စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 30 May 2014

တရုတ်ယွမ်ငွေ ၄ဝဝဝဝ ဖြင့် ဇနီးမယားအဖြစ်ရောင်းစားခဲ့သူနှစ်ဦးအား ထောင်ဒဏ် ၁ဝနှစ်ချ

မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အထည်ချုပ်လုပ်သား မြန်မာ အမျိုးသမီးတစ်ဦးအားစည်းရုံးကာ တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်ထံရောင်းစားခဲ့သည့် အမျိုးသမီးနှစ်ဦးကို အရှေ့ပိုင်းခရိုင်တရားရုံးဒုတိယခရိုင်တရားသူကြီး (၇)ရုံးမှ ယခုလ ၈ ရက်တွင် လူကုန်ကူးမှုဖြင့်အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ဆက်သွယ်တိုင်ကြားခဲ့ သည့် ယင်းလူကုန်ကူးခံရမှုတွင် ၂ဝ၁၂ ခုနှစ် မေ ၁၅ ရက်၌ ဖခင် ဦး...က သမီး မ...၏ တရုတ်ပြည်၌ကိုင်ဆောင်သည့် ဖုန်းနံပါတ်ရရှိ သဖြင့် အင်တာနက်ဆိုင်မှတစ်ဆင့် ဆက်သွယ်ခေါ်ဆိုခဲ့ရာ သမီးဖြစ်သူ မ...ကို ဒေါ်မြတ်မြတ်လွင် မြောက်ဥက္ကလာပမြို့နယ်နေထိုင်သူက တရုတ်ပွဲစားများနှင့်ဆက်သွယ်ကာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ တရုတ်ယွမ် ငွေ ၄ဝဝဝဝ ဖြင့်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်းပြောကြား သဖြင့် ဖခင်ဖြစ်သူသိရှိခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ သွားရောက်သတင်းပေးခဲ့သဖြင့် စစ်ဆေးအရေးယူခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက် အရ ၂ဝ၁၂ခုနှစ် ဇူလိုင် ၁၆ ရက်တွင် မြောက်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ (၅၉ဝ/၂ဝ၁၂)ဖြင့် တရားခံတစ်ဦးဖြစ်သူဒေါ်မြတ်မြတ်လွင်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့်လည်းကောင်း အခြားတရားခံဒေါ်ခင်စန်းရီကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂အရလည်းကောင်း၊ အရှေ့ပိုင်းခရိုင် တရားရုံးသို့တရားစွဲ တင်ပို့ခဲ့ရာ ဒုတိယခရိုင်တရားသူကြီးက ရာကြီးအမှတ် (၉၉/၂ဝ၁၂)ဖြင့် လက်ခံစစ်ဆေးပြီး ယခုလ ၈ ရက်တွင် တရားခံဒေါ်မြတ်မြတ်လွင်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ်ကျခံစေရန်နှင့် တရားခံဒေါ်ခင်စန်းရီအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

တာရာရန်ကင်း
The Union Daily

မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို

တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သာမက မည်သည့်နိုင်ငံသို့ မဆို တရားဝင် သွားရောက်နေထိုင်ခြင်း ကိုသာ ခွင့်ပြုထားပြီးတရုတ် နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ် ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံ ရသူများကို တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံ မှာလည်း တရားမဝင် လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်"ဟု Wang Yu က ဆိုသည်။

မန္တလေးမြို့တော်တွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသား အများစုမှာ တရုတ်လူမျိုးများ ဖြစ်ပြီး အချို့မှာ သတ္တုတွင်းများ၊ ရွှေတွင်းများတွင် နေထိုင်ကြကာ အချို့မှာ မန္တလေးမြို့ပေါ်တွင် နေထိုင်ကြ ကြောင်း အဆိုပါ တရားမဝင်နေထိုင်သူ များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူသကဲ့သို့ ပြစ်မှုဆိုင်ရာ ဥပဒေများ ဖြင့်လည်း အရေးယူကြောင်း၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို တရားစီရင်ခြင်း အတွက် မည်သည့်နိုင်ငံ ကမှ ကြားဝင် ဆောင်ရွက်ခွင့် မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

"မြို့လယ်ခေါင် ရွှေဖြူပလာဇာ ပေါ်မှာ မြန်မာစကား မတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ၄ လွှာ၊ ၅ လွှာ၊ ၆ လွှာ တွေမှာ တရုတ်တွေချည်းပဲ။ ဒီတရုတ် တွေကို မြန်မာနိုင်ငံသား ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ အမြဲစောင့်ကြည့်ပြီး သက်ဆိုင်ရာက စိစစ်သင့်တယ်" ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ ဦးဇော်ဇော်က ဆိုသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား တစ်ဦး နေထိုင်သည်ကို တွေ့ရှိရပြီး ၄င်းကို ဗီဇာ စည်းကမ်းဖောက်ဖျက်မှု၊ မီးပေါ့ဆမှုတို့ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရှိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသား ၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက် အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်ကျော် ရှိပြီး အဆိုပါ တစ်ထောင်ကျော်တွင် တရုတ်နိုင်ငံသား ၉၀၀ ကျော်ပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ခန့်မှန်း ပြောဆိုထားသည်။

The Voice Weekly

နေထီးဆောင်းခြင်း

ဒီကနေ့ ပြည်မြို့ ဘက်မှာ နေထီး ဆောင်း တာကို တွေ့ကြရတော့ လူတွေ အမျိုးမျိုး ပြောနေကြတယ် လို့ သတင်း မီဒီယာ ဌာန ကြီးတစ် ခုက အသိ တစ်ယောက်က ဖုန်း ဆက် ပြောလာ ပါတယ်။

နောက်ပြီး တော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ ပတ်သက်ပြီး နိမိတ်ကောက် အမျိုးမျိုး ပြောနေကြတာ ဆရာ ဘယ်လိုသဘောရပါသလဲတဲ့။

နေထီးဆောင်းခြင်းကို Gr-eek ဘာသာစကားနဲ့ Halo လို့ ခေါ်ပါတယ်။ တကယ်တော့ Haloဟာ အမြင်ဆိုင်ရာဖြစ်စဉ် (Opt-ical Phenomena) တစ်ခုသာ ဖြစ်ပါတယ်။ အလင်းဆိုတာ ပြန်နိုင်တယ် (Reflection)၊ ယိုင် နိုင်တယ် (Refraction) ၊ ကွေ့နိုင် တယ် (Diffraction)၊ သန့်နိုင် တယ် (Rarefaction)၊ လွင့်စဉ် နိုင်တယ် (Scattering)၊ ကွဲနိုင် တယ် (Dispersion)၊ အလင်း လှိုင်းထပ်နိုင်တယ် (Diffraction) စတဲ့ ၀ိသေသဖြစ်စဉ်တွေ ရှိကြ ပါတယ်။

အချို့ဖြစ်စဉ်တွေကို လှိုင်း သဘာဝနဲ့ ရှင်းပြလို့ရတယ်။ အချို့သဘာဝတွေကတော့ အမှုန်သဘာဝနဲ့မှ ရှင်းပြလို့ရတယ်။ ဒါကြောင့် အလင်းဟာ တစ်ခါတစ်ရံမှာ လှိုင်းသဘာဝ ဆောင်ပြီး တစ်ခါတစ်ရံမှာတော့ အမှုန်သဘာဝဆောင်တယ်လို့ ဆိုပါတယ်။ဒါကို အလင်းရဲ့ ဒွိသဘာဝ (D-ualistic Nature of Light) လို့ ခေါ်ဝေါ်ကြပါတယ်။

ဒီလို သဘာဝရှိတဲ့ အလင်း တန်းတွေဟာ နေမှတစ်ဆင့် ကမ္ဘာဆီကို တိုးဝင်လာကြပါ တယ်။ အဲဒီအခါမှာ ကမ္ဘာ့လေ ထုကို ဖြတ်ကြရပါတယ်။ အဲဒီ အခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိနေ ကြတဲ့ ဖုန်အမှုန်(Dust)၊ ရေအ မှုန် (Water Drplets)၊ ရေပေါက် တွေ (Water Drops)၊ ရေခဲအ မှုန်တွေ (Ice Crystals) တွေကို ဖြတ်သန်းကြတဲ့အခါ စောစောက ပြောခဲ့တဲ့ အလင်းပြန်တာ၊ ယိုင် တာစတဲ့ ဖြစ်စဉ်တွေ ဖြစ်ကြတဲ့ အခါ လူတွေအတွက် အမြင်အာ ရုံဆိုင်ရာဖြစ်စဉ်တွေ (Optical Phenomena) တွေ ဖြစ်လာကြ ရပါတယ်။ ဥပမာ-သက်တန့် (Rainbow)၊ ကောင်းကင်ပြာ၊ ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊နေထီးဆောင်း၊ လထီး ဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊ နေပုံပျက်ခြင်း၊ လပုံပျက်ခြင်း၊ နေ အစင်းများစွာနဲ့ လအစင်းများစွာ ထွက်ခြင်းစတဲ့ဖြစ်စဉ်တွေ ကမ္ဘာ ပေါ်မှာ တွေ့လာကြရပါတယ်။ အံ့သြရပ်သပ်ရှုမောဖွယ်ရာတွေ ချည်းပါပဲ။

နေထီးဆောင်းတာကို အ များဆုံးမြင်တွေ့ရတဲ့ ပုံသဏ္ဌာန် ကတော့ နေကိုဗဟိုပြုပြီး နေကို ၀န်းရံနေတဲ့ စက်ဝန်းသဏ္ဌာန် ကွင်းတွေကို မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အဖြူရောင် အဆင်းရှိတဲ့ ကွင်း တွေကိုတွေ့ကြရပေမယ့် တစ်ခါ တစ်ရံတော့လည်း ကွင်းတွေကို အရောင်တွေခွဲခြား တွေ့မြင်ကြရ ပါတယ်။ အရောင်တွေခွဲခြား မြင် ရရင်တော့ အခြေခံအရောင် ခုနစ် မျိုးဖြစ်တဲ့ VIBGYOR (Violet, Indigo, Blue, Green, Yellow,Orange and Red) တွေက အစဉ်အတိုင်း တွေ့ကြရပါတယ်။  အ တွင်းဘက်အကျဆုံးမှာ အနီရောင်ကို တွေ့ကြရပါတယ်။

တစ်ခါတစ်ရံတော့လည် နေ (သို့မဟုတ်) လရဲ့ အနီးအနား မှာ မတွေ့ရဘဲ ဆန့်ကျင်ဘက် ကောင်းကင်ပြင်မှာတွေ့ကြရပါ တယ်။ နေထီးဆောင်း (Halo) ဖြစ်စဉ်ဟာ နေရောင်ခြည် အ လင်းတန်းက လေထဲမှာရှိနေတဲ့ အနား ခြောက်ဖက်ပါတဲ့ Hexa-gonal ရေခဲပုံဆောင်ခဲ (Ice Cry-stal) ကို ဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်း (Refraction) ကြောင့်ဖြစ်ပေါ်လာရတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

ဒါကြောင့် Halo ဖြစ်စဉ် ဖြစ် ပေါ်တဲ့အခါတိုင်း လေထဲမှာ ရေ ခဲပွင့်တွေ ရှိနေတာကြောင့် Halo တွေကို တိမ်မြင့်အမျိုးအစားဖြစ် တဲ့ Cirrostratus Cloud (Cs) တိမ်နဲ့ ဖြစ်ပေါ်လေ့ရှိပါတယ်။ Halo တွေမှာ 22.Halo 46.Halo ဆိုပြီး နှစ်မျိုးရှိရာ 22. Halo ကို နေ့ခင်းပိုင်း အချိန်အခါများတွင် တွေ့ရတတ်လေ့ရှိပြီး 46.Haloကိုတော့ နံနက်ခင်းနဲ့ ညနေစောင်းလို နေမြင့်ထောင့်နည်းတဲ့ ကာလတွေမှာတွေ့ရလေ့ ရှိပါတယ်။

ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ် တွေ့ကြရသလို လူ၊ သစ်ပင်၊ အဆောက်အအုံ၊ ဘုရားကျောင်းစတာတွေကိုလည်း ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ လူတွေရဲ့ ဘာသာရေးယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ (Super Natural Phen-omena) အဖြစ် ပြောဆိုလာတတ်ကြပါတယ်။

ပြည်မြို့မှာ ဒီကနေ့ တွေ့ခဲ့ ကြရတဲ့ နေထီးဆောင်းဖြစ်စဉ်က တော့မုတ်သုံကာလကြီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေအေးတွေ ရေခဲအမှုန်တွေ တိုးဝင်လာရောက်ဖြစ်ပေါ်နေတာကို သိလာရတော့ မြောက်ဘက်က လေလေးတွေ အားကောင်းနေတာကို ပြသနေပြီး တောင်ဘက်က မုတ်သုံလေကတော့ မတိုးနိုင်ဘဲ အား လျော့နေတာကိုလည်း ပြသနေပါတယ်။

နေထီးဆောင်းရင်တော့ မကြာမီ မိုးရွာတတ်တယ်လို့ မိုးလေ၀သခန့်မှန်းရေးမှာတော့ ယူဆထားကြောင်းပါဗျာ။  ။

Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7DAY DAILY

ကမ္ဘာတစ်ဝန်း နေထီးဆောင်း၊ လထီးဆောင်းပုံသဏ္ဌာန်များကို တွေ့ရစဉ်

ဘင်္ဂလား နယ်စပ် ပဋိပက္ခ မြန်မာအစိုးရ စုံစမ်းမည်

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်မှာ ဒီသီတင်းပတ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ဖမ်းဆီး သွားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တယောက် သေဆုံးကောင်း သေဆုံးသွားနိုင်တဲ့ အထိ ဖြစ်ခဲ့တဲ့ လုပ်ရပ်နဲ့ အပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ်က ပြင်းပြင်းထန်ထန် သတိပေးခဲ့တာပါ။ အကြောင်းစုံကိုတော့ မအင်ကြင်းနိုင် ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က မြန်မာတပ်ဖွဲ့ဝင်တွေရဲ့ စတင်ပစ်ခတ် မှုကြောင့် ပဋိပက္ခဖြစ်ပွားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် တယောက်ပျောက် ဆုံးနေတဲ့ အတွက် မြန်မာနိုင်ငံကို ဖြေရှင်းပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရကတော့ ပြန်လည် စိစစ်နေတယ်လို့ ပြော ပါတယ်။ မြန်မာ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မေလ (၂၈)ရက်နေ့က မောင်တောမြို့နယ် နယ်စပ် ပစ်ခတ်မှုမှာ လက်မောင်း တံဆိပ်မပါ အ၀ါရောင်ပြောက်ကျား ၀တ်ဆင်ထားတဲ့ သူ(၁)ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ရှေ့တန်း ခမရ (၃၅၂) စစ်ကြောင်း (၁)က ဗိုလ်ဇော်မိုးအောင် ဦးဆောင်တဲ့ တပ်စိတ် တစ်စိတ်ဟာ လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ အချိန်မှာ ဘင်္ဂလီနှစ်ဦး က မြန်မာ နယ်စပ်ခြံစည်းရိုး ပေ (၈၀၀)လောက် အထိရောက်လာတဲ့အတွက် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာက စတင်စုံစမ်းနေတဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တယောက်က ဗွီအိုအေကို ပြောပါတယ်။

"စီစစ်နေဆဲပါပဲ။ ဒီဟာကို ကျနော်တို့ကတော့ သတင်းစာထဲမှာ အဲ့ဒီ့ဖြစ်စဉ်နဲ့ မောင်တောမှာ ဖြစ်စဉ်နဲ့ လူတစ်ယောက်သေဆုံးပါတယ်။ ဘာညာတော့ ကျနော်တို့ သတင်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အဲ့ဒီ့ဟာနဲ့ ပတ်သက်လို့ ကျနော်တို့ ထပ်ပြီးတော့ သူတို့ပြောတဲ့ စစ်သား ဟုတ် မဟုတ်ဆိုတာ ကျနော်တို့ စိစစ်နေဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့က နှစ်ဖက်ဆက်သွယ်ပြီးတော့ ဒီကိစ္စတွေကို အရေးယူဆောင်ရွက်နေ ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သေဆုံးသွားဖွယ်ရှိတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်ပေးဖို့နဲ့ တိုက်ခိုက်မှုဟာ ရန်လိုတဲ့ လုပ်ရပ် အဖြစ်နဲ့ ပြင်းပြင်း ထန်ထန် တုန့်ပြန်ခဲ့ကြောင်းလည်း ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူတဦးကို ကိုးကားပြီး မြန်မာ တိုင်းမ်စ် သတင်းက ဖော်ပြခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ကင်းလှည့်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို စတင်
ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူ က ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေရှ့်ဘက်တော့ သူတို့ ရဲ့နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ စွပ်စွဲထားပြီး သူ့ကို ပြန်ပေးဖို့ ဒါကာမြို့တော်က မြန်မာ သံအမတ်ကြီးကို အကြောင်းကြားထားတဲ့ အကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။

ပဋိပက္ခဖြစ်ပွားပြီးနောက်မှာတော့ အခုအခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း ဒက္ကားမြို့ အခြေစိုက် ကုလားတန် သတင်းဋ္ဌာနရဲ့ အယ်ဒီတာ ကိုတင်စိုးကပြောပါတယ်။

"တင်းမာမှုတွေကတော့ ရှိတယ်။ တိုးလာတယ်။ အရင်ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဘက် ကတော့ မြန်မာပြည်နဲ့ ချစ်ချစ်ခင်ခင်နဲ့ နေချင်တယ်ဆိုတာ လွန်ခဲ့တဲ့ လ အစည်းအဝေး ကွန်ဖရင့် လုပ်တုန်းကတော့ သူတို့ ပြောတယ်ဗျ။ သူတို့ ဘယ်လို လိုက်လျောမယ်။ မြန်မာက ဘယ်လိုလိုက်လျောမယ်။ နယ်စပ် လုံခြုံရေးကို ဘယ်လိုလုပ်မယ် ဆိုတာ အဲ့ဒီ့ဟာတွေကို သူတို့ပြောကြ တာ။ ပြောနေကြတယ် ဒီလိုဟာတွေကို ဒီလိုသိလာတော့ သူတို့လူကို သူတို့ လိုချင်တယ် ဆိုပြီး တောင်းနေကြတယ်ဆိုတော့ ဒီနယ်စပ် ဘက်က လူတွေက ကြောက်လန့်ပြီးတော့ ထွက်လာကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တပ်ဘက်က တစ်ခုခုပစ်ရင် သူတို့ပဲ ခံနေရမယ်ဆိုပြီး သူတို့ရှောင်ပေးတဲ့ ပုံစံမျိုးပေါ့။ "

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ဒေသမှာ  နှစ်ဘက်တင်းမာမှုတွေမြင့်နေချိန်မှာ အခုလို မတော်တဆ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ မေလ (၁၇)ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို တရားမ၀င် ခိုးဝင်လာတဲ့ လက်နက်ကိုင် တစ်စုကနေ မြန်မာ နယ်ခြားစောင့်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။

အင်ကြင်းနိုင် (ဗွီအိုအေ မြန်မာပိုင်း)

ဘင်္ဂလားဒေရှ် မောင်တောနယ်စပ် PB 51 and PB 52 ကြား စစ်ပွဲဖြစ်ခဲ့တဲ့ နယ်စပ်။

မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ တိုက်ပွဲထပ်ဖြစ်

 မေလ အတွင်းမှာမကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့လို့ တင်းမာနေတဲ့ မြန်မာ နိုင်ငံ နဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ မေလ ၃၀ ရက်နေ့ ညနေ က တိုက်ပွဲ ထပ်မံ ဖြစ်ခဲ့ပြန် ပါတယ်။

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဘင်ဒရိုဘင် ခရိုင်မှာ ညနေ ၄ နာရီလောက်က အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂ္လာဒေ့ရှ် နယ်ခြားစောင့် တပ်မှူး Col KM Saiful Islam ကို ကိုးကားပြီး ဘင်္ဂ္လာဒေ့ရှ် သတင်း မီဒီယာတွေမှာ ဖေါ်ပြပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာဟာ မြန်မာ ဘက်က မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်ပါတယ်။

တိုက်ပွဲက ၄၅ မိနစ်ခန့် ကြာပြီး အသေ အပျောက် သတင်းတွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။

သူတို့ဘက်က နယ်ခြား စောင့်တပ်ဖွဲ့ အရာရှိ တစ်ယောက် ပျောက်ဆုံး နေတယ်လို့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံက ပြောနေတဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မေလ ၂၈ ရက်နေ့က နှစ်ဘက် တိုက်ပွဲ ဖြစ်အပြီး အခုတဖန် တိုက်ပွဲ ဖြစ်ပွားတာပါ။

အဲဒီနေ့က တိုက်ပွဲမှာ မြန်မာ ဘက်က RSO သူပုန် အဖွဲ့က လို့ ယူဆရသူ တစ်ယောက်ကို အသေဖမ်း မိထားပြီး အလောင်း ကလည်း မြန်မာဘက်မှာ ရှိနေတယ်လို့ မြန်မာအစိုးရ ဘက်က ပြောပါတယ်။

အဲဒီ သေဆုံးသူနဲ့ ပတ်သက်လို့ နှစ်နိုင်ငံဘက်က ပြောဆိုမှုတွေ ကတော့ ကွဲလွဲနေပါတယ်။ သေဆုံးသူ အလောင်းကို စစ်ဆေးဖို့နဲ့ ပတ်သက်လို့ ဘင်္ဂ္လားဒေ့ရှ်ဘက်က မြန်မာ နယ်ခြား ကော်မီတီကို ဆက်သွယ် အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေး မှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် နှစ်ဖက် နယ်စပ် အခြေအနေ တင်းမာနေလို့ ဒေသခံတွေက စိုးရိမ်ပူပန် နေကြပေမဲ့ ရဲမှူးကြီး မင်းအောင်ကတော့ ဒီကိစ္စကို နယ်စပ် လုံခြုံရေး တာဝန်ခံတွေ ဖြေရှင်း လိုက်ရင် ပြေလည် သွားမှာပါလို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 RSO သူပုန် အဖွဲ့က မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှား တယ်လို့ဆို

ဒဂုံဆိပ်ကမ်းမြို့နယ် ကမ်းနားရှိ အိမ်ခြေ ၂၀ကျော် ယနေ့နံနက်သုံးနာရီကျော်တွင် အင်အားသုံးဖြိုဖျက်ခံခဲ့ရ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကမ်းနား ၆၇ ရပ်ကွက်ရှိ အိမ်ခြေ အလုံးနှစ်ဆယ်ကို ယနေ့မေလ ၃၀ရက်နေ့နံနက် သုံးနားရီခွဲကျော်တွင်အင်အားသုံးဖြိုဖျက်ခြင်းခံခဲ့ရကြောင်း ၄င်းနေအိမ်ဖြိုဖျက်ခံရသူများက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

နေအိမ်လာရောက်ဖြိုဖျက်သူများတွင်တုတ်၊ဓါး၊ပုဆိန်စသည့်လက်နက်များပါရှိခဲ့ပြီး လူအင်အားသုံးရာကျော်နီးပါးဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြိုဖျက်ခံခဲ့ရပြီး မျက်မြင်တွေ့ရှိခဲ့ရသူ ဦးကြိုင်ကပြောသည်။ " လော်စပီကာကြီးနဲ့လာအော်တယ် ဘယ်နှစ်မိနစ်တွင်း အပြီးဖယ်ပေးပါဆိုပြီး။

ပြီးတော့ သိပ်မကြာပါဘူး အိမ်တွေကို အတင်းဝင်ဖျက်တော့တာပဲ။ ပစ္စည်းတစ်ချို့
လည်း ဖျက်တဲ့သူတွေယူသွားကြတယ်။" ဟု ၄င်းကဆက်ပြောသည်။ ယနေ့နံနက် အဖျက်အဆီးခံခဲ့ရသည့် ၄င်းနေအိမ်များမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်း စတင် တည်ဆောက်နေပြီဖြစ်သည့် တန်းဖိုးမျှတအိမ်ရာအနီးတွင်ဖြစ်ပြီး ကြက်ဘဲဈေး တည်ဆောက်ရေးစီမံကိန်းမြေနေရာအဖြစ် ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကပင် သတ်မှတ်ထားပြီးဖြစ်သည်ဟုလည်းသိရသည်။

အစိုးရအနေနှင့် ၄င်းနေအိမ်များအား ဖယ်ရှားပေးရန်ပြောဆိုထားမှုများရှိသော်လည်း အိမ်ဆောက်လုပ်နေထိုင်သူများအနေနှင့်နှစ်ပေါင်း လေးဆယ်ကျော် အဆိုပါ ဆိပ်ကမ်းမြေနေရာတွင်ပင် နေထိုင်လာကြခြင်းဖြစ်ပြီး လက်ရှိတွင်ပြောင်းရွှေ့ပေးရ
မည်ဆိုပါကအိမ်ခြေနှစ်ဆယ်ကျော်နှင့်လူဦးရေ ရှစ်ဆယ်ကျော်အတွက် နေထိုင်နိုင် မည့် မြေနေရာ ဖန်တီးပေးရန်တောင်းဆိုထားသည်ဟုလည်း
သိရသည်။

၎င်းမြေနေရာတွင်နှစ်ပေါင်း လေးဆယ့်ငါးနှစ်ကျော် နေထိုင်ခဲ့သည့် ဦးခင်ဇော်ကမူ " သင့်တော်မဲ့ ကျောချစရာနေရာလေးသာ ဖန်တီးပေးမယ်ဆိုရင် ကျွန်တော်တို့ ဘာမှမပြောပဲထွက်သွားမှာပါ။ ခုတော့ အတင်းကြီး ၀င်ဖျက်ဝင်လုပ်တာ" ဟု ဆိုသည်။

အိမ်ခြေဖျက်ဆီးခံရသည့် ၄င်းတို့ အနေနှင့် လက်ရှိတွင် ယာယီ ဒုက္ခသည်စခန်းပုံစံ ဖွင့်လှစ်၍ နေထိုင်စားသောက်ရန်စီစဉ်ကြရမည်ဖြစ်သည်ဟုလည်း ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ ပေါ်ပြူလာနယူးစ်သတင်းဂျာနယ်အနေနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ နံနက် ၁၀နာရီ ၁၀ မိနစ်တွင်သွားရောက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးအနေနှင့် အစည်းအဝေးတစ်ခု သွားရောက်နေခြင်းကြောင့်ရုံးတွင်တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပေ။

သုတလင်း

Popular Myanmar News Journal

မင်းပြားတွင် ကလေးငယ်များ သွေးလွန်တုတ်ကွေးအဖြစ်များနေ

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကလေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါ အဖြစ်များနေကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သော မေလဆန်းမှ စတင်ကာ မင်းပြားမြို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များလာကြောင်း မင်းပြားမြို့ လူမှုကူညီမှုအသင်း ဥက္ကဌ ဦးခင်ဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။

“များသောအားဖြင့် ကလေးတွေ အဖြစ်များနေတယ်။ ခုဆေးရုံမှာ သွေးလွန် တုတ်ကွေး ရောဂါဖြစ်နေတဲ့ အတွင်း လူနာ(၁၄)ယောက်တောင် ရှိနေတယ်။ တစ်ယောက်ဆိုရင် အခြေအနေမကောင်းတဲ့ အတွက် စစ်တွေ ဆေးရုံကို ပို့လိုက်ရတယ်။ မင်းပြားမြို့ အစွန်အဖျားရပ်ကွက်တွေမှာ အဖြစ်များနေပါတယ်” ဟုဆိုသည်။

သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသည့် လူနာအများစုမှာ မင်းပြားမြို့ ဦးစောတင့်ရပ်ကွက်၊ ဈေးဟောင်းပိုင်း ရပ်ကွက်နှင့် ရွှေမင်းဂံရပ်ကွက်များမှ ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီရပ်ကွက်တွေမှာ ရေစီးရေလာ ကောင်းမွန်မှုအားနည်းတယ်။ ပတ်ဝန်းကျင်က မသန့်ပြန့်မှု၊ ရာသီ ဥတုကလည်း မမှန်တဲ့အတွက်ကြောင့် ဒီလိုရောဂါတွေဖြစ်ရတာပါ” ဟု လူနာရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

မင်းပြားမြို့ ပြည်သူ့ဆေးရုံအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေသော်လည်း လူနာများစာရင်အား ပြုလုပ်နေဆဲဖြစ်သဖြင့် လူနာအတိအကျစာရင်းကို မပြောနိုင်သေးကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

ဒေသအာဏာပိုင်များအနေဖြင့် ယခုကိစ္စကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း မြို့ခံများမှ ပြောကြားသည်။

(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄)/တင့်ဆွေမောင်

မင်းပြားဆေးရုံတက်ရောက်ကုသနေရသူများ (ဓါတ်ပုံ- နိရဉ္စရာ)

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုသစ် မရှိကြောင်း မြန်မာငြင်းဆို

 မြန်မာ အစိုးရသစ် လက်ထက်မှာ မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အသစ်တွေ မရှိတော့ပေမဲ့ အရင် မြန်မာ စစ်အစိုးရ ဟောင်းနဲ့ လုပ်ခဲ့တဲ့ စစ်ရေး ဆက်ဆံမှု အဟောင်းတွေတော့ ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံရေး မပြတ်သေးတဲ့ အကြောင်း မနေ့ကဘဲ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ တဦးက ဗွီအိုအေကို ပြောဆိုခဲ့ပြီး နောက်နေ့မှာ မြန်မာ အစိုးရ အကြီးတန်း အရာရှိကြီးက အခုလို တုန့်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကို မသိဂီ င်္ထိုက်က တင်ပြပေးပါမယ်။

 မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လုံးဝ မပြတ်သေးဘူး ဆိုတဲ့ သဘော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တဦးက ကြာသပတေးနေ့တုန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါကို မြန်မာ အစိုးရဘက်က လည်း အတည်ပြုပါတယ်။

အရင် မြန်မာ စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ခံရစဉ်တုန်း က မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး နည်းပညာပိုင်းဆိုင်ရာ ဆက်ဆံခဲ့ရတာတွေဟာ အခုချိန်ထိ မပြတ်သေးတဲ့ အကြောင်း မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။

 “နံပတ်တစ် အချက်က မြောက်ကိုးရီးယား-မြန်မာ ဆက်ဆံရေးက အရင်တုန်းက ကျနော်တို့ နိုင်ငံကို အားလုံးပိတ်ဆို့ထားတဲ့အချိန်မှာ ရှိခဲ့တယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတချို့ပေါ့နော်။ စစ်ရေးဆိုင်ရာဆိုတာ နည်းပညာ၊ လက်နက် တချို့ဟာတွေ ရှိခဲ့တယ်။ အဲ့ဒီ့အပေါ်မှာ Contract တွေ ရှိခဲ့တယ်။ နံပတ်(၂) အချက်က ဒီသမ္မတကြီးလက်ထက်မှာ မြောက်ကီုးရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်တော့ဘူး ဆိုတဲ့ဟာမျိုး ဆောင်ရွက်ခဲ့ တယ်။ နောက်တချက်က ကျနော်တို့ လုံခြုံရေးကောင်စီ ၁၈၇၄ အပါအဝင် လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်တွေကို လိုက်နာတယ်။ သို့သော် တချက်က နံပတ်(၃) အချက်အနေနဲ့ အရင်တုန်းက ချုပ်ခဲ့တဲ့ စာချုပ်အဟောင်းတွေက အမျှင်မပြတ်တာတွေ၊ တချို့ ရှိကောင်းရှိလိမ့်မယ်။ အဲ့တာကိုလည်း သမ္မတကြီး အစိုးရလက်ထက်မှာ စာချုပ်အသစ် ချုပ်ဆိုခြင်းမရှိဘူး။ အသစ် နည်းပညာ၊ လက်နက် လွှဲပြောင်းခြင်း မရှိတော့ဘူး။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဒီရက်ပိုင်း အတွင်းကဘဲ အမေရိကန် West Point စစ်တက္ကသိုလ်မိန့်ခွန်းထဲ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့ ထိစပ်ဆက်ဆံဖို့ မြောက်ကိုရီးယားနဲ့ မိတ်ဖက် အဖြစ်ကနေ ခြေလှမ်းခွာလာပြီလို့တော့ ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားတို့နဲ့ စစ်ရေး ဆက်ဆံရေး လုံးဝ ပြတ်သွားတာမျိုး မဟုတ်သေးဘူး ဆိုတဲ့သဘောပြောဆိုပြီး မြန်မာ အစိုးရ အနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နဲ့ ၂၀၉၄ တို့ကို လေးစား လိုက်နာဖို့ဖြစ်တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဒီ ကုလ ဆုံးဖြတ်ချက် အရ မြောက်ကိုးရီးယားနဲ့ ဘယ်လို အမျိုးအစား လက်နက် မဆို ကုလ အဖွဲ့ဝင် နိုင်ငံများ အနေနဲ့ ကုန်သွယ်မှုကို တားမြစ်ထား တာပါ။ မြန်မာအစိုးရ အကြီးတန်း အရာရှိတဦး ကလည်း မြန်မာ အနေနဲ့ မြောက် ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လက်ကျန် စာချုပ်တွေ အမြန်ဆုံး ပြီးပြတ်သွားဖို့ လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။

“အဲ့တော့ ခြုံပြီး ပြန်ပြောရရင်တော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာလျက်ရှိတယ်။ အရင်တုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေ ထပ်တိုးပြီးတော့ လုပ်သွားတာတွေရှိတယ်။ အဲ့တော့ ခြုံပြီးပြောမယ်ဆိုရင် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံ ဆောင်ရွက်ခြင်းမရှိဘူး။ စာချုပ်စာတမ်း အသစ်တွေ ထပ်မံချုပ်ဆိုခြင်း မရှိဘူး။ အလားတူပဲ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မရှိသလောက်ဖြစ်အောင် ဦးတည်ဆောင်ရွက်နေတယ်။”

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ကျင့်သုံးပြီး ဆက်ဆံရေး ပြန်လည် လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုဟာ အရင်က ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးလာခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တုန်း ကဘဲ မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို အရေးယူဒဏ်ခတ်မှု အသစ် ချမှတ်ခဲ့ပါသေးတယ်။

သိင်္ဂီထိုက် (ဗွီအိုအေ မြန်မာပိုင်း)

မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။

မောင်တောမှ နာမည်ကြီး ဘင်္ဂါလီ ဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

 မောင်တောမြို့၌မေလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နာမည်ကြီးနေသော ဘင်္ဂါလီလူမျိုးဓားပြတစ်ဦးကို  သေနတ်နှင့် ကျည်ဆန်အပါအဝင်သက်သေ ခံပစ္စည်းများနှင့်အတူအလယ်သံကျော် ကျေးရွာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

 အဆိုပါဓားပြခေါင်းဆောင် အဒူလာကိန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပိုင်နက်အတွင်း ကုန် သည်များနှင့် ငါးဖမ်းသူများအား စီးနင်းကာ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများအပြင် လူသတ်မှုနှင့် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ရဲတပ်ဖွဲ့ကလိုအပ်နေသူတစ်ဦးဖြစ်သည်။ မေလ ၂၃ ရက်က မောင်တောမြို့နယ် ဦးဒေါင်း ကျေးရွာအုပ်စု ဇုံမာကျေးရွာနေ ဘင်္ဂါလီလူမျိုးမာမောက်ရော်ဆိန်းဆိုသူထံ  ဓားပြခေါင်း ဆောင် အဒူလာကိန်းကဖုန်းဆက် ပြီး ငွေကျပ်နှစ်သိန်းပေးရန်နှင့် မပေးပါက မာမောက်ရော်ဆိန်း၏ မိသားစုကိုသတ်ပစ်မည်ဟု ခြိမ်း ခြောက်သည်ဟု ဆိုသည်။

သို့ရာတွင် ငွေမပေးနိုင်ဟု မာမောက်ရော်ဆိန်းက ပြန်လည် အကြောင်းပြန်သော်လည်း အဆို ပါဓားပြမှာ မေလ ၂၅ ရက်က နေအိမ်အထိလိုက်လာကာ ကျပ် နှစ်သိန်းကို မရမကတောင်းယူ ခဲ့သည်။ မာမောက်ရော်ဆိန်းက မောင်တောမြို့နယ် အလယ်သံကျော်ရဲစခန်းသို့ ယင်းကိစ္စကိုလာရောက်တိုင်ကြားသဖြင့်  သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးအဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

အဆိုပါဓားပြခေါင်းဆောင် ၏ နေအိမ်အတွင်းမှ ပြောင်းအရှည် လေးလက်မခန့်ရှည်လျားသော လက်လုပ်တစ်တောင့်ထိုးကျည် သေနတ်တစ်လက်၊ GFL7.65MM စာတန်းပါကျည်ဆန်တစ်ထောင့်၊ ပွိုင့်32PMC တံဆိပ်ပါကျည်ဆန် တစ်တောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး Gramee ဆင်းမ်ကတ်တစ် ကတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ‘‘အသေးစိတ်စစ်ဆေး နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ နောက်လိုက်တွေကိုလည်း ထပ်ဖမ်းနိုင်အောင် ဆက်လိုက်နေကြတယ်။ ဒီလူက အမှုပေါင်းစုံကို ကျူးလွန်ထားတာပါ’’ဟု အလယ်သံကျော်နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ပြောသည်။

Author: မောင်မိုးသက်
7DAY DAILY

၃ နှစ်အရွယ်မိန်းကလေးအား မုဒိမ်းကျင့်ခဲ့ကြောင်း သံသယရှိနေသည့် သက်ကြားအိုကို မှတ်လောက်သားလောက် ဖြစ်စေရန် ငယ်ပါဖြတ်အပြစ်ပေး

နေရာဒေသတစ်ခုတွင် ရာဇ၀တ်မှု မကြာခဏ ဖြစ်ပွားနေခြင်း သည် ယင်းဒေသ၏ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေခြင်းကို ဖော်ပြ နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ လျော့ကျသွားစေလို လျှင် ရာဇ၀တ်ကောင်များ မှတ် လောက်သားလောက်ဖြစ်စေမည့် တင်းကျပ်ပြင်းထန်သော ပြစ်ဒဏ် များ မဖြစ်မနေ ပြဋ္ဌားန်ချမှတ် ရ မည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးအတွက် အထိုက်တန်ဆုံး ပြစ်ဒဏ်ချမှတ်ရန် ကမ်္ဘာအရပ်ရပ်၌ လူထုဆန်္ဒခံယူပွဲ ကျင်းပခြင်းမျိုး မရှိသေးသော်လည်း ဘရာဇီးလ်နိုင် ငံ၊ ဆော်ပေါ်လိုမြို့၊ ဆာဗာရင်းနီး ယားကျေးရွာတွင်မူ ကျေးရွာဥပဒေ ထိန်းသိမ်းရေးအဖွဲ့က သံသယရှိ မုဒိမ်းကောင်အား နှောင်းလူများ မုဒိမ်းမှုရှောင်ရှားစေရန် ရည်ရွယ် ချက်ဖြင့် ပြင်းပြင်းထန်ထန် အပြစ် ပေးခဲ့သည်။

ကျေးရွာမှ မြေးအရွယ် မျှရှိသည် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့် ခဲ့ကြောင်းသံသယရှိသဖြင့်သက်ကြား အို ဖရန်ဆစ်္စကိုဒီဆူဇာဒီ ကက်စ် ထရို ၆၆နှစ်၏ငယ်ပါကို ပိုင်းဖြတ် လိုက်ကြခြင်းဖြစ်ပြီး ထိုပြစ်ဒဏ် ကြောင့်ဆာဗင်းရင်းနီးယားကျေးရွာ တွင်နောက်နောင်မုဒိမ်းမှုပပျောက် သွားတော့ဖွယ်ရှိကြောင်း ဒေသခံ များကသုံးသပ်နေကြသည်။ ငယ် ပါအဖြတ်ခံခဲ့ရရုံမက လက်ချောင်း ၃ ချောင်းလည်း ပိုင်းဖြတ်ခံခဲ့ရ သေးသည်။ ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိသွားသည့် ကက်စ်ထရိုကို အနီးအနား ဘာရက်စ်တိုးစ်မြို့Santa Casade Misericordia ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကြ ရာ ငယ်ပါအား ပြန်ဆက်ပေးရန် ကြိုးစားခဲ့ကြသော်လည်း မအောင် မြင်ခဲ့ချေ။ ထို့ပြင် လက်ချောင်း များကိုလည်း ပြန်ဆက်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အသက်ကြီးမှ ရာဂ စိတ်ထကြွသောင်းကျန်းခဲ့သော ကက်စ်ထရိုအတွက်လူညွန့်တုံးကိန်း ဆိုက်စေခဲ့သည်။

ကက်စ်ထရိုသည် ကျေးရွာရှိ ၎င်းင်းအလုပ်လုပ်နေသည့် မွေးမြူရေးခြံတွင် အရွယ်မရောက် သေးသူ မိန်းကလေးတစ်ဦးကို မေ လ ၇ ရက်နေ့က သားမယားပြု ကျင့်ခဲ့ကြောင်း၊ ထိုနေ့ည နေအိမ် သို့ပြန်လာသည့် သမီးငယ်၏ ခန်္ဓာ ကိုယ်တွင်း မသင်္ကာစရာလက်္ခဏာ များ တွေ့ရှိခဲ့ပြီးနောက် မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကက်စ်ထရို၏ငယ်ပါကို မည်သူ တို့ ဖြတ်ခဲ့ကြကြောင်း မသိရသေး ချေ။ထိုသို့တိုက်ခိုက်ခံရစဉ် ကက်စ် ထရိုမှာ သတိရှိနေခဲ့သည်ဟု ရဲချုပ် မာဆယ်လိုပူပိုကပြောကြားခဲ့သည်။ မုဒိမ်းကျင့်ခံခဲ့ရသူ မိန်းကလေး၏ ဆေးစစ်မှုရလဒ်များကို မထုတ်ပြန် သေးသော်လည်း မုဒိမ်းကျင့်ခံခဲ့ရ ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကယုံကြည် နေသည်။

၂၉-၅-၂၀၁၄ နေ့ထုတ် First Weekly News Journal မှ

အဆောင်၌ တစ်ခန်းတည်းအတူနေသူချင်း စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုး၍ သေဆုံး

ရန်ကုန်၊ မေ ၂၉

၂၉.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ မြရိပ်ညို(၂)လမ်းရှိအဆောင်တွင် ခိုက်ရန်ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အဆောင်၏အောက်ထပ် အခန်းအမှတ်(၂)တွင် အမျိုးသားတစ်ဦးမှာ ၀ဲပါးပြတ်ရှဒဏ်ရာနှင့် ၀ဲပေါင်ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူမှာ အဆိုပါအခန်းနေ ကိုထွန်းနိုင်၊ (၃၁)နှစ်ဖြစ်ပြီး ၂၈.၅.၂၀၁၄ ရက်နေ့ ၂၄၀၀ အချိန်ခန့်က တစ်ခန်းတည်းအတူနေ ကိုနိုင်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းမြင့်နှင့် စကားများ ရန်ဖြစ်စဉ် ကိုနိုင်မှ ဓါးဖြင့်ထိုးခဲ့၍ဒဏ်ရာများရရှိသေဆုံးခဲ့ ခြင်းဖြစ်ကြောင်း၊ ကိုနိုင်မှာ ဓါးဖြင့်ထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ကိုနိုင်အား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၅၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသားတစ်ဦး  သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း  သတင်းရရှိသည်။

  မေလ ၂၅ ရက် ညတွင် မလေးရှားရဲ ၁၅ ဦးခန့်က ရခိုင် အမျိုးသား ကိုအောင်စိုးလင်း၏ တိုက်ခန်းသို့ လာရောက်ပြီး တရားဝင်နေထိုင်ခြင်းရှိ၊ မရှိလာ ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကိုအောင်စိုးလင်းမှာ ကြောက်လန့်၍ ၎င်း၏ တိုက်ခန်းရှိ   ရေပိုက်လုံးမှတစ်ဆင့်အောက်သို့ ဆင်းရာ ရေပိုက်လုံး ပြုတ်ကျကာ ဒဏ်ရာများရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်းမေလ ၂၆ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

   ကိုအောင်စိုးလင်းသည် ကပ်ပုန်းမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ် ပြီးတရားမ၀င်နေထိုင်ခြင်းကြောင့်ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ထွက်ပြေးခုန်ချခြင်းဖြစ်ကြောင်းကပ်ပုန်းမြို့တွင် နေထိုင်သော ကိုအောင်ကျော်စိုးက ပြောသည်။

 ‘‘သူကတရားမ၀င်နေထိုင် တာ။ လာဖမ်းတာကို ကြောက်ပြီး ထွက်ပြေးတာ။ ရေပိုက်လုံးကနေ ပြုတ်ကျပြီး ဖြစ်သွားတာ။ ဆေးရုံ ရောက်မှ ဆုံးသွားတာပါ’’ ဟု ကိုအောင်ကျော်စိုးက ပြောသည်။

 မလေးရှားနိုင်ငံရှိ ရဲတပ်ဖွဲ့ ၀င်များသည် ၎င်းတို့နိုင်ငံတွင် လာရောက်နေထိုင်သော မြန်မာ နိုင်ငံသားများအား တရားဝင်နေ ထိုင်ခြင်းရှိ၊ မရှိ ဖမ်းဆီးစစ်ဆေး ခြင်းများ ပြုလုပ်နေပြီး တရားမ၀င် ဖြစ်ပါက ဖမ်းဆီးအရေးယူဒဏ် ငွေရိုက်ခြင်းများ ပြုလုပ်ကာ တရားဝင်ဖြစ်ပါက ငွေတောင်းခံခြင်း များပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများက ပြောသည်။ ထိုသို့ပြုလုပ်နေသော်လည်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် အကာအကွယ်ပေးမှုတစ်စုံတစ်ရာ   ပြုလုပ်ပေးခြင်းမရှိကြောင်းမလေးရှားရောက် မြန်မာများကပြောသည်။

‘‘မလေးရဲတွေက ပတ်စ်ပို့ရှိ လည်း အကြောင်းအမျိုးမျိုးရှာပြီး ငွေတောင်းတာပဲ။   အမှန်က မြန်မာသံရုံးက တာဝန်ယူဖြေရှင်းပေးရမှာ စာအုပ်ရှိလည်း ဖမ်း၊ မရှိလည်းဖမ်း  ဘာမှ မထူးဘူး။ မြန်မာအစိုးရက  အလုပ်သမားတွေကို  ကာကွယ်ပေးဖို့  မလုပ်မချင်း မလေးက မြန်မာတွေခံနေရမှာပဲ’’ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးညွန့်က ပြောသည်။

Author: ငြိမ်းချမ်း
7DAY DAILY

ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၅၀ ပိုထုတ်သွားမှု စတင်အမှုဖွင့်

ရန်ကုန်၊ မေ ၃၀

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လွန်ခဲ့သော နှစ်လခန့်က အမျိုးသမီးတစ်ဦးက ငွေကျပ် သိန်း ၅၀ ကို ပိုထုတ်ယူသွားပြီး ဘဏ်ကို ပြန်ပေးသွင်းခြင်း မရှိသောကြောင့် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်း အပေါ်ဘလောက် ရှိ ဧရာဝတီဘဏ်ခွဲတွင် မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ ငွေစာရင်း ဖွင့်ကာ ငွေကျပ် သိန်း ၅၀ ပေးသွင်းစဉ် ဘဏ်၏ လက်ခံကောင်တာ၌ အသုံးပြုနေသော စက်မှားယွင်းမှု (Software Error) ကြောင့် ယင်းအမျိုးသမီး၏ ငွေစုစာအုပ်ထဲသို့ ငွေကျပ် သိန်း ၅၀ ကို နှစ်ကြိမ် စာရင်း ဝင်ရောက်ခဲ့ကြောင်း ယင်းဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

“သူ့ငွေစာရင်းကို စက်မှာ Enter လုပ်နေချိန် Connection ကျချိန်နဲ့ တစ်ပြိုင်တည်း ဖြစ်သွားတာ။ ပြီးတော့ ခြောက်စက္ကန့်ပဲ ကြာတယ်၊ Connection ပြန်တက်လာတော့ ဝန်ထမ်းက စာရင်း မဝင်သေးဘူး ထင်ပြီး စက်မှာ သူ့ငွေစာရင်းကို Enter ထပ်ခေါက်လိုက်တော့ ငွေစာရင်း နှစ်ကြိမ် ဝင်သွားခဲ့တာ။ ခြောက်စက္ကန့် အတွင်းမှာ ငွေစာရင်းသွင်းတာ နှစ်ခုကို စက်က မလုပ်ပေးနိုင်ဘူး။ ဒါကို ဘဏ်ဝန်ထမ်းတွေက သေချာ Check ပြန်မလုပ်ခဲ့တာကြောင့် ခုလို ငွေစာရင်း မှားပါသွားခဲ့ရတာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ငွေစာရင်းသွင်း မှားယွင်းမှုကြောင့် ဘဏ်ငွေစု စာအုပ်တွင် ငွေကျပ် သိန်း ၁၀၀ စာရင်း ဝင်ရောက်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ၌ အဆိုပါ အမျိုးသမီးက ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲသို့ သွားရောက်ကာ ငွေကျပ် သိန်း ၁၀၀ ကို ထုတ်ယူသွားခဲ့သည်ကို ဘဏ်ငွေစာရင်း စစ်ချိန် ညနေ ၄ နာရီတွင် သိရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“Software Error ဆိုပေမယ့် အဓိက ဖြစ်ခဲ့ရတာက Connection ကြောင့်ပါ။ ဘဏ်ရဲ့ Software က Save ဖြစ်ကြောင်း အာမခံရဲတယ်။ ဘဏ်က အင်တာနက်နဲ့ ချိတ်ဆက် လုပ်နေရတာကြောင့် အင်တာနက်လိုင်း မကောင်းချိန် ဖြစ်ခဲ့တာ။ ဝန်ထမ်းတွေ ပြန် Check မလုပ်လို့ ဖြစ်ခဲ့တာကြောင့် ပေါ့လျော့မှု ထပ်မဖြစ်အောင် သွန်သင် ဆုံးမထားပါတယ်” ဟု ပန်းဆိုးတန်းလမ်းရှိ ဧရာဝတီဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ရှင်းပြသည်။

အဆိုပါ ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူသွားသူ အမျိုးသမီးကို ဘဏ်တာဝန်ရှိသူများက ငွေများ ပြန်လည်ပေးသွင်းရန် ပြောဆိုခဲ့သောကြောင့် ယင်းအမျိုးသမီးက ၎င်းပိုထုတ်ယူခဲ့သည့် ငွေကျပ် သိန်း ၅၀ ကို ဘဏ်အား အရစ်ကျ ပြန်လည် ပေးသွင်းမည်ဟု သဘောတူခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ပေးသွင်းခြင်း မရှိကြောင်း၊ ယင်းကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

အဆိုပါ ကျပ်သိန်း ၅၀ ပိုထုတ်ယူမှုကြောင့် အမှုဖွင့် တိုင်ကြားခံရသူ အမျိုးသမီး၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ နေအိမ် သော့ပိတ်ထားသဖြင့် မေးမြန်းစုံစမ်းခွင့် မရရှိခဲ့ပေ။

ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသမီးကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၂၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧရာဝတီဘဏ်မှ ဘဏ်ခွဲများနှင့် မီနီဘဏ်များ အပါအဝင် စုစုပေါင်း ဘဏ် ၂၁ ခုဖြင့် ဘဏ်လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက် ရှိရာ Software Error ကြောင့် ငွေစုစာအုပ်တွင် မှားယွင်းကာ ငွေစာရင်း ပိုသွင်းမိသည့် ဖြစ်ရပ်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရှိရသည်။

The Voice Weekly

Thursday 29 May 2014

မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို

တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သာမက မည်သည့်နိုင်ငံသို့ မဆို တရားဝင် သွားရောက်နေထိုင်ခြင်း ကိုသာ ခွင့်ပြုထားပြီးတရုတ် နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ် ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံ ရသူများကို တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံ မှာလည်း တရားမဝင် လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်"ဟု Wang Yu က ဆိုသည်။

မန္တလေးမြို့တော်တွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသား အများစုမှာ တရုတ်လူမျိုးများ ဖြစ်ပြီး အချို့မှာ သတ္တုတွင်းများ၊ ရွှေတွင်းများတွင် နေထိုင်ကြကာ အချို့မှာ မန္တလေးမြို့ပေါ်တွင် နေထိုင်ကြ ကြောင်း အဆိုပါ တရားမဝင်နေထိုင်သူ များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူသကဲ့သို့ ပြစ်မှုဆိုင်ရာ ဥပဒေများ ဖြင့်လည်း အရေးယူကြောင်း၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို တရားစီရင်ခြင်း အတွက် မည်သည့်နိုင်ငံ ကမှ ကြားဝင် ဆောင်ရွက်ခွင့် မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

"မြို့လယ်ခေါင် ရွှေဖြူပလာဇာ ပေါ်မှာ မြန်မာစကား မတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ၄ လွှာ၊ ၅ လွှာ၊ ၆ လွှာ တွေမှာ တရုတ်တွေချည်းပဲ။ ဒီတရုတ် တွေကို မြန်မာနိုင်ငံသား ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ အမြဲစောင့်ကြည့်ပြီး သက်ဆိုင်ရာက စိစစ်သင့်တယ်" ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ ဦးဇော်ဇော်က ဆိုသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား တစ်ဦး နေထိုင်သည်ကို တွေ့ရှိရပြီး ၄င်းကို ဗီဇာ စည်းကမ်းဖောက်ဖျက်မှု၊ မီးပေါ့ဆမှုတို့ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရှိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသား ၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက် အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်ကျော် ရှိပြီး အဆိုပါ တစ်ထောင်ကျော်တွင် တရုတ်နိုင်ငံသား ၉၀၀ ကျော်ပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ခန့်မှန်း ပြောဆိုထားသည်။

The Voice Weekly

နှလုံးသားမြို့တော်

  အရှိန်လျှော့၍ ရပ်လိုက်သော ဆိုင်ကယ်ပေါ်မှ ဆယ်ကျော်သက်အရွယ် စုံတွဲတစ်တွဲ တစ်ဦးနှင့်တစ်ဦး ကျီစားရင်း ခြံဝင်းအတွင်းသို့ ဝင်သွားသည်။ သူတို့ဝင်သွားသော နေရာက ‘အချစ်မရှိ မလာရသည့် ချစ်သူတို့ရွာ’။

ယင်းနေရာမှာ ကျေးရွာမဟုတ်။ စားသောက်ဆိုင်တစ်ဆိုင်၏ နာမည်သာ ဖြစ်သည်။ သို့သော် ထိုစားသောက်ဆိုင်သည် သာမန် စားသောက်ဆိုင်ကဲ့သို့ စားပွဲနှင့်ထိုင်ခုံများ ခင်းကျင်းထားခြင်း မဟုတ်။ လိုက်ကာ ကာရံထားသည့် ဝင်ပေါက်မှလွဲ၍ လုံခြုံစွာ ကာထားသော ပျဉ်ထောင်သက်ငယ်မိုး ခြောက်ပေပတ်လည်ခန့် တဲအိမ်လုံးချင်း ၁၉ အိမ်ခန့်ရှိသော စားသောက်ဆိုင် ဖြစ်သည်။

အဆိုပါနေရာမှာ တက္ကသိုလ်ကျောင်းများ တည်ရှိနေသည့်အပြင် ကဗျာဆရာ မောင်ချောနွယ်၊ စာရေးဆရာ ဒဂုံရွှေမျှား အပါအဝင် အထင်ကရ စာပေနှင့် အနုပညာရှင်များ ပေါ်ထွက်ရာ ပြည်မြို့  မြို့ပြင် လူနေအိမ်ကျဲပါးစွာ တည်ရှိသော ဘုရင့်နောင်လမ်းမ တစ်နေရာတွင် ဖြစ်သည်။ ပြည်မြို့သူမြို့သားများ အတွက်မူ ယင်းကဲ့သို့သော ဆိုင်လေးများမှာ မဆန်းကျယ်လှပေ။

အဘယ့်ကြောင့်ဆိုသော် ပြည်မြို့ မြို့ရှောင်လမ်းများ၊ လူနေရပ်ကွက်များဖြင့် ဝေးသည့် နေရာများတွင် ယင်းကဲ့သို့သော ဆိုင်လေးများကို တွေ့ရတတ်ခြင်းကြောင့် ဖြစ်သည်။ စားပွဲဝိုင်းတစ်ဝိုင်းနှင့် တစ်ဝိုင်း မတွေ့ရရုံ ကာရံထားသည့် ဆိုင်များမှစ၍ နှစ်ဦးတည်း သီးသန့်တွေ့နိုင်သည့် လုံးချင်း တဲအိမ်လေးများအထိ ရှိသည်။ ဆိုင်အချို့တွင် အခန်းဝန်ဆောင်ခ သီးသန့် သတ်မှတ်ထားသည်။ အစားအသောက် လာပို့ချိန်မှလွဲ၍ နှောင့်ယှက်မည့်သူ မရှိသဖြင့် တဲအိမ်လေးများမှာ ချစ်သူတို့အတွက် ကောင်းကင်ဘုံ ဖြစ်သည်။

“အခန်းခအတွက် တစ်ထောင်ပေးရတယ်။ အခန်းထဲမှာ အခန်းကိုကာဖို့အတွက် စောင်တစ်ထည်၊ နောက်စောင် အပိုတစ်ထည်၊ စားပွဲခုံတစ်လုံး ပေးထားတယ်။ လျှပ်စစ်မီးတော့ မရှိဘူး။ ဒီလိုနေရာကိုတော့ သမီးရည်းစားတွေပဲ လာတာများတာပေါ့” ဟု ကိုယ်တိုင် သွားရောက်ခဲ့သည့် အသက် ၂၀ အရွယ် ကိုဇော်နောင် (အမည်လွှဲ) က ဆိုသည်။

ယခုကဲ့သို့ ချစ်သူစုံတွဲတို့များကို ပစ်မှတ်ထားကာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံခွင့် ရနိုင်ရန် စားသောက်ဆိုင်၊ အအေးဆိုင်များအသွင် ဖန်တီး၍ သီးသန့် ဝန်ဆောင်မှု ပေးထားသည့် အခန်းများကို ငှားရမ်းနိုင်သည့် စားသောက်ဆိုင် အသွင်ယူစီးပွားရေး ဈေးကွက်တစ်ခုမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကြောင်း တက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၆၄ ခုရှိပြီး  ယင်းကျောင်းများ အနီးသို့မဟုတ် ကျောင်းသွားရာလမ်း သို့မဟုတ် ကျောင်းသားများကို အဓိက ပစ်မှတ်ထားကာ လူနေကျဲပါးသည့် နေရာများတွင် သီးသန့်တဲများရှိသည့် ဆိုင်ငယ်များ မည်ရွေ့မည်မျှ ရှိမည်ကိုမူ အချက်အလက် ကောက်ယူထားခြင်း မရှိသည့်အတွက် မှန်းဆရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော် ထိုဆိုင်ငယ်များ ဖွင့်လှစ်မှုသိသာစွာ များပြားလာသည်မှာမူ ငြင်းမရသော အခြေအနေတစ်ခု ဖြစ်သည်။

တောင်ငူမြို့မှ ၁၃ မိုင်ခန့်အကွာတွင် ရှိသည့် နည်းပညာ တက္ကသိုလ်နှင့် ၂ မိုင်ခန့် အကွာတွင်ရှိသော ကွန်ပျူတာ တက္ကသိုလ်တို့ တည်ရှိရာနေရာ ဝန်းကျင်ဖြစ်သည့် ကေတုမတီမြို့သစ်နှင့် ထီးလှိုင် လမ်းတွင် အအေးဆိုင်၊ ကော်ဖီဆိုင်ဟုဆိုကာ သီးသန့် တဲအိမ်လုံးချင်းများ ငါးအိမ်မှ ၁၅ အိမ်ကြားရှိသည့် ဆိုင်များရှိကြောင်း၊ တက္ကသိုလ်များ တည်ရှိပြီး နောက်ပိုင်းတွင် တည်းခိုခန်းများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ကာ ပုံမှန် ကျောင်းတက်ရက်များတွင် စနေ၊ တနင်္ဂနွေမှလွဲ၍ လူရှင်းတတ်သော်လည်း အဝေးသင် တက္ကသိုလ် ကျောင်းသားများ ကျောင်းတက်ရာသီတွင် ရက်သတ္တတစ်ပတ်လုံး စည်ကားလျက် ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

သီးသန့်ကာရံကာ လုံခြုံမှုပေးထားသည့် အဆိုပါ တဲအိမ်များတွင် သမီးရည်းစား စုံတွဲများ တွေ့ဆုံပါက ဆိတ်ကွယ်ရာတွင် ငယ်ရွယ်သူချင်း တွေ့ဆုံကြသည့်အတွက် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် သက်ကြီးနှင့် သက်လတ်ပိုင်း အရွယ်များက ပြောဆို ဝေဖန်ကြသော်လည်း လူငယ်အများစုမှာမူ နှစ်ခြိုက် လက်ခံလျက် ရှိကြသည်။

“ဟိုတယ်၊ တည်ခိုခန်း သွားရတာကတော့ လူတွေအမြင်မှာတော့ ရိုင်းတာပေါ့။ ဈေးကလည်း အနည်းဆုံး ၈ ထောင်လောက် ရှိတယ်။ ဒီလိုအခန်းလေးတွေ ရှိတော့လည်း ချိန်းတွေ့ရတာ အဆင်ပြေတယ်” ဟု ကိုဇော်နောင်က ပြောဆိုသည်။

အချို့စုံတွဲများမှာ သီးသန့် တဲအိမ်လေးများ ရှိသည့် နေရာများကို ရွေးချယ်တတ်ကြပြီး အချို့မှာ အချိန်ပိုင်း ငှားရမ်းကြသည့် တည်းခိုခန်းများကိုသာ ရွေးချယ်၍ အချိန်ဖြုန်းတတ်ကြကြောင်း တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မြို့ ပြင်ရောက် တက္ကသိုလ်များအနီးတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးရန် မလိုသည့် အချိန်ပိုင်းငှားရမ်းသည့် တည်းခိုခန်းများတွင် တက္ကသိုလ် ယူနီဖောင်းများဖြင့် ပေါ်ပေါ်ထင်ထင် သွားလာနေကြကြောင်း၊ ယင်းကို တည့်မတ် ထိန်းကျောင်းပေးရန် လိုအပ်နေကာ ဒေသအာဏာပိုင်များ ကိုယ်တိုင် တားဆီးမှုမရှိဘဲ တက္ကသိုလ် ကျောင်းသားများ စာရိတ္တ ပျက်စီးစေရန်နှင့် ပညာရေးပုံရိပ်၊ တက္ကသိုလ်ကျောင်းသား ပုံရိပ်များကို ကျဆင်းအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေကြောင်း တက္ကသိုလ် ကျောင်းသားများ လမ်းလွှဲရောက်ကာ ပညာရေး နှောင့်နှေးနေရမှုနှင့် ပတ်သက်ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်လည်းဖြစ်သူ စာရေးဆရာ ကြည်မင်းက ဝမ်းနည်းစွာ ပြောကြားသည်။

“တက္ကသိုလ်တွေကို မြို့စွန်ပို့တယ်။ အားတဲ့အချိန်မှာ တည်းခိုခန်း သွားကြတယ်။ တက္ကသိုလ် ကျောင်းသားပုံရိပ်ဆိုတာ ဒီလို အတန်းအစားပါလို့ ထင်ရအောင် လုပ်နေတယ်လို့ မြင်တယ်။ နာရီပိုင်း တည်းခိုခန်းတွေ ပေါ်လာတယ်။ လယ်သမား မြေတောင် သိမ်းသေးတာပဲ။ ဒီလိုတည်းခိုခန်းတွေကို ဘာကြောင့် မသိမ်းရမှာလဲ” ဟု ၎င်းကထောက်ပြသည်။

၁၉၄၀ ပြည့်နှစ်များတစ်ဝိုက်က အင်္ဂလိပ် အစိုးရလက်ထက်တွင် မက်ထရစ် စာမေးပွဲဟု ခေါ်ခဲ့ကြသည့် ဆယ်တန်းစာမေးပွဲမှာ အောင်မြင်ရန် ခဲယဉ်းလှသဖြင့် အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် တက်ရပါက လူတကာ အထင်ကြီး ဂုဏ်ယူခဲ့ကြသည်အထိ အစဉ်အလာ ကြီးမားခဲ့လှပါသော တက္ကသိုလ် ကျောင်းသားဘဝမှာ တဖြည်းဖြည်း နိမ့်ကျလာခဲ့ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် တက္ကသိုလ်များ မြို့ပြင်ရောက်ခဲ့ကာ တက္ကသိုလ် ကျောင်းသားများလည်း မြို့ပြင်ထွက်ခဲ့ကြရသည်။

ပြောင်းလဲခံလိုက်ရသော စနစ်အောက်တွင် သားကောင် ဖြစ်ရသည့် တက္ကသိုလ် ကျောင်းသားများမှာ နိုင်ငံရေးမှလွဲ၍ ကျန်ရှိသည်များကို လုပ်ဆောင်နိုင်သည့် အခြေအနေတစ်ခုသို့ ရောက်လာခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ် အဆောင်များ မထားရှိတော့သဖြင့် ပြင်ပအဆောင်များတွင် အထိန်းအကွပ်မဲ့ လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။

လက်ရှိတွင် မြို့ပြင်၌ ဖွင့်ထားသည့် တက္ကသိုလ်များကြောင့်  ပြင်ပအဆောင်များအပြင် နာရီပိုင်း တည်းခိုခန်းများ၊ လုံးချင်းတဲအိမ်များ၊ ဘီယာဆိုင်၊ KTV၊ ဘီလိယက်ခုံ၊ တီဗီဂိမ်းဆိုင်များ  ထပ်မံဖွင့်လှစ်ထားကြပြီး ကျောင်းသားထုကို ဆွဲဆောင်ထားကြသည်။

ယင်းကဲ့သို့သော ဆိုင်အချို့မှာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ရှိနေကြပြီး မြို့နယ်တွင်းရှိ စားသောက်ဆိုင်၊ အအေးဆိုင်များမှာ သတ်မှတ်ထားသော အင်္ဂါရပ်နှင့် မညီညွှတ်ဘဲ အကာအရံ အပြည့်ပုံစံမျိုးဖြင့် ဖွင့်လှစ်ခွင့် မရှိကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“တက္ကသိုလ်နားမှာ ဆိုင်ဖွင့်ရင် အအေးဆိုင်နဲ့ စားသောက်ဆိုင်နဲ့အတူ ဘာလုပ်နေလဲ ဆိုတာကို ကျောင်းနဲ့အစိုးရက သိဖို့လိုတယ်။ တချို့ကတော့ သက်သောင့်သက်သာရှိဖို့ ရည်ရွယ်ပေမယ့် ဒီကိစ္စတွေအတွက် ဖြစ်သွားတာမျိုး ရှိတယ်။ ကျောင်းသူ၊ ကျောင်းသားတိုင်း ဒီလိုဖြစ်နေတာ မဟုတ်ပေမယ့် တက္ကသိုလ်ကို အရိပ်မည်းဖြစ်စေတဲ့ အရာတွေကိုတော့ တားသင့်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မှတ်ချက်ပြု ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်ခင်က တက္ကသိုလ် ကျောင်းသားဘဝများကဲ့သို့ ပျော်ပွဲရွှင်ပွဲများ၊ စာကြည့်တိုက်၊ အနုပညာ အသင်းများဖြင့် မိသားစုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ခဲ့ကြသည့် ဘဝများကို ယခုခေတ် တက္ကသိုလ် ကျောင်းသားများကို ပြန်လည်ရစေချင်ပြီး တက္ကသိုလ် များကိုလည်း မူလနေရာတွင် ပြန်ထားစေချင်ကြောင်း ဒေါ်ဖြူဖြူသင်းက ဆိုသည်။

“ယူနီဖောင်းနဲ့လည်း တည်ခိုခန်း သွားနေတာကို မြင်နေရတာပဲ။ သန်လျင် GTC၊ စီးပွားရေး တက္ကသိုလ်တွေ နားမှာလည်း ရှိနေတာပဲ” ဟု ရူပဗေဒဘွဲ့ဖြင့် ကျောင်းပြီးထားသူတစ်ဦးက ပြောဆိုသည်။

မကြာသေးမီ ကာလအတွင်းကလည်း နည်းပညာကျောင်းရှိ စာသင်ခန်းထဲတွင် ချစ်သူနှစ်ဦးတို့၏ အတူနေဗီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံနှံ့သွားခဲ့သည်။ ယင်းကိစ္စအပေါ် တက္ကသိုလ်များ မြို့ပြင် ရောက်ရခြင်းကြောင့်ဟု ဝေဖန်သူများ ရှိသကဲ့သို့ ကျောင်းပညာရေး နိမ့်ပါးမှုများ၊ ခိုးရိုက်သူကို အပြစ်တင်ကြသည့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ထိုစုံတွဲမှာ ကျောင်းတစ်ပိုင်း တစ်စနှင့်ပင် တရားဝင် လက်ထပ်လိုက်ရသည်။

တက္ကသိုလ်တစ်ဝိုက်တွင် ကျောင်းသားများ၏ စာရိတ္တကို ယိမ်းယိုင်စေသည့်ဆိုင်များ အများအပြား ရှိနေခြင်းကို သက်ဆိုင်ရာက ဖယ်ရှားသင့်ကြောင်း၊ ကျောင်းသားများ အတွက်လည်း အထိန်းအချုပ် ကောင်းမွန်သည့် အဆောင်များ ထားပေးရန် မျှော်လင့်မိကြောင်း  ရန်ကုန်တက္ကသိုလ်ရှိ ဆရာများထံမှ သိရသည်။

လူငယ်များအကြား ယခုလက်ရှိ ဖြစ်ပေါ်လျက် ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းတို့၏ စူးစမ်းလိုသည့်စိတ်ကို အားကစားနှင့် လူမှုရေးနယ်ပယ်များသို့ ရောက်ရန် တည့်မတ်သင့်ကြောင်း မြန်မာစာဌာန (တွဲဖက်ပါမောက္ခ) ဦးမျိုးသန့်က မှတ်ချက်ပြုသည်။

“လူငယ်တွေကို ပရဟိတနဲ့ သက်ဆိုင်တာတွေ သင်မယ်။ ပြည်သူ့နီတိကို ခေတ်မီအောင်ပြင်ပြီး သင်ကြားမယ်။ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေရှိဖို့ လိုမယ်။ ဗုဒ္ဓအဆုံးအမနဲ့ မြန်မာ့ယဉ်ကျေးမှုက ခွဲခြားလို့ မရဘူး။ ပျက်စီးခြင်းလမ်းမကို ရောက်နေတဲ့ လူငယ်တွေကို အားကစားတို့ လူမှုရေးဘက်တို့ ပြန်ရောက်အောင် လုပ်ဖို့လိုမယ်။ စီးပွားရေး သမားတွေကလည်း ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တဲ့ အတ္တစိတ် ဖြစ်နေတယ်” ဟု ၎င်းက ထောက်ပြသည်။

ပြောင်းလဲလာသည့် ခေတ်နှင့်အညီ လိုက်ပါ ပြောင်းလဲလာသည့် ဝတ်စားဆင်ယင်မှု၊ အတွေးအခေါ်၊ လူနေမှုစရိုက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။ တရှိန်ထိုး သွားနေသည့် ပြောင်းလဲမှုကို မည်သူမျှ ရပ်တန့်နိုင်မည် မဟုတ်သော်လည်း လမ်းမှန်ရောက်ရန် မည်ကဲ့သို့ ထိန်းကျောင်း တည့်မတ်ပေးမည်လဲ ဆိုသည့် အချက်မှာ စဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။

အမှောင်မှာ တစ်စထက်တစ်စ ကြီးစိုးလာသည်။ ယင်းအချိန်တွင် တစ်ဦးခါးတစ်ဦး တင်းကျပ်စွာ ဖက်လျက် စကားတီးတိုးပြောရင်း ချစ်သူနှစ်ဦး တဲအိမ်အတွင်းမှ ထွက်လာကြသည်။ တစ်နေ့တာအတွက် အဆိုပါ တဲအိမ်ကို အသုံးပြုခအဖြစ် ကျပ်တစ်ထောင် အပါအဝင် အခြားကျသင့်ငွေများကို အဆိုပါ စုံတွဲရှင်း၍ ပြန်ရန်ပြင်နေစဉ် အခြားစုံတွဲ နှစ်တွဲ တဲအိမ်များဆီသို့ ဦးတည် ဝင်ရောက်သွားကြသည်။
အဆိုပါတဲအိမ်လေးများတွင် နေ့စဉ် ချစ်သူစုံတွဲများ ဝင်လာမစဲ တစ်သဲသဲပင်။

Written by  မြတ်နိုးခင်
The Voice Weekly

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform