စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

မည်သူမဆို တွေ့လျှင်ပြော၍ ကုသိုလ်ယူကြပါရန်


မည်သူမဆို တွေ့လျှင်ပြော၍ ကုသိုလ်ယူကြပါရန်
ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်၏ ပံ့ပိုးမှုဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအခမဲ့ခွဲစိတ်ကုသပေးမည့်အစီအစဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမျက်နှာနှင့်မေးရိုးဌာနတွင် ၂၀၁၄ခုနှစ် မေလ (၅)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပါသဖြင့် အမြန် ဆက်သွယ်စာရင်းပေးနိုင်ကြပါသည်။
ဖုန်း- ၀၉ ၈၆၁ ၈၄၅၂၊ ၀၉၈၆၁ ၈၄၅၃၊ ၀၉ ၄၃၀၅ ၁၃၇၄၊ ၀၉ ၄၃၀၄ ၉၄၀၂

Mongoloid မွန်ဂိုလွိုက်

Mongoloid မွန်ဂိုလွိုက်

• ‘မွန်ဂိုလွိုက်’ ဆိုတာ လူမျိုးနွယ်စုတခုဖြစ်တယ်။ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဆိုက်ဘေးရီးယား၊ အားတစ်ဒေသ၊ တောင်အမေရိက၊ အမေရိကန် (ဌာနေ)၊ ပစိဖိတ်ကျွန်းစုတွေမှာ နေကြတယ်။
• Human species လူသားမျိုးနွယ် အားလုံးရဲ့ ၃ ပုံ ၁ ပုံကျော်ရှိတယ်။
• Mongol စာလုံးကို နောက်ဆက် -oid ထည့်တဲ့သဘောက Mongols တွေနဲ့ ဆင်တူတယ်လို့ အဓိပ္ပါယ်ရတယ်။
• ဒီအသုံးကို နောက်ပိုင်းမှာ သိပ်မတိကျလို့ Forensic anthropologists တွေထဲမှာ လက်မခံချင်ကြသူတွေ ရှိလာတယ်။
• Major Divisions of the Human Race လူသားမျိုးနွယ်ထဲမှာ အဓိက (၃) မျိုး ရှိတယ်။ အောက်မှာ Subgroups ထပ်ခွဲထားတာတွေကလဲ အမျိုးပေါင်း ၃ဝ လောက် ရှိသေးတယ်။
(၁) Konversationslexikon of 1885-90
1. Caucasian races (Aryans, Hamites, Semites)
2. Mongolian races (northern Mongolian, Chinese and Indo-Chinese, Japanese and Korean, Tibetan, Malayan, Polynesian, Maori, Micronesian, Eskimo, American Indian),
3. Negroid races (African, Hottentots, Melanesians/Papua, “Negrito”, Australian Aborigine, Dravidians, Sinhalese)
(၂) နောက်ထပ်ခွဲခြားထားနည်းတခုက (၄) မျိုးဖြစ်တယ်။ Carleton S. Coon in 1962
1. White/Caucasian
2. Mongoloid/Asian
3. Negroid/Black
4. Australoid

• ဆေးပညာမှာ ဥာဏ်ရည်နိမ့်တဲ့ မွေးရာပါ Down's Syndrome ‘ဒေါင်းဆင်ဒရုမ်း’ ရောဂါရှိသူတွေကို ဖေါ်ပြရာမှာလဲ သုံးတယ်။

ဒေါက်တာတင့်ဆွေ

နာဂစ်ပေးတဲ့ဒဏ်ရာ အခုထိမကျက်သေးဘူး

နာဂစ်ပေးတဲ့ဒဏ်ရာ အခုထိမကျက်သေးဘူး

ကြိမ်ချောင်းကြီးကျေးရွာ စကားဝိုင်းများတွင် ယခုတစ်လော ထိပ်တန်းသတင်းအဖြစ် နေရာယူနေသည်က ညညရွာထိပ်နားတွင် သရဲခြောက်သည်ဆိုသည့်သတင်းပင် ဖြစ်သည်။

ညညဖြတ်သွားဖြတ်လာ လုပ်ကြသူများ၊ ရွာထိပ်တွင် ညအိပ်ရပ်နားလေ့ရှိသည့် မော်တော်ယာဉ်အစောင့်များကို ခြောက်လှန့်ခဲ့သည်ဆိုသည့် သတင်းများသည် ရွာထဲက စကားဝိုင်းများတွင် မပါမဖြစ်ဆိုသလောက်ပင်။

သည်ခြောက်လှန့်မှုများသည် လွန်ခဲ့သည့် ခြောက်နှစ်က သူတို့ရွာတွင် လူပေါင်း ၃၀၀၀ ကျော် အသက်သေဆုံးခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း ကွယ်လွန်သွားခဲ့ပြီး မကျွတ်မလွတ်ဘဲ ဖြစ်နေသူများက ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ရွာသားအချို့က ယုံကြည်လျက်ရှိသည်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အတွင်းရှိ အဆိုပါရွာကလေးသည် မုန်တိုင်းအပြီး ခြောက်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း နာဂစ်၏အရိပ်ဆိုးက သူတို့ကို ခြောက်လှန့်နေဆဲဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် မသေမပျောက်ကျန်ရစ်သူများသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကြောင့် နာဂစ်အပြီး ခြောက်နှစ်အကြာတွင် နေအိမ်အဆောက်အအုံ စသည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်လာသော်လည်း အလွယ်တကူမမြင်နိုင်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာများကိုတော့ ရင်ဆိုင်နေရဆဲဖြစ်သည်။

သေဆုံးသူများထဲမှ မကျွတ်လွတ်သေးသူများက ခြောက်လှန့်သည်ဟု ခံစားရခြင်း၊ အသက်မသေဘဲ ကျန်ရစ်ခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြသည့် မိသားစုဆွေမျိုးများကို မကယ်တင်နိုင်ခဲ့သောကြောင့် အပြစ်ရှိသည်ဟု စိတ်ထဲခံစားနေရခြင်း၊ လေပြင်းပြင်းတစ်ချက်တိုက်လိုက်တိုင်း ဆောက်တည်ရာမရဖြစ်ကြခြင်း စသည့် မျက်စိဖြင့် အလွယ်တကူ မမြင်တွေ့နိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ခံစားခဲ့ကြရခြင်းဖြစ်သည်။

ထိုအထဲတွင် ဘိုကလေးမြို့တွင် ကျပန်းအလုပ်သမားတစ်ဦးအဖြစ် အသက်မွေးနေသည့် ဦးစိုးဝင်းတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ လွန်ခဲ့သည့်ခြောက်နှစ်က ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ဝရွာကလေးတစ်ခုတွင် ရေလုပ်သားအဖြစ် အသက်မွေးခဲ့သည့် ဦးစိုးဝင်းသည် နာဂစ်မုန်တိုင်းအတွင်း သူ၏ဇနီး၊ သားနှစ်ဦးနှင့် သမီးတစ်ဦးတို့ ဆုံးရှုံးခဲ့ရသည်။

နာဂစ်မုန်တိုင်းအတွင်း ရုန်းကန်ရင်း အသက်ရှင်သန်ခဲ့သော်လည်း သူ၏မိသားစုဝင်အားလုံး သေဆုံးခဲ့ရခြင်းသည် သူ့တွင် တာဝန်မကင်းကြောင်း စိတ်ထဲခံစားနေရကြောင်း ဦးစိုးဝင်းကပြောသည်။ ထိုကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် သူသည်လည်း အရက်ကို စွဲစွဲလမ်းလမ်းသောက်သုံးသူတစ်ဦးအဖြစ် ရောက်ရှိခဲ့သည်။

‘‘လှိုင်းတစ်ချက်အပုတ်မှာ ကျွန်တော့်လက်ထဲက အငယ်ကောင်လေး လွတ်ထွက်သွားတယ်။ ဘယ်လိုမှ ရှာမရတော့ဘူး။ နောက်ပိုင်း ၂ နှစ်၊ ၃ နှစ်လောက် ကလေးပေါက်စလေးတွေတွေ့တိုင်း ကျွန်တော်အသုံးမကျလို့ ကလေးသေတယ်လို့ပဲ တွေးတွေးပြီး ငိုနေရတယ်။ နောက်တော့လည်း သူ့ကံပါသလောက်ပဲလို့ဆိုပြီး ဖြေသိမ့်ခဲ့ရတယ်’’ဟု ဦးစိုးဝင်းကပြောသည်။

ထိုကဲ့သို့ ခံစားခဲ့ရသည်မှာ ဦးစိုးဝင်းတစ်ယောက်တည်းမဟုတ်ခဲ့။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့သည့် လူပေါင်း ၁၃၈,၀၀၀ ကျော်၏ မိသားစုဝင်များလည်း အပါအ၀င်ဖြစ်သည်။

မုန်တိုင်းလာမည်ကို ကြိုတင်သိထားကြသော်လည်း ဒီလောက်ထိ ပြင်းထန်မည်ကို မသိခဲ့သောကြောင့် မြစ်ဝကျွန်းပေါ်နေသူများက ကြိုတင်ပြင်ဆင်မှု မပြုလုပ်ထားခဲ့ကြ။

‘‘မုန်တိုင်းမတိုက်ခင်အစလောက်မှာ အပင်တွေလဲတာ။ သွပ်တွေပျံနေတာကြည့်ပြီး လူတွေတောင် ပျော်နေကြသေးတယ်’’ဟု လူ ၃,၅၀၀ ခန့်ရှိသည့် သူတို့ရွာတွင်လူ ၅၀၀ ခန့်သာ အသက်ရှင်ခွင့်ရခဲ့သည့် ၂၀၀၈ နာဂစ်မုန်တိုင်းအခြေအနေကို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာမှ ကိုသန်းထိုက်အောင်က ပြန်ပြောပြသည်။

တကယ်တမ်း မုန်တိုင်းတိုက်ခတ်သည့်အခါ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်းမိုင် ၁၂၀၊ မြစ်ဝကျွန်းပေါ်ဒေသနေသူများအတွက် ကံဆိုးမိုးမှောင်ကျသည့်နေ့ ဖြစ်ခဲ့ရသည်။ လူပေါင်းတစ်သိန်းသုံးသောင်းသေဆုံးခဲ့ပြီး သန်းနဲ့ချီသောသူများ ဒုက္ခရောက်ခဲ့ကြရသည်။

ကော်ဇောပြင်တစ်ချပ် ဖြန့်ခင်းထားသလို ပြန့်နေသည့် မြစ်ဝကျွန်းပေါ်ဒေသ၏ မြေမျက်နှာသွင်ပြင်ကလည်း သေဆုံးစာရင်းကို တိုးစေခဲ့သည်။ မုန်တိုင်းနှင့်အတူ တက်လာသည့် မုန်တိုင်းဒီရေများဆီမှ လွတ်ရာကျွတ်ရာပြေးရန် ကုန်းမြေမြင့်ကမရှိခဲ့။ နာဂစ်မုန်တိုင်းအပြီး ၂ နှစ်အကြာ ၂၀၁၀ တွင် ရခိုင်ပြည်နယ်သို့ နာဂစ်လေတိုက်နှုန်းအတိုင်း ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သော်လည်း ကုန်းမြေမြင့်၊ ရေကာလေကာများကြောင့် သေဆုံးသူ ၆၀ ဦးခန့်သာရှိခဲ့သည်။

မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်ကြီးအတွင်း ကျန်ရစ်ခဲ့သူများအတွက် ခြောက်နှစ်တာကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများရရှိခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပေးမှုများအတွက်တော့ လုံလောက်သည့်အကူအညီများ မရခဲ့ကြပေ။

အချိန်ကာလကြာသွားသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက်နှင့် ဖြေဆည်နိုင်သူများရှိသလို ယခုအချိန်အထိ မိသားစုဆုံးရှုံးမှုဒဏ်ကြောင့် စိတ်စွဲလမ်းကာ တုန်လှုပ်ချောက်ချားနေသူများလည်း ရှိနေဆဲဖြစ်သည်။

သဘာဝဘေးအပါအ၀င် တုန်လှုပ်ချောက်ချားစရာအဖြစ်အပျက်များ ကြုံတွေ့ပါက သွေးပျက်ချောက်ချားမှုများ ဖြစ်ပေါ်တတ်သည်မှာ သဘာဝဖြစ်သော်လည်း အချိန်ကာလတစ်ခုအထိ မပျောက်ဘဲ စွဲလမ်းမှုများဖြစ်ပေါ်နေပြီး စိတ်ဒဏ်ရာရသွားသည့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါက လုံလောက်သော ဆေးဝါးကုသမှု ခံယူသင့်ကြောင်း စိတ်ပညာရှင် ဒေါက်တာအောင်မြတ်ကျော်စိန်ကပြောသည်။

‘‘ဥပမာ ဗုံးပေါက်တာကို ကြုံတဲ့သူက နောက်တစ်ခါကားဘီးပေါက်သံကြားရင် လန့်လန့်တတ်တာမျိုးပေါ့။ ဒါမျိုးနောက်တစ်ခါ၊ နှစ်ခါကြုံရင် ဘီးပေါက်တာကိုသိပြီး ပုံမှန်အတိုင်းဖြစ်သွားတယ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ အမြဲလန့်နေရင် စိတ်ရောဂါလိုအသွင်ပြောင်းသွားတယ်လို့ ဆိုနိုင်တာပေါ့။ နာဂစ်ဒေသက လူတွေလည်း အချိန်အတော်ကြာတဲ့အထိ ပြန်မြင်ယောင်နေတာမျိုးဆိုရင် ကုသမှုခံယူသင့်တယ်’’ဟု မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်ကပြောသည်။

လူ့အသက်ပေါင်းများစွာကို ချေဖျက်သွားခဲ့သည့် နာဂစ်ကပေးခဲ့သည့် သင်ခန်းစာများကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် မုန်တိုင်းကြိုတင်ကာကွယ်ရေးအသိပညာများ၊ မုန်တိုင်းရှောင်နိုင်သည့်နေရာများ တိုးတက်လာခဲ့သော်လည်း တကယ်တမ်းနဖူးတွေ့၊ ဒူးတွေ့ မုန်တိုင်းနှင့် ကြုံလာမည်ကိုတော့ ကြောက်လန့်နေကြဆဲဖြစ်သည်။

‘‘အနီရောင်တို့၊ အ၀ါရောင်တို့ဆို ကြောက်နေကြပြီ။ ဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့လူတွကလည်းရှိတယ်။ တချို့ဆို နာဂစ်အပြီး ၂ နှစ်၊ သုံးနှစ်လောက်အထိ မုန်တိုင်းဆိုတုန်နေကြတဲ့သူတွေလည်းရှိတယ်’’ဟု ကြိမ်ချောင်းကြီးကျေးရွာမှ ဒေါ်အေးမြင့်ကပြောသည်။

သိန်းနှင့်ချီသောလူများ သေဆုံးသွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် မကျွတ်မလွတ်သေးသူများက ခြောက်လှန့်သည်ဆိုသည့် စိတ်ခံစားမှုများကလည်း အသက်ရှင်ကျန်ရစ်သူများကို ခြောက်လှန့်နေဆဲဖြစ်သည်။ နာဂစ်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင်လည်း သရဲတစ္ဆေဇာတ်လမ်းများမှာ တစ်နေရာနှင့်တစ်နေရာ မရိုးအောင် ကြားနေရသည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ တစ်ဖက်ကမ်းနှင့် ကြိမ်ချောင်းကြီးကျေးရွာသို့ တစ်နာရီကျော်ကြာ သွားရောက်ရသည့် လမ်းတစ်လျှောက်သည် နာဂစ်တစ္ဆေဇာတ်လမ်းများနှင့် ပြည့်နှက်နေသည့် လမ်းတစ်ခုဖြစ်သည်။ လမ်းတစ်လျှောက် နေရာလေးခုထက်မနည်းတွင် နာဂစ်မုန်တိုင်းကြောင့် သေဆုံးပြီး မကျွတ်မလွတ်သေးသူများ ခြောက်လှန့်နေကြောင်း လူအများက ယုံကြည်လျက်ရှိသည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးပြီး မကျွတ်မလွတ်သေးသူများကို ဘာသာရေးအရ နှစ်စဉ်ရည်စူးပြီး အမျှအတန်းပေးဝေခဲ့သော်လည်း မကျွတ်မလွတ်သေးသူများ ရှိနေဆဲဖြစ်ကြောင်း လူအချို့၏စိတ်ထဲတွင် ယုံကြည်ထိတ်လန့်နေဆဲဖြစ်ကြောင်း ကြိမ်ချောင်းကြီးကျေးရွာမှ ဆရာတော်ဦးကောဝိဒကမိန့်သည်။

လာမည့်ရက်အနည်းငယ်အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်မှုမှာ (၆)နှစ်ပြည့်မည်ဖြစ်သည်။ ခြောက်နှစ်တာကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြောင့် နေအိမ်အဆောက်အအုံကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်လာခဲ့ပြီး မုန်တိုင်းအသိပညာများလည်း တိုးတက်လာခဲ့ကြသည်။ သို့သော်လည်း မုန်တိုင်းကပေးသည့် စိတ်ဒဏ်ရာများကတော့ သူတို့ခံစားနေရဆဲဖြစ်သည်။

နာဂစ်မုန်တိုင်း (၂၀၀၈ မေ ၂/၃)

မုန်တိုင်းအမည်- နာဂစ်
သေဆုံး/ပျောက်ဆုံး- ၁၃၈,၃၇၃ ဦး
ပျက်စီးဆုံးရှုံးမှုတန်ဖိုး- ကျပ်သန်း ၁၁ ဒသမ ၇ ထရီလီယံ
တစ်နာရီပျမ်းမျှလေတိုက်နှုန်း- မိုင် ၁၂၀
ထူးခြားချက်များ- မြန်မာ့သမိုင်းတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်။
- ကမ္ဘာပေါ်တွင် ရှစ်ခုမြောက် လူအသေအပျောက်အများဆုံး ဆိုင်ကလုန်းမုန်တိုင်း။

7daynews

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်
(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
=============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။
(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
===========================
ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှုကို နှေးကွေးစေပါတယ်။
(၃) အစာကြေညက်စေပါတယ်
===================
ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။
(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်
============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
(၅) စွမ်းအင် တိုးစေပါတယ်
=================
ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။
(၆) သွေးတိုးကို ကျစေပါတယ်
==================
ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်
=========================
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။
(၈) အရိုးကို သန်စွမ်းစေပါတယ်
===================
ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
==================================
ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။
(၁၀) သိုင်းရွိုက်ကို ကျန်းမာစေပါတယ်
======================
ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။

ကြယ်စင်

အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ ၁၀ မျိုး


အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ ၁၀ မျိုး
၁။ ချောကလက်အညို
==============
စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီးပေးပါတယ်။
ဥရောပ သုတေသီတွေက ချောကလက်အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော ထွက်တာကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓာတ်ကျတာ၊ အဝလွန်တာ၊ နှလုံးရောဂါ စတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
၂။ မှို
=====
ကင်ဆာရောဂါကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိနိုင်ပါတယ်။
တစ်နေ့ကို မှို တစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သားကင်ဆာရောဂါ ဖြစ်ပွားတာကို ၆၄ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တခြားသော လေ့လာသူတွေက ရင်သားကင်ဆာကို ဖြစ်စေတဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ Aromatase ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။
၃။ ဆာဒင်းငါး
=========
နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
အိုမီဂါ-၃ ဓာတ် ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးသွေးကြောပိတ်တာ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ နှလုံး တိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်း စေပါတယ်။ ဆာဒင်းငါး သုံးအောင်စ စားပါက တစ်ဒသမသုံး ဂရမ်ရှိတဲ့ အိုမီဂါ- ၃ ကို ရရှိပါတယ်။
၎။ ထောပတ်သီး
==========
ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးပါတယ်။
ထောပတ်သီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေ များစွာ ပါဝင်နေပါတယ်။ ဒီအဆီတွေက သင့်ခန္ဓာကိုယ် အလေးချိန် ကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက သင်စားတဲ့ နေ့စဉ် အစားအစာတွေထဲက ကယ်လိုရီရဲ့ ၂၃ ရာခိုင်နှုန်းကို မပြည့်ဝဆီတွေသာ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါက သင့်ဗိုက်က အဆီတွေကို လျှော့ချနိုင်ပြီး သင့်ခန္ဓာကိုယ် အလေးချိန်ကို ငါးပေါင်အထိ လျော့နည်းသွားစေတယ်လို့ ဆိုထားပါတယ်။

၅။ ငရုတ်ပွသီး
=========
မျက်ကြည်လွှာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်ကြည်လွှာ ပျက်စီးတာနဲ့ မျက်စိတွင်းတိမ်ဖြစ်တာကြောင့် အမြင်အာရုံထိခိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ လူတင်း၊ ဇီဇန်သင်းနဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ ငရုတ်ပွသီးက သင့်အမြင်အာရုံတွေ စူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။ တစ်နေ့ကို ငရုတ်ပွသီး နှစ်ကြိမ် စားပေးပါက ဗီတာမင်စီအပြင် လူတင်း ၁၁၆ မိုက်ခရိုဂရမ်၊ ဇီဇန်သင်း ၅၆၂ မိုက်ခရိုဂရမ်ကို ရရှိစေပါတယ်။

၆။ အစိမ်းရောင် ပန်းဂေါ်ဖီ
===============
မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
တရုတ် ပန်းကန်လုံး တစ်လုံးစာ အစိမ်းရောင် ပန်းဂေါ်ဖီပွင့်ကနေ ဗီတာမင်စီနဲ့ ဗီတာမင်အေ ဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပြီး ဗီတာမင်အေက ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ် ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

၇။ အာလူး
========
သွေးတိုး ကျစေပါတယ်။
အာလူး အရွယ်တော် တစ်လုံးကနေ ကယ်လိုရီ အပြည့်အဝ ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိနိုင်တဲ့ ပိုတက်စီယမ် ပမာဏထက် ပိုမို ရရှိနိုင်ပါတယ်။ ပိုတက်စီယမ်က နှလုံးရောဂါကို တိုက်ထုတ်နိုင်ပြီး သွေးတိုး ကျစေပါတယ်။

၈။ ပန်းသီး
========
ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပါတယ်။
အရသာချိုတဲ့ ပန်းသီး အရွယ်တော် တစ်လုံးမှာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ကွာစန်တင်ဓာတ် ကြွယ်ဝပါတယ်။ ဒီဓာတ်က ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခန္ဓာကိုယ် ခုခံကာကွယ်နိုင်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ Appalachian State University ရဲ့ နှစ်ပတ်ကြာ လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုက ကွာစန်တင်ဓာတ် ပါအောင် စားသုံးသူတွေက မစားသုံးသူတွေထက် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

၉။ ဟင်းနုနယ်ရွက်
===========
အရိုးတွေကို သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွားစေပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက် ဖြစ်တဲ့ ဟင်းနုနယ်ရွက်ထဲမှာ ဗီတာမင်ကေ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။ ဖောလိတ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေက မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွား စေပါတယ်။ ခွက်တစ်ခွက်စာကနေ ၇ ကယ်လိုရီ ရရှိနိုင်ပါတယ်။

၁ဝ။ နွားနို့
=======
အရိုးပါး ရောဂါကို ကာကွယ်ပေးပါတယ်။
ကယ်လ်စီယမ် အပြည့်အဝ ရရှိနိုင်တာကြောင့် အရိုးပါးရောဂါ ဖြစ်ပွားမှုကို တားဆီးနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ အဆီ မပါဝင်တဲ့ နွားနို့ကို တစ်နေ့ သုံးကြိမ် သောက်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ်မိရာက မျက်လုံးဖောင်းအစ် မှုတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါနည်း ငါးမျိုးကို လိုက်နာသင့် ပါတယ်။

(၁) မျက်စိကို မထိတွေ့ခင် လက်ဆေးပါ
မျက်စိထဲကို ဝင်တဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့ ပိုးမွှားတွေက အဓိကအားဖြင့် လက်ကနေ ဝင်လာတာပါ။ လက်ကို မကြာ ခဏ ဆေးကြောပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြောသန့်စင်ပြီးမှ မျက်လုံး ကို ထိတွေ့ကိုင်တွယ်သင့်ပါတယ်။

(၂) မျက်စိယားလျှင် မျက်စဉ်းဆေးခတ်ပါ
ဆားရည်နဲ့ မျက်ရည်တုတွေက မျက်စိတွင်း ဓာတ်မတည့်မှုတွေ သန့်စင် အောင် ဖယ်ရှားပေးနိုင် ပါတယ်။ မျက်စိ ခြောက်သွေ့မှုအတွက် သုံးတဲ့ မျက်ရည် တုတွေက မျက်စိ ယားယံမှုနဲ့ ခြောက် သွေ့မှုကို သက်သာစေပါတယ်။

(၃) အေးမြသော ပိတ်စတစ်စ ကပ်ပါ
မျက်စိယားယံ မှုဖြစ်လွန်းရင် အေး မြသန့်ရှင်းတဲ့ ပိတ်စကို မျက်စိပေါ်ကို အုပ်ပေးပါ။ ဒါဆိုရင် မျက်လုံးဖောင်းအစ် မှုကို သက်သာစေပြီး မျက်စိရောင်ရမ်းမှု လျော့ကျကာ ယားယံတာကို သက်သာ စေပါတယ်။

(၄) ပြတင်းပေါက်ကို ပိတ်ထားပါ
ပြင်ပက ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို အမြဲရှောင်လွှဲဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်စိထဲကို ဖုန် မှုန့်တွေ မဝင်ဖို့ဆိုရင် အိမ်ထဲမှာနေရင် တောင် ပြတင်းပေါက်ကို ပိတ်ထားဖို့ လို ပါတယ်။ အထူးသဖြင့် ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာ ပြတင်းပေါက်ပိတ်ပြီး အဲ ကွန်းဖွင့်ထားပေး ရပါမယ်။ လေအပြင်း အထန်တိုက်တဲ့ အချိန်တွေမှာ ပြတင်း ပေါက်ကို ပိတ်ပြီး အိမ်ထဲမှာနေပါ။

(၅) နေကာမျက်မှန် တပ်ပါ
နေကာ မျက်မှန်နဲ့ ပုံမှန်မျက်မှန်တပ် ရင် မျက်စိထဲကို ဖုန်မှုန့်တွေ၊ ပန်းဝတ် မှုန်တွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် မျက်စိထိခိုက်မှု မရှိအောင် ကာကွယ်နိုင် ပါတယ်။
ဇွန်

ကိုယ်ဝန်ဆောင်ချိန် ခြေထောက် ဖောရောင်မှု သက်သာစေရန်

ကိုယ်ဝန်ဆောင်ချိန် ခြေထောက် ဖောရောင်မှု သက်သာစေရန်

ကိုယ်ဝန်ဆောင်ချိန် ခြေထောက် ဖောရောင်မှု သက်သာစေရန် ကိုယ်ဝန်ဆောင်ချိန် မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။

အနေအထားပြောင်းပါ

အကြာကြီး မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ ထိုင်တဲ့အခါ ခြေထောက်တွေကို တတ်နိုင်သမျှ မြ§င့်ထားလို့ရအောင် ခုံပု တစ်ခုပေါ်မှာ တင်ထားပါ။ ခြေထောက်ဖောရောင်မှု သက်သာ စေဖို့ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လှဲလျောင်းပါ။

လှုပ်ရှားမှု လုပ်ပါ

အနားယူပြီးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာ ကြောင့် ခြေထောက်ဆီသို့ အရည်စီးဆင်းမှု လျော့ကျကာ ခြေ ထောက်ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ရေကူးတာက ခြေထောက် ဖောရောင်မှုကို တွန်းလှန်နိုင်ပါတယ်။

အရည်စုဆောင်းမှု မရှိစေရန် သတိထားပါ

သောက်တဲ့ ရေများလေလေ၊ ကိုယ်တွင်း အထူးသဖြင့် ခြေကျင်း ဝတ်နဲ့ ခြေထောက်မှာ အရည်စုပုံနိုင်ခြေလျော့နည်းလေလေ ဖြစ် ပါတယ်။ တစ်နေ့မှာ ရေရှစ်ခွက်သောက်တာကြောင့် ဆီးသွားရာ က အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ ပါသွားနိုင်ပါတယ်။

ဆားကို အရသာရှိရုံ သုံးပါ

ဆားအသင့်အတင့်စားတာကြောင့် ခန္ဓာကိုယ်က အရည် ဓာတ်ကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။ ဆားအများ အပြားစားတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ခြေထောက် ဖောရောင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

သက်သောင့် သက်သာ ရှိသော ဖိနက်ကို စီးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်နဲ့ ခြေကျင်းဝတ်ရောင် ရမ်းမှု သက်သာစေမယ့် ဖိနပ်ကို စီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်တင်မက လက်နဲ့ မျက် နှာပါ ဖောရောင်နေရင် သတိထားပါ။ ဒါက သွေးတိုးနေသလား၊ သွေးဆိပ်တက်နေသလားဆိုတာ စမ်းသပ်ရမယ့် အခြေအနေ ဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသပါ။

ဇွန်

Breast reduction ရင်သား သေးအောင်လုပ်ခြင်း

Breast reduction ရင်သား သေးအောင်လုပ်ခြင်း

• ကျွန်မက အသက် (26) နှစ်ရှိပါပြီ။ ကျွန်မရင်သား နည်းနည်းကြီးပါတယ်ဆရာ။ အဲ့ဒါ သေးအောင် ဘာဆေးသုံးလို့ရလည်း၊ ဆရာကူညီပါ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်ကို ကြိုက်ပါတယ်ဆရာ။
• စုံအောင်မေးပါရစေ။ အိမ်ထောင်-ကလေး ရှိပါသလား။ ဘယ်-ညာ တူပါသလား။ အရွယ်အစားကြီးတာလား။ အောက်တွဲကျနေသလား။ အကျိတ်စတာ ရှိပါသလား။
• အိမ်ထောင်မရှိပါဘူးဆရာ အောက်နည်းနည်းကျပါတယ်ဆရာ ရင်သားသေးချင်တာပါဆရာ ရောဂါလည်းမရှိပါဘူးဆရာ
• အရပ်က 5.2 လက်မ၊ 136 ပေါင်ရှိတယ်။ အပျိုပါ။ ရင်သားက ပုံမှန်ထက်ပိုကြီးတယ်။ ရင်သားမရှိတော့လောက်အောင် သေးခြင်တာ ကူညီပေးပါဆရာ။

မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရင်သားထွားလာတယ်။ ကိုယ်ဝန်ဆောင်ရင် ပိုကြီးမယ်။ ကလေးနို့တိုက်လို့လဲ ကြီးမယ်။ ကလေးတယောက်မွေးတခါ ပိုကြီးနိုင်သေးတယ်။ ဒါတွေက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အဆီ (တစ်ရှူး) များလို့လဲ နို့ထွက် (တစ်ရှူး) တွေက ပုံမှန်နဲ ရင်သားကြီးတာလဲရှိတယ်။

ရင်သား အရွယ်အစားသေးအောင်၊ ပိုပြီးကြည့်ကောင်းအောင် Reduction mammoplasty ခွဲစိတ်နည်းနဲ့လုပ်နိုင်တယ်။ ရင်သားကို ကုသတာမှာ သူ့အလုပ်တာဝန်ကို မထိခိုက်ဘို့က ပိုအရေးကြီးတယ်။ Nipple-areola complex (နို့သီး + အရောင်ရင့်အဝိုင်း) နေရာက အရေးအပါဆုံး ဖြစ်တယ်။ အလုပ်မပျက်ဘို့၊ အမြင်လှဘို့နဲ့ စိတ်ကျေနပ်ဘို့ (၃) ချက် လိုပါမယ်။

ရင်သားကြီးလွန်းနေတာကို Macromastia ခေါ်တယ်။ ရင်သားက အရွယ်ကြီးနေလို့ လေးလံနေမယ်၊ တဖက်မှာ ဂရမ် ၅ဝဝ ထက်လေးတာလို့ Shnur Scale နည်းက သတ်မှတ်တယ်။ တွဲကျနေရင် ဇက်ကျော၊ ခေါင်း နောက်ကျောပါနာနေနိုင်တယ်။ ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေလဲရှိနိုင်တယ်။ သွေးလှည့်ပတ်မှုနည်းတာ၊ အသက်ရှူရခက်တာ၊ အောက်ခံ အရေပြားကို ထိခိုက်တာ၊ အဝတ်အစားရွေးရတာတွေ ဖြစ်နိုင်တယ်။

Breast hypertrophy (Macromastia and Gigantomastia) ခေါ်တဲ့ ရင်သားကြီးလွန်းနေတာမျိုးကို ဆေးနဲ့တော့ ကုမရနိုင်ပါ။ ကိုယ်အလေးချိန်ချနည်းနဲ့တော့ ရင်သားလဲ လိုက်သေးနိုင်ပါတယ်။ ခွဲစိတ်ကုသနည်းကို Reduction mammoplasty, Lipectomy လို့ခေါ်တယ်။ အစဉ်အလာသုံးခွဲစိတ်နည်းကို ၁၉၉ဝ ကတည်းကသုံးတယ်။

Surgical anatomy ရင်သားကို ခွဲစိတ်ခန္ဓာဗေဒအရ (တစ်ရှူး) အမျိုးအစားတွေ များတယ်။
1. Chest wall ရင်ပတ်နံရံက နံရိုးအမှတ် ၂ ကနေ ၆ အထိ၊
2. Pectoralis muscles ကြွက်သား + အရွတ်လွှာ + အရွတ်ပြား၊
3. Lobules (လိုဗြူးလ်)
4. Nipple နို့သီးအဖျား၊
5. Areola အရောင်ရင့်အဝိုင်း၊
6. Milk duct နို့ပြွန်၊
7. Fatty tissue အဆီ၊
8. Glandular tissue နို့ထွက်အိတ်၊
9. Adipose tissue (အဒီပို့စ် တစ်ရှူး)
10. Skin envelope အရေပြား။

ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။
I. Inferior pedicle technique (Anchor pattern, inverted-T incision, Wise pattern)
II. Vertical scar technique (lollipop incision)
III. Horizontal scar technique
IV. Free nipple-graft technique
V. Liposuction-only technique (lipectomy)

Liposuction-only technique အဆီစုပ်ထုတ်နည်းကို ရင်သားအရွယ်အစား သိပ်မကြီးရင် လုပ်နိုင်တယ်။ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်နည်းကို ကလေးနို့တိုက်နေသူနဲ့ နို့ဖြတ်ကာစလူတွေကို လုပ်မပေးပါ။

ချုပ်လိုက်ရင် ဆေးနဲ့သေးမယ်ဆိုတာ မယုံပါနဲ့။ သဘာဝ၊ မိမွေးတိုင်းကို ပြင်ချင်တာမှန်သမျှ အဆိုး-အကောင်း ချိန်ဆရမယ်။ (ပလပ်စတစ် ဆာဂျင်) ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရှင်းပြပါလိမ့်မယ်။ ခေါင်းအေးအေးထားပြီးမှသာ ကိုယ်တိုင် ဆုံးဖြတ်ပါ။

ဒေါက်တာတင့်ဆွေ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မှာ မော်တာနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၈၀ ကျော် ဒဏ်ရာရရှိ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မှာ မော်တာနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၈၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
ထိခိုက် သေဆုံးသူ အများစုဟာ ကောလိပ် တစ်ခုက ကျောင်းသားတွေ ဖြစ်ပြီး၊ အဲဒီ ကောလိပ်မှာ ဗုံးဆံ ၂ ခု ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ သူပုန်တွေရဲ့ လက်ချက်လို့ ပြစ်တင် ပြောဆိုပါတယ်။
မြေပြင်ပေါ်မှာ သွေးစွန်းနေတဲ့ ဓာတ်ပုံတွေကိုလည်း အစိုးရ ရုပ်သံကနေ ပြသသွားပါတယ်။

BBC

အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးမိုင်တိုင်နှင့်ကွန်ကရစ်တိုင်များအား တိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးမိုင်တိုင်နှင့်ကွန်ကရစ်တိုင်များအား တိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

ေ နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၉/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင် အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှနေပြည်တော်သို့ နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်နေ ကျော်သူဟန်(၃၂)နှစ် မောင်းနှင်လာသော 2G/xxxx ဟိုင်းလပ်ဆပ်ဖ် ငွေမင်ရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ မိုင်တိုင်အမှတ်(၂၂၉/၂)အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးကွန်ကရစ်တိုင်များအား ဆက်လက်တိုက်မိကာ တစ်ပတ်လည်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဒက်္ခိဏသီရိမြို့နယ်နေ ဒေါ်သိင်္ဂီထွန်း(၃၉)နှစ်မှာ ဦးခေါင်းယာဘက်ခြမ်း ကြေမွစုတ်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျော်သူဟန်တွင် ၀ဲနားထင်ပေါက်ပြဲ၊ ယာလက်/တင်ပဆုံရိုး/ညှပ်ရိုးကျိုးဒဏ်ရာများနှင့် ဦးဇော်ထွန်း(၄၃)နှစ်တွင် ၀ဲလက်မောင်းဖူးရောင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်သူဟန်အား ဘုရားတောင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အားဝင်တိုက်


အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အားဝင်တိုက်

နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန် နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၂/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်နေ ဘုန်းမောင်ဦး(၅၁)နှစ် မောင်းနှင်လာသော ၄စ/xxxx တိုယိုတာတောင်းအေ့စ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဇော်မင်းလတ်(၃၀)နှစ်မောင်းနှင်သည့် 8J/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းစွန်းအား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တိုက်မိမှုကြောင့် 8J/xxxx ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၄စ/xxxxယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်နေ ဦးမြတ်ဇော်(၄၈)နှစ်တွင် ၀ဲခြေဖ၀ါး/၀ဲခြေဖနောင့်/၀ဲခြေခုံ/ယာခြေသလုံးပေါက်ပြဲ၊ ယာဒူးခေါင်းညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 8J/xxxx ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းပိန်ချိုင့်၊ ဘော်ဒီယာဘက်ခြမ်းဆေးပွန်း၊ ယာဘက် ရှေ့အချက်ပြ မီးကွဲ၍ တန်ဘိုးငွေကျပ် (၁)သိန်းခန့်နှင့် ၄စ/xxxxယာဉ်၏ရှေ့ခေါင်းပိုင်းဝဲဘက်ခြမ်း၊ ရှေ့လေကာမှန်ကွဲ၊ ၀ဲတံခါးပိန်ချိုင့်ပျက်စီး၊ ၀ဲ/ယာရှေ့မီးသီးကွဲကာ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘုန်းမောင်ဦးအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။
သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။
အဲ့ဒီလို ငိုလို့ တစ်လ ပြည့်ပြီးတဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပ ပါတယ်။ မင်္ဂလာပွဲမှာကျတော့ သတို့သမီးက အသံစုံနဲ့ ငိုပြီး မင်္ဂလာပွဲလာ ပရိတ်သတ်တွေကို ဖျော်ဖြေ ရပါ သေးတယ်။ ယင်း အသံစုံ ငိုမှုက သီချင်း သံစဉ် လို့ ဖြစ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ အကယ်၍ သာယာ နာပျော်ဖွယ် မငိုနိုင်ရင် သတို့သမီး မိသားစု ကော၊ သတို့သား မိသားစုပါ အရှက် ရတာကြောင့် ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင် လေ့ကျင့် ရပါ သေးတယ်။
ငိုတာက ဝမ်းနည်း ပူဆွေးလို့ မဟုတ် ပါဘူး။ အင်မတန် သာယာ လှပ သွားမယ့် အနာဂတ် အတွင် ကြိုတွေး၊ ကြိုမြင်လို့ အဝမ်းသာ လွန်ပြီးတော့ ငိုကြွေးခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ သွားလေ့လာတဲ့ ကမ္ဘာလှည့် ခရီးသည် များအတွက် ကတော့ အထူးအဆန်း တစ်ခု အနေနဲ့ တည်ရှိ နေ ပါ သေးတယ်။ Tujia လူမျိုးစုများဟာ ယနေ့တိုင် ယင်း ဓလေ့ ရိုးရာကို ထိန်းသိမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)
.

အမျိုးသမီးများ အလှအပအတွက် ဖိအားပေးမှုများလွန်းကြောင်း ဘီယွန်းစ်သုံးသပ်

အမျိုးသမီးများ အလှအပအတွက် ဖိအားပေးမှုများလွန်းကြောင်း ဘီယွန်းစ်သုံးသပ်

အသက်(၃၂)နှစ်ရှိ ကမ္ဘာကျော် အဆိုတော်က အမျိုးသမီးများ အနေဖြင့် ကြည့်ကောင်းအောင် အမြဲတစေ အသင့်ဖြစ်နေရန် ကြီးကြီးမားမား ဖိအားများနှင့် ကြုံနေကြောင်း ယုံကြည်လျှက် ရှိသည်။

ယနေ့ခေတ် အမျိုးသမီးများသည် ကြည့်ကောင်းပြီး အလှပဆုံး ဖြစ်နေအောင် မဖြစ်မနေ ပြင်ဆင်မွမ်းမံနေရန် ဖိအားပေး တောင်းဆိုမှုများအောက် ကျရောက်နေကြောင်း ဘီယွန်းစ်က ဝေဖန် ပြောကြားလိုက်သည်။ အသက်(၃၂)နှစ်ရှိ ကမ္ဘာကျော် အဆိုတော်က အမျိုးသမီးများ အနေဖြင့် ကြည့်ကောင်းအောင် အမြဲတစေ အသင့်ဖြစ်နေရန် ကြီးကြီးမားမား ဖိအားများနှင့် ကြုံနေကြောင်း ယုံကြည်လျှက် ရှိသည်။ သူမက လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ စံသတ်မှတ်ချက်ကို အလှအပနှင့် တိုင်းတာမှု ပမာဏ ကျယ်ပြန့်လာနေကြောင်း သုံးသပ်ခဲ့သည်။ ဘီယွန်းစ်သည် သူမ၏ Pretty Hurts သီချင်းဗီဒီယို၏ နောက်ကွယ်မှ ရိုက်ကွင်းပုံရိပ်များကို မှတ်တမ်းဗီဒီယိုတစ်ခု ထုတ်ဝေခဲ့ပြီး ယင်းဗီဒီယိုတွင် သူမ၏ အတွေးအမြင်ကို ထင်ဟပ်နေစေသည်။

ဗီဒီယို ဒါရိုက်တာဖြစ်သည့် မယ်လီနာ မက်ဆူကက်စ်က “ဒီဗီဒီယိုရဲ့ ရည်ရွယ်မှု ဆိုလိုရင်းက အလှအပနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုမှုကို ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ဖြည့်ဆည်းရသလဲ ဆိုတာကို ဘီယွန်းစ်က ပြသချင်လို့ပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။ ဘီယွန်းစ်က “ကျွန်မတို့ အနေနဲ့ ဟန်ဆောင်ခဲ့ရတာတွေလည်း ရှိလိမ့်မယ်။ တစ်ခါတစ်လေကျတော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေက အလှအပအတွက် အသာစီးယူသွားနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ လူ့အဖွဲ့အစည်း တစ်ခုလုံးက အလှအပကို တောင်းဆိုဖိအားပေးနေတာ သိပ်ကျယ်ပြန့်နေပြီ။ ဒါကို ကျွန်မ စိတ်မကောင်းတော့ ဖြစ်မိတယ်”ဟု ဝန်ခံခဲ့သည်။

အဆိုပါ သီချင်း၏ ဗီဒီယိုအတွင်းတွင် ဘီယွန်းစ်က ငယ်စဉ်ကတည်းက အလှအပအတွက် ရရှိခဲ့သော ဆုတံဆိပ်များ ထည့်ထားသည့် ဗီဒီယိုကို ရိုက်ခွဲလိုက်ဟန်ဖြင့် အဆုံးသတ်ထားသည်။ “ဆုတံဆိပ် တစ်ခုကို ရလာတယ်။ အဲဒါကို ကြည့်နေရင်း ကိုယ်နဲ့ တကယ် ထိုက်တန်ရဲ့လား ဆိုတာမျိုး တွေးမိလာမယ်။ ဒီသီချင်းဟာ ကမ္ဘာကြီးပေါ်မှာ ကိုယ့်အတွက် တကယ်ပျော်ရွှင်ရမယ့် အရာဟာ ဘာလဲဆိုတာ ရှာဖွေနိုင်ဖို့အတွက် စိတ်ကူးဖန်တီးထားပါတယ်”ဟု သူမက ပြောဆိုသွားသည်။

planet

သေဆုံးခဲ့သူတို့၏ ဆံပင်များကို ပန်ဆင်ထုံးဖွဲ့လေ့ရှိသည့် မိုင်ယိုလူမျိုးစုများ

 သေဆုံးခဲ့သူတို့၏ ဆံပင်များကို ပန်ဆင်ထုံးဖွဲ့လေ့ရှိသည့် မိုင်ယိုလူမျိုးစုများ

ဆံပင်ရှည်များသည် ဆံပင်တုများဖြင့် ပေါင်းစပ်ထားပြီး ယင်းဆံပင်တုများသည်လည်း သေဆုံးသွားပြီးဖြစ်သည့် ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်တို့ထံမှ ဖြတ်တောက်ယူငင်ထားခြင်းဖြစ် တရုတ်နိုင်ငံမှ မိုင်ယိုလူနည်းစု တိုင်းရင်းသားများ၏ ဓလေ့ထုံးစံသည် အမျိုးသမီးများ၏ ထူးခြားသော ဆံပင်ထုံးဖွဲ့မှုကြောင့် လူသိများလေ့ ရှိကြသည်။ မိုင်ယို အမျိုးသမီးများသည် ကြီးမားသည့် ကိုင်းတံကြီးများကို ဦးခေါင်းနောက်ဘက်တွင် ထားရှိကာ ဆံပင်ရှည်ကြီးများကို ဖီးသင်ထုံးဖွဲ့ကြသည်။ အထူးသဖြင့် ရိုးရာပွဲတော်များနှင့် အထိမ်းအမှတ် ကာလများတွင် ယင်းကဲ့သို့ လေးလံကြီးမားသည့် ဆံပင်အပြင်အဆင်ကို ပြုလုပ်ကြသည်။ ပို၍ ဆန်းကြယ်သော အချက်မှာ ထိုဆံပင်ရှည်များသည် ဆံပင်တုများဖြင့် ပေါင်းစပ်ထားပြီး ယင်းဆံပင်တုများသည်လည်း သေဆုံးသွားပြီးဖြစ်သည့် ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်တို့ထံမှ ဖြတ်တောက်ယူငင်ထားခြင်းဟု သိရသည်။

ထို့ကြောင့် ဦးချိုရှည်များဟု တင်စားခေါ်ဝေါ်ခံရပြီး လူဦးရေ (၅၀၀၀)မျှသာ ကျန်ရှိတော့သည့် မိုင်ယိုတို့သည် လူသေဆံပင်ကို ပန်ဆင်သူများဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွီဇူးဒေသရှိ လူပန်ရှူမြို့အနီးမှ ဆူအိုဂျီရာ ကျေးရွာတွင် နေထိုင်လျှက်ရှိသည်။ မိုင်ယိုအမျိုးသမီးများသည် မိခင်မှ သမီးထံသို့ အဆိုပါ ဆံပင်များကို တရိုတသေ လက်ဆင့်ကမ်း ထိန်းသိမ်းစေခဲ့ကြသည်။ လူသေတို့ထံမှ ရယူထားသော ဆံပင်များကို ကောင်းစွာ ဆေးဆိုးပြီး မပျက်မစီးအောင် ထိန်းသိမ်းကာ ဂုဏ်ယူစရာ အဆင်တန်ဆာတို့အဖြစ် ဝတ်ဆင်လေ့ ရှိကြသည်။

“မိုင်ယိုတွေက ပွဲလမ်းသဘင်တွေမှာ ခုလိုဆံပင်ထုံးဖွဲ့မှုမျိုး လုပ်တတ်ကြပါတယ်။ ရိုးရာဓလေ့အရ ယောက်ျားတချို့လည်း ဒီလို အဆင်အပြင်မျိုး လုပ်တတ်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အဓိကပေါ့။ ခုချိန်မှာတော့ မိုင်ယိုတွေရဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့ ဓလေ့က လျော့ကျစ ပြုလာပါပြီ”ဟု ယင်းလူမျိုးစုများကို လေ့လာနေသည့် ပညာရှင် ရှုတူးက ပြောကြားခဲ့သည်။ မိုင်ယိုအမျိုးသမီးများသည် သမီးများ အရွယ်ရောက်လာ၍ အိမ်ထောင်ပြုသည့်အခါ ထိန်းသိမ်းထားသည့် ဆံပင်များကို အမွေအဖြစ် လွှဲအပ်ပေးပြီး မိခင်များ သေဆုံးချိန်တွင်လည်း သမီးများက ဆံပင်ကို အမြတ်တနိုး သိမ်းယူထားလေ့ရှိကြောင်း သိရှိရသည်။

planet

ရိုးရှင်းပျော်ရွှင်ဖွယ် မင်္ဂလာပွဲမျိုးကို မျှော်လင့်နေသည့် ဘားရက်ဖယ်လီ

ရိုးရှင်းပျော်ရွှင်ဖွယ် မင်္ဂလာပွဲမျိုးကို မျှော်လင့်နေသည့် ဘားရက်ဖယ်လီ

အသက်(၂၈)နှစ် အရွယ်ရှိ စူပါမော်ဒယ်လ်သည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အဒီအက်ဇ်ရာနှင့် ဆက်နွယ်မှု ရှိနေသော်လည်း သူမ၏ အချစ်ရေးကို မည်သည့်အခါကမျှ လူသိရှင်ကြား ဝန်မခံခဲ့ချေ သူမအနေဖြင့် ရိုးရှင်းပြီး ပျော်စရာကောင်းသည့် လက်ထပ်ပွဲတစ်ခုကို စိတ်ကူးယဉ် မျှော်လင့်နေမိကြောင်း ဘားရက်ဖယ်လီက ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၂၈)နှစ် အရွယ်ရှိ စူပါမော်ဒယ်လ်သည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အဒီအက်ဇ်ရာနှင့် ဆက်နွယ်မှု ရှိနေသော်လည်း သူမ၏ အချစ်ရေးကို မည်သည့်အခါကမျှ လူသိရှင်ကြား ဝန်မခံခဲ့ချေ။ သို့သော်လည်း ယခုအခါတွင်မူ သူမသည် အချစ်ရေးနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားတွေးတောနေပြီဖြစ်ကြောင်း ဘားက ဖွင့်ဟလာခဲ့သည်။ အစ္စရေး အလှမယ်ကို သတင်းထောက်များက အိမ်ထောင်သည်ဘဝ ထူထောင်ရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ ဘားက သူမ၏ စိတ်ကူးများကို ဝေမျှခဲ့ခြင်း ဖြစ်သည်။

“ဒီမေးခွန်းကို ကျွန်မဖြေတဲ့အခါ ကျွန်မရဲ့ ရည်းစားကလည်း ကြားချင်မှာပဲ။ အဖြေကတော့ Yesပါပဲ။ ကျွန်မရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ထားရှိတဲ့ အိပ်မက်က သိပ်ကိုရိုးစင်းပါတယ်။ လူတွေအများကြီး ဖိတ်စရာမလိုဘူး။ သိပ်ကြီးကျယ် ခမ်းနားတဲ့ နေရာမျိုး မဖြစ်လည်းရတယ်။ မြက်ခင်းပြင်လို နေရာမျိုးမှာ ခြေဗလာနဲ့ ဖြစ်နေလည်း ဖြစ်တယ်။ အဓိကကျတာက ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ကြည်နူးစရာ အခိုက်အတန့်လေးမျိုး ပိုင်ဆိုင်ဖို့ပါပဲ”ဟု ဘားက ဖွင့်ဟခဲ့သည်။ ဘားသည် ယခင်က နာမည်ကျော် ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒစ်ကာပရီယိုနှင့်လည်း တွဲခဲ့ဖူးသည်။

သူမက အချစ်ရေးနှင့် ပတ်သက်ပြီးမူ “ကျွန်မမှာ ချစ်သူရှိတယ်ဆိုတာ ငြင်းကွယ်နေစရာ အကြောင်းမရှိပါဘူး။ သူက ကျွန်မဘဝထဲမှာ သိပ်အရေးပါတဲ့ လူတစ်ယောက်ပါ။ ကျွန်မတို့ချင်း လက်ထပ်ဖို့ကိစ္စ သေချာတော့ မဆွေးနွေးရသေးဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မချစ်သူက Romanticဖြစ်ပါတယ်။ သူ့မျက်လုံးတွေကို စူးစိုက်ကြည့်မိတိုင်း ကျွန်မ ကျေနပ်ပျော်ရွှင်နေတတ်တယ်။ ဒါနဲ့တင် ကျွန်မတို့အတွက် လုံလောက်ပါပြီ”ဟု ပြောဆိုသွားသည်။

planet

ဒမတ်စကက်စ်မြို့လယ်တွင် မော်တာကျည် ကျရောက်ပေါက်ကွဲပြီး (၁၂)ဦးသေဆုံး

ဒမတ်စကက်စ်မြို့လယ်တွင် မော်တာကျည် ကျရောက်ပေါက်ကွဲပြီး (၁၂)ဦးသေဆုံး

နည်းပညာဌာန အဆောက်အအုံ တစ်ခု တည်ရှိရာ မြို့လယ်နေရာသို့ မော်တာကျည်ဆန် (၄)ခု ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်စ် မြို့တော်တွင် မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၁၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ နည်းပညာဌာန အဆောက်အအုံ တစ်ခု တည်ရှိရာ မြို့လယ်နေရာသို့ မော်တာကျည်ဆန် (၄)ခု ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အဆိုပါ ကျည်ဆန်(၄)ခုအနက် (၂)ခုသည် ဘာ့ဒ်အယ်လ်ဒင် အယ်လ်ဟူစိန်း နည်းပညာဌာန အဆောက်အအုံကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်း ဆာနား သတင်းဌာနသို့ အသိပေး ပြောကြားခဲ့သည်။

(တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် ဒမတ်စကက်စ်မြို့ တစ်နေရာ)
သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်က ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ မြင့်တက်နေလင့်ကစား ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ရန် မှတ်ပုံတင်ခဲ့ပြီး နောက်တစ်နေ့၌ပင်အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ အင်္ဂါနေ့က ဖြစ်ရပ်တွင် လူ(၁၂)ဦး အသက်ဆုံးရှုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပြည်တွင်းစစ်မီး တောက်လောင်နေသော နိုင်ငံတွင် သမ္မတ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်များသည် ဒမတ်စကက်စ်မြို့တော် အနီးတဝိုက်ရှိ သူပုန်တပ်ဖွဲ့ အခြေစိုက် စခန်းများကို တွန်းလှန် ရှင်းလင်းထားပြီး ဖြစ်သည်။

သို့သော်လည်း မြို့လယ်ခေါင်သို့ မော်တာကျည်ဆန်များ၊ ဒုံးကျည်များ ကျရောက်လာသည့် အခြေအနေ ပိုမိုတိုးပွားလာမည်ကို ဒေသခံများက စိုးရိမ်နေသည်။ “အရပ်သား (၁၂)ယောက် သေပါတယ်။ (၅၀)ကျော် ဒဏ်ရာရသွားတယ်။ အကြမ်းဖက်သမားတွေက ရှက်ဂ်ဟော အနီးတဝိုက်ကို ပစ်မှတ်ထားခဲ့တာပါ”ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဆီးရီးယား အစိုးရ အာဏာပိုင်များသည် သူပုန်များနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများဆိုသည့် အညွှန်းစကားလုံးကိုသာ တွင်ကျယ်စွာ သုံးနှုန်းနေဆဲဟုလည်း သိရှိရသည်။

planet

ကူးတို့ရေယာဉ် နစ်မြုပ်မှုမှ ကျန်ရစ်သူ မိသားစုများကို တောင်ကိုရီးယား သမ္မတ တောင်းပန်

ကူးတို့ရေယာဉ် နစ်မြုပ်မှုမှ ကျန်ရစ်သူ မိသားစုများကို တောင်ကိုရီးယား သမ္မတ တောင်းပန်

  နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် အစိုးရကိုယ်စား အမျိုးသမီး သမ္မတက တောင်းပန်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုကို တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီးက တောင်းပန်စကား ပြောကြားလိုက်သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် အစိုးရကိုယ်စား အမျိုးသမီး သမ္မတက တောင်းပန်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောနစ်မြုပ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အစိုးရတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဝေဖန်မှုများကြောင့် အစောပိုင်းက တောင်ကိုရီးယား ဝန်ကြီးချုပ် ချန်ဟောင်ဝမ်သည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဖြစ်သည်။ သင်္ဘောပေါ်တွင် လူပေါင်း (၄၇၆)ဦး ပါရှိသွားခဲ့ပြီး (၁၇၄)ဦးကိုသာ ကယ်တင်နိုင်ခဲ့သည်။

(တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွမ်ဟီး)
လက်ရှိအချိန်ထိ အလောင်း(၂၀၀)နီးပါးကို ဆယ်ယူထားပြီ ဖြစ်သော်လည်း နောက်ထပ် ပျောက်ဆုံးနေသူများသည် သင်္ဘောဝမ်းထဲတွင် ရေနစ်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ယူဆရသည်။ “ဒီဖြစ်ရပ်ဆိုးကြီးကို ကြိုတင်တားဆီးနိုင်ဖို့အတွက် ပျက်ကွက်ခဲ့တဲ့အပေါ် ဘယ်လိုစကားလုံးမျိုးနဲ့ တောင်းပန်ရမယ် ဆိုတာတောင် ကျွန်မ မသိတော့ပါဘူး။ ပြီးတော့ အရေးပေါ် အခြေအနေမှာ ချက်ချင်း မြန်မြန်ဆန်ဆန် တုံ့ပြန်မှုအပိုင်းမှာ မလုံလောက်ခဲ့တဲ့ အတွက်ရောပေါ့”ဟု သူမက ဆိုသည်။ ပါ့ခ်က “အဖိုးတန် လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ပြီးတဲ့နောက် စိတ်နှလုံး ပူဆွေးလေးလံနေရတဲ့ လူတွေအားလုံးကို ကျွန်မ အလေးအနက် တောင်းပန်ချင်ပါတယ်”ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

(နစ်မြုပ်နေသည့် ကူးတို့သင်္ဘောမှ ခရီးသည်များကို ကယ်ဆယ်နေစဉ်)
သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အဆိုပါ ရေယာဉ်သည် သတ်မှတ်ပမာဏထက် (၃)ဆပိုများသော အလေးချိန်ကို တင်ဆောင်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ သင်္ဘောကပ္ပတိန်နှင့် ရေကြောင်းလမ်းပြ တာဝန်ယူရသည့် အမှုထမ်း (၁၅)ဦးလုံးသည် လတ်တလောတွင် ဖမ်းဆီးခံထားရပြီး တာဝန်ပျက်ကွက်မှု၊ ပေါ့ဆမှုများဖြင့် စွဲချက်တင်ခံရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

planet

တစ်ကိုယ်လုံး မီးစွဲလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ဘောလုံးပရိသတ်

တစ်ကိုယ်လုံး မီးစွဲလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ဘောလုံးပရိသတ်

လုံခြုံရေး အရာရှိက ဆိုးသွမ်းပရိသတ်များကို ဟန့်တားရာတွင် အသုံးပြုသည့် ငရုတ်ကောင်းရည်ဘူးဖြင့် လှမ်း၍ ပက်ဖျန်းလိုက်ရာ အဆိုပါ ငရုတ်ရည်ငွေ့သည် မီးရှူးနှင့် ပေါင်းစပ်ပြီး လူတစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည့် မီးဘောလုံးကြီးအသွင် ကူးပြောင်းသွား ပိုလန်နိုင်ငံတွင် မီးရှူးကိုင်၍ သောင်းကျန်းနေသော ဘောလုံးပရိသတ် တစ်ဦးသည် တစ်ကိုယ်လုံး မီးစွဲလောင်မည့် အခြေအနေမျိုးမှ ကံသီစွာ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် အကုန်က ပိုလန်အဆင့်မြင့်တန်း ပြိုင်ပွဲတွင် ဆလက်စ်ဝရိုစကောနှင့် ဇာဂလီဘီလူဘင် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပရိသတ်များက မီးရှူးများ ကိုင်ဆောင်ကာ အားပေးခဲ့ကြသည်။ ယင်းတို့အနက် လွန်လွန်ကဲကဲ ရှိလှသည့် ပရိသတ် တစ်ဦးသည် မီးရှူးတစ်ခုကို ကိုင်ဆောင်ရင် ပွဲကြည့်စင်ပေါ် တင်ထားသည့် သံဆန်ကာကို ကျော်တက်ရန် ကြိုးစားလာခဲ့သည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် တစ်ဦးက ထိုသို့မပြုလုပ်ရန် ပြောဆိုသော်လည်း အဆိုပါ ပရိသတ်က ဂရုမမူခဲ့ချေ။ ထို့ကြောင့်လည်း လုံခြုံရေး အရာရှိက ဆိုးသွမ်းပရိသတ်များကို ဟန့်တားရာတွင် အသုံးပြုသည့် ငရုတ်ကောင်းရည်ဘူးဖြင့် လှမ်း၍ ပက်ဖျန်းလိုက်သည်။ သို့သော်လည်း အဆိုပါ ငရုတ်ရည်ငွေ့သည် မီးရှူးနှင့် ပေါင်းစပ်ပြီး လူတစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည့် မီးဘောလုံးကြီးအသွင် ကူးပြောင်းသွားသည်။ ကံကောင်းထောက်မသဖြင့် ယင်းမီးတောက်ကြီးသည် ဆက်လက်တည်မြဲ ကူးစက်ခြင်း မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သတင်းမီဒီယာ အချို့သည် အဆိုပါ ထိတ်လန့်အံ့ဩဖွယ် ပုံရိပ်ကို အမိအရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားနိုင်ခဲ့သည်။ ထိုပရိသတ်သည် အလွန်တုန်လှုပ်သွားဟန်ဖြင့် သံဆန်ခါပေါ်မှ ဆင်းပြေးကာ အခြားပရိသတ်များကြား ရောနှော ပျောက်ကွယ်သွားသည်။ ၎င်းအနေဖြင့် မည်သည့် ထိခိုက်မှုမျိုးမျှ ရှိခဲ့ဟန် မတူကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

planet

ပထမ(၃)လပတ်အတွင်း Samsung စမတ်ဖုန်းများ ရောင်းအားကျဆင်းခဲ့


 ပထမ(၃)လပတ်အတွင်း Samsung စမတ်ဖုန်းများ ရောင်းအားကျဆင်းခဲ့

ပြီးခဲ့သည့်နှစ် ပထမ(၃)လပတ်နှင့် ယှဉ်ပါက ယခုနှစ် အစောပိုင်း (၃)လသည် စမတ်ဖုန်းရောင်းအား (၄)ရာခိုင်နှုန်းထိ ယုတ်လျော့သွားကြောင်း သိရသည်

Samsungကုမ္ပဏီက ယခုနှစ် အစောပိုင်းတွင် စမတ်ဖုန်းရောင်းအား ကျဆင်းမှုကို အတည်ပြု ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ် ပထမ(၃)လပတ်နှင့် ယှဉ်ပါက ယခုနှစ် အစောပိုင်း (၃)လသည် စမတ်ဖုန်းရောင်းအား (၄)ရာခိုင်နှုန်းထိ ယုတ်လျော့သွားကြောင်း သိရသည်။ ဇန်နဝါရီလမှ မတ်လအတွင်း ဒေါ်လာ (၃၂.၃)ဘီလျံထိ စမတ်ဖုန်း အရောင်းကဏ္ဍမှ ဝင်ငွေရရှိခဲ့ခြင်းကြောင့် ရောင်းအားကျခဲ့သည့်တိုင် အမြတ်ငွေမှာမူ တိုးပွားလာကြောင်း တောင်ကိုရီးယား ကုမ္ပဏီကြီးက ကြေညာခဲ့သည်။ အမြတ်ပမာဏသည် (၂၀၁၃)ခုနှစ်၊ ပထမ(၃)လပတ်ထက် (၁၈)ရာခိုင်နှုန်း တိုးပွားလာကြောင်း Samsungက ဆိုသည်။

ကုမ္ပဏီက လက်ရှိညွှန်ကိန်းများသည် အပေါင်းလက္ခဏာဘက် ဦးတည်နေသည်ဟု ခံယူကြောင်းလည်း ပြောကြားထားသည်။ Samsungသည် လတ်တလောတွင် စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု နယ်ပယ်တွင် ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းကြီးအဖြစ် ဦးဆောင် ရပ်တည်နေသည်။ Samsung၏ စမတ်ဖုန်းများ ရောင်းချမှုအတွက် ယခုနှစ် ပထမ(၃)လ စုစုပေါင်း အမြတ်ငွေ ပမာဏသည် ဒေါ်လာ (၇.၅)ဘီလျံထိ ရှိခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် ပထမဆုံး (၃)လတာ အချိန်အတွင်း ဒေါ်လာ (၇)ဘီလျံမျှ အမြတ်ပေါ်ခဲ့သည်။

Samsung၏ Galaxy စီးရီး စမတ်ဖုန်းများ လူကြိုက်များနေခြင်းမှာ ဈေးကွက်ထဲတွင် အမှတ်တံဆိပ်၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက်ဖြန့်ကျက်နိုင်ရန် တွန်းအား ဖြစ်တည်စေခဲ့သည်။ Samsungသည် Nokiaကို ကျော်ဖြတ်ကာ (၂၀၁၂)ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းလ်ဖုန်း ထုတ်လုပ်မှု ကဏ္ဍ၏ အကြီးဆုံး လုပ်ငန်းစုကြီး ဖြစ်လာခဲ့သည်။ လက်ရှိတွင် ဈေးကွက်ကို Samsungက ဆက်လက်ဦးဆောင်ဆဲ ဖြစ်သော်လည်း Xiaomi၊ Huaweiနှင့် ZTEတို့ကဲ့သို့ တရုတ်အခြေစိုက် ကုမ္ပဏီများ၏ ခြိမ်းခြောက်မှုကိုလည်း သတိကြီးကြီး စောင့်ကြည့်နေရကြောင်း သိရှိရသည်။

ယူကရိန်းကို မတည်မငြိမ် ဖြစ်စေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပတို့က ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ခဲ့တဲ့အပေါ် ရုရှားက ပြစ်တင်ရှုတ်ချ

ယူကရိန်းကို မတည်မငြိမ် ဖြစ်စေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပတို့က ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ခဲ့တဲ့အပေါ် ရုရှားက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အမေရိကန်တို့ရဲ့ စစ်အေးခတ် ကာလ ပုံစံမျိုး ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့ ခေတ်မီနည်းပညာနဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ ရီယာကော့က ပြောပါတယ်။
ဥရောပသမဂ္ဂ အီးယူဟာ ဝါရှင်တန်ရဲ့ စေခိုင်းမှုအတိုင်း လိုက်လုပ်နေတာ ဖြစ်လို့ ရှက်စရာကောင်းတယ် လို့လည်း ရုရှားက ပြောပါတယ်။
အစောပိုင်းက အီးယူရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရသူ လူသစ် ၁၅ ဦး ထဲမှာ ရုရှား ဒုတိယ ဝန်ကြီးချုပ်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် အီယူးရဲ့ အရေးယူမှုကို ခံရသူတွေကတော့ အမေရိကန်က ဒဏ်ခတ်ခဲ့တဲ့ လူတွေလို အထင်ကရ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလို့ လေ့လာ သူတွေက ထောက်ပြကြပါတယ်။

BBC

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
===========================
သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

မွေးရာပါ ဗိုက်ဖေါင်းနေသည့်ကလေးငယ်၊ ဆေးကုသရေး အခက်ကြုံနေ

မွေးရာပါ ဗိုက်ဖေါင်းနေသည့်ကလေးငယ်၊ ဆေးကုသရေး အခက်ကြုံနေ
======================================
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊
ယောစုကျေးရွာတွင် မွေးဖွားချိန်မှစတင်ပြီး ဗိုက်ဖေါင်းနေသော
ကလေးငယ်တစ်ဦးမှာ ဆေးကုသစရိတ်ခက်ခဲနေပြီး၊ ကျွမ်းကျင်ဆရာဝန်ကြီးများဖြင့် ပြသနိုင် ရေးပါ ခက်ခဲနေသည့်
အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

“မွေးရာပါလို့ပြောရမှာပါ၊ လေဖေါင်းနေတာလို့ပြောကြပါတယ်၊ ကျွန်တော်တို့လည်း ဘာမှနားမလည်ပါဘူး၊ ကလေးမြို့ဆေးရုံမှာပြတော့ မန္တလေး၊ ရန်ကုန်မှာ သွားကုသဖို့ပြောပါတယ်၊ ကျွန်တော်တို့မှာ စားရေးသောက်ရေးပါ ခက်ခဲနေတာဆိုတော့၊ ဘယ်လိုမှသွားလာဖို့မလွယ်ပါဘူး၊ ကျွန်တော်တို့ကိုကယ်ကြပါ။”ဟု ကလေးငယ်၏ မိခင်ကပြောသည်။

ကလေးငယ်မှာ အသက်တစ်နှစ်နှင့်ရှစ်လရှိပြီဖြစ်ပြီး ဦးမောင်နိုင်၊ ဒေါ်ခင်ဇော်အေး၏ ဒုတိယသားငယ်ဖြစ်သည်။
စေတနာရှင်များအနေဖြင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသိန်းလှိုင် ဖုန်းနံပါတ်(၀၉-၄၉၂၇၁၅၀၆)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သီရိမေ-ကလေးဝ
News Watch

လှည်းတန်းလမ်းတွင်အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ CANTER ကား ၀င်တိုက်

လှည်းတန်းလမ်းတွင်အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ CANTER ကား ၀င်တိုက်

Tuesday, 29 April 2014

၂၉. ၄. ၂၀၁၄ ဒီနေ့ မနက်ပိုင်း ၅း၃၀ အချိန်ခန့်က လှည်း
တန်းလမ်းမှာ ယာဉ်တိုက်မှု ဖြစ်ပွား
ခဲ့ကြောင်းသတင်းရရှိပါတယ်။
ပါတယ် ။
အဆိုပါဆင်မလိုက်ဘက်ကနေ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ CANTER ကားဟာ လမ်းဖြတ်ကူးလာတဲ့ ညီမငယ် ဇူလိုင်မိုးကို ပုံမှာ မြင်တဲ့အတိုင်း တိုက်ခဲ့ပါတယ် ။
၁၅ ပေလောက် လွင့်စင်သွားတယ်လို့ ပတ်ဝန်းကျင် ဟြေပြချက်အရ သိရပါတယ် ။ ကားသမားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ် ။
ယ္ခုချိန်ထိ သတိပြန်မလည်သေးသော ညီမငယ် ဇူလိုင်မိုးကို အရေးပေါ်ဆေးရုံးသို့  ခေါ်ဆောင် သွားနောက်ဆုံးသတင်းအရသိရပါတယ်။
ကားသမားတွေကလည်းလူစည်ကားနေတဲ့နေရာတွေမှာအရှိန်လျော့မောင်းဖို့လိုသလို.
လမ်းကူးတဲ့သူတွေကလည်းမျဉ်းကြားကကူးဖို့လိုတယ်။
ယာဉ်ကလည်းအရှိန်မလျော့လမ်းကူတဲ့သူကလည်းစည်းမရှိဘူးဆိုရင်တော့......
နေလင်းထွန်း

အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်

အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်

အဝေးပြေး ခရီးသည်တင်ယာဉ် စီးနင်းကြသည့် မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူအားလုံး မေလ ၁ ရက်နေ့မှ စတင်ကာ အထူးခရီးသွား အာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
ယင်းခရီးသွား အမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ် ဝယ်ရာတွင် တစ်ပါတည်း ပေးဆောင်ရမည် ဖြစ်ပြီး အာမခံကြေးကို ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ပြီး အသက်သေဆုံးခဲ့ပါက ယင်းအာမခံအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ကျပ်သိန်းသုံးဆယ် ပေးလျော် သွားမည်ဟု ၎င်းက ရှင်းပြသည်။
“မိုင်တစ်ရာနဲ့အထက် ပြေးဆွဲနေတဲ့ အဝေးပြေး လိုင်းတွေအားလုံး မဖြစ်မနေ ရောင်းရမှာ။ ဘုရားဖူးကားတွေ လည်း မဖြစ်မနေ၀ယ်ယူရမယ်။ လက်ရှိ သေဆုံးသူတွေကို သူတစ်ပါး ထိခိုက်မှု အာမခံအတွက် ငါးသိန်း လျော်ပေးနေတော့ စုစုပေါင်း ၃၅ သိန်း ဖြစ်သွားမယ်” ဟု ၎င်းကဆိုသည်။
အဝေးပြေး လမ်းမများတွင် မမျှော်လင့်သော ဘေးအန္တရာယ် များကြောင့် ခရီးသွား ပြည်သူများ မကြာခဏ အသက်သေဆုံးမှုများ ရှိနေသဖြင့် ယင်းအာမခံစနစ်ကို အကောင်အထည် ဖော်ရခြင်း ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများ သာမက သာမန် ခရီးသွား ကားများပါ ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမည်ဟု ၎င်းကဆိုသည်။
အထူးခရီးသွား အာမခံလုပ်ငန်းကို မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင် သွားဖြစ်ပြီး လတ်တလောတွင် မြန်မာ့ အာမခံလုပ်ငန်းက ဦးဆောင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform