စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 20 May 2014

ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှု များပြားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို သမ္မတဦးသိန်းစိန် လိုက်လံကြည့်ရှု စစ်ဆေး

ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှု များပြားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို သမ္မတဦးသိန်းစိန် လိုက်လံကြည့်ရှု စစ်ဆေး
Published on: May 20, 2014
Written by: ဇင်ဘိုလွင်

ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှု များပြားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို သမ္မတဦးသိန်းစိန်က မေ ၁၉ ရက်တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

သမ္မတဦးသိန်းစိန်သည် လမ်း၊ တံတားများ ကြံ့ခိုင်မှုအခြေအနေကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မိုင်တိုင်အမှတ် ၁၁၉/၂ တွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က အမြန်လမ်းပြုပြင် ထိန်းသိမ်းနေမှုနှင့် အဆင့်မြှင့်တင်မှု အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် သမ္မတဦးသိန်းစိန်သည် မိုင်တိုင်အမှတ် ၁၃၈/၂ ရှိ တံတားအား ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့နေမှုအခြေအနေ၊ မိုင်တိုင်အမှတ် ၁၄၅/၂ ရှိ တံတားအား ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့ရန် ပြင်ဆင်နေမှုအခြေအနေ၊ မိုင်တိုင်အမှတ် ၁၈၅/၁ တွင် ကတ္တရာခင်းပြီး လမ်းကြံ့ခိုင်မှုမြှင့်တင်နေခြင်း အခြေအနေ၊ မိုင်တိုင်အမှတ် ၁၉၇/၅ ရှိ မီးရထားလမ်း ခုံးကျော်တံတား အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သမ္မတက အမြန်လမ်းကို မူလရည်မှန်းချက်အတိုင်း ရှစ်လမ်းသွားအဖြစ် တိုးချဲ့တည်ဆောက်သွားရန်၊ လက်ရှိလေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် စတင်တိုးချဲ့ရန်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ တိုင်းတာချက်များအရ ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး၏ ခြောက်ရာခိုင်နှုန်းကို အမြန်ဆုံးပြုပြင်သွားရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုများအရ ယာဉ်မောင်းသူ၏ မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်၏ချို့ယွင်းမှု၊ လမ်း၏ချို့ယွင်းမှုနှင့် ရာသီဥတုတို့ကြောင့်ဖြစ်ရာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု လျော့နည်းရေးအတွက် အသိပညာပေးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်သွားရန်နှင့် လမ်းတံတားများကြံ့ခိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မေ ၁၉ ရက်က သမ္မတဦးသိန်းစိန် အမြန်လမ်းတစ်နေရာတွင် လိုက်လံကြည့်ရှု စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI Facebook)

Eleven Media Group

Monday, 19 May 2014

လုပ်ငန်းခွင်မှာ ပျော်ရွှင်ကြပါစေ

လုပ်ငန်းခွင်မှာ ပျော်ရွှင်ကြပါစေ

(ဆောင်းပါးရှင် - မောင်စံပေါ)
Eleven Media Group
(၁)
ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် ပျော်ပါတယ်။ တနင်္လာကနေ သောကြာအထိ ငါးရက်တာ ကျောင်းတက်အပြီးမှာ ရောက်လာတဲ့ စနေ၊ တနင်္ဂနွေဟာ အင်မတန် အဖိုးတန်ပျော်စရာကောင်းတဲ့ ရက်တွေ။ နောက်တစ်ခုက ကျူရှင်၊ ကျောင်းစနေချိန်ကနေ ဘွဲ့ရတဲ့အထိ ဘာမှကျူရှင် မယူခဲ့ဖူးတော့ ကျူရှင်ချိန်ဖဲ့လို့ ပဲ့သွားခဲ့တဲ့ အချိန်တွေ မရှိခဲ့ပါဘူး။ ကလေးဘ၀ကို ကလေးပီသစွာ လွတ်လပ်ပျော်ရွှင်စွာနဲ့ ကုန်လွန်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀လည်း ထိုနည်းလည်းကောင်းပါပဲ။ ရှားရှားပါးပါး ကံကောင်းခြင်းတစ်ရပ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်ဆိုပြီး ဂုဏ်ယူရမလားဘဲလေ။

(၂)
ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ အကြောင်းအားလျော်စွာ နေပြည်တော်ရောက်နေခဲ့ပါတယ်။ ဘာမှလည်း လုပ်မရဘယ်မှလည်း သွားမရနဲ့ တည်းခိုတဲ့ အခန်းကျဉ်းလေးထဲမှာ ကိုယ့်ကိုယ်ကိုယ် အကျယ်ချုပ်ချထားရင်း သူငယ်ချင်းတွေဆီဖုန်းဆက်ပြီး အချိန်ဖြုန်းခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကလည်း ငွေဖြည့်တဲ့ ပမာဏပေါ်မှာ အပိုဆောင်းပေးထားတော့ ဖုန်းဆက်ခက ခါတိုင်းထက် သက်သာတယ်ပြောရမှာပါ။ ဟိုဘက်ဒီဘက်နဲ့ ဌာနကြီးတစ်ခုမှာ အရာရှိကြီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တယ်လီဖုန်းပြောဖြစ်ခဲ့တယ်။

“သူငယ်ချင်း နေကောင်းလား”

“ကောင်းပါတယ်ကွာ လူပေါ့၊ စိတ်ကတော့ တယ်မဟုတ်လှပါဘူး”

“ဘယ်လိုဖြစ်ရတာလဲ၊ သင်္ကြန်ကွာ သူများတွေ ပျော်နေကြတာ တီဗွီမှာ ကြည့်ပါလား”

“သူများပျော်လည်း မပျော်နိုင်ဘူးဟေ့။ နေပြည်တော်မှာ ရုံးစောင့်နေရတယ်။ ရန်ကုန်က မိန်းမဆီလည်း မပြန်နိုင်၊ ရွာက အမေ့ဆီလည်း မပြန်နိုင်နဲ့ကွာ စိတ်ညစ်ပါတယ်”

(၃)
သူ့ဆီဖုန်းဆက်ကာမှ သူ့ဆီက စိတ်ညစ်တာတွေ ကူးစက်လာတယ်။ ဖြစ်မှဖြစ်ရလေလို့ ဦးလေးဦးကျော်သန်းစကားငှားပြီး ရေရွတ်မိတယ်။

သူ့အမေက ဆင်းရဲပင်ပန်းစွာနဲ့ သားပညာတတ်ကြီးဖြစ်အောင် ပျိုးထောင်ခဲ့တာ။ သားဘွဲ့ရတော့ ဂုဏ်ယူလိုက်ရတာ အရာရှိဖြစ်တော့ ၀မ်းသာလို့မဆုံး။ ပညာတတ် ချွေးမလေးရတော့ သမီးအရင်းတွေထက်ကို ပိုချစ်ခဲ့တဲ့ အမေ။ အခု အသက် ၉၀ ကျော်အရွယ် ရောက်ပေမယ့် ကျန်းမာရေးကောင်းစွာ သတိကောင်းမွန်နဲ့ ရွာမှာပဲ သမီးတွေနဲ့ နေနေသူ။ သားကိုလွမ်းပေမယ့် အစိုးရ အရာရှိကြီးဆိုတော့ တာဝန်တွေများပေမပေါ့ဆိုပြီး နားလည်စွာနဲ့ လွမ်းစိတ်ကို ဖြေတတ်သူ။ သင်္ကြန်ချိန်မှာ ရောက်ရောက်လာတတ်တဲ့ သားကို နှစ်စဉ်မျှော်နေတတ်သူ။ ဒီနှစ်မှာတော့ မျှော်သာမျှော် ပေါ်မလာတဲ့သား ဘာများဖြစ်နေလဲဆိုပြီး စိတ်ပူနေမှာ အသေအချာ။

(၄)
ဒါနဲ့ သူငယ်ချင်းကို နှစ်သိမ့်ရင်း ပိတ်ရက်မပြန်ရလည်း ကြားမှာ ခွင့်ယူလို့ရတာပဲကွာ။ ခွင့်ယူပြီး သွားပါလားပြောမိတယ်။

“မင်းက ပြောတော့သာလွယ်တာ မောင်။ လူကြီးတွေက ခွင့်ယူတယ်ဆိုတာ အခွင့်အရေးယူတာလို့ သတ်မှတ်ထားတာကွ။ ခွင့်ယူရင် သိပ်ကြည်တာ မဟုတ်ဘူး။

အင်းပေါ့လေ။ သူ့လူကြီးတွေအကြောင်း သူအသိဆုံး ဖြစ်မှာပေါ့။

(၅)
“မိသားစုအတွက် အချိန်မပေးနိုင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နေတဲ့သူတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်ရှိနေသလဲ။ ဒါဟာ ဒီနေ့ လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်ကို ဖော်ပြနေတယ်လို့ ထင်ပါတယ်။ လူတွေဟာ အမှုကိစ္စနည်းမှ မေတ္တာတရားတွေ ပိုမိုဖွံ့ဖြိုးလာပါတယ်။ အမှုကိစ္စတွေများတော့ အားလပ်ချိန်လေးတွေ သင့်တော်သလို ယူဖို့လိုပါတယ်။

ဒေါက်တာမောင်မောင်သန်းပြောတဲ့ စကားလေးတွေပါ။ နိုင်ငံခြားကနေ ပါရဂူဘွဲ့ ယူလာခဲ့တဲ့ ပညာရှင်တစ်ယောက်ဆိုတော့ နိုင်ငံတကာ “စံ” ကို ကောင်းကောင်းသိပေမပေါ့။ ခဏခဏကြားနေရတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းဆိုတဲ့ စကားလုံးကို အကြီးကြီး မြင်ယောင်မိပါတယ်။

(၆)
“မိသားစုလည်း ပစ်ထားသလို ဖြစ်နေတော့တာပါပဲ ဆရာရယ်” ဟု ည ၉ နာရီလောက် ရုံးမဆင်းရသေးတာကြည့်တော့ မနေ့ညကလည်း ၁၀ နာရီခွဲမှ ပြန်ရတယ်။

တစ်နေ့ညက တပည့်မတစ်ယောက်နဲ့ ဖုန်းပြောတော့ ကြားခဲ့ရတာ။ သူက ရုံးက လက်နှိပ်စက်စာရေးမ။ ခုခေတ်မှာတော့ ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်သူ။ ဟဲ့ နင့်လူကြီးရောဆိုတော့ ဆက်ပြောပါတယ်။

“ညွှန်မှူးလား။ အလုပ်တွေထားခဲ့ပြီး သူ့အဘတွေနဲ့ ဂေါက်သီးသွားရိုက်ပြီး ညမှရုံးပြန်တက်တယ်လေ။ ကျွန်မလည်း အိုဗာတိုင်ဝူးမင်းစတိုင် (Over-time Woman Style) ဖြစ်နေတာကြာပေါ့” တဲ့။

(၇)
“သူတို့ကပဲ နိုင်စားလွန်းတာလား။ ငါတို့ကပဲ အနိုင်ကျင့်ခံရခြင်းတွေနဲ့ ကျင့်သားရနေတာလား။ မပြောတတ်တော့ပါဘူးကွာ။ လူကြီးတွေကလည်း ပိတ်ရက်ဆို တိုင်းခန်းလှည့်ပြီး ဟိုသွားဒီသွား ဟိုစစ်ဒီစစ်နဲ့။

“အေးကွာ ငါတို့မှာလည်း သာရေးနာရေး၊ လူမှုရေးတွေ လစ်ဟင်းတာများလှပြီ။ မကျေနပ်ရင်ထွက် မလုပ်ချင်ရင်ထွက် ဆိုတော့လည်း မထွက်နိုင်သေးဘူးကွာ။ စားစရာ ရှာနိုင်တယ်ထား နေစရာက ပြဿနာ။ ရန်ကုန်မှာရတဲ့ လိုင်းခန်းလေးမှာ မိသားစု နေခွင့်ရတာလေးနဲ့ပဲ သည်းခံပြီး လုပ်နေရတော့တာကွ”

သူငယ်ချင်းအရာရှိငယ်နှစ်ယောက် ပြောကြတဲ့ လက်ဖက်ရည်ဆိုင် စကားတချို့ကို ဖောက်သည်ပြန်ချခြင်းပါ။

(၈)
ဆိုင်ဆိုင်မဆိုင်ဆိုင် မြိုင်ရင်ပြီးရောဆိုပြီး သွားလေရာ ပရိသတ်ကြီးကြီးလိုချင်တဲ့။ ရံရွေတော် တသီတတန်းနဲ့ တိုင်းခန်းလှည့်ရတာ ၀ါသနာပါတဲ့လူတွေ အပေါ်ရောက်ရင် အောက်ကလူတွေ ဒုက္ခရောက်တော့တာပါပဲ။

အစိုးရအမှုထမ်းမှ မဟုတ်ပါဘူး။ ပုဂ္ဂလိက၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အဖွဲ့အစည်းဝန်ထမ်း စတဲ့သူတွေမှာလည်း ကြုံရနိုင်တာပါပဲ။ နယ်ပယ်အကြီးအသေးနဲ့ သက်ရောက်မှု အတိုင်းအတာကတော့ ကွာနိုင်တာပေါ့လေ။

(၉)
အလုပ်ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကို ရူပဗေဒမှာ သင်ခဲ့ရပါတယ်။ ရလဒ်မဲ့ လုပ်ဆောင်ခြင်းကို အလုပ်လို့ မခေါ်နိုင်ပါဘူး။ ရလဒ်ရှိခဲ့မယ် ဆိုရင်တောင်မှ ကောင်းတဲ့ရလဒ်၊ ဆိုးတဲ့ရလဒ် ခွဲခြားဖို့လိုပါမယ်။

ကျောင်းနေပျော်၍ ပညာတော်ရမည်ဆိုတဲ့ ဆောင်ပုဒ်ကို သတိရမိပါတယ်။ အားလုံး ပညာတော်ဖို့ မလွယ်ပေမယ့် အားလုံးကျောင်းမှာ ပျော်ဖို့ကတော့ ဖြစ်နိုင်ပါတယ်။

မွေ့လျော်ဖွယ် လုပ်ငန်းခွင်မှာ ပျော်ရွင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုဆောင်းမေတ္တာ ပို့သအပ်ပါတယ်

မြန်မာ့အိမ်ခြံမြေကဏ္ဍမှ တစ်နှစ်လျှင် အခွန်ငွေစုစုပေါင်း ကျပ် ဘီလျံ ၁၀၀ သာ ရရှိသည်ဟု ဆို

မြန်မာ့အိမ်ခြံမြေကဏ္ဍမှ တစ်နှစ်လျှင် အခွန်ငွေစုစုပေါင်း ကျပ် ဘီလျံ ၁၀၀ သာ ရရှိသည်ဟု ဆို

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍမှ အခွန်ငွေစုစုပေါင်း တစ်နှစ်လျှင် ကျပ်ဘီလျံ ၁ဝဝ သာ ရရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အိမ်ခြံမြေကရတာက တံဆိပ်ခေါင်းခွန်ရယ်၊ ဝင်ငွေခွန်ရယ်ပေါ့။ အဲဒါနှစ်ခု ပေါင်းလိုက်ရင်တော့ တစ်နှစ်ကို ဘီလျံ ၁ဝဝ လောက်တော့ ရှိတယ်”ဟု မေ ၁၇ ရက်က မြန်မာ့အာမခံလုပ်ငန်းရုံးတွင် ပြောကြားခဲ့သည်။

အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုနှုန်းထားမှာ နည်းနေသေးသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုကို ပိုမိုစိစစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“အခုဘာလုပ်နေရသလဲဆိုရင် ဈေးနှုန်းအတိအကျလည်း မသိဘူး။ မြေအရောင်းအဝယ်ပဲဖြစ်ဖြစ်၊ ခြံအရောင်းအဝယ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ရပ်ကွက်စာချုပ်အလိုက် လုပ်နေကြတာများတယ်။ ဒါပေမဲ့ အခုလည်း ဘာလုပ်နေလဲဆိုရင် ရဲတပ်ဖွဲ့အပါအဝင် ရပ်ကျေး၊ ထွေအုပ်၊ မြို့နယ်အခွန်ရုံးတွေရယ်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေပေါင်းပြီး စိစစ်ဖို့လုပ်နေပါပြီ” ဟု ဦးမင်းထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းအပြင် အခွန်နှုန်းဥပဒေများကို တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ခြံမြေ အခွန်ကောက်ခံမှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစိစစ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက် ငှားရမ်း၊ ရောင်းချမှုများတွင် လူနည်းစုကသာ ချုပ်ကိုင်ထားကြပြီး နှစ်စဉ် ငှားရမ်းခ၊ ရောင်းချနှုန်းများကို အဆမတန် တိုးမြင့်တောင်းခံနေပြီး ကျပ်ဘီလျံပေါင်းများစွာ ရရှိနေကာ ငှားရမ်း၊ ဝယ်ယူနေထိုင်ကြသူများမှာ နှစ်စဉ်ပိုမို စိုက်ထုတ်နေကြရသည်။

သို့သော်လည်း ငှားရမ်း ရောင်းချမှုများမှ ရရှိသည့် ဝင်ငွေအပေါ် အခွန် လာရောက်ပေးဆောင်သူမှာ လွန်စွာနည်းပါးလျက် ရှိနေပြီး မဖြစ်မနေ ဥပဒေအရ မြှုပ်နှံသူများမှ တံဆိပ်ခေါင်းဖြင့် စာချုပ်ချုပ်ဆိုရသည့်အပေါ်တွင်သာ အနည်းအကျဉ်းရရှိခြင်းဖြစ်ရာ နိုင်ငံတော်အနေဖြင့် အခွန်များစွာ နစ်နာလျက်ရှိသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ရပ်ကွက်ထဲမှာပဲ အိမ်ငှားငှား၊ ရောင်းပဲ ရောင်းရောင်း နောက်ဆိုရင် ရပ်ကျေးကလူတွေ သိဖို့လုပ်နေတယ်။ အဲဒီအတွက်လည်း တိုင်းနဲ့ပြည်နယ် အစိုးရကိုလည်း ရရှိတဲ့ ဝင်ငွေခွန်ကို အချိုးကျပေးဖို့အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

(ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်)

ဆီးပင်ငုတ်နဲ့ ယာလုပ်သူ

ဆီးပင်ငုတ်နဲ့ ယာလုပ်သူ

(ဆောင်းပါးရှင် - နီမင်းဆွေ)

ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်တာ ဒေါ်လာသန်းရှစ်ဆယ် ကုန်ကျပြီး သန်းခုနစ်ရာလောက် ပြန်ရသွားတဲ့ ဇာတ်ကားတစ်ကားအကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ်ကို ဟိုတစ်နေ့က အမှတ်မထင် တွေ့လိုက်ရလို့ အဲဒီရုပ်ရှင်ဇာတ်ကားကို ရအောင်ရှာပြီး ကြည့်မိပါတယ်။ အဲဒီလို ကြည့်ဖြစ်လိုက်တဲ့အခါမှာ ကမ္ဘာပေါ်ကလူတွေ ဘယ်လိုတွေးခေါ် ခံစားနေကြသလဲ ဆိုတာကို သိလိုက်ရလို့လည်း အံ့သြခဲ့ရပါတယ်။

ဒီဇာတ်ကားအကြောင်း ပြောတော့မယ်ဆိုရင် ဂိမ်း game တွေအကြောင်း အရင်ကြိုပြောထားမှ ဖြစ်မှာပါ။ ဟိုတစ်လောတုန်းက တောင်ကိုရီးယားမှာ ညားခါစ ဇနီးမောင်နှံနှစ်ဦး ဆိုင်ထဲမှာ ခြောက်ရက်တိတိ မရပ်မနား ဂိမ်းကစားလိုက်ကြတာ ရင်ခွင်ပိုက်ရက်သားလေး အဟာရပြတ်ပြီး ဆိုင်ထဲမှာပဲ အသက်ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဂိမ်းတွေကို အဲဒီလို ကစားတာ အကျိုးမရှိပေမယ့် လူတွေကို တစ်နည်းတစ်ဖုံနဲ့ အကျိုးပြုနေတဲ့ ဂိမ်းတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် အရှေ့အိန္ဒိယ ကုမ္ပဏီဂိမ်း East India Company Game ဆိုရင် အိန္ဒိယကိုသာမက မြန်မာပြည်ကိုပါ သိမ်းယူခဲ့တဲ့ ကုမ္ပဏီရဲ့ လုပ်ရပ်တွေကို အခြေခံပြီး လုပ်ထားတဲ့ဂိမ်းမို့ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီဂိမ်းရဲ့ အခြေခံ သဘောတရားကတော့ အင်္ဂလန်ကနေ သင်္ဘောသုံးလေးစီးလောက်နဲ့ စထွက်၊ အိန္ဒိယသမုဒ္ဒရာထဲမှာ ပေါ်တူဂီ ဒတ်ခ်ျစတဲ့ စစ်သင်္ဘောတွေနဲ့တွေ့ဆုံ တိုက်ပွဲတွေဖြစ်၊ နောက်အိန္ဒိယကိုရောက်၊ ဘုရင်ခံနဲ့ တည့်အောင်ပေါင်း၊ ဟင်းခတ်အမွှေးအကြိုင် ၀ါဂွမ်း၊ မဲနယ်၊ လက်ဖက်ခြောက်၊ ယမ်းစိမ်း စတာတွေကို တစ်ဦးတည်း မောင်ပိုင်စီးပြီး ကုန်သွယ်ခွင့်ရအောင် စာချုပ်တွေချုပ်၊ အဲဒီကမှစပြီး ကုန်းပေါ်မှာ ကိုယ်ပိုင်ဆိပ်ကမ်းနဲ့ တပ်စခန်းတွေ ဆောက်ခွင့်ရအောင်ကြိုးစား ကိုယ်ပိုင်တပ်ဖွဲ့တွေကို ဒေသခံတွေနဲ့ ရအောင်ဖွဲ့ ဒေသခံအုပ်ချုပ်သူတွေကို စိတ်ဝမ်းကွဲအောင်လုပ် ဒေသခံအစိုးရ တပ်ဖွဲ့တွေကို ဖြိုခွဲပြီး တစ်နိုင်ငံလုံး သိမ်းမိတဲ့အချိန်မှာ ဂိမ်းကစားတာ ပြီးသွားတာပါပဲ။ တော်တာညံ့တာပေါ် မူတည်ပြီး အများဆုံး အမှတ်လေးဆယ်ထိ ရပါမယ်။ ဂိမ်းတီထွင်သူတွေက သမိုင်းကို သေသေချာချာ သုတေသနလုပ်ပြီးမှ အမှတ်ပေးစည်းမျဉ်းတွေကို ပြုစုထားခဲ့ကြတာ ဖြစ်တယ်။

ဒီလိုဂိမ်းမျိုးတွေဟာ လက်တွေ့ဘ၀ရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း အထောက်အကူ ဖြစ်နိုင်တယ်ဆိုတာကို လူတွေသိလာကြတယ်။ ဒါ့ကြောင့်လည်း ဒီဂိမ်းတွေကို လူတွေစွဲကြတာပဲပေါ့။ ဒီလိုနဲ့ ဂိမ်းတီထွင်သူတွေဟာ ချမ်းသာလာကြတယ်။ ဂိမ်းတွေကိုလည်း ချဲ့ထွင်ပြီး လုပ်လာကြတယ်။ ဂိမ်းတွေဟာ နိုင်ငံရေးလောကထဲအထိ ၀င်လာကြပြီး ဘယ်သူ့ကို ဘယ်လိုလုပ်လိုက်ရင် နိုင်ငံရေး အမြတ်ရမယ်၊ ဘာတွေမှားလုပ်လိုက်ရင် ရွေးကောက်ပွဲ မနိုင်တော့ဘူး စတာတွေအထိ လုပ်လာကြတော့တယ်။ အခုကြည့်လိုက်ရတယ်ဆိုတဲ့ ဇာတ်ကားကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး စာနာမှုကင်းမဲ့တာတွေ ဖျံကျကြတာတွေကို အဓိကအခြေခံထားတဲ့ ဂိမ်းတစ်မျိုးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

‘ပန်နမ်’ ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှာ အင်မတန်မှ ကြွယ်ဝချမ်းသာတဲ့ မြို့တော်ကြီး (Capitol) နဲ့ အလွန်တရာ ဆင်းရဲတဲ့ပြည်နယ် ဆယ့်နှစ်ပြည်နယ်ရှိတယ်။ မြို့တော်နဲ့ ပြည်နယ်တွေဟာ သစ္စာမဖောက်ကြေး စာချုပ်တွေ ချုပ်ထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေဟာ ဆင်းရဲလွန်းလို့ ပုန်ကန်ခြားနားကြတဲ့ အခါမှာ မအောင်မြင်ဘဲ ချမ်းသာပြီးအင်အားကြီးတဲ့ မြို့တော်ရဲ့ နှိမ်နင်းတာကို ခံရတယ်။ ဒါ့ကြောင့် စာချုပ်တွေ ထပ်ချုပ်ရတယ်။ နောက်တစ်ခါ မပုန်ကန်တော့ပါဘူးပေါ့။ နောက်ပြီး တစ်နှစ်တစ်ခါလည်း လက်ဆောင်ပဏ္ဏာ ဆက်သပါမယ်ပေါ့။ ဒါပေမဲ့ အဲဒီ ဆက်သရမယ့် လက်ဆောင်ပဏ္ဏာက ရွှေငွေကျောက်သံပတ္တမြား မဟုတ်ဘူး၊ လူဖြစ်နေတယ်။ အသက်ဆယ့်နှစ်နှစ်နဲ့ ဆယ့်ရှစ်နှစ်ကြားရှိတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပေါင်းနှစ်ယောက် ပြည်နယ်ဆယ့်နှစ်ခုအတွက် စုစုပေါင်း နှစ်ဆယ့်လေးယောက်ကို မြို့တော်ကို ပို့ပေးရမှာဖြစ်တယ်။ မြို့တော်ရောက်တဲ့အခါ မြို့တော်က သတ်ကွင်းလို့ခေါ်တဲ့ တောအုပ်ထဲမှာ အဲဒီနှစ်ဆယ့်လေးယောက်ကို လွှတ်ပေးလိုက်ပြီး နောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ အချင်းချင်းမသေမချင်း ကြိုက်ရာနည်းနဲ့ သတ်ခိုင်းတာပါပဲ။ နောက်ပြီး အဲဒီလူသတ်ပွဲကို တစ်နိုင်ငံလုံးက ကြည့်လို့ရအောင် ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေးတယ်။ တစ်ယောက်သေတာနဲ့ အမြောက်တစ်ချက် ဖောက်ပြလေ့ရှိတာမို့ အမြောက်သံတစ်ချက် ကြားလိုက်ရပြီဆိုတာနဲ့ ဘယ်ပြည်နယ်ကလဲဆိုတာ ချက်ချင်းမသိနိုင်သေးပေမဲ့ လူငယ်တစ်ယောက်တော့ တောအုပ်ထဲက တစ်နေရာရာမှာ သေသွားပြန်ပြီဆိုတာကိုတော့ သိနိုင်ကြတယ်။ အဲဒီလူသတ်ပွဲကို သမ္မတက The Hunger Games လို့ နာမည်ပေးထားပြီး ဒီနာမည်ဟာ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်လည်း ဖြစ်လာပါတယ်။

တစ်နှစ်တစ်ခါလုပ်တဲ့ ဒီဂိမ်းဟာ ပြည်နယ်ကလူတွေကို သွေးပျက်စေပါတယ်။ တစ်ပြည်နယ်ကို နှစ်ယောက်ရွေးတဲ့အခါမှာ မဲစနစ်နဲ့ရွေးတယ်။ ဂိမ်းချိန်မရောက်ခင် အချိန်ကတည်းက ပြည်နယ်ကလူငယ်တွေဟာ ငါများအရွေးခံရတော့မလားဆိုပြီး အိပ်မက်ဆိုးတွေ မက်ကြတယ်။ လူကြီးတွေလည်း ငါ့သားသမီးများ မဲပေါက်လေမလားဆိုပြီး ကယောင်ချောက်ချားတွေ ဖြစ်ကြရတယ်။ မြို့တော်ကြီးဟာ တစ်နာရီ ကီလိုမီတာ နှစ်ရာနှုန်းနဲ့ ပြေးနေတာတောင် စာရေးလို့ရလောက်အောင် ငြိမ်နေတဲ့ ခေတ်ပေါ်လျှပ်စစ် အမြန်ရထားကြီးတွေ၊ မိုးထိုးနေတဲ့ တိုက်တာအဆောက်အအုံကြီးတွေ၊ အင်မတန်မှကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေနဲ့ ချမ်းသာချင်တိုင်း ချမ်းသာနေတဲ့အချိန်မှာ ပြည်နယ်တွေမှာတော့ မီးပြတ်ရေပြတ် စားစရာပြတ်နဲ့ ဆင်းရဲချင်တိုင်းဆင်းရဲ ငတ်ချင်တိုင်းငတ်နေကြတာကို ရုပ်ရှင်ကားအစပိုင်းမှာ ရိုက်ပြပါတယ်။ အဲဒီပြည်နယ်က ပြည်သူတွေ ဆင်းရဲတဲ့အခန်းတွေကို ကြည့်ပြီး ‘မစားရ၊ ဟ,လို့ပင်သေသေ၊ ဆီးပင်ငုတ်ကယ်နဲ့ ယာလုပ်သူ တောင်သူမွဲကို ပျိုလွဲပါစေ’ ဆိုတဲ့ အညာအကြေဘက်မှာ တောင်သူတွေဆိုလေ့ရှိတဲ့ စာသားလေးကို ပြေးသတိရမိတယ်။ ပန်နမ်နိုင်ငံက ပြည်နယ်သားတွေဟာ ဆီးပင်ငုတ်တွေကိုခုတ်ပြီး ယာလုပ်ကြရတယ်လို့တော့ ရုပ်ရှင်ထဲမှာ ရိုက်ပြမထားပါဘူး။ ကိုယ့်ဟာကိုယ် အလိုလိုတွေးမိသွားတာကို ပြောပြတာပါ။ နောက်ပြီး ပြိုင်ပွဲဝင်ဖို့ လူရွေးပြီး မြို့တော်ဆီကို ပြည်နယ်က ပို့ပေးခံရတဲ့ လူငယ်တွေကို ရုပ်ရှင်ထဲမှာ အင်္ဂလိပ်လို tribute လို့ သုံးထားတယ်။ အခေါ်ရခက်လွန်းလို့ အဲဒီပြိုင်ပွဲဝင်ဖို့ အရွေးခံရတဲ့ ဆင်းရဲသားလူငယ်တွေကို အဲဒီလိုမခေါ်ဘဲ မှတ်ရလွယ်အောင် ‘ပဏ္ဏာ’ လို့ တင်စားပြီး ခေါ်ဝေါ်သုံးစွဲသွားရင်တောင် ကောင်းမလားပဲ။ ဘယ်ပြည်နယ်မှာမဆို မဲပေါက်သွားတဲ့ ပဏ္ဏာအစား ကိုယ်စားလိုက်ပေးနိုင်ခွင့်ရှိတယ်။ ဇာတ်ကားထဲက အဓိကဇာတ်ဆောင် မင်းသမီး မြားပစ်တော်တဲ့ ‘ကတ်နစ်စ်အယ်ဗာဒင်း’ (Jennifer Lawrence) ဟာ သူ့ညီမ ‘ပရင်း’ ပဏ္ဏာအဖြစ် မဲပေါက်သွားလို့ ညီမကိုယ်စားလိုက်ပေးဖို့ စာရင်းသွင်းလိုက်တယ်။ နောက်ကတ်နစ်စ်တို့ပြည်နယ် ဆယ့်နှစ်ကပဲ မဲပေါက်သူ ယောက်ျားလေး ပဏ္ဏာကတော့ မုန့်ဖုတ်သမားရဲ့သား ‘ပီတာ’ ဖြစ်တယ်။ အဲဒီ ပဏ္ဏာနှစ်ယောက်ရယ် အရင်ပြိုင်ပွဲတစ်ခုတုန်းက ပြည်နယ်ကိုယ်စားပြုယှဉ်ပြိုင်ရာမှာ အနိုင်ရခဲ့ဖူးပြီး အခု အရက်သမားကြီးဖြစ်နေတဲ့ နည်းပြ ‘ဟေးမစ်ခ်’ ရယ်၊ ကတ်နစ်စ်အတွက် မိန်းမထိန်းတစ်ယောက်ရယ် ပေါင်းလေးယောက်ဟာ မြို့တော်ဆီကို ထွက်လာခဲ့ကြတယ်။

အဲဒါနဲ့ နောက်ဆုံး ပြိုင်ပွဲပြီးခါနီးတော့ အားလုံးသေကုန်ပြီး ပြည်နယ်နံပါတ်ဆယ့်နှစ်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီး ပဏ္ဏာနှစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒါ သူတို့နှစ်ယောက်က တစ်ယောက်တည်း ကျန်တဲ့အထိ အချင်းချင်းတော့ အသေသတ်မနေတော့ဘူး၊ နှစ်ယောက်စလုံးဟာ တောထဲက အဆိပ်ရှိတဲ့ ဘယ်ရီသီးတွေကိုပဲစားပြီး နှစ်ယောက်အတူ သေလိုက်တော့မယ်လို့ ဟန်ပြင်လိုက်ကြတယ်။ အဲဒီမှာ တီဗီကြည့်နေကြတဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေ ၀ိုင်းအော်ပြီး ဆန္ဒပြကြလို့ သမ္မတက အလျှော့ပေးပြီး ဒီနှစ်အတွက်တော့ အောင်နိုင်သူကို တစ်ယောက်တည်းအစား နှစ်ယောက်အဖြစ် သတ်မှတ်ပေးပါ့မယ်ဆိုပြီး ရုတ်တရက် ကြေညာလိုက်တော့မှ ပြည်သူလူထုက ကျေနပ်သွားတယ်။ အဲလိုဖြစ်သွားရလို့ သမ္မတက ဂိမ်းတည်ထွင်သူကို ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး ပြည်နယ်နံပါတ်ဆယ့်နှစ်က ပဏ္ဏာနှစ်ယောက် မစားဖြစ်တဲ့ အဆိပ်သီးတွေကို စားခိုင်းပြီး သေခိုင်းလိုက်ပါတယ်။ နောက်မှသမ္မတက နောက်နှစ်မှာ ပြည်နယ်တွေကို အခုနှစ်မှာလို မဖြစ်ဘဲ ပိုင်ပိုင်နိုင်နိုင် နှိပ်ကွပ်သွားနိုင်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားခန်းဝင်နေတဲ့ အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။

ဒီဇာတ်ကားကို ကြည့်ပြီးပြီးချင်းမှာပဲ ပန်နမ်နိုင်ငံမှာရှိတဲ့ ဆယ့်နှစ်ပြည်ထောင်က တိုင်းရင်းသားပြည်သူတွေလည်း ပန်နမ်နေပြည်တော်က ပုဂ္ဂိုလ်များလို တန်းတူရည်တူ အခွင့်အရေးတွေ ရကြပါစေ၊ ပန်နမ်ပြည်ထောင်စုနိုင်ငံ သမ္မတကြီးလည်း မိဘပြည်သူများရဲ့ လိုအပ်ချက်တွေကို အစစအရာရာ အမှန်အကန် ဖြည့်ဆည်းပေးနိုင်ပါစေ၊ တစ်ပြိုင်တည်းမှာပဲ မိဘပြည်သူများရဲ့ ချစ်ခင်လေးစား ယုံကြည်အားကိုးမှုကို ရနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

(The Hunger Games ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း)

အမျိုးသားရင်ကြားစေ့ရေး ပိုမိုခိုင်မာစေသည့် နည်းလမ်းဖြင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားရင်ကြားစေ့ရေး ပိုမိုခိုင်မာစေသည့် နည်းလမ်းဖြင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားရင်ကြားစေ့ရေး ပိုမိုခိုင်မာစေသည့် နည်းလမ်းဖြင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်သည့် ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ပြည်သူလူထုကို နားလည်စေချင်တာက အခုဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်တဲ့နေရာမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကျွန်မတို့မူကို ဘယ်တော့မှ ကျွန်မတို့ မျက်ခြည်မပြတ်ဘူးဆိုတာ ဒါပထမကိစ္စ။
အမျိုးသားရင်ကြားစေ့ရေး ပိုပြီးတော့ ခိုင်မာအောင်လို့ လုပ်တဲ့နည်းနဲ့သာလျှင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်။ ဒုတိယအချက်က ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိပြီးတော့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံပီသတဲ့ လုပ်နည်းလုပ်ထုံးတွေနဲ့ ကျွန်မတို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုကဲ့သို့ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား လွှတ်တော်ပြင်ပမှ ပြင်ဆင်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ ဥပဒေဘောင်အတွင်း လွှတ်တော်နည်းဖြင့်သာ ဆောင်ရွက်သွားလိုကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ခံကြရန် ၎င်းကပြောကြားသည်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတည်ထောင်စဉ် ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ရှေ့တန်းတင်ပြီး ပြောခဲ့ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဟာ ဆက်ပြီးလုပ်သွားရမှာလည်း ကိစ္စပါ။ ကျွန်မတို့နိုင်ငံတွင်းမှာ ညီညွတ်မှုမရှိဘူးဆိုရင် ဘယ်လိုမှ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ ကျွန်မထွေထွေထူးထူး ရှင်းပြနေစရာ မလိုပါဘူး။ အားလုံး နားလည်ပြီးသား ဖြစ်ပါတယ်။ ညီညွတ်ရေးအတွက် အခြေခံဟာ တန်းတူညီမျှမှု ဖြစ်ပါတယ်။ ဒါကျွန်မတို့ တိုင်းရင်းသားတွေ အားလုံးရဲ့ကိစ္စပါ။ ဒီနိုင်ငံမှာ တန်းတူညီမျှမှုရှိမှ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ပါလိမ့်မယ်။ တန်းတူညီမျှမှုဆိုတာ ဘယ်ကစရမလဲဆိုရင် ဒီနိုင်ငံအခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက စရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်နှင့် ပြည်သူတို့အကြား ခွဲခြားထားပြီး တန်းတူညီမျှမှုမရှိသည့် ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံအားလည်းကောင်း၊ တပ်မတော်အား လည်းကောင်း မည်သူ့ကိုမျှ အကျိုးမပြုကြောင်း၊ ထို့အတွက်ကြောင့် အတည်မပြုမီကတည်းကပင် အဖွဲ့ ချုပ်အနေဖြင့် တရားဝင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်၌ မားမားမတ်မတ် လျှောက်လှမ်းနေပြီး နောက်ကြောင်းပြန်မလှည့်ဟု ပြောဆိုနေသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင်လိုခြင်းကို အဘယ်ကြောင့် ဖက်တွယ်ထားသနည်း ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ် ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းကို လေ့လာကြရန်နှင့် အဆိုပါမိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုသည့် သဘောထားများ ပါဝင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အဓိကကျသည့် ပုဒ်မများကို မပြင်ဆင်ဘဲ အရေးမကြီးသည့် ပုဒ်မများသာ ပြင်ဆင်ပေးမည်ဟုဆိုခြင်းသည် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “၄၃၆ကို ပြင်ဆင်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်တိုးတက်နိုင်လဲဆိုတာ အဓိကတပ်မတော်သားတွေကို စဉ်းစားစေချင်တယ်။ ၄၃၆ဟာ တပ်မတော်သားတွေရဲ့ အထူးအခွင့်အရေး ပေးထားတဲ့ပုဒ်မ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ အရဆိုလို့ရှိရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက်မရှိဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကပုဒ်မတွေကို ကျွန်မတို့ပြင်လို့ မရဘူး။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားစေချင်ပါတယ်။ တခြား ပြည်သူပြည်သားတွေထက်ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ပဲဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။ တပ်များရဲ့ စစ်တပ်များရဲ့ အဓိက အင်အားက လက်နက်ပါ။ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေးရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လား။ ကိုယ့်အတွက်ကောင်းရဲ့လားဆို တာ အများကြီး စဉ်းစားစေချင်ပါတယ်”ဟု ပြောကြားသည်။

တပ်မတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်သားများ ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းပြောကြားခဲ့ပြီး တပ်မတော်မှ ဖိတ်ခေါ်ပါက လက်မှတ်ရေးထိုးရမည့် စာအုပ်ပေးပို့ပေးသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “သူတို့ စစ်စကားနဲ့ပြောရမယ် ဆိုလို့ရှိရင် ရုပ်သိမ်းခြင်းပေါ့။ သိက္ခာရှိရှိနဲ့ ရုပ်သိမ်းခြင်း၊ ဣနြေ္ဒရရနဲ့ ရုပ်သိမ်းခြင်း၊ သိက္ခာရှိရှိနဲ့ ဣနြေ္ဒရရနဲ့ ပြည်သူလူထုရဲ့ဩဘာကိုခံပြီးတော့ ရုပ်သိမ်းပုံ ရုပ်သိမ်းနည်းကို မလိုချင်ကြဘူးလားလို့ ကျွန်မက မေးချင်ပါတယ်။ အဲဒီနည်းကတော့ လွှတ်တော်အတွင်းမှာ ကိုယ်က လိုလိုချင်ချင် နဲ့နိုင်ငံရဲ့အနာဂတ် စဉ်းစားပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားပြီးတော့ ဆုတ်သင့်တဲ့ အချိန်မှာသိက္ခာရှိရှိနဲ့ ဆုတ်ပါ။ ဘာမှ စိုးရိမ်စရာမရှိပါဘူး”ဟု ပြောကြားသည်။

တပ်မတော်သားများအနေဖြင့် နိုင်ငံရေးလုပ်လိုပါက တပ်မတော်မှ နုတ်ထွက်သင့်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စကားကို ကိုးကားကာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က“၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုင်ချင်ရင် ပြည်သူ့ရဲ့အသည်းနှလုံးပဲ ရအောင်လုပ်ရမှာပဲ။ တခြားနည်းတွေနဲ့ လုပ်လို့မရဘူးလို့ ကျွန်မက ထင်ပါတယ်။ အခြားနည်းတွေနဲ့ ဥပမာအားဖြင့်လို့ရှိရင် မမျှတတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲပဲဖြစ် ဖြစ်၊ မမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ဖြစ်ဖြစ်၊ မမျှတတဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ် ၂ဝ၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှပိုပြီးတော့ သိက္ခာရှိပါတယ်လို့ ကျွန်မက ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ယခုပြုလုပ်သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်သည့် ပထမဆုံး ဟောပြောပွဲဖြစ်ပြီး ဟောပြောပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် တက်ရောက်ဟောပြောခဲ့သည်။

အဆိုပါ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ ထောက်ခံသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရဟန်းသံဃာတော်များ၊ ပြည်သူများ ဗိုလ်စိန်မှန်ကွင်းအပြည့် တက်ရောက်ခဲ့ကြပြီး ကွင်းအပြင်၌လည်း ရပ်ကြည့်နားထောင်သူ အများအပြားရှိခဲ့ရာ စုစုပေါင်း ၃ဝဝဝဝ ထက်မနည်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

(မေ ၁၇ ရက်က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ NLD နှင့် ၈၈ မျိုးဆက်တို့၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်ရာဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))

(ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် NLD နှင့် ၈၈ မျိုးဆက်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူများက ထောက်ခံကြောင်း လက်ထောင်ဆန္ဒပြုနေကြစဉ် (ဓာတ်ပုံ- ကြည်နိုင်)
)

Saturday, 17 May 2014

ယူတဲ့နေရာ ပြန်ထားပါ

ယူတဲ့နေရာ ပြန်ထားပါ

Written by - ဒေါက်တာခင်မောင်ညို

“ဒါကကောင်းတဲ့အကျင့်ပဲ၊ ကဲ လက်ဖက်ရည်လေး သောက်လိုက်ပါဦး၊ ခင်ဗျားအဘိုး ချီးမွမ်းခန်းထုတ်နေတာနဲ့ လက်ဖက်ရည်တောင် အေးကုန်ပြီ”

“ကျုပ်က ချီးမွမ်းခန်းထုတ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ တက်တဲ့အခါ ပြည်သူတွေ အင်မတန်သဘောကျတာကို စဉ်းစားမိလို့ပါ”

“ကျွန်တော်လည်း အဲဒီအချိန်ကိုမီပါတယ်။ သီချင်းတွေဆိုတဲ့အခါ ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီဆိုတာမျိုးပေါ့”

“မြူနီစီပယ်မင်းကြီး ဗိုလ်မှူးကြီးထွန်းစိန်ဆိုတာ တောက်လျှောက် မြို့တော်စည်ပင်သာယာရေးအတွက် လုပ်တယ်။ ရန်ကုန်တစ်မြို့လုံး သန့်ရှင်းသွားတယ်”

“မြူနီစီပယ်ဟာလည်း မြို့တော်စည်ပင်သာယာရေး ဖြစ်လာတာပဲမဟုတ်လား”

ဒါကို ကျွန်တော်ပြောသည် မဟုတ်ပါ။လက်ဖက်ရည်ဝိုင်းကို ရောက်လာသည့် ကိုမြတ်လင်းက ဝင်ပြောတာပါ။

“ကိုမြတ်လင်းထိုင်ပါ။ ဘာသောက်မလဲ၊ မှာပါ”

“ဟုတ်ကဲ့ မှာပြီးပါပြီ၊ ဆရာတို့ စည်ပင်သာယာရေးအကြောင်း ဆွေးနွေးနေတာ နားထောင်ကောင်းလို့ပါ။ ဆရာတို့ ဆက်ဆွေးနွေးပါ ဆရာ”

“ကိုလိုနီလက်ထက်က ရန်ကုန်ဟာ တကယ့်ကို သန့်ရှင်းတာတဲ့။ အမှိုက်တစ်စ မရှိဘူး။ ညဘက်ဆို ရေဆေးတယ်။ နောက်ဖေးလမ်းကြားက အင်မတန် သန့်ရှင်းတယ်။ မြောင်းတွေဆိုလည်း ရေတွေ ကြည်နေတာပဲတဲ့”

ကျွန်တော်လည်း ဝင်ပြောပါသည်။

“ကျွန်တော် ရန်ကုန်ရောက်တာ ၁၉၆၈ ခုနှစ်ပါ။ ခုထက်ထိတော့ သန့်ပါတယ်။ လူတွေ စည်းကမ်းရှိတယ်လေ။ ဟီးနိုးကားတွေပေါ်ခါစပေါ့။ လူတွေဟာ တန်းစီပြီး ကားပေါ်တက်ကြရတယ်။ ထိုင်ခုံအရေအတွက် အတိုင်းပဲ လက်ခံတယ်”

“တကယ်လား ဆရာရယ်။ ဒါတွေဟာ နိုင်ငံခြားမှာပဲရှိတယ် ထင်နေတာ”ဟု ကို မြတ်လင်းက ပြောပါသည်။

“ဟုတ်ပါတယ်၊ တပ်မတော်ဟာ တကယ့်ကိုအလုပ်လုပ်ပြီး ပြည်သူကို အကျိုးရှိစေတယ်”

“အဲဒီအချိန်က ပါလီမန် ဒီမိုကရေစီခေတ်ပေါ့နော်”

“ဟုတ်တယ်၊ ပါလီမန်ဒီမိုကရေစီ ကိရိယာတွေကို ခဏယူသုံးတယ်လေ။ အကောင်းဆုံးဖြစ်အောင် ပြုပြင်တယ်လို့ပြောနိုင်တယ်။ ဒီလိုသုံးတာ ကောင်းတာပေါ့။ ဒါပေမဲ့ ပြီးရင်ပြန်ထားပေါ့။ သူ့နေရာသူ ပြန်မထားတော့ အဆင်မပြေတာတွေ ဖြစ်ကုန်တာပဲကွ”

“ကျွန်တော်မေးမယ်ဆရာ၊ စိတ်တော့မရှိပါနဲ့။ ဆရာတို့ ဒီဘက်ခေတ်မှာ ဘာတွေပြန်မထားတာလဲ”

“ပြောရမှာ အများကြီးပါပဲ၊ တို့ အတွင်းဝန်ရုံးကြီး ရှိတယ်မဟုတ်လား။ အဲဒီရုံးမှာ အတွင်းဝန်ဆိုတာတွေရှိတယ်။ အတွင်းဝန်တွေဟာ အုပ်ချုပ်ရေးကို ကျွမ်းကျင်တယ်။ သူတို့ဟာ ဝန်ကြီးတွေရဲ့ အကြံပေးတွေသာ မကဘူး။ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေသူတွေ ဖြစ်တယ်။ ဥပမာ ဝန်ကြီးတစ်ဦးဟာ ဘာလုပ်ခွင့်ရှိတယ် မရှိဘူးဆိုတာ သူတို့ပြောပြနိုင်တယ်။ အရင်ဝန်ကြီးတွေ ဘာလုပ်ထားလဲဆိုတာတွေ ရှိတယ်။ စာရင်းဇယား အပြည့်အစုံတွေရှိတယ်”

“ဆရာပြောတာ ဗျူရိုကရေစီယန္တရားပေါ့ ဟုတ်လား”

“မှန်ပါတယ်”

“အဲဒါကို ကြိုးနီစနစ်လို့ ခေါ်တယ် မဟုတ်လား”

“ဒါလည်းမှန်ပါတယ်”

“ဒီကြိုးနီစနစ်တို့ ဗျူရိုကရေစီယန္တရားတို့ဟာ ပြည်သူတွေကို နှိပ်စက်တယ် မဟုတ်လား”

“မဟုတ်ဘူး။ မှားနေတယ်။ သူက စာရင်းဇယားကျန်အောင် လုပ်ပေးတာပဲ။ ဥပမာ မြေတစ်ကွက်ကို အဖွဲ့အစည်းတစ်ခုက သိမ်းပိုက်မယ်ဆိုရင် လုပ်လို့ရတာ မရတာတွေကို သူတို့ထောက်ပြလို့ရတယ်။ အမှားအမှန် ဝေဖန်ပြလို့ရတယ်။ ခုလက်ရှိတော့ မဟုတ်ဘူးပေါ့လေ။ စောဦးပိုင်းက မြေတွေကို ထင်ရာမြင်ရာလုပ်ပြီး ယူလိုက်ကြတာ မြေတိုင်းစာရေးတွေအားလုံး သူဌေးဖြစ်ကုန်တော့တယ်”

“ဒါက အတော်ဆိုးတာပဲပေါ့”

“ဆိုးတာပေါ့ကွာ၊ လွတ်လပ်ရေးဆိုတာ တို့ပိုင်တဲ့မြေ၊ တို့ဆိုင်တဲ့မြေ တို့တစ်တွေခံစား စံစားနိုင်ပါစေတဲ့”

“ပြည်သူတွေ ပိုင်တာပေါ့နော်”

“မှန်တယ် တို့ပြည်သူတွေ ပိုင်တယ်။ ဒါတွေကို စနစ်တကျ ခွဲဝေပေးရမယ်။ ပိုင်တာတွေကို အသိအမှတ်ပြုရမယ်။ အမျိုးမျိုးအကြောင်းပြ သိမ်းယူတယ်ဆိုတာ နှိပ်စက်သလို ဖြစ်နေတာပေါ့။ ခုခေတ်မှာ ခရိုနီကြီးတွေက ဘာမှမလုပ်တော့ပေမယ့် နောက်ခရိုနီ အငယ်တွေကလည်း ဒီလိုဥပဒေကို လက်တစ်လုံးခြား လုပ်လာကြတယ်။ လယ်တွေကို ရေဖြတ်တယ်။ ဒါမှမဟုတ် ရေကြီးအောင်လုပ်တယ်။ ပြီးတော့ စိုက်လို့မဖြစ်ဘူးဆိုပြီး သိမ်းတာတွေ အများကြီးပဲ”

“တို့နိုင်ငံမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ လုပ်ပြဖို့လိုတယ်။ မမှန်တာတွေ မလုပ်ပါနဲ့။ သူ့နေရာသူ ပြန်ထားဖို့လိုတယ်။ ကြုံတုန်းပြောစရာတစ်ခုရှိတယ်”

“ဟုတ်ကဲ့ဆရာ”

“ဩစတြေးလျမှာ ညနေဘက်ဆို နေရောင်ကြောင့် အနီရောင်ပြောင်းသွားတဲ့ တောင်ရှိတယ်။ အဲဒီတောင်ကို ကမ္ဘာအရပ်ရပ်က လာရောက်လည်ပတ်လေ့ ရှိတယ်။ တောင်နံဘေးမှာ စာရေးထားတယ်။ ကျောက်တုံးတွေကို အမှတ်တရပစ္စည်းအနေနဲ့ မယူသွားရဘူးတဲ့”

“သူတို့က ပစ္စည်းကို တန်ဖိုးထားလိုက် ကြတာ”

“အင်း တန်ဖိုးထားတာထက် ပြဿနာ ဖြစ်တာတွေ အများကြီးပါပဲ။ ဒီကျောက်တုံးတွေကို ယူသွားတဲ့လူတွေဟာ အိမ်ထောင်ကွဲ၊ သားသမီးဆုံး၊ အလုပ်အဆင်မပြေ စတာတွေ ကြုံရသတဲ့။ ဒါကြောင့် ဒီကျောက်တုံးတွေကို ယူသွားတဲ့လူတွေဟာ သူတို့ယူသွားတဲ့ ကျောက်တုံးတွေကို ပြန်ပြန်ပို့တာ တစ်နှစ် တစ်နှစ်ကို ထောင်နဲ့ချီ ရောက်လာသတဲ့”

“သူတို့ ကြောက်သွားတယ်နော်”

“ဟုတ်တယ်လေ၊ သူ့နေရာမှာ သူရှိနေတာ အကောင်းဆုံးပဲ မဟုတ်လား”

“ဟုတ်ကဲ့ဆရာရယ်၊ ကျွန်တော်တို့ မြန်မာမှာလည်း အရှင်မပေးတဲ့ပစ္စည်းကို ယူတာတောင်မဟုတ်ဘူး။ နေရာပြောင်းထားရင် ခိုးမှုပဲ။ ရဟန်းတော်တွေမှာဆို အကြီးဆုံးပြစ်မှု ပါရာဇိကကံ ထိုက်တယ်။ ရဟန်းမဖြစ်တော့ဘူးပေါ့”

“ဒါကြောင့် ကျွန်တော့်အဘိုးပြောတာပေါ့။ ယူတော့ယူသုံးပါ၊ သုံးပြီးရင် ပြန်ထားပါဆိုတာ”

“ဒီမိုကရေစီယူသွားတဲ့ စစ်တပ်လည်း သုံးပြီး သူ့အတိုင်းထားဖို့ပေါ့”

“ကောင်းဗျာ၊ ကောင်းဗျာ”

ကိုဘသစ် ကျွန်တော့်ကို ပြောပြတာပါ။

“ကျွန်တော်တို့အဘိုးနဲ့နေတုန်းကပေါ့ဗျာ။ တစ်ညမှာ ညကြီးမင်းကြီး သန်းခေါင်သန်းလွဲကြီးမှာ တစ်အိမ်လုံးကိုနှိုးပြီး ဧည့်ခန်းမှာ မတ်တတ်ရပ်ခိုင်းတယ်။ ကျွန်တော်က ကလေးပဲ ရှိသေးတယ်။ အိပ်မှုန်စုံမွှားနဲ့ ထွက်ရပ်တာပေါ့။

အဘိုးမှာ မြေးသုံးယောက်၊ သားသမီး ခြောက်ယောက်တို့နဲ့ အတူနေတယ်။ အားလုံးတိတ်နေကြတယ်။ အဘိုးကပြောတယ်။ ငါ့တူ ဘယ်သူယူသုံးလဲတဲ့။ ကျွန်တော့်ဦးလေးက လက်ထောင်တယ်။ သူယူတာပါတဲ့။
အေး ယူသုံးတာကို ငါသဘောကျပါတယ်။ ဒါပေမဲ့ ယူသုံးပြီးရင် သူ့နေရာသူထားလို့ပြောပြီး ပြန်အိပ်ခိုင်းလိုက်တယ်”

“ခင်ဗျား ဘာကိုပြောချင်လို့လဲ”

“နှစ်ချက်ပြောချင်တာပါ။ အဘိုးဟာ အင်မတန်တော်တယ်”

“ခင်ဗျားက အဘိုးအကြောင်း ခဏခဏ ပြောနေတာပဲ။ လူတိုင်းဟာ ကိုယ့်အဘိုးကိုယ် တော်တယ်ပဲ ပြောတာပေါ့”

“ဒီလိုမဟုတ်ဘူး ဆရာညိုရ၊ ကျွန်တော့်အဘိုး တော်တယ်ဆိုတာက ပထမအချက်က သူ့ပစ္စည်းကိုယူသုံးတာ သဘောကျတယ်ဆိုတဲ့ အချက်ပေါ့”

“ဘယ်လို”
“အဘိုးက သူ့ရဲ့လက်သမားကိရိယာတွေကို အိမ်မှာ ဗီရိုကြီးတစ်လုံးနဲ့ထားတယ်။ အဲဒါတွေနဲ့ သူအားရင် အိမ်တွေပြင် ခြံစည်းရိုးတွေကို ပြင်တယ်။ ပျက်တာတွေကို သူ့သားသမီးတွေ ပြင်သုံးတတ်အောင်လို့ သူ့ပစ္စည်းတွေကို ပေးသုံးတယ်။ တောအိမ်ဆိုတော့ ပြင်စရာတွေလိုတယ်။ ခုံဖိနပ် ပြတ်တာကအစ ကိုယ်တိုင်ပြင်ရတာကိုး။ ဒါပေမဲ့ ဒုတိယအချက်က သုံးပြီးရင် သူ့နေရာမှာသူ ပြန်ထားရတယ်။ ဒါကိုမလုပ်ရင် ပြဿနာဖြစ်ပြီပဲ”
Eleven Media Group

၅၉ (စ) မပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီ ဆန္ဒပြပွဲတွင် မ.ဘ.သ အဖွဲ့အပေါ် အထင်မှားစေသည့် အပြုအမူအချို့အား ဇလွန်မြို့နယ် မ.ဘ.သ က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် စီစဉ်

၅၉ (စ) မပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီ ဆန္ဒပြပွဲတွင် မ.ဘ.သ အဖွဲ့အပေါ် အထင်မှားစေသည့် အပြုအမူအချို့အား ဇလွန်မြို့နယ် မ.ဘ.သ က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် စီစဉ် 

၅၉(စ)မပြင်ဆင်ရေး ဇလွန်ပြည်ခိုင်ဖြိုး ပါတီ၏ ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အပေါ် ထင်ယောင်ထင်မှား ဖြစ်စေသည့် အပြုအမူအချို့ ပြုမူခဲ့မှုအပေါ် ဇလွန်မြို့နယ် မ.ဘ.သအဖွဲ့မှ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ရေး တင်ပြသွားရန်ရှိကြောင်း ယင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ သိရသည်။

ဇလွန်မြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဆရာတော်ဦးသဒ္ဓမ္မ၀ံသက “ကြံ့ခိုင်ရေးကလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ မ.ဘ.သ က မပါပါဘူး။ မ.ဘ.သ နာမည်နဲ့ သာသနာ့အလံတွေကို မသုံးဖို့ ဒီဆန္ဒပြပွဲမစခင်မှာ ကြံ့ခိုင်ရေးက ဦးဆောင်သူကို ဦးပဉ္စင်းသွားတားခဲ့တယ်။ မ.ဘ.သ ဥက္ကဋ္ဌ ဆရာတော်ကြီး ကိုယ်တိုင်လည်း သက်ဆိုင်တဲ့ဌာနတွေကို အကြောင်းကြားပြီး တားခဲ့တယ်။ သူတို့က ဘုရားလှူတဲ့ကိစ္စကို ဒီဆန္ဒပြပွဲနဲ့ တွဲလုပ်သွားတယ်။ အဲဒါကြောင့် ပရိတ်အဖွဲ့တွေ၊ သာသနာ့အလံတွေကို သုံးသွားတော့ ထပ်ပြောဖို့ခက်သွားတယ်။ သူတို့က နိုင်ငံရေးလှည့်ကွက်လှလှ သုံးသွားတဲ့သဘောပဲ” ဟု မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့က အမျိုး၊ ဘာသာ၊ သာသနာအတွက် သီးသန့်ပဲ လုပ်ချင်တယ်။ နိုင်ငံရေးကို အထောက်အကူဖြစ်အောင် မလုပ်ချင်ဘူး။ ဒီကိစ္စမှာ မ.ဘ.သ နဲ့ မဆိုင်ဘူးဆိုတာကို အဲဒီ့ဆန္ဒပြတဲ့နေ့ မနက်ပိုင်းမှာပဲ ဦးပဉ္ဇင်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ချက်ချင်းတင်ခဲ့တယ်။ မ.ဘ.သ အဖွဲ့အနေနဲ့လည်း ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်နိုင်ဖို့ သံဃာတော်တွေကို တင်ပြလျှောက်ထား သွားဖို့ရှိပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် မ.ဘ.သ အဖွဲ့တံဆိပ်နှင့် စာသားပါအင်္ကျီ ၀တ်ဆင်ထားသူ အမျိုးသမီးတစ်ဦးက “ဘာသာရေးကိုပဲ အဓိကထားတယ်။ နိုင်ငံရေးကတော့ နားမလည်ဘူး။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတွက်ပါပဲ” ဟု ဖြေကြားခဲ့သည်။

ဇလွန်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်ကမူ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ၅၉ (စ)မပြင်ဆင်ရေးနှင့် တိုင်းရင်းသားစစ်စစ် ၁၃၅ မျိုး၏ သားစဉ်မြေးဆက် နိုင်ငံတော်ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန်ကိုသာ ရည်ရွယ်ကြောင်း ဖြေကြားထားသည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ မေ ၁၅ ရက်က ခွင့်ပြုမိန့်ရရှိ ထားသော အချက်(၃) ချက်အပြင် ခွင့်ပြုမိန့်တွင် မပါရှိသော “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး။ အမျိုးစစ်မှ အမျိုးချစ်မည်။ အမျိုးဖျက်သူ အလိုမရှိ” စာသားပါ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူဦးရေ ၅၅၀၀ ကျော် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

Eleven Media Group

ရန်ကုန်မြို့ပြ ခရီးသွား

ရန်ကုန်မြို့ပြ ခရီးသွား

ယာဉ်ကြောပိတ်ဆို့မှု အနိဋ္ဌာရုံနဲ့ ရန်ကုန်မြို့ပြမှာ ခရီးသွားရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ရန်ကုန်မြို့ကို ကျွန်တော်စရောက်ဖြစ်တဲ့ ၂၀၀၉ ခုနှစ် ၀န်းကျင်တုန်းကဆိုရင် အထူးကားတွေက အထူးကားပီသတယ်။ လက်မှတ်လေးတွေနဲ့ ခုံပြည့်တာနဲ့ လူမတင်တော့နဲ့။ အခုတော့ ပါးစပ်ရာဇ၀င် ဖြစ်သွားပါပြီ။ အထူးကားဆိုတာ ကျပ်တာထက်ပိုပြီး ညပ်တာများလာတဲ့ကား ဖြစ်နေပါပြီ။

ရန်ကုန်မြို့မှာ ခရီးသွားရမယ်ဆိုရင်တော့ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် ရထား၊ ဘတ်စ်ကားနဲ့ တက္ကစီကို အများစု အသုံးပြုကြပါတယ်။ နေ့စဉ် လူဦးရေ တစ်သိန်းလောက်စီးနင်းတဲ့ ရထားကတော့ အခြေခံလူတန်းစားတွေအတွက် အားကိုးရာ ဖြစ်နေပါသေးတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေက အလုပ်၊ ရုံး၊ ကျောင်းသွားဖို့အတွက် တစ်ရက်ကို လေးနာရီကျော်၊ ငါးနာရီကျော်လောက် ဘတ်စ်ကားပေါ်မှာ အချိန်ပေးနေရပါတယ်။ ဒီလိုပေးရတဲ့ အချိန်တွေကလည်း သက်သောင့်သက်သာရှိတဲ့အချိန် မဟုတ်ပြန်ဘူး။ ယာဉ်ကြောပိတ်တဲ့ဒဏ်၊ လေအေးပေးစက်ကားဆိုပြီး လေအေးပေးစက်မဖွင့်လို့ မွန်းကျပ်ပူလောင်တဲ့ဒဏ်၊ လူနဲ့ယာဉ်အရေအတွက် မမျှလို့ ညပ်သိပ်တဲ့ဒဏ်၊ အမျိုးသမီးတွေ အတွက်တော့ မဖွယ်မရာ ဒဏ်ချက်တွေနဲ့ ရန်ကုန်မြို့ပြရဲ့ ဘတ်စ်ကားပေးတဲ့ ဒဏ်ချက်ကို ရင်စည်းခံကြရတာပါပဲ။

ရန်ကုန်မြိြု့ပကို အရင်တုန်းက လူဦးရေ ခြောက်သန်းလောက်နေတယ် ခန့်မှန်းကြတယ်။ အခုတော့ ရှစ်သန်းလို့ ပြောနေကြပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့မှာ တစ်နေ့ခရီးသွားတဲ့သူ အရေအတွက် သုံးသန်းကျော်ရှိတယ်လို့ မြို့ပြပညာရှင်တွေက ပြောကြပါတယ်။ အခုတော့ လေးသန်းကျော် ငါးသန်းလောက် ရှိနေမလား မသိပါဘူး။

ဒီမှာ တစ်ခုပြောချင်တာက ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကိုပါ။ ပညာရှင်တွေက Public Transportation ကို ဦးစားပေးလုပ်သင့်တယ်လို့ ပြောနေကြပေမယ့် ပြည်သူအများ တကယ်စီးနင်းနေတဲ့ ဘတ်စ်ကားတွေက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲတွေနဲ့ တန်ဖိုးထက်ပိုများနိုင်တဲ့ အခွန်အခတွေ ကျော်ဖြတ်ရတဲ့ ပြဿနာ တွေကြောင့် ဘတ်စ်ကားအစီးရေက ရန်ကုန်မြို့ပြခရီးသွား သုံးသန်းကျော်နဲ့ မမျှတတဲ့ အရေအတွက်ဖြစ်တဲ့ အစီးရေ ၁၀၀၀၀ အောက်မှာသာ ရှိနေပါတယ်။

နောက်တစ်ခုကတော့ တက္ကစီ အငှားယာဉ်တွေပါပဲ။ အရင်တုန်းက အစီးရေ သုံးသောင်းလောက်ပဲရှိတဲ့ တက္ကစီတွေက အခုဆို ငါးသောင်းကျော်လောက် ဖြစ်နေပါပြီ။ ကားတန်ဖိုးတွေကျလာလို့ သာမန်ငွေကြေးရှိသူတွေက တက္ကစီထောင်လာတဲ့အချိန်မှာ ပိုများလာတာပါ။ အခုလို များပြားလာတဲ့ အငှားယာဉ်တွေက ချိုသာတဲ့ဈေးနှုန်းနဲ့ ပြည်သူ့အတွက်တော့ ဖြစ်မလာပြန်ဘူး။ ကားပိတ်လို့ ယာဉ်ကြောကျပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုံမှန် ကျပ် ၂၀၀၀ တန် ခရီးလောက်ကို ကျပ် ၂၅၀၀၊ ၃၀၀၀ မရရင် မလိုက်တော့ပါဘူး။ ဒီလို ဈေးတက်ပေးရလို့ ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ပဲ ငှားစီးမယ်လို့ မာနကြီးမိရင်တော့ တစ်နေကုန် ရပ်ငှားပါ။ ဘယ်ကားမှ လိုက်မှာမဟုတ်ပါဘူး။ ဒီတော့လည်း မာနလေးချ။ ပိုက်ဆံပိုပေးပြီး ငှားစီးရတာပါပဲ။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းရဲ့ အကျိုးဆက်အဖြစ် ပြည်သူလူထုက ခံရတာပါ။

အငှားကားတွေလိုပဲ အားကျမခံ တက်တောင်းလာတာက ဘတ်စ်ကားတွေပါ။ အထူးကားနဲ့ ကျပ် ၅၀ ကားလို့ခေါ်တဲ့ ရိုးရိုးကားတွေမှာပါ မှတ်တိုင်အလိုက် ကန့်သတ်ချက်နှုန်းတွေထက် ပိုတောင်းလာပါတယ်။ ကျပ် ၅၀ တန် ရိုးရိုးကားအများစုမှာ အနီးဆုံး ခရီးအတွက် ကျပ် ၁၀၀ ကို အနိမ့်ဆုံး တောင်းလာတာပါပဲ။ နေ့စဉ် အလုပ်လုပ်ဖို့အတွက် ပြည်သူတွေက မကုန်ကျသင့်တဲ့ အပိုငွေတွေ ပိုကုန်ကျလာခြင်းကလည်း ပြည်သူတွေ နွမ်းပါးရခြင်းအပေါ် ထပ်ဆင့်တဲ့ ထိုးနှက်ချက်တွေ ဖြစ်လာပါတယ်။

ကျွန်တော်ဘန်ကောက်ကို ရောက်ခဲ့တုန်းက ထိုင်းနိုင်ငံရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို တွေ့ခဲ့ပါတယ်။ သူတို့လည်း ယာဉ်ကြောပိတ်တာပါပဲ။ ဒါပေမဲ့ ခုံးကျော်တံတားတွေ၊ မိုးပျံရထားတွေနဲ့ အကောင်းဆုံး ထိန်းညှိထားပါတယ်။ ဘတ်စ်ကားတွေမှာဆိုရင် မြန်မာနိုင်ငံလိုပဲ အလုပ်လုပ်ချိန် နာရီတွေကျော်သွားရင် စီးတဲ့သူ နည်းသွားပါတယ်။ ဒါပေမဲ့ သူတို့က မြန်မာနိုင်ငံက စပါယ်ယာတွေလို အသံကုန်အော်ပြီး မှတ်တိုင်မှာ လူစောင့်မခေါ်ပါဘူး။ တက်မယ့်ဆင်းမယ့်သူ ကုန်တာနဲ့ ဘတ်စ်ကားက သူ့ဘာသာ မောင်းထွက်သွားတာပါပဲ။ မြန်မာနိုင်ငံမှာကတော့ မှတ်တိုင်မှာ ဘတ်စ်ကားတွေ ပုံထပ်နေအောင် ရပ်ထားပြီး လူစောင့်ခေါ်တာကလည်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်စေတယ်ဆိုတာ တာဝန်ရှိသူတွေ နားလည်စေချင်ပါတယ်။

နောက်ပြီးတော့ သူတို့ရဲ့ ခုံးကျော်တံတား စနစ်ပါ။ ကွေ့ကြောတွေအတွက် ခုံးကျော်တံတားတွေ ဆောက်ပေးထားသလို သူတို့ရဲ့ ခုံးကျော်တံတားတွေက ခုံးကျော်တံတားအပေါ် ခုံးကျော်တံတား ထပ်ဆောက်နိုင်သလို ယာဉ်ကြောပိတ်ဆို့မှုအလိုက် လိုအပ်သလို ထပ်တိုးချဲ့ဖို့ ခုံးတံတားရဲ့ဘေးမှာ လမ်းထပ်ချဲ့နိုင်မယ့် တံတားအပိုနဲ့ပါ။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီ ရောက်ခဲ့တုန်းကလည်း ယာဉ်ကြောပိတ်ဆို့မှု အနေအထားကို လေ့လာကြည့်ပါတယ်။ ကျွန်တော်တို့ တည်းခဲ့တဲ့ Raas Vilas ဟိုတယ်ဆိုတာက နယူးဒေလီရဲ့ လူလတ်တန်းစားတွေ အများစုနေတဲ့ Nauroji Nagar မှာရှိတာပါ။ နယူးဒေလီကို ရောက်ခဲ့တဲ့ ငါးရက်အတွင်း နေ့စဉ် ကားနဲ့လှည့်ပတ် လေ့လာခဲ့တော့ မြို့လယ်လို့ ပြောနိုင်တဲ့နေရာနဲ့ နေရာအချို့မှာပဲ ယာဉ်ကြောပိတ်ဆို့မှု တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလို စိတ်ဆင်းရဲလောက်အောင် ယာဉ်ကြောပိတ်ဆို့မှု မရှည်ကြာသလို နေရာအနှံ့မှာလည်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မနေပါဘူး။

ရန်ကုန်မြို့ထက် အဆများစွာ လူနေမှုမြင့်တဲ့ ယာဉ်အစီးရေများတဲ့ နယူးဒေလီမြို့မှာ ယာဉ်ကြောပိတ်ဆို့မှု မရှိသလောက်ဖြစ်အောင် ဘယ်လိုဖြေရှင်းထားလည်း မေးကြည့်တော့ သူတို့ရဲ့ ခုံးကျော်တံတားတွေက လေးမိုင်ကျော်ရှည်တဲ့ ခုံးကျော်တံတားတွေတောင် လိုအပ်သလို ဆောက်တာမျိုး၊ ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ သုတေသနဌာနတွေ ဖွင့်လှစ်တာမျိုးလုပ်ပြီး ဖြေရှင်းတယ်လို့ သိခွင့်ရခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်နေပါပြီ။ သည်းခံနိုင်စွမ်း မြင့်မားတဲ့ ပြည်သူတွေက အလုပ်လုပ်ချိန်နဲ့ စွမ်းအားတွေ အခမဲ့ ကုန်ဆုံးနေတာကို လက်မခံနိုင်တော့တဲ့ တစ်နေ့ကျရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မီးလောင်ဆုံးရှုံးမှုတွေကို မတားဆီးနိုင်လိုက်တာမျိုး၊ အရေးပေါ် လူနာတင်ယာဉ်ပေါ်က အရေးပေါ်လူနာ ဆေးကုသမှုခံယူဖို့ နောက်ကျလို့ အသက်ဆုံးရှုံးရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ယာဉ်ကြောပိတ်ဆို့လို့ ပျော်တတ်တဲ့ မီးပွိုင့်စောင့် ဈေးသည်တွေတောင်မှ အကြာကြီးပိတ်ရင် နောက်ထပ်ဝယ်မယ့်ကားတွေ မလာတော့လို့ စိတ်ညစ်တတ်ပါတယ်။ ပြည်သူထဲက ပြည်သူတွေကတော့ နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ရင်စည်းခံနေကြရပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ခံနေရတဲ့အပြင် ဘတ်စ်ကား၊ အငှားယာဉ်၊ ပြိုင်ကားတွေရဲ့ လမ်းပေါ်ကသူ လူမထင်တဲ့ ရမ်းကားမောင်းနှင်မှုတွေကိုလည်း သက်စွန့်ဆံဖျား ရှောင်ရှားရင်း သွားလာနေကြပါတယ်။ ဒီလိုမျိုး ပြည်သူတွေရဲ့ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ထပ်ဆင့်ခံစားရအောင် လေးဖက်လေးတန်က လာသမျှယာဉ်တွေကို ယာဉ်ထိန်းရဲ ခရာမှုတ်သံနဲ့တား။ ကားမီးတ၀င်းဝင်းနဲ့ အရှိန်ပြင်းပြင်းမောင်းနေတဲ့ ကားပေါ်က ပုဂ္ဂိုလ်ကြီးများ ကြားသိပါစေလို့သာ ဆုတောင်းမိပါတယ်။

(ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပြောင်းပြန်မောင်း၍ ကျော်တက်ရန်ကြိုးစားနေသည့် ဘီအမ်လိုင်းကားယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))
Eleven Media Group

အတ္တကင်းစွာ ... မိမိကိုယ်ကိုယ် တည်ဆောက်နိုင်ကြပါစေ

အတ္တကင်းစွာ ... မိမိကိုယ်ကိုယ် တည်ဆောက်နိုင်ကြပါစေ
Eleven Media Group
(Written by: ဘစံကောက်)

တစ်နေ့က ကျွန်တော်ကို သားဖြစ်သူက မေးခွန်းတစ်ခုမေးသည်။ “အဖေသာ.. သမ္မတဖြစ်ရင် ဘာကိုအရင်စလုပ်မှာလဲ” .. ဟူသတတ်။

အတော်ခေါင်းစားရသော မေးခွန်းဖြစ်သည်။ သည်အထဲမှာ အခက်ဆုံးက ကျွန် တော်သမ္မတ ဖြစ်ခဲ့လျှင်ဟူသောအပိုင်း ဖြစ်သည်။ လက်ရှိမှာ ကျွန်တော်က ပြည်သူထဲက ပြည်သူတစ်ယောက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များနှင့် ထည့်သွင်းတွက်ချက်လျှင် ဖြစ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းပင်မရှိသည်တော့ သမ္မတဖြစ်ဖို့အရေးကို ယောင်လိုမျှပင် မတွေးခဲ့ဘူး။

ခုတော့ သားကမေးနေပြီ၊ သူ့အရွယ်က ကလေးမကျ လူကြီးမဖြစ်တဖြစ်အရွယ်။ အရာရာကို စဉ်းစားတွေးခေါ်ပြီး၊ လက်ရှိသူ လေ့လာဆည်းပူးထားသလောက် အတိုင်းအတာနှင့် သူ့ဘ၀ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နေသောအချိန်၊ ကျွန်တော်ဖြစ်သလို အလွယ်အလွတ်ပြော၍ မဖြစ်နိုင်။ ကျွန်တော့်အယူအဆ နှင့် သူ့အယူအဆ တစ်ထပ်တည်း မကျလျှင်တောင်မှ ဘာကြောင့်ဟု သဘာဝကျကျပြောပြနိုင်ဖို့ ဆိုလိုသည်။ ဒါက ဒီကနေ့ ကျွန်တော့်သားအရွယ် လူငယ်တွေကို ဆက်ဆံရာတွင် ကျွန်တော်သတိထား ဆက်ဆံနေသည့် အနေအထားဖြစ်သည်။

ထားတော့ သားဖြစ်သူ မေးသည့်ခဏပင် ကျွန်တော့်ကိုယ်ကျွန်တော် သမ္မတတစ်ယောက်အနေဖြင့် အလျင်ဆုံး ၀င်စားလိုက်ရသည်မှာကတော့ အမှန်။ ဒါဖြင့် ဘယ်သမ္မတနေရာက ၀င်စားလိုက်သည် ထင်ပါသနည်း။ ဟုတ်ကဲ့၊ ရှက်ရှက်နှင့် ၀န်ခံလိုက်ရလျှင် မြန်မာသမ္မတအနေနှင့် မဟုတ်ဘဲ။ အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်းအနေဖြင့် ၀င်စားလိုက်မိခြင်းဖြစ်သည်။ ဒါကလည်း ကျွန်တော် စိတ်ကြီးဝင်၍ မဟုတ်ပါ။ မှန်တာပြောရလျှင် မြန်မာသမ္မတတွေအကြောင်း ကျွန်တော်ဘာမျှ ဟုတ်ဟုတ်ငြားငြားမသိတာလည်း ပါသည်။ မြန်မာသမ္မတတစ်ဦးဦး၏ ကောင်းကြောင်းဆိုးပြစ်ကို ကျမ်းတစ်စောင် စာတစ်အုပ်လုပ်၍ ရေးထားသည်ကို ကျွန်တော် မဖတ်ခဲ့ဖူးပါ။ ဗိုလ်ချုပ်ကြီး နေ၀င်းကို ဒေါက်တာမောင်မောင်ကရေးခဲ့သည့် စာအုပ်တစ်အုပ်ရှိသည်ဟု ကြားဖူးသော်လည်း ကျွန်တော်မဖတ်ခဲ့ဖူးပါ။

အမေရိကန်သမ္မတ ကိုရောတဲ့၊ သူအကြောင်းကို ကျွန်တော်ဖတ်ဖူးသည်။ သူ့ဘ၀.. သူကျင်လည် ရုန်းကန်ခဲ့ရသည့် အဖြစ်အပျက်အတော်များများကို အထင်ကြီးအားကျစွာ နှစ်သက်ခဲ့ရဖူးသည်။ ဆိုတော့ ကျွန်တော် သမ္မတဖြစ်ခွင့်ရသော ထိုခဏမှာ ကျွန်တော်သည် အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်း ဖြစ်သွားခဲ့တာ ဘာမျှထူးဆန်းသောကိစ္စ မဟုတ်တော့ပြီ။

ထိုခဏ၌ ကျွန်တော်သမ္မတဆိုသော်လည်း ၀ိညာဉ်က အီဗရာဟင်လင်ကွန်း ဖြစ်သွား၏။ ထိုအခါ ကျွန်တော်အတွက် စဉ်းစားဆုံးဖြတ်စရာကိစ္စ အတော်များများသည် အတော်ပင်ရှင်းလင်းသွား၏။ ဤနေရာ၌ စကားဖြတ်၍ ပြောစရာတစ်ခုရှိသည်မှာ ကျွန်တော်ကဲ့သို့ပင် အမည်မမှတ်မိတော့သော အမေရိကန်သမ္မတတစ်ဦးသည် အရေးကြီးခက်ခဲသည့် ကိစ္စရပ်များကို ဆုံးဖြတ်ရမည့်အခါတိုင်း နံရံမှာချိတ်ထားသော အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်း၏ ဓာတ်ပုံကို ကြည့်၍ “ငါ့နေရာမှာ လင်ကွန်းသာဆိုလျှင် ဤကိစ္စကို ဘယ်ကဲ့သို့ဆုံးဖြတ်ပါမည်နည်း” ဟု ကိုယ်စားဝင်ပြီး စဉ်းစားဆုံးဖြတ်စေခဲ့သည်ဟု ဖတ်ဖူး၏။ အလွန်ကောင်းသောနည်းဖြစ်သည်ဟု သူကိုယ်တိုင်ပင် ၀န်ခံသွားခဲ့ဖူး၏။

မှန်ပါသည် လူဆိုသည်ကာ အတ္တကြီးကြသူတွေများသည် ထိုအထဲ အာဏာနှင့် အရှိန်အ၀ါကို ထည့်ပေါင်းလိုက်လျှင် အတ္တပိုကြီး လာတတ်သည်။ ငါမှငါ၊ ငါလုပ်တာမှ အဟုတ်၊ ငါပြောတာမှ အမှန်ဖြစ်၍ ပြဿနာ တစ်ခုခုကို ဆုံးဖြတ်ရာတွင် လက်တွေ့နှင့် ကင်းကွာ၍ အကျိုးထက်၊ အဆိုးဘက်ကို ဦးတည်သွားကြတာများသည် လူ့သမိုင်းတွင် နိုင်ငံခေါင်းဆောင် လုပ်သွားကြသူ အတော်များများသည် နောက်လိုက်ဘ၀တွင် လူဆိုးများ မဟုတ်ကြ၊ လူဆိုးမဟုတ်ရုံမက လူကောင်းများတွင် ရှိတတ်သော စိတ်ကောင်းများပင်လျှင် အတော်ပြည့်ပြည့်စုံစုံ ရှိကြသူများသည်။ ဒါကြောင့်လည်း သူတို့ခေါင်းဆောင် ဖြစ်လာကြသည်။ သို့သော် ခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်းတွင်မှု ထိုစိတ်ကောင်းများ တစ်စ..တစ်စ..လျော့ပါး၍ နောက်ဆုံးလူဆိုးများ ဖြစ်သွားကြရုံမက သမိုင်းတရားခံများပင် ဖြစ်သွားကြသည်မှာ တကယ်တော့ ထို..ငါ..က သူတို့ကို ဖျက်ဆီးသွားကြခြင်းပင် ဖြစ်သည်။

သည်နေရာ၌ အများသိပြီးဖြစ်သော အီဗရာဟင်လင်ကွန်းအကြောင်းကို ပြန်ဆက်ရလျှင် လင်ကွန်းသည် ငါဆိုသောအတ္တကို အတတ်နိုင်ဆုံး ပယ်ချနိုင်သဖြင့် အောင်မြင်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သွားရသည်ဟု ကျွန်တော်ကတော့ သည်လိုပဲ ထင်မြင်ယူဆမိပါသည်။

ပမာအားဖြင့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်လောက်သည့် စစ်ပွဲတစ်ပွဲကို တိုက်ရန် အခြေအနေအားလုံး ပြည့်စုံနေပြီဖြစ်ပါလျက် ဘယ်လိုအမိန့်ပေး၍မှ မတိုက်ခဲ့သော သူ၏စစ်ဗိုလ်ချုပ်ကြီးကို လင်ကွန်းသည် အလွန်ပင် စိတ်ဆိုးခဲ့ဖူးလေသည်။ စိတ်ဆိုးသည့်အားလျော်စွာလည်း ထိုနေ့က သမ္မတရုံးတော်တွင် လင်ကွန်းသည် ဆောက်တည်ရာမရလောက်အောင်ပင် အမျိုးမျိုးရေရွတ်ပြောဆိုလျက် ထိုစစ်ဗိုလ်ချုပ်အား ရစရာမရှိအောင် ချိုးချိုးဖဲ့ဖဲ့ စကားရပ်တွေပါသော စာရှည်ကြီးတစ်စောင်ကို ပျစ်ပျစ်နှစ်နှစ် အားရပါးရရေးခဲ့ဖူးပါသည်။ သို့သော် ထိုစာကို ဗိုလ်ချုပ်ကြီးရှိရာသို့ ပို့ခါနီးတွင်မှ လင်ကွန်းသည် သူ၏ ငါ...ကို ပြန်၍ ရှာတွေ့သွား၏။ ဘယ်ပုံတွေ့ခဲ့ပါသနည်း။ လင်ကွန်းသည် ထိုစာကိုကိုင်၍ သူ၏သမ္မတထိုင်ခုံတွင် ပြန်ထိုင်ရင်း ဤသို့ စဉ်းစားခဲ့သည်ဟု ဖတ်ခဲ့ရဖူးပါသည်။

အင် ငါကတော့ သမ္မတရုံးခန်းထဲမှာနေပြီး ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားနဲ့ ပြောသာပြောနေရတာ တကယ် စစ်တိုက်နေရတဲ့ ဟိုဗိုလ်ချုပ်ကြီးမှာတော့ နေ့စဉ်နဲ့အမျှ သွေးသံရဲရဲသေကြကျေကြတဲ့ စစ်ပွဲကြီးထဲမှာ ဘာပဲပြောပြော ဒါတွေကို အမြဲတမ်းတွေ့နေရတဲ့ သူစိတ်ထဲမှာ ဒီဖြစ်ရပ်တွေအပေါ် တော်တော်စိတ်ပျက်သွားရှာမှာပဲ။ ငါဒီစာကိုသာ သူဆီပို့လိုက်ရင် သူတော်တော် စိတ်ပျက်သွားရှာမှာပဲ။ သူလည်း အကောင်းဆုံးလို့ထင်တာကို လုပ်ချင်ရှာလိမ့်မယ်။ ဒါပေမဲ့ နေ့စဉ်ကြုံ တွေ့နေရတဲ့ အနိဋ္ဌာရုံတွေ သူ့လောက်တော့ ငါကဘယ်လိုသိနိုင်မှာလဲ။ ဒီစာကို ငါပို့လိုက်ရင် ငါ့လောက် ကိုယ်ချင်းစာတရားမရှိတဲ့လူ ဒီလောကမှာ ရှိနိုင်တော့မှာ မဟုတ်ဘူး”ဟု တွေးကာ ထိုစာကို အံဆွဲထဲသို့ထည့်ပြီး မေ့ထားခဲ့ရာ လင်ကွန်းသေကာမှ ပြန်ရှာတွေ့ခဲ့ကြလေသည်။

ဤနေရာတွင်လည်း လင်ကွန်းသည် သူ၏သမ္မတနေရာမှ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီးနေရာက ၀င်၍စဉ်းစားမိလိုက်သဖြင့်သာ အမှန်တရားကို ရှာတွေ့ခဲ့ခြင်းဖြစ်ရာ အတ္တ နှင့် မကင်းကြသော လူထဲမှ လူများသာဖြစ်ကြသည့် ကျွန်တော်တို့တွေလည်း အဘယ်ကိစ္စကိုပင် စဉ်းစားဆုံးဖြတ်ကြသည်ဖြစ်စေ အတတ်နိုင်ဆုံး ငါ ဟူသောအတ္တကိုခွာ၍ ကိုယ်ချင်းစာတရားဖြင့် စဉ်းစားဆုံးဖြတ်ခြင်းသည်သာ အကောင်းဆုံးနှင့် အမှန်ဆုံး စဉ်းစားဆုံးဖြတ်ခြင်း၊ ဖြစ်နိုင်ကြပေလိမ့်မည်ဟု ပြောရင်းဤ စာစုကို နိဂုံးချုပ်လိုက်ရပါသည်။ လူမှန်သမျှ အတ္တကင်းနိုင်ကြပါစေ။

(အမေရိကန်သမ္မတ အီဗရာဟင် လင်ကွန်း (Photo:www.thetrumpet.com))

၂၀၁၄ ခုနှစ် လေးလအတွင်း နိုင်ငံခြားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ အများဆုံးဖြစ်

၂၀၁၄ ခုနှစ် လေးလအတွင်း နိုင်ငံခြားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ အများဆုံးဖြစ်

၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံခြားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး၊ နိုင်ငံအလိုက် ၀င်ရောက်မှုများတွင် ထိုင်းနိုင်ငံသား ခြောက်သိန်းကျော်ဖြင့် အများဆုံး ဖြစ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ နှုန်းထားအရ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၄ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသန်းဝင်ရောက်မည့် ခန့်မှန်းချက်မှာ ဖြစ်ပေါ်နိုင်ကြောင်း၊ မေ ၆ ရက်ထိပင် ခရီးသွားဧည့်သည်မှာ ၁ ဒသမ ၀၄ သန်းကျော်အထိ ၀င်ရောက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဝင်ရောက်လာခဲ့သော နိုင်ငံခြားခရီးသွားများတွင် ဂျပန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ စသည့်နိုင်ငံများနှင့် အမေရိကန်နိုင်ငံသား များမှလည်း သောင်းနှင့်ချီကာ ၀င်ရောက်မှု များပြားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အမေရိကန်တွေလည်း အ၀င်များလာတယ်။ ထိုင်းဘက်ကတော့ နှစ်စဉ်တိုးလာ နေတာပါပဲ” ဟု ပြောကြားသည်။

ပြည်ပခရီးသွား အများစုမှာ အလည်အပတ်အဖြစ် လာရောက်ခဲ့ကြခြင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်ခြင်းများမှာလည်း ယခင်နှစ်ကထက် များပြားလာနေကြောင်း သိရသည်။

ယမန်နှစ်က ၀င်ရောက်ခဲ့သော နိုင်ငံခြားခရီးသွား ဧည့်သည်နှစ်သန်းကျော်မှ ရရှိခဲ့သော နိုင်ငံခြားဝင်ငွေ သန်း ၉၀၀ ကျော်မှာ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက် စံချိန်သစ် တင်နိုင်ခဲ့ပြီး လက်ရှိနှစ်တွင်လည်း စံချိန်သစ်ထပ်မံ တင်နိုင်ရန် အလားအလာကောင်းများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဟိုတယ်များအား တိုးချဲ့ခြင်း၊ ခရီးသွားလာရေး စီမံကိန်းများ တိုးချဲ့ခြင်း၊ ခရီးသွားဒေသများအား ထပ်မံတိုးချဲ့ခြင်းနှင့် မြန်မာနိုင်ငံ ပင်မခရီးသွား စီမံကိန်းကို အကောင်အထည် ဖော်နေခြင်းအတွက် နိုင်ငံခြား ခရီးသွားများမှာ ပိုမိုဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခန့်မှန်းထားသည်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ အနေဖြင့် လေကြောင်းဖြင့် လာရောက်သူ ၈၈၅၄၇၆ ဦး၊ ရေကြောင်း ဖြင့်လာရောက်သူ ၆၀၈၆ ဦး နှင့် နယ်စပ်မှ တစ်ဆင့်လာရောက်သူ ၁၁၄၄၁၄၆ ဦးရှိခဲ့ပြီး စုစုပေါင်း နှစ်သန်းကျော်ထိ ရှိခဲ့ကြောင်း ခရီးသွားဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အမျှ ဆက်စပ်လုပ်ငန်းများဖြစ်သော ဟိုတယ်ကဏ္ဍ များတွင်လည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တိုးတက်လာခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များဘက်မှလည်း အာရုံစိုက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြောင်း သိရသည်။

(ဧပြီလအတွင်းက နိုင်ငံခြားခရီးသွားများကို ရွှေတိဂုံဘုရားပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

Eleven Media Group

NLD နှင့် ၈၈မျိုးဆက်တို့၏ မန္တလေးမြို့တွင်ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ အချိန်ပြောင်းလဲသတ်မှတ်

NLD နှင့် ၈၈မျိုးဆက်တို့၏ မန္တလေးမြို့တွင်ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ အချိန်ပြောင်းလဲသတ်မှတ် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကို မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်းတွင် မေ ၁၈ ရက် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဟောပြောပွဲကို မေ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ပြုလုပ်ရန် အချိန်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရန်ကုန်တိုင်းဟောပြောပွဲ ကျင်းပရေး ပူးပေါင်းကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးညွန့်က ''ဒီနေ့ ရန်ကုန်ပွဲက ခြုံပြောရရင် အောင်မြင်ပါတယ်။ ဒီအပွဲအပြီးမှာ ကျွန်တော်တို့ ပူးတွဲအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပဲ သူ့အိမ်မှာ ခေါ်ပြီးတော့ ဒီပွဲကို ပြန်သုံးသပ်ဖို့ရယ် ရှေ့လုပ်မယ့်ပွဲတွေအတွက် ဆွေးနွေးပါတယ်။ မန္တလေးမှာလုပ်မယ့် ပွဲအတွက်ကို ကျွန်တော်တို့က အချိန်ပြောင်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကိုလည်း နေမပူစေချင်ဘူး။ ရဟန်းသံဃာတွေလည်း ဆွမ်းစားတာ နောက်မကျစေချင်ဘူး။ လေယာဉ်ပျံက ၇ နာရီခွဲကို တံတားဦးလေဆိပ်ကို ဆိုက်မယ်။ ပြီးရင် ကားတန်းက တန်းမောင်းမှာ။ တန်းမောင်းရင် ၈ နာရီခွဲရောက်မယ်။ အချိန်ကို လိုတိုးပိုလျှော့ ၁၅ မိနစ်လုပ်ထားတယ်။ မနက်ဖြန် မန္တလေးမှာ ၈ နာရီ ၄၅ စတင်ပါမယ်" ဟုပြောကြားသည်။

မှော်ဘီဆရာသိန်း၏ ပန်းဘဲမင်းကြီး

မှော်ဘီဆရာသိန်း၏ ပန်းဘဲမင်းကြီး 
Eleven Media Group
(Written by: မြေနီသစ္စာ)

ပန်းဘဲမင်းကြီးသည် စိတ်ခက်ထန်၏။ မင်းယောက်ဖ၊ မိဖုရားမောင်ကအစ အပြစ်ရှိလျှင် ရှိသလို ဆုံးမထုထောင်းသည်။ မင်းကိုလည်း ရဲဝံ့စွာ လျှောက်တင်တတ်သည်။ ရာထူးမမက်၊ မဟုတ်မခံ သတ္တိရှိသည်၊ ရဲရင့်သည်။ အပြစ်ရှိသူကို ရိုက်နှက်ဆုံးမလျှင် ၀င်ရောက်တားမြစ်ခြင်း မရှိ။ ကြည့်နေတတ်သည်။ အရိုက်ခံရသူပြေးလျှင် ချမ်းသာပေးသည်။ ထိုအခါမှ ရယ်မောတော့သည်။

ပန်းဘဲမင်းကြီး၏ ငယ်မည်သည် ဦးမှိုဖြစ်သည်။ အင်းဝသားဇာတိ မှူးရိုးမတ်ရိုးဖြစ်သည်။ ဘကြီးတော်လက်ထက်တွင် လက်သုံးတော်ကြီးကိုင် ရာထူးကို ရသည်။ စရွံမြို့ကို စားသည်။ ရွှေဘိုမင်း ပုဂံမင်းတို့ လက်ထက်တွင် ပန်းဘဲဝန်၊ အတွင်းဝန်ကြီး၊ သေနတ်ဝန်ကြီး၊ ဆောက်လုပ်ရေးဌာန၀န်ကြီး စစ်ဝန်ကြီးတို့အဖြစ် ဆောင်ရွက်ခဲ့သည်။

ပန်းဘဲမင်းကြီးသည် မန္တလေးနန်းတော် မြို့တော်ကို ဦးစီးတည်ဆောက်ခဲ့သည်။ လုပ်သားပေါင်းမြောက်မြားစွာဖြင့် နန်းမြို့နေရာကို ခုတ်ထွင်ရှင်းလင်းသည်။ ပြကြီး၊ ပြငယ်၊ ကျုံးတော်၊ အုတ်မြို့ရိုး စသည်ဖြင့် ပိုင်းခြားရာတွင် ခြေလှမ်းကို အတိုင်းအတာထား၍ ငုတ်တိုင်စိုက်သည်။ နန်းမြို့တော်ကို မြင်းမိုရ်တောင်သဏ္ဌာန်နဲ့ ဖန်ဆင်းဆောက်လုပ်သည်။

နန်းတော်ကို အမရပူရနန်းတော်ပုံအတိုင်း ဆောက်သည်။ နန်းတော်ဟောင်းက အချို့ကို မန္တလေးနန်းတော်သစ်တွင် အသုံးပြုသည်။ ခြေလှမ်းဖြင့် တိုင်းတာပြီး ပန္နက်ချတွင်းတူးသည်။

နန်းတော်အထက်ဆင့်ရှိ ပြာသာဒ်၊ ထုပိကာ၊ စုလစ်မွမ်းချွန်တို့ကိုလည်း မျက်စိဖြင့် တိုင်းထွာစီမံသည်။ ခန့်ခွဲဆောက်လုပ်စေသည်။ မင်းကြီးသည် မြေကြီးပေါ်မှာရပ်၍ မျက်စိတစ်ဖက်မှိတ်ကာ အထက်ဆင့်ကို မော့ကြည့်သည်။ လက်နှင့် အတိုင်းအထွာပြုသည်။ အတိုအရှည် အပိုအလိုတို့ကို မျက်စိဖြင့်ကြည့် မှန်းချက်အတိုင်း ညွှန်ကြားစေခိုင်းသည်။ သို့ဖြင့် ပုံစံကျ နန်းမြို့တော်ကြီး ဖြစ်လာသည်။

ပန်းဘဲမင်းကြီး၏ အတိုင်းအထွာ အမှတ်အသားသည် သူ့ခြေနှင့် သူ့မျက်စိတွင်သာ ထားသည်။ ခြေဖြင့်ထွာသည်။ မျက်စိဖြင့် ကြည့်မှန်းတိုင်းဆသည်။ သို့ဖြင့် လိုရာအတိုင်း မစောင်းမရွဲ့ အတိအကျရသည်။ တည်ဆဲနန်းမြို့တော်နှင့် ကျုံးတို့သည် ပန်းဘဲမင်းကြီး၏ ခြေလှမ်းကိုတာဖွဲ့၍ တည်ခဲ့ခြင်းဖြစ်သည်။ ဤနည်းအတိုင်း မြို့တွင်းတွင် ပြကွက်ချ၍ ရာထူးကြီးငယ်အလိုက် အကွက်ရိုက်ကာ ၀င်းတော်အိမ်တော်များကို ဆောက်လုပ်စေသည်။

အိမ်တော်ရာဘုရား၊ လောကမာရဇိန်စေတီ၊ မြောက်ပြင်စံကျောင်း သာသနာပိုင်တိုက်တို့ကို ပန်းဘဲမင်းကြီးပင်လျှင် စီမံဆောက်လုပ်သည်။

၁၂၃၃ ခုနှစ်တွင် ပန်းဘဲမင်းကြီးသည် မင်းတုန်းမင်းကိုယ်စား ရွှေတိဂုံစေတီတော်ကို ထီးတော်တင်ရန် ရန်ကုန်မြို့သို့ ရောက်လာသည်။ ထိုအချိန်က ရန်ကုန်သည် အင်္ဂလိပ်လက်အောက်တွင်ရှိ၍ အင်္ဂလိပ်ကို ခွင့်တောင်းရသည်။ အင်္ဂလိပ်က ထီးတင်ရက်ကို တနင်္ဂနွေနေ့ ပေးသည်။ မင်းတုန်းမင်းက အင်္ဂါနေ့ကို လိုချင်သည်။ ပန်းဘဲမင်းကြီးသည် တနင်္ဂနွေနေ့တွင် ထီးတော်မတင်ဖြစ်အောင် သူ့အတတ်ပညာဖြင့် စီမံသည်။ အင်္ဂါနေ့ကျမှ ထီးတော်တင်ဖြစ်အောင် ဆောင်ရွက်ပေးသည်။

ပန်းဘဲမင်းကြီး၏ ဦးနှောက်ထဲတွင် ပုံသေနည်းတို့ ရှိနေသည်လားမသိ။ စေတီတည်လိုလျှင်၊ ကျောင်းဆောက်လိုလျှင်၊ ဖိနပ်တော် အဆောင်မည်မျှခင်းလျှင်၊ ဉာဏ်တော်မည်မျှ ပြာသာဒ်ဘုံဘယ်နှဆင့်ထားလျှင် ကျောင်းတိုင်အကွာအဝေး ဘယ်လောက် စသဖြင့် အသေးစိတ်ကို ပြောပြနိုင်၏။

သူ့တွင် စာရွက်ပြာ (Blue Print) အဆောက်အအုံပုံစံ မရှိ။ အတိုင်းအထွာ ကိရိယာမရှိ။ စိတ်မှတ်ပညာဖြင့် နှုတ်ကအလျင်အမြန် ပြောပြနိုင်ခြင်းဖြစ်၏။ ပုံသေနည်းအတိုင်း နှုတ်တိုက်ရနေလို့သာ ပြောပြနိုင်ခြင်း ဖြစ်သည်ဟု ယူဆရ၏။

အတိုင်းအထွာ ကိရိယာပစ္စည်း ပုံသေနည်း သက်သေခံတို့ မကျန်၍ မြန်မာလူမျိုးတို့ ညံ့ဖျင်းသည်ဟု ပြောလိုလျှင် သက်သေပြစရာများကား များလှသည်။ မန်းနန်းမြို့ အပါအ၀င် တစ်နိုင်ငံလုံးရှိ ဘုရားဂူကျောင်းတန်ဆောင်း ပြာသာဒ်တို့ကိုကြည့်လျှင် သိနိုင်တော့၏။

မှော်ဘီဆရာသိန်းကြီးသည် မြန်မာမှု အမျိုးသားပညာရှိ တစ်ဦးဖြစ်၏။ မြန်မာမှု ရှေးဟောင်းနှောင်းဖြစ်တို့ကို လေ့လာလိုက်စားသည်။ သိသမျှကို စိစစ်ဖော်ထုတ်သည်။

ပန်းဘဲမင်းကြီး စာတမ်းငယ် (essay) သည် မှော်ဘီဆရာသိန်း စုဆောင်းထားသော အတ္ထုပ္ပတ္ထိတစ်ခု ဖြစ်၏။ မြန်မာတို့၏ အတတ်ပညာစွမ်းရည်ကို ဖော်ထုတ်ပြသသည်။ မြန်မာတို့အပေါ် အထင်သေးသူတို့ကို စိန်ခေါ်သည်။ အားရနှစ်သက်ဖွယ် လှုပ်ရှားတက်ကြွဖွယ် ကောင်းသည်။

အတတ်ပညာဟူသည် ဘယ်ပုံဘယ်နည်း တတ်သည်က အရေးကြီးသည် မဟုတ်ပေ။ ထိုအတတ်ပညာကို ဘယ်ပုံဘယ်နည်း အသုံးကျအောင် အသုံးချခြင်းသည်သာလျှင် အရေးကြီးပေသည်။ ဤသည်ကို ပန်းဘဲမင်းကြီး၏ စွမ်းဆောင်မှု သက်သေခံတို့ဖြင့် မယုံသူတို့ကို မှော်ဘီဆရာသိန်းကြီးက စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

ပန်းဘဲမင်းကြီးသည် အတတ်ပညာရှိ၏။ သူ့အတတ်ပညာသည် သူ၏လျှို့ဝှက်ချက်ပင်ဖြစ်၏။ သို့သော် သူ့အတတ်ပညာ၏ အသုံးချမှုတို့ကိုကား လျှို့ဝှက်ထား၍ မရ။ မြင်နေတွေ့နေရ၍ မယုံစရာကား မရှိပေ။

ပန်းဘဲမင်းကြီး၏ ဤစာတမ်းငယ်သည် သုတပညာကို ပေးသလို ရသခံစားမှုကိုလည်း ပေါင်းစပ်ဖွဲ့စည်းပေးသည်။ မြန်မာတို့၏ ဗိသုကာအတတ်ပညာကို ပန်းဘဲမင်းကြီး၏ ထုဆစ်သွန်းလုပ် အားထုတ်တည်ဆောက်မှုတို့ကြောင့် အံ့သြရသည်။ ဂုဏ်ယူရသည်။ အလျှံမစဲ ပီတိဖြာဝေရသည်။

ထိုမျှမက ပန်းဘဲမင်းကြီး ဖန်တီးစွမ်းဆောင်ပေးခဲ့သည့် ကုံလုံကြွယ်ဝသော မြန်မာ့အလှတို့ကိုလည်း စွဲလမ်းနှောင်ဖွဲ့စွာပင် ယနေ့ထက်တိုင် ရှုမြင်တွေ့မြင် နေနိုင်ပေသည်။

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform