဲ့အခါမှာ မန်နေဂျာတွေ၊ ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည် (Performance) ကို ပိုပိုသာသာ တွေးတော (wishful thinking) လုပ်ပြီး ဆောင်ရွက်ကြတဲ့ အတွက် တိကျမှန်ကန်တဲ့ ရလဒ်တွေရရှိဖို့ ခက်ခဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ HR Strategy  တွေဟာ များသောအားဖြင့် ရေရှည် (long-term) ဆောင်ရွက်ရတဲ့ Plan တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ HR Strategy တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အချိန်နဲ့ ၎င်းတို့ရဲ့ ရလဒ်ကို တိုင်းတာတဲ့ကြားမှာ လုံလောက်တဲ့ အချိန်ကာလတစ်ခု ရယူဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ သက်ဆိုင်ရာရလဒ် တိုင်းတာမှုတွေဟာ ဘယ်လိုမှ မှန်ကန်တိကျနိုင်မှာ မဟုတ်ပါဘူး။

(၃) ဘယ်လိုပဲဖြစ်ဖြစ် HR မန်နေဂျာတွေ အနေနဲ့ HR ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး BOD (Board of Directors) တွေရဲ့ အလေးအနက် အာရုံစူးစိုက်မှုကို လိုချင်ကြတဲ့အတွက် HR Strategy တွေနဲ့ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် (Performance) တို့ ဆက်စပ် ပတ်သက်မှုကို သက်သေပြကြဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး HR ဂရုကြီး တစ်ဦးဖြစ်တဲ့ Jeffrey Pfeffer ကတော့ သူ့ရဲ့ Universal Practices (HR ဆိုင်ရာ ဘုံနည်းလမ်းကောင်း) တွေကို လိုက်နာကျင့်သုံး ကြမယ်ဆိုရင် ကုမ္ပဏီတွေရဲ့ Performance တွေ မလွဲမသွေ တက်လာလိမ့်မယ်လို့ ဆိုပါတယ်။ Pfeffer ရဲ့ Universal Practices တွေကတော့

(၁) အလုပ်အကိုင် အာမခံချက် (Employment Security)
အလုပ်သမား ဝန်ထမ်းတွေ အနေနဲ့ ၎င်းတို့အတွက် အလုပ်အကိုင်ဆိုင်ရာ အာမခံချက် အပြည့်အဝ ရမယ်ဆိုရင် အလုပ်နဲ့ အဖွဲ့အစည်းအပေါ် ပိုမိုပြီး ပူးပေါင်းပါဝင် (Contribute) လုပ်လာနိုင်ပါတယ်။

(၂) ဝန်ထမ်းရွေးချယ် ခန့်ထားစဉ် ကတည်းက ဂရုစိုက်ရွေးချယ် ခန့်ထားခြင်း (Selectivity in hiring)
ဝန်ထမ်းရွေးချယ် ခန့်ထားစဉ် ကတည်းက ဒေါင်ဒေါင်မြည် ဝန်ထမ်းကောင်းတွေကို စနစ်တကျ ရွေးချယ် ခန့်ထားခြင်း အားဖြင့် ကုမ္ပဏီရဲ့ HR ဆိုင်ရာ ကုန်ကျစရိတ်တွေကို ရေရှည်မှာ များစွာလျှော့ချ နိုင်ပါတယ်။

(၃) ကိုယ်ပိုင်အုပ်ချုပ် ဆောင်ရွက်နိုင်သည့် အဖွဲ့ငယ်များ ဖွဲ့စည်းပေးခြင်းနှင့် ဆုံးဖြတ်ချက် မှန်သမျှကို ဗဟိုမှဆုံးဖြတ် လုပ်ကိုင်မှုများကို အတက်နိုင်ဆုံး လျှော့ချခြင်း (Self-management work teams and decentralisation of decision-making)
အသင်းအဖွဲ့ စိတ်ဓာတ် (Team Working) ဟာ အဖွဲ့အစည်းရဲ့ Performance တက်လာဖို့အတွက် အဓိက ကျပါတယ်။

(၄) စွမ်းဆောင်ရည်ပေါ် မူတည်၍ လစာ၊ ဆုကြေး စသည်များကို တိုးမြှင့်ပေးခြင်း (High compensation contingent on work performance)
ဒီဘက်ခေတ်မှာ တချို့ ကုမ္ပဏီတွေဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ ဝန်ထမ်းတွေကို ဆုကြေးအဖြစ် ကုမ္ပဏီရဲ့ Stock ရှယ်ရာတွေကို ပိုင်ဆိုင်ခွင့် ပေးနေပါပြီ။

(၅) သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ပေးခြင်း (Extensive training)
ဝန်ထမ်းများကို training များ စီစဉ်ဆောင်ရွက် ပေးခြင်းဖြင့် ၎င်းတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ Learning Process ကိုများစွာ အထောက်အကူ ပြုစေပါတယ်။

(၆) အဆင့်အတန်း ခွဲခြားမှုများကို လျှော့ချခြင်း (Reducing status differences and barriers)
အဆင့်အတန်း ခွဲခြားမှုများကို လျှော့ချခြင်းဟာ ဝန်ထမ်းများကို မိသားစုပုံစံ နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။

(၇) သတင်းအချက်အလက်များကို မျှဝေပေးခြင်း (Information Sharing)
ကုမ္ပဏီရဲ့ အတွင်းရေးတွေ၊ သတင်း အချက်အလက် တွေကို ဝန်ထမ်းများကို မျှဝေသိခွင့် ပေးခြင်းအားဖြင့် ဝန်ထမ်းများနဲ့ ကုမ္ပဏီအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပွင့်လင်းမှုတို့ကို တည်ဆောက်နိုင်ပါတယ် စသည်တို့ ဖြစ်ပါတယ်။

<p>Ref: Human Resource Management at Work (4th Edition)</p>
By: Mick Marchington and Adrian Wildinson
By HR Journal Originally posted 28/02/2011 14:13PM

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform