စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 7 September 2014

မယ်မြ (အမျိုးသားပညာဝန် ဦးဖိုးကျား)

မယ်မြ (အမျိုးသားပညာဝန် ဦးဖိုးကျား)

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ
စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထို ကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၄င်း၏ ယောင်္ကျားကုလားက...

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ”

ဟု မြန်မာရေ လည်ပတ်စွာနှင့် နှုက်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍

“တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက် ကွဲ့၊ စကားများ ပြောပါအုံး”

ဟု ဖော်ရွေစွာပြော၏။ မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--

“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”

“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”

“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။”

“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”

“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”

“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ”

ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-

“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ..။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ”

“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”

“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး” ဟုဆို၍ထသွား၏။ ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့ တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆို သလိုနေကြ၏။ ၄င်းကျောင်း ၆-တန်းတွင် အတူနေကြ၏။

ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦးမည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သလောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန် သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား၏။ သူ့လက်အောက် ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြက စားစရာရှိလျှင် မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။

ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြဖွယ်ကောင်း၏။

“မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”

“မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါ ဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”

“နင့် ကုလားကကော၊ ဘယ်လောက်များ လူစ ကောင်းလို့လဲဟဲ့။” (မခံချင်၍ ဒေါသနှင့်မေးသည်။)

“ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့”

“ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား”

“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ - သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ် စာတွေ သင်ရတာ မပါဘူးလား”

“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”

ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍

“ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာ လဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူ ကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ”

“ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား”

“ဒါက နောက်မှ ဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြ တဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူ နေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင် တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေး ရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်”

မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်”

“ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးက လာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်း ရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား”

“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့ - နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ”

“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့ မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။

ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲ ကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့ မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက် လွှတ်တယ်။ အဲ့ဒါ ကောင်း သလား။ ဒီလို မရိုးဖြောင့်တဲ့ သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။

ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေး လိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင် ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော်ကြာ နေပြီးရင် ဟို အနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”

“မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့”

“ဘာ-မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာ လာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။”

“ကိုင်း-မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူး ဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်”

ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။ ထိုနေ့ညနေ ကျွန်ုပ် ထမင်း မစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား

“ သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ် မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင် သင့်တာပဲ။ နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။

အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြ ဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့ လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင်သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည်အစစ်က ငါ ဖြစ်နေပါကော လား။ ကိုင်း-ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။

“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။ ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”

ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌

“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား”

ဆို၍ ပေးခဲ့၏။ စစ်တွေတွင် ၇-ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။

တစ်နေ့တွင် မိန်းမ စုတ်ချာချာ တစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။ သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်း ၀ဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များ ခြောက်သွေ့၍ မသပ်မရပ် ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

“မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ ကြံတယ်။ နောက် ကိုယ့်စိတ်ကိုယ် ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက် သမားကို ငွေပေးပြီး သင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”

“အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ်မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။ လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား-

“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ --- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံ များထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင် စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြောနေကြကြောင်း။
ထို့ပြင် မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထ ပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံ အမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျဝမ်းမြောက်ကျေးဇူး တင်ကာ ပြုံးလိုက် မိလေ၏။ နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့် နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲ ခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြလေပြီ ဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ)

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။

ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦးမည်။ မယ်မြမှာ ဥာဏ်ကောင်
 — 

Photo: မယ်မြ (အမျိုးသားပညာဝန် ဦးဖိုးကျား)
=====

အခမဲ့ကူလီထမ်းခြင်း၏အကျိုး(ဦးဖိုးကျား)

 လွန်ခဲ့သောခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ်တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းမြို့သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏သူငယ်ချင်း သပိတ်မှောက်ကျောင်းသားဟောင်း ဆရာကြီးသည် လာ၍ ကြိုနေ သည်ကို တွေ့ရ၏။
 
အမျိုးသားပညာဝန် ဥိးဖိုးကျားဘူတာအနီးတွင်ကပ် ၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေတစ်ယောက် နေသည် ကို ခဏမျှတွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ပစ္စည်းများနှင့် သွားနှင့်ရန် ပြောဆိုလွှတ် လိုက်၏။ အဆိုပါဘူတာအနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာပြီးနောက် ဆရာကြီး အိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ -
ဘူတာရုံအတွင်း၌ သပ်ရပ်စွာဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသားအရွယ် တစ်ယောက်ကို တွေ့ မြင်ရ၏ ၎င်းမှာ တစ်ယောက်တည်းလိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာမကြည်မသာ တစ်စုံတစ်ယောက်ကို သို့မ ဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက်ဆိုးနေဟန်ရှိ၍ တဖျစ်တောက်တောက်နှင့် ဟိုလျှောက် သည်လျှောက် ပြုနေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည်လည်း မနေတတ်သည်နှင့် -
 
“မောင် ဘာဖြစ်လို့လဲ” “ဟာ-မပြောပါနဲ့ဗျာ၊ ကောလိပ်ကျောင်းပိတ်လို့ပြန်လာတယ်၊အိမ်ကို စာရေးထားတာ ဘယ်သူ မှလဲ လာမကြိုကြဘူး၊ အခု ဒီမှာ ခွကျနေတာပေါ့”
“နေပါဦး-မောင်ရဲ့၊ ဘယ်သူမှ လာမကြိုလဲ ဘာအပန်းကြီးသလဲ၊ အိမ်က ဘယ်လောက်ဝေးလို့လဲ”
“သိပ်မဝေးပါဘူး၊ ဟိုဈေးနားတွင်ပဲ”
 
“အဲဒါဖြင့်လဲမောင်ရယ်၊ ကိုယ့်ဟာကိုယ် သွားလိုက်ကရော့ပေါ့၊ လူလာမကြိုကော၊ ကိုယ့်အိမ်ကိုယ်ပြန်တာ ပဲ”
“ဟာ-ခင်ဗျားကြီး၊ တယ်ခွကျတာကိုး၊ (ကျွန်ုပ်ကိုပါရော၍ စိတ်ဆိုးသွားဟန်တူသည်)
 
အိမ်နီးပေမယ့် စီးသွားစရာလာနေကျ မြင်းလှည်းကလေးတစ်စီးဟာလဲ မရလိုက်ဘူး၊ ပြီးတော့ ဒီမှာ သားရေ အိတ်တစ်လုံးနဲ့၊ ကူလီတွေလဲမရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မလဲဗျ” ကူလီလိုသည်ဆိုသော သားရေအိတ်ကို ကြည့်လိုက်ရာ အရှည်တစ်တောင်တစ်မိုက်ခန့်၊ အနံတောင်ဆုပ်လောက်မျှသာရှိသော သားရေအိတ်ဖြစ်နေ ၏။ ထိုအခါ ကျွန်ုပ်ကပင်-
 
“ကဲ-မောင်၊ ဒီသားရေအိတ်အတွက်ဖြင့် ၀န်လေးမနေပါနဲ့၊ ကျုပ်ပဲ ဆွဲခဲ့ပါမယ်၊ ကဲ-သွားသာသွားပါတော့”
 
ထိုအခါမှ သူငယ်သည် အတန်မျက်နှာကြည်လာပြီးလျှင် “အဲဗျာ၊ သွားရင်းလာရင်း ဆွဲခဲ့ပါတော့၊ ကျွန်တော် ကူလီခပေးပါ့မယ်” ဟု ဆိုလေ၏။ ကျွန်ုပ်သည် ကူလီခအကြောင်းကို တစ်စုံတစ်ရာ ပြန်မပြောဘဲ သားရေ အိတ်ကိုသာ ကောက်ယူ၍ သက်သက်သာသာပင် ဆွဲကာ ထိုသူငယ်နှင့် မြို့တွင်း ဘက်သို့ လျှောက်လာ ခဲ့ကြ၏။ စာဖတ်သူအား ပြောရန်ကျန်သေးသည်။ ကျွန်ုပ်သည် ခရီးသွားသည့်အခါ အေးအေးချမ်းချမ်း သွား တတ်သည်နှင့် ထိုအခါက ပိုးကြားပေါက် လုံချည်အနွမ်းကိုဝတ်၍ ပင်နီရှပ်အင်္ကျီ တစ်ပတ်နွမ်းကို လက်ပင့် လက်လိပ်၍ မျက်နှာသုတ်ပုဝါကို ခေါင်းတွင် ထူထူပတ်ကာ ၀တ်ဆင်လျက်ရှိ၏။ ဖိနပ်မှာလည်း ပိန်းတန်း ဖိနပ်မျှသာဖြစ်၏။ သို့ကြောင့်လည်း ထိုသူငယ်သည် ကျွန်ုပ်အား “ကူလီ”ငှားရန် အားမနာခြင်းဖြစ် ဟန်တူ သည်။ နှစ်ယောက်သား လာခဲ့ကြရာ ကျွန်ုပ်က စ၍-
 
“မောင်- ကောလိပ်ကျောင်းမှာနေတာ ဘယ်အတန်းရောက်ပြီလဲ”
 
“အင်္ဂလိပ်လို၊ ဆီနီယာ-အိုင်အက်စီ(I.Sc)ခေါ်တယ်၊ ဗမာလိုတော့ ဟိုဒင်း… အဲ… ၁၂ တန်းဆိုပါတော့ဗျာ”
 
“ဟင်-ရောက်လှပါပကော၊ နို့ နေပါဦး မောင်ရဲ့၊ အဲဒီ ၁၂ တန်းရောက်တော့ ဘာတွေ သင်ရသလဲကွဲ့”
 
“အများကြီးပါဗျာ၊ အထူးကတော့ အက်ဒ်ဘန်းစ်ဒ်-အင်္ဂလိရှ်(Advance English) ဆိုတာ သင်ရတယ်ဗျ”
 
“မောင့်ဟာက အင်္ဂလိပ်လိုကိုး၊ ဗမာလိုလဲ ပြောဦးမှပေါ့”
 
“ဗမာလို မလွယ်ဘူးဗျ၊ နေဦး နေဦး၊ ဟိုဒင်း.. အဲ၊ ရှေ့ရောက်သော… အဲ၊ ပိုမို၍ဖြစ်သော ဟာ-ဒါလဲ မဟုတ်သေးပါဘူးလေ၊ ဟိုဒင်း
 
လွယ်လွယ်ဆိုကြပါစို့ဗျာ၊ သိပ်ခက်တဲ့ အင်္ဂလိပ်စာဆိုပါတော့”
 
“အင်း အင်း၊   ကောင်းပါရဲ့၊ နို့ မြန်မာစာများကော မသင်ရဘူးလားကွဲ့”
 
“ဘားမီး(ဆ်)လား၊ ခင်ဗျာ့မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ ကောလိပ်မှာ အရေးတကြီး မသင်ပါဘူး၊ စာမကြည့်ဘဲနဲ့ ပ(စ်) (pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးလဲ မကျလှပါဘူး”
 
“ဒါဖြင့် သည့်ပြင်ကော ဘာများသင်ရသေးသလဲ” “သည့်ပြင်တစ်ခုက ခယ်မစ်စတြီ(chemistry)ဆိုတာ သင်ရတယ်၊ အဲဒါက မြန်မာလို ရှိမယ်မထင်ပါဘူး၊ ဟိုဒင်းဆိုပါတော့ဗျာ၊ ဓာတ်ခွဲပညာဆိုပါတော့၊ ဘယ်အရာတစ်ခုဟာ ဘယ်ဓာတ်ဘယ်ဓာတ်များ ပေါင်းစပ်ပြီး ဖြစ်နေတယ်ဆိုတာတွေလဲ ပါတယ်ဗျ၊ ဥပမာဗျာ ရေဆိုတဲ့ဓာတ်ဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်လို့ ဖြစ်တယ်ဆိုတာ သိရတယ်ဗျ”
“အို-တယ်နေရာကျပါကလား၊ ပြောစမ်းပါဦးမောင်ရယ်၊ ရေထဲမှာ ဘာတွေဘာတွေ ပါသတဲ့လဲ” “ရေဆိုတာ။ အိတ်ခ်ျ-တူးအို(H2O)ဆိုတဲ့ ဓာတ်တွေကို ပေါင်းစပ်ထားတာဗျ”
         “မောင့်(အိတ်ခ်ျ-တူးအို)ကို ဗမာလို ပြောဦးမှပေါ့ကွဲ့”
        “ဟာ-ဘယ်မှာ အကုန်လုံးကို ခင်ဗျာ့ဗမာစကားတွေနဲ့ ပြောနိုင်မလဲဗျ၊ ခင်ဗျာ့ဗမာစကားကလဲ အင်မတန် ဆင်းရဲတယ်၊ ဒီလို အထက်တန်းစကားကြီးတွေကို ဘာသာပြန်ဖို့ ရှိမယ်မဟုတ်ဘူးဗျ။ ဒီတော့ အကြမ်းပဲမှတ်ထား၊ အိတ်ခ်ျက နှစ်ဆ၊ အိုက တစ်ဆ၊ အဲဒါနှစ်ခုရောရင် ရေဖြစ်တာပဲ”
       “အဲလေ ဆိုပါတော့၊ ဒီတော့ 'အိတ်ခ်ျ' က ဘာ၊ 'အို' က ဘာဆိုတာလဲ ပြောဦးမှပေါ့”
          “ဟာ-ခင်ဗျား တယ်အမေးအမြန်းထူတဲ့ လူကြီးပဲ၊ ဒါတွေဟာ ဓာတ်သဘောတွေဗျ၊ ခင်ဗျားတို့ကို ပြောလို့လဲနားလည်မှာမဟုတ်ဘူး၊ အဲဒီတော့ အဲဒီအင်္ဂလိပ်စာလုံးနှစ်လုံးပေါင်း ရင် ရေဖြစ် တယ်ဆိုတာသာ မှတ်ထားပါဗျ”
“နေပါဦးမောင်ရဲ့၊ မောင့်အင်္ဂလိပ်စာလုံးတွေ မပေါ်ခင်က ရေရှိနှင့်တယ်မဟုတ်လား၊ မောင့်အင်္ဂလိပ်စာ လုံး နှစ်လုံးရှိမှပဲ ရေဖြစ်ရတော့မလား”
       “သြော်-တယ်ခက်ပါကလား၊ ဒါက သင်္ကေတအမှတ်အသားဗျ၊ အဲဒီစာနှစ်လုံးရဲ့ အရှည်အဓိပ္ပါယ်ရှိသေးတယ်၊ သိရဲ့လား၊ အဲဒီအဓိပ္ပါယ်အရှည်ကို ကျွန်တော့်နုတ်ဘုတ်(note book) ထဲမှာ မှတ်ထားတယ်၊ အခု ပါးစပ်ထဲမှာတော့ မရဘူး၊ ပြီးတော့လဲဗျာ၊ ကျွန်တော်တို့ဆရာက အဓိပ္ပာယ်ပြောတာ မရှင်းပါဘူး၊ ကျွန်တော်တို့ နားလည်အောင် မပြောတတ်ဘူးဗျ၊ ဒီဆရာတွေဟာ အလကားပါဗျာ” ဟု ဆရာကို လွှဲချပြီး သူ့ဇာတ်ကို သူ မြန်မြန်သိမ်းလိုက်လေသတည်း။
       “နို့ မောင်တို့ ကောလိပ်မှာ စားရပုံက ဘယ်လိုလဲကွဲ့”
         “မှတ်ထား ဆရာကြီး၊ ကောလိပ်ဆိုတာကို ရောက်ဖူးမှ လူဖြစ်ကျိုးနပ်တာ၊ အနေအစားအကုန်လုံး အထက်တန်း အညွန့်စားချည်းပဲ မှတ်ထား၊ တစ်ခါထဲ နယူးလိုက်ဖ်(new life)ကို ရောက်သွားတာပဲ သိရဲ့ လား”
          “အဲ အဲ.. ဘာတဲ့၊ နရူး(နွားရူး) အလိုက်ခံရသလား၊ ဟိုရောက်ရင်”
      “အောင်မယ်၊ ဗျို့ဆရာကြီး၊ ဒါ သရော်စရာမဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလဲမတတ်၊ ယဉ်ကျေး တဲ့ အင်္ဂလိပ်စကားတွေလဲ နားမလည်၊ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သိရဲ့လား၊ နယူးလိုက်ဖ် ဆိုတာ အင်္ဂလိပ်စကားဗျ၊ အသစ်အသက်၊ အနေအစား အသစ်တစ်မျိုးလို့ ဆိုတယ်၊ ကြည့်လေ၊ နေရတာက ကျွန်တော်တောမြို့ကလေးမှာ ဆယ်တန်းမှာ နေရတုန်းက သူဆင်းရဲ့သား၊ ကုန်သည်သား၊ သူကြီးသား ဆိုသလို သာမည လူတွေနဲ့သာ တွေ့ရတာကလားဗျ၊ ဟို ကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ၀န်ထောက်သား၊ အရေးပိုင်သား၊ မင်းကြီးသား ဆိုသလို အထက်တန်းစားတွေချည်းကလားဗျ၊ အဲလေ ဆင်းရဲသားရဲ့ သားသမီးလဲ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်  တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန်ပြောမယ်ဗျာ၊ ဖိနပ်တောင်ကြည့်ပါလား၊ ကျွန်တော် တောမြို့ကလေး မှာ နေတုန်းက ၁၀ ကျပ်တန်၊ ၁၅ ကျပ်တန်အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂၀ကျပ်တန်အောက် မစီးရဘူးဗျ”
     “နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေလုပ်ထားလို့လား”
              “ဘယ်က ဥပဒေလုပ်ထားရမှာလဲဗျ၊ ခင်ဗျားကြီးလဲ တော်တော်အ,တာပဲ၊ ဟိုမှာ အထက်တန်းစားတွေနဲ့ ပေါင်းရတာဗျ၊ ခင်ဗျား ၁၀ ကျပ်တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ၊ လူထဲမတိုးဘူးဗျ၊ သိရဲ့လား၊ အခု ကျွန်တော်စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံရှိသေးတယ်။ သိရဲ့ လား၊ ၃၀ ကျပ်တန် ၄၀ ကျပ်တန်စီးနိုင်မှ ဖိနပ်ကိုလူဝိုင်းကြည့်တာဗျ”
         “ဟင်-မောင်တို့ကောလိပ်က လူအဖိုးတန်တာ အရေးမကြီး၊ ဖိနပ်အဖိုးတန်တာ အရေးကြီး သလို နေပါကလား”
         “တယ်-ခင်ဗျားကြီး အင်မတန်နုံသေးတာကိုး၊ တော်ပါဗျာ၊ ကောလိပ်ဆိုတာ ကြွားဖို့ဗျ၊ ကြွားဖို့၊ လူပေါ်လုပ်ဖို့ သိရဲ့လား၊ အစစအရာရာ အထက်တန်းချည်းပဲ သွားရ၊ စားရ၊ နေရတယ်၊ ကြည့်ပါလား၊ ကျွန်တော်ဟာ ကောလိပ်ကို အသွားအပြန် စက်ကင်းကလပ်စ်ဆိုတဲ့ ဘိုစီးတွဲမှစီးတယ်၊ ခင်ဗျားတို့ စီးတဲ့ တတိယတန်းဆိုတဲ့ ဆင်းရဲသားတွဲကို ဘယ်တော့မှမစီးဘူး၊ အဲဒီစက်ကင်းကလပ်စ်ဆိုတာ ခင်ဗျားတို့ဆင်းရဲ သားတွဲတွေလို သစ်သားခုံနဲ့ညစ်ပတ်ပြီး ကြမ်းပိုးကိုက်တာမဟုတ်ဘူး၊ သိရဲ့လား၊ ဆိုဖာဆိုတဲ့ မွေ့ရာ တစ်မျိုးကိုခင်းထားတယ်၊ အောက်က စပရိန်ထည့်ထားတယ်၊
           ပြီးတော့ ဓာတ်မီးတွေ၊ ပန်ကာတွေ၊ မှန်တွေ၊ ရေတွေ စုံလို့ပါပဲဗျာ၊ တစ်ခါလောက် ခင်ဗျားတို့ကို စီးစေချင်တယ်၊ တစ်ခါတည်း လျှာလည်သွားမှာပဲ၊ ပြီးတော့ အဲဒီ ဘိုစီးတွဲအခက ခင်ဗျားတို့ ဆင်းရဲသားတွဲ အခရဲ့ သုံးဆပေးရတယ်၊ သိရဲ့လား၊ အဲလေ တချို့ ပိုက်ဆံဝါလားတွေဟာ ပိုက်ဆံပေါလို့ စီးပေတဲ့ ဘိုစီးတွဲနဲ့ သူတို့နဲ့ တခြားစီပါဗျာ၊ ဟော-ကျုပ်တို့လိုအင်္ဂလိပ်စာတတ်တဲ့ ကောလိပ်ကျောင်းသားလြဲ ဖစ်ရမယ်၊ စတိုင်ကျကျ လှလှပပ၀တ်ဆင်ရမယ်၊ ကျွန်တော့်ဘိုဆံထောက်ကို ကြည့်စမ်း၊ လိမ်းထားတာ ဆီရိုးရိုးမဟုတ်ဘူး၊ ဟိုဘိလပ်တို့၊ အမေရိကန်တို့ကလာတဲ့ ဆီမွှေးတို့ ကော့စမက်တစ်တို့ကိုသာ လိမ်းတယ်၊ ပီးတော့ ပေါင်ဒါဆိုတဲ့ အမွှေးမှုန့်တို့၊ ကတ္တီပါရည်တို့ အဲဒါမျိုးတွေကို လိမ်းလို့၊ အဲဒီလို လှလှပပ ကျကျနနနဲ့မှ ဘိုစီးတွဲနဲ့ တော်တာဗျ၊ ခင်ဗျားတို့ တောသားကြီးတွေနဲ့တော့ အလကားပါဗျာ၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာဆိုသလို မနေဘူးလား”
        “မောင်ရယ်၊ မောင့် ဘိုစီးတွဲ မစီးရချင်နေပါစေတော့၊ ယောက်ျားဖြစ်ရက်သားနဲ့ သနပ်ခါး မျက်နှာချေတွေတော့ မလိမ်းမဆင်ဝံ့ဘူး မောင်ရဲ့”
        “အလို ခင်ဗျားကြီး အတော်လာပါကလား၊ ဒါလောက် ပြောနေတာတောင် သဘောမပေါက်သေးဘဲ ကို၊ ခင်ဗျားတို့ ဗမာတွေ မကြီးပွားတာ အဲဒီလို ခေတ်မမီ ခေတ်မဆန်တာတွေကြောင့်ပဲ၊ နားလည်ရဲ့လား”
        ကျွန်ုပ်သည်လည်း ပြုံးရယ်၍သာ နေလိုက်၏။ ထိုသို့ နှစ်ယောက်သား လာခဲ့ရာ အိမ်အနီး သို့ ရောက်လာလေ၏။ အိမ်ဝသို့ ၀င်လျှင်၎င်းသူငယ်၏ အမိ၊ အစ်မ၊ နှမများနှင့်တူသော မိန်းမတစ်စုက စုဝိုင်း၍ “ဟော-ငါ့သားကလေး ပြန်လာပြီ၊ ဟော-မောင်သောင်းပြန်လာပြီ၊ ဟော-ကိုကိုပြန်လာပြီ၊ အမေလဲ အခုပဲ မင့်ဆီကစာကိုရတယ်၊ ရ ရခြင်း အ၀တ်အစားလဲပြီး အခု ဘူတာဆင်းမလို့ပဲ၊ မင်းစာက နောက် ကျနေတာကိုးကွဲ့” မောင်သောင်းမှာ များစွာစိတ်ဆိုးသော =မျက်နှာဖြင့် “ဟောဗျာ၊ ဒဲမစ် (damn it) ခင် ဗျားကြီးတို့ ဒီလိုချည်းပဲ၊ စာကိုကပျာကယာ ပေးရတာဗျ၊ ရ ရခြင်း ဆင်းလာပြီးရောပေါ့၊ ကတဲ - လှချင် လိုက်ကြတာ၊ တယ်” ထိုအခါ အစ်မကြီးဖြစ်ပုံရသူက “မဟုတ်ဘူးကွဲ့ မောင်သောင်းရဲ့၊ မင်းပဲလိုတယ်၊ သံကြိုးရိုက်လိုက်ပါလား၊ ကတဲ ပိုက်ဆံကလေး သုံးမတ်တစ်ကျပ်ကို ဂရုစိုက်လို့”
     “မဟုတ်ဘူး မမရဲ့၊ တနင်္ဂနွေနေ့ကျနေလို့၊ အားဂျင်းဖီးစ် နှစ်ဆ ပေးနေရမယ် သိရဲ့လား၊ ပြီးတော့ ပိုက်ဆံလဲ မပိုဘူး၊ ဟိုဒင်းရွေးရ၊ ဒီဒင်းရွေးရနဲ့” နှမငယ်က ၀င်တဲ့၍ “အဟုတ်သားပဲ ကိုကိုမှာ ဘယ်တော့မှ ပိုက်ဆံ ပိုပိုမိုမို မသုံးရဘူး၊ ပိုက်ဆံမှာလိုက်ရင် ဟောဟိုဖေဖေက ၀င်ဝင်ပြီး များတယ် ဘာတယ်နဲ့၊ ကိုင်း ခုတော့ ဘယ့်နှယ်နေသေးလဲ၊ ကိုကို ခြေကျင်လျှောက်လာရတော့ ကောင်းသေးရဲ့လား” ဟု ၀မ်းနည်းပက် လက်နှင့် ငိုမဲ့မဲ့ ပြောလေသည်။
     ခေါင်းရင်းခန်းတွင်ကုပ်၍ ထိုင်နေရှာသော အဘိုးကြီးက ၎င်းသားအမိတစ်စုကို ကြည့်၍ မဲ့လိုက်သည်ကို ကျွန်ုပ်မြင်လိုက်ရသဖြင့် ၎င်းသားအတွက် အိမ်တွင် ရှေးရိုးအဘိုးကြီးကတစ်ဖက်၊ ခေတ်ဆန်သော သား အမိတို့ကတစ်ဖက် ဖြစ်နေကြသည်ကို ကျွန်ုပ်ရိပ်မိလိုက်လေ၏။ ကျွန်ုပ်မှာလည်း ခေါင်းက မျက်နှာသုတ်ပုဝါ ကို ခပ်အုပ်အုပ်ပတ်ကာ သားရေအိတ်ကို အိမ်ပေါ်တွင်ချ၍ အမှတ်မဲ့ထွက်သွားမည်ဟု လှည့်လိုက်ရာ အမယ်ကြီးက မြင်၍ “ဟဲ့-ကူလီခပေးကြဦးလေ” ဟု ဆိုမှ မောင်သောင်းသည် ပိုက်ဆံနှိုက်ကာ
   “အိုဟုတ်ပါရဲ့၊ ဟောဒီဆရာကြီး ရှိလို့၊ နို့မဟုတ်ရင် အခက်ပဲ” ဆိုပြီး ပိုက်ဆံတစ်မူး ကျွန်ုပ် အား ပေးလေသည်။ ကျွန်ုပ်က “အို-နေပါစေ၊ ကျုပ်လဲ ခရီးကြုံတာနဲ့ ကူဆွဲလာတာပါ၊ နေပါစေ” ဆိုပြီး ထွက်ခဲ့၏။ ထိုအခါ အစ်မကြီးဆိုသူက “အို-ဒီမှာ ဦးကြီးရဲ့” (ထိုအခါ ကျွန်ုပ်က ပြုံး၍ ပြန်လှည့် ကြည့်လိုက် ရာ) ဟာ- ဟုတ်ပေါင် မောင်ကြီးရဲ့၊ ဟာ-ဟုတ်ပေါင် ဒီမှာ ကိုဟိုဒင်းရဲ့၊ ပိုက်ဆံ ယူသွားပါလေ” ဟု ဆိုကာ ပိုက်ဆံလိုက်၍ ပေး၏။ ကျွန်ုပ်ကား လွတ်အောင် သုတ်သုတ်ထွက်ခဲ့၏။
ထိုအခါ ညီမငယ်ကရယ်၍ “မမက လောလိုက်တာ၊ ဦးကြီးရဲ့တဲ့၊ လူကြည့်တော့ဖြင့် မမနဲ့ ရွယ်တူလောက် ရှိတယ်၊ ပြီးတော့ ကိုဟိုဒင်းတဲ့၊ ဟိုက ပြုံးသွားတာ မြင်လိုက်ကဲ့လား” ဆိုသည်တွင် အစ်မကြီးက “ဘာ လဲ ကောင်မလေးက တော်တော်ရွှန်း၊ နင်တယ်ထတယ်” ဟု ကြိမ်းမောင်းသံကို သန့်သန့် ကြားလိုက်ရလေ ၏။ ကျွန်ုပ်၏သူငယ်ချင်း ဆရာကြီးအိမ်သို့ရောက်၊ ညစာစား၊ နောက်နေ့ ကျောင်းစစ်ရ၏။ ၎င်းညနေတွင် ဆရာကြီးက ကျောင်းဥက္ကဌအိမ်တွင် ထမင်းစားဖိတ်ထားကြောင်း အခြားကော်မတီ သုံးလေးယောက်ကို လည်း ဖိတ်ထားကြောင်း ပြောဆို၍ နှစ်ယောက်သား ရေမိုးချိုး အ၀တ်အစားလဲကာ ထွက်ခဲ့ကြ၏။
         ကျွန်ုပ်မှာ ယခုသော် ပိုးသားလုံချည် အင်္ကျီနှင့်တကွ ခေါင်းပေါင်းပေါင်း၍ အတန် သပ်သပ်ရပ်ရပ် ရှိသွားလေ၏။ ယခုအနေ မောင်သောင်းသာ မြင်ရပါလျှင် “ကူလီ” ငှားရန် အားနာဖွယ်ရှိ၏။ လာခဲ့ကြ ရာ မောင်သောင်းတို့အိမ်လမ်းသို့ ရောက်လေသဖြင့် ထိတ်ခနဲ ဖြစ်သွား၏။ စိတ်မလုံသည်နှင့် “အခုသွားမှာ ဘယ်အိမ်ကိုလဲ” ဟု ဆရာကြီးအားမေးရာ ခပ်လှမ်းလှမ်းရှိ မောင်သောင်းတို့အိမ်ကိုပင် ပြလေသတည်း။ ကျွန်ုပ်က “ဟိုက်-ခွကျကုန်ပြီ” ဟု လွှတ်ခနဲ ဆိုမိ၏။ ဆရာကြီးက လှည့်ကြည့်၍ “ဟေ့လူ ဘာဖြစ်တာလဲ မင်း…”
          “ဟာ-ဘာမှမဖြစ်ပါဘူး၊ သွားသာသွားပါကွယ်” ဆို၍ ဘာဖြစ်ဖြစ်ဟု စိတ်တင်း၍ လိုက်ခဲ့ရ၏။
     အိမ်သို့ရောက်ကြလျှင် လှမ်းကြည့်လိုက်ရာ မောင်သောင်းကိုရုတ်တရက် မြင်လိုက်ရ၏။ မောင်သောင်း သည် ကျွန်ုပ်ကို မှတ်မိပုံရ၏။ ရုတ်တရက် အခန်းတွင်းသို့ ခပ်သုတ်သုတ် ၀င်သွားလေ၏။ မောင်သောင်း၏ အမိ၊ အဖ၊ အစ်မ စသည်တို့ကား ကျွန်ုပ်ကို မှတ်မိပုံမရချေ။ ကျွန်ုပ် “ကူလီ” ဘ၀နှင့် ရောက်စဉ်က အ၀တ် အစား ညစ်ထပ်ထပ်နှင့် မျက်နှာကို မျက်နှာသုတ်ပ၀ါဖြင့် ခပ်အုပ်အုပ် ပတ်စည်းထားသောကြောင့် လည်းကောင်း၊ အိမ်သားအားလုံးတို့မှာ မောင်သောင်းကိုသာ ၀ိုင်း၍ ဂရုစိုက်ကြသောကြောင့်လည်းကောင်း ကျွန်ုပ်ကို မမှတ်မိခြင်း ဖြစ်ရ၏။
           ကျွန်ုပ်သည်လည်း ဣနြေ္ဒမပျက် နေ၏။ မောင်သောင်းတို့အိမ်သားများက ပျူပျူငှာငှာ ဧည့်ခံကြလေ၏။ အတန်ကြာလျှင် အဘိုးကြီးက “ဟဲ့-မောင်သောင်းတစ်ယောက်ကော၊ ဒီမှာ ပညာဝန်များ လာကြတယ်၊ စကားစမြည်ပြောရအောင် လာလကွယ်” ဟု အိမ်တွင်းဆီသို့ လှမ်း၍ ခေါ်လိုက်၏။
      ထိုအခါ သမီးအငယ်က “ဖေဖေ၊ ကိုကိုရယ် ဟိုဦးလေးကြီးအိမ်ကိုတဲ့၊ အရေးကြီးလို့တဲ့၊ ခုပဲ ဆင်း သွားတယ်၊ တော်တော်ကြာမယ်လို့လဲ ပြောသွားတယ်ဖေဖေ” ထိုအခါ အဘိုးကြီးမှာ ကျေနပ်ပုံမရချေ၊ “တယ်ခက်သကို၊ ဧည့်တွေစောင်တွေရောက်မှ ထွက်သွားရသတဲ့လား (ကျွန်ုပ်ဘက်သို့လှည်၍) မောင်ရေ့၊ သားတစ်ယောက် ကောလိပ်ကျောင်းမှာ ထားရတယ်၊ သူတို့ကောလိပ်ဆိုတာက အင်မတန်..” ထိုအခါ အမယ်ကြီးက အဓိပ္ပာယ်ပါသော မျက်နှာဖြင့် အဘိုးကြီးကို ကြည့်လိုက်ရာ “အဲ အဲ သူတို့ကောလိပ်ဆိုတာက အင်မတန်ကြီးကျယ်ဆိုပဲ မောင်ရဲ့” ဟု အစသတ်လိုက်လေ၏။ ကျွန်ုပ်ကား အဓိပ္ပာယ်ကို နားလည် လိုက်ပါ၏။
      ကျွန်ုပ်တို့လည်း စားသောက် စကားစမြည်ပြောပြီး ပြန်ခဲ့ကြ၏။ ၎င်းနောက် အခြားနှစ်မြို့သုံးမြို့ တွင် ကျောင်းစစ်ပြီးနောက် ရန်ကုန်သို့ ပြန်ခဲ့၏။
*******************************************************************
               ၎င်းနောက် ငါးလခြောက်လခန့် ကြာသောအခါ ကျွန်ုပ်သည် မောင်သောင်းကို မေ့၍နေချေပြီ။ တစ်နေ့၌ ထူးထူးခြားခြား စာတစ်စောင် ရောက်လာ၏။ စာအိတ်မှာ စာရင်းစာအုပ်ဟောင်းတစ်ခုမှ ဆုတ်ယူအပ်သော မျဉ်းကြောင်းနှင့် စာရွက်ကို အိမ်တွင် ကတ်ကျေးဖြင့် ကိုက်ညှပ်၍ ထမင်းလုံးကော်ဖြင့် ကပ်ထားသော အိမ်လုပ်စာအိတ်ဖြစ်၏။ အပေါ်က လိပ်စာမှာ ရှေးလက်ရေး ဘုန်းကြီးကျောင်း လက်ရေး ရိုးကြီးဖြင့် သေသပ်လှပစွာ ရေးထား၏။ ထူးခြားလှ၏ ဟု ဖောက်၍ကြည့်ရာ အောက်ပါစာ ကို တွေ့ရလေ ၏။
“…မြို့နေ မောင်သောင်း၏ ဖခင်က စာအားဖြင့် အကြောင်းကြားပါသည် မောင်ဖိုးကျား။ ။ စေတနာရိုးရိုးဖြင့် ပို့အပ်သော မေတ္တာကို ခံယူပါ၊ မောင့်အကြောင်းကို မောင်သောင်းက ဖွင့်ပြော၍ သိရပါပြီ၊ ဟို ထမင်းကျွေး တဲ့နေ့က သူ့ဦးလေးအိမ်ကိုသွားတယ်ဆိုတာ ရိုးရိုးမဟုတ်ဘူး၊ ပြေးတာ၊ သူ့ကိုယ်သူရှက်၍ မောင်နဲ့ မျက်နှာ မဆိုင်ဝံ့လို့ ပြေးခြင်းပါ၊ မောင်နဲ့ တွေ့ရကြုံရကတည်းက အလွန်နောင်တရပြီး ယခု အလွန်ပြောင်းလဲသွား ပါပြီ၊ မောင့်ကြောင့် ကျုပ်သား အဖိုးတန်လာလေသဖြင့် မောင့်အား မည်မျှ ကျေးဇူးတင်သည်ကို မပြော တတ်သလောက် ရှိရပါသည်။
          မောင်နှင့်မတွေ့မီက ကျုပ်သားဖြင့် ပစ်ရပြီ၊ ဒီသားကလေးတစ်ယောက်ကို ဘယ်လိုပြုပြင် ကယ် ဆယ်ရပါမည်လဲဟု တကြောင့်ကြကြနှင့် နေရပါသည်။ ယခု မောင်မင်းကြီးသား ကယ်ပေလို့ ကျုပ်သား ကျွတ်ပါလေပြီ၊ အဖြစ်ကို ပြောပါရစေဦး၊ ကျုပ်သား ပျက်တာဟာ သူ့အမေ၊ အစ်မ၊ ညီမတွေကြောင့်ပဲ၊ ကြည့်ပါဦးမောင်ရယ်၊ သားက ကောလိပ်ကနေပြီး ငွေမှာရင် ၃၀ ကျပ်မှာရင် အနည်းဆုံး ၄၀ ကျပ် လောက် ပို့ကြတယ်၊ ကျုပ်က ပိုမပို့ဘဲ လျှော့ပို့ဖို့ပြောရင် သူ့အမေက ရှင်က ဘာသိလို့လဲတဲ့၊ ဟိုမှာ လူထဲနေရတာ၊ လူလိုနေရတာတဲ့ မောင်ရယ်၊ အဲဒီလို မအေလုပ်စားတဲ့လူက စ,လိုက်ရင်ပဲ အစ်မတွေ ညီမတွေက တစ်ခါတည်း ၀ိုင်းဆူကြတာပဲ၊ ကျုပ်ဘယ့်နှယ် နိုင်နိုင်မလဲ၊ သူတို့က ၀ိုင်းဆူတော့ ကျုပ်က ဘာလုပ်သလဲ သိလား၊ ကျုပ် ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့၊
 ကျုပ်မှာလဲအားကိုးနဲ့ကလားမောင်ရဲ့။တစ်ခါကလဲကြည့်ပါ့မောင်ရယ်၊ မောင်သောင်း ကောလိပ်ကပြန်လာ လို့ ထမင်းဝိုင်းစားကြတော့ မောင်သောင်းက ဟင်းချို မချိုဘူးတဲ့၊ သူတို့ကောလိပ်မှာ ၁၂ မျိုးဆိုလာ၊ ၁၃ မျိုးဆိုလား၊ အဲဒီဟင်းချိုမှ ချိုသတဲ့၊ ဒီတော့ ကျုပ်က မောင်သောင်းရယ်၊ ဟင်းချိုဆိုတာဟာ ပူရင်ချိုတာပေါ့ ကွဲ့လို့ ပြောမိတာနဲ့ သားကလဲ စိတ်ဆိုးပြီး ထ,သွားတယ်၊ သူ့အမေကလဲ ကျုပ်ကို လက်ညှိုးကောက်ေ ကာက်ထိုးလို့၊ ရှင့်ကိုအောင်ဘန်းရဲ့တဲ့၊ ရှင်တို့သာ ဟင်းရွက်ပြုတ်ရေကို ဆားခတ်ပြီး ခပ်ပူပူ လုပ်သောက် ကြ၊ ကျုပ်သားကိုတော့ အတင်းမတိုက်ပါနဲ့ ဆိုပြီး သူ့သားကလေးကို တရုတ်ခေါက်ဆွဲဆိုင် ခေါ်သွားပြီး အဲ ဟိုမျိုးစုံ ဟင်းချိုကို ၀ယ်တိုက်သတဲ့၊ ကျုပ်က ဟင်းချိုဟာ ပူရင်ချိုတာပဲဆိုတာ လွန်သလားမောင်ရယ်၊ ဟုတ်ကော မဟုတ်ဘူးလားမောင်ရယ်၊ ကျုပ်တို့ ခေတ်တုန်းကတော့ ဟုတ်တာပဲ၊ အခု သူတို့ ခေတ်တော့ မပြောတတ်ဘူး”
“မောင့်တော့ ပြောရဦးမယ်၊ တစ်ခါကလဲ သူတို့ ဘောလုံးရိုက်ကစားတဲ့ လက်ရိုက်တစ်ခုတဲ့ ၀ယ်လာတယ်၊ ကျုပ်က မနေတတ်လို့ ဘယ့်လောက်ပေးရသလဲလို့ မေးကြည့်တော့ ကြည့်ပါဦးမောင်ရယ် ၃၅ ကျပ်တဲ့၊ ဘုရား ဘုရား၊ ကစားစရာ လက်ရိုက်တစ်ခုကို ၃၅ ကျပ်တဲ့မောင်ရယ်၊ ကြားဖူးပါစ၊ ဒီတော့ ကျုပ်မလဲ အံ့အားသင့်ပြီး မောင်သောင်းရယ်၊ ငါ့သား ဒီလောက်မိုက်သလားကွယ်၊ ၃၅ ကျပ်ဆိုတဲ့ ငွေဟာ နည်းတာ မဟုတ်ပါကလား၊ ဟိုဒင်း နွားမတစ်ကောင်ဖိုးလောက် ရှိနေပါပြီလားလို့ ပြောမိပါတယ်မောင်ရယ်၊ သူ့အစ်မ က အခန်းထဲကကြားတော့ ထွက်လာပြီး ဖေဖေကလဲ တွေ့ကရာလိုက်ပြီး ဟန့်နေတာကိုး၊ စာမသင်တဲ့ လူဆိုတာ ညောင်းတယ်၊ ကိုယ်ဆန့်လက်ဆန့်လုပ်မှ ကျန်းမာတယ်တဲ့၊ ဒီတော့ ကစားစရာဆိုတာ ၀ယ်ရ တာပဲ ဖေဖေရဲ့တဲ့၊
         ဒီတော့ ကျုပ်က အေးလကွယ်၊ ကိုယ်ဆန့်လက်ဆန့်ဖြစ်ဖို့ နင်တို့ ၃၅ ကျပ်တန် လက်ရိုက်ရမှ မဟုတ်ပါဘူးဟဲ့ မယ်ခရဲ့၊ ထုပ်ဆီးတမ်း ဖန်ခုန်တမ်း ကစားပါလားကွဲ့၊ လမ်းလျှောက် ပါလားကွဲ့၊ ပြေးပါ လားကွဲ့၊ အပုံပါ သမီးရယ်၊ နင်တို့ ၃၅ ကျပ်တန်ရမှ မဟုတ်ပါဘူးလို့ ကျုပ်က ပြန်ပြောတယ်၊ ပြောနေရင်း သူ့အမေ ပေါက်လာပြီး ကိုအောင်ဘန်း ရှင်ဝင်ရှုပ်ပြန်ပလားတဲ့၊ ရှင်သာ နွားမတစ်ကောင်းကို ၃၅ ကျပ် ပေး ၀ယ်ပြီး နို့ညှစ်ရောင်းစားပေတော့၊ ကျုပ်သားကတော့ ကောလိပ်ကျောင်းသား အင်္ဂလိပ်စာတတ်မို့ ၀ယ်ချင် တာ ၀ယ်ပစေ၊ ကုန်ကုန် ဘာဖြစ်သေးလဲတဲ့၊ အဲဒီတော့ ကျုပ်က ဘာလုပ်လိုက်သလဲ သိရဲ့လား၊ ကျုပ်က ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့”
          “ပြီးတော့လဲ သူ့သားဆီက စာရောက်မှဖြင့် သူ့အမေမှာ အိမ်တကာ၊ ဈေးဆိုင်တကာ လိုက်ပြီး ပြောနေတာပဲ၊ သူ့သား ဘယ်အတန်းရောက်ပြီး၊ တစ်လတစ်လ ငွေဘယ်လောက် ပို့ရတာကလား နဲ့ စုံပါရောမောင်ရယ်၊ ထမင်းစားတောင် လိုက်ခေါ်ယူရတယ်”
           “ကျောင်းပိတ်လို့ ပြန်လာတဲ့အခါ၊ အိမ်က အလုပ်ကလေးများ ခိုင်းလိုက်လျှင် ဟော-သူ့အမေတွေ အစ်မတွေက ရှေ့က ကာဆီးကာဆီးနှင့် လာပါရော၊ အင်္ဂလိပ်ကျောင်းသား ကောလိပ်ကျောင်းသားများဟာ လက်အလုပ်တွေ၊ အလုပ်ကြမ်းတွေ မလုပ်ရဘူးတဲ့၊ ခိုင်းစရာရှိလျှင် သူတို့ကိုသာ ခိုင်းပါတဲ့၊ ကျုပ်လဲပဲ မင်္ဂလ သုတ်၊ ပရိတ်ကြီး၊ သဒ္ဒါ၊ သင်္ဂြိုဟ်မှစ၍ မြန်မာစာ အတော်အတန် သင်ခဲ့ဖူးပါတယ်၊ အင်္ဂလိပ်ကျောင်းသား များ လက်အလုပ် အလုပ်ကြမ်းမလုပ်ရဘူးဆိုတာ ဘယ်စာထဲမှာမှ မတွေ့ဖူးပါဘူးမောင်ရယ်၊ လူရဲ့ဥာဏ် ရိုးရိုးနဲ့ စဉ်းစားကြည့်လျှင်လည်း မရပါဘူးမောင်ရယ်။ တစ်ခါတုန်းကလဲ မောင့်ကိုပြချင်တယ် ၊ မောင်ေ သာင်းကို ဘူတာရုံကို လိုက်ပို့ကြတယ်၊ လမ်းမှာ မိုးရွာထားလို့ ရွှံ့ဗွက်ကလေး နည်းနည်းရှိတာကို အေ မနှင့် အစ်မက မောင်သောင်းကို ပွေ့ချီပြီးတော့ကူးကြသတဲ့၊ ကျုပ်ကြားတော့ ရှက်လိုက်တာမောင်ရယ်၊ ကျုပ်ဘာလုပ်သလဲသိလား၊ ကျုပ်က ဘုန်းကြီးကျောင်း ထွက်သွားလိုက်တာပေါ့။
            အဲဒီလို မောင်သောင်း ပျက်စီးနေတာ မောင်က ကူလီပုံစံနှင့် ဆုံးမခဲ့တဲ့နေ့ကစပြီး အတန်ပြောင်း လွဲပါပြီ၊ အရင်က တစ်လ ၁၀၀ ကျပ် ပို့ရတယ်၊ အခု ၅၀ ကျပ်သာ ပို့ရတယ်၊ တစ်ခါတစ်ခါ သူ့အမေများ အစ်မများက ပိုမိုပို့လျှင်လဲ ငွေကို မသုံးဘဲ အိမ်ကို ပြန်ယူခဲ့တယ်၊ ယူခဲ့တဲ့အပြင် သူ့အမေနှင့် အစ်မတို့ကို အပြစ်လဲတင်၊ တရားလဲဟော၊ လားလား၊ သူတို့ ကောလိပ်ကျောင်းသားက ပြောတော့ တုတ်တုတ် မလှုပ်ဘူး၊ ငြိမ်နေကြတာပေါ့၊ ကျုပ်က တစ်ထောင့်က ပြုံးပြုံးပြီး နားထောင်နေလိုက်တာပေါ့၊ အင်း သူတို့ တော့ ငါ့ဝဋ်လည်တာပဲလို့ ကျိတ်ပြီး ၀မ်းသာလိုက်တာပေါ့ မောင်ရဲ့။
           အိမ်မှာ လုပ်စရာကိုင်စရာရှိလျှင်လဲ အခိုင်းကို စောင့်မနေဘူး၊ သူ့ဟာသူ ကောက်လုပ်တာပဲ၊ တံမြက်စည်းလှည်း ရေခပ်ကစပြီး အကုန်လုပ်တာပဲ၊ ရထားတို့ သင်္ဘောတို့မှာလဲ တတိယတန်းက ပိုမစီးဘူး၊ ဖိနပ်များလဲ ငါးကျပ်တန် ခြောက်ကျပ်တန်က ပိုမစီးဘူး၊ အများအာဖြင့်တော့ ခုံဖိနပ်တို့ ပိန်းတန်းတို့ကို စီးတာများပါတယ်။ ကျုပ်သည် ကျောင်းကန်ဇရပ်ဆောက်လုပ်ခြင်း၊ သီလ အမြဲစောင့်ရှောက်ခြင်း စသည်ြ ဖင့် ဒါန၊ သီလ၊ ဘာဝနာများစွာ ပြုကျင့်ပါသည်၊ ပြုအပ်သော ကုသိုလ်ကောင်းမှု အလုံးစုံ၏ အဖို့ကို ခံယူပါ၊ ညအခါ မေတ္တာပို့လျှင် တရားကျမ်းဂန်အရ အဟံ အဝေရော ဟောမိဟု မိမိကိုယ် ကို ရှေးဦးစွာ မေတ္တာ ပို့ပြီးနောက် မောင်၏နာမည်ကို တပ်၍ မေတ္တာပို့ပါသည်၊ ပြီးမှ သားမယား၊ အိမ်သူအိမ်သား စသည်ဖြင့် အများအတွက် မေတ္တာပို့ပါသည်၊ ကျွန်ုပ်၏ လေးနက်သော မေတ္တာ ရိုးရိုးကြီးကို ခံယူပါေ လ၊ မောင် ၏ကျေး ဇူး ကြီးလှပါ၏”
         “သြော် ကောင်းစွ၊ ကောင်းစွ၊ ချမ်းသာစွ၊ ချမ်းသာစွ၊ ငါသည် အမှတ်မထင် ပြုအပ်သော အမှုတစ်ခုသည် အလွန်တာသွားလေစွတကား” ဟု နှစ်ခြိုက်စွာ မြည်ကျူးမိ၏။
              *************************************************************************
            ဤသို့ ကောင်းမှုတစ်ခု၏ အရသာကို ခံစားနေ၍ လေးငါးရက်မြောက်သော တစ်နေ့နံနက်၌ ကျွန်ုပ်သည် အိမ်ပြတင်းပေါက်မှ ရပ်ကြည့်နေစဉ် ခပ်လှမ်းလှမ်းမှ သူငယ်တစ်ယောက်သည် ငှက်ပျောခိုင် တစ်ခိုင်ကို ထမ်းကာ ကျွန်ုပ်ထံသို့ လာသည်ကို မြင်ရ၏။ အနီးသို့ရောက်သော် အခြားသူမ ဟုတ် မောင်ေ သာင်းပင်ဖြစ်နေလေ၏။ ကျွန်ုပ်ကပင်ဆီး၍- “အလို မောင်သောင်းပါကလား၊ ဘယ့်နှယ်မောင်ရယ်၊ ငှက်ပျောခိုင်ကြီးကို တပင်တပန်းကြီး ထမ်းလာရသလဲ၊ လန်ချားနဲ့ဖြစ်ဖြစ်၊ ကူလီနဲ့ဖြစ်ဖြစ် လာရောပေါ့”
         “ကိစ္စမရှိပါဘူးဦးရယ်၊ ကျွန်တော် အခု ကူလီကိုတယ်မသုံးတော့ပါဘူး” ဟု ပြုံး၍ ပြော၏။
         ကျွန်ုပ်သည်လည်း ယခင်ကအကြောင်းကို သတိရသည်နှင့် “အေး-ဒါလဲ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ကာလဌာန ကြည့်လုပ်ရပါတယ်၊ ကိုယ်တိုင်ပြုအပ်တဲ့အခါလဲ ရှိတယ်၊ ကူလီလိုတဲ့အခါလဲ ရှိတယ်၊ နေရာ တကာတိုင်းကို မဆိုလိုပါဘူး၊ ခုနေရာမျိုးတော့ ကူလီငှားကောင်းပါတယ်ကွဲ့”
“ဦးကို ကျွန်တော် တောင်းပန်ရအောင် လာပါတယ်”
          “မင်း တောင်းပန်စရာ မလိုဘူး၊ ငါ့မှာ ကူလီခရပြီ၊ ရသင့်သည်ထက်တောင် အများကြီးပိုရတယ်၊ ရော့ ဟောဒီမှာကြည့်စမ်း” ဆို၍ သူ့ဖခင်ထံမှ စာကို ထုတ်ပြလိုက်၏။
           စာကိုဆုံးအောင်ဖတ်ပြီးနောက် အတန်ကြာတွေ၍နေ၏။ အမှန်မုချ ထူးခြားမွန်မြတ်လှသော အရသာကို ခံစားနေသည်ကို ကျွန်ုပ်သိ၏။ ထိုသူငယ်၏ နှလုံး၌ မွန်မြတ်သော စိတ်ဓာတ်တို့ တဖွားဖွာြး ဖစ်နေသည်ကို ကျွန်ုပ်သိ၏။
  ထိုသည့်နောက် အလာပ သလ္လာပ စကားပြောကြ၍ “ကိုင်း မောင်၊ မောင်လဲ ကျောင်းတက်ရဦး မယ် ပြန်ပေတော့၊ အချိန်လဲ နည်းနည်းသာရှိတယ်၊ ခရီးကလဲ အတန်ဝေးတယ်၊ အဲဒီတော့ ဒီလိုနေရာ ဒီလိုအခါမျိုးမှာ မြင်းရထားကလေးတောင် မကဘူး၊ မော်တော်ကားနဲ့ပဲ သွားရလိမ့်မယ်” ဟု ကျွန်ုပ်က ဆို၍ ထိုသူငယ်က ငြင်းဆန်နေစဉ် တွန်းတွန်းပို့ပို့နှင့် ကားတွင်းသို့ထည့်ကာ မော်တော်ကားဖြင့် သွားစေလိုက် ပါသတည်း။

ဦးဖိုးကျား (၁၈၉၁-၁၉၄၃)

ဦးဖိုးကျား (၁၈၉၁-၁၉၄၃)

မြန်မာသက္ကရာဇ် ၁၂၅၂ခုနှစ်၊ နှောင်းတန်ခူးလပြည့်၊၁၈၉၁-ခုနှစ်၊ မတ်လ(၂၃)ရက် တနင်္လာနေ့တွင် အဖ-ပရိက္ခရာကုန်သည် ဦးဖေနှင့် အမိ ဒေါ်ဒေါင်းတို့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာ၌ဖွားမြင်သည်။ သားချင်း(၄)ဦးတွင် အငယ်ဆုံးဖြစ်သည်။
ပညာရေး

၁၈၉၇ - အသက်(၆)နှစ်အရွယ်၌နိဗ္ဗာန်ရွာ ဦးသာသနကျောင်းတွင် ပညာစသင်သည်။ ၁၉၀၀ - အသက်(၉)နှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်ရွာ ဆရာတော်၏ကျောင်း၌ ပညာဆက်လက် ဆည်းပူးသည်။ ထိုကျောင်းမှမြန်မာ(၇)တန်းစာမေးပွဲနှင့် ဆရာဖြစ်သင်အောင်မြင်သည်။ ဆရာဖြစ်သင်အောင်ပြီး ပုသိမ်ခရိုင် အသုတ်မြို့တွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်။ တစ်ဖန် ကျောင်းဆရာအလုပ်မှထွက်၍ ပုသိမ် မြို့တိုင်တရာ(စကောကရင်)ကျောင်းတွင် ပညာဆက်လက်ဆည်းပူးသည်။

၁၉၀၇ - မြန်မာသက္ကရာဇ် (၁၂၇၈)ခုတွင်-ထိုတိုင်တရာကျောင်းမှပင် အင်္ဂလိပ် မြန်မာ(၉)တန်းအောင်မြင်သည်။ ထို့နောက် ဆန်စက်တစ်ခုတွင် တာလီစာရေးဝင်လုပ်ပြန်သည်။ ခေတ္တသာလုပ်ပြီး ပညာဆက်လက်ဆည်ပူးလိုပြန် သဖြင့် တိုင်တရာကျောင်းတွင်ပင် ဆက်လက်ဆည်းပူးသည်။

၁၉၁၇ - အသက်(၂၇)နှစ်အရွယ်တွင် ထိုတိုင်တရာကျောင်းမှပင် အင်္ဂလိပ်မြန်မာ(၁၀)တန်းအောင်မြင်ခဲ့။ ထိုနှစ်တွင်ပင် ဂျပ်ဆင်ကောလိပ်ဆက်တက်သည်။ (မြန်မာစာ၊ မြန်မာသမိုင်း)ကို လိုက်စားခဲ့သည်။ ဂျပ်ဆင်ကော လိပ်တွင် ဦးဖိုးလတ် (နောင်ယဉ်ကျေးမူအတွင်းဝန်)၊ ဦးမြင့်(နောင်-နေရှင်နယ်ဦးမြင့်) တို့နှင့်အတူ ဗုဒ္ဗ္ဓဘာသာ အသင်းတည်ထောင်သည်။ ဦးဖိုးလတ်၊ ဦးမြင့်တို့၏ လမ်းညွှန်မှုဖြင့် ပါဠိဆရာစော၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ဆရာလွန်း(သခင်ကိုယ်တော်မှိုင်း)တို့ထံတွင် တပည့်ခံ၍ မြန်မာမှု၊မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို ဆည်းပူးသည်။ ဦးဖိုးကျားသည် ကျောင်းသားကြီးဘ၀ကပင် မြန်မာ့အလင်းသတင်းစာ၌ စာပေအရေးအသားကိုအစပြုခဲ့သည်။ ၁၉၂၂-ခုနှစ်ခန့်တွင် ဘီအေစာမေးပွဲ အောင်သည်။
နိုင်ငံရေး

၁၉၂၀ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေကိစ္စနှင့် သပိတ်မှောက်ရာ (ဦးဖိုးလတ်၊ ဦးမြင့်)တို့နှင့်အတူပါဝင်ခဲ့။ ဦးဖိုးလတ်၊ ဦးမြင့် တို့နှင့် အတူ ဦးဖိုးကျားသည် ဂျက်ဆင်ကောလိပ်တွင် ဗုဒ္ဓဘာသာ အသင်းကို တည်ထောင်ခဲ့သည်။ စကား အဟော အပြော ကောင်းသူ ဦးဖိုးကျားသည် မြန်မာပြည်အရပ်ရပ်သို့ လှည့်၍ သပိတ်တရား ဟောသည်။ သုံးခွတွင်တရားဟောရာ နယ်ချဲ့ဗြိတိသျှတရားဥပဒေ နှင့် ငြိစွန်းသည်ဆိုကာ ဒဏ်ငွေ(၁၀၀)ကျပ်အတပ်ခံရသည်။ နောက်ပိုင်းတွင် ဗြိတိသျှပညာရေးနှင့်စင်ပြိုင် အမျိုးသားပညာရေး တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။

အင်္ဂလိပ် သက္ကရာဇ် ၁၉၂ဝ ပြည့်နှစ်တွင် ကျောင်းသား သပိတ်ကြီး ဖြစ်ပေါ်လာသော အခါ၌ မူကား မျိုးချစ်စိတ် ရင့်သန်ရင်း ရှိသော ဦးဖိုးကျား သည်လည်း လက်ပိုက် လျစ်လျူ ရှု၍ မနေနိုင်။ ပါဝင် ဆင်နွှဲကာ အမျိုးသား ကျောင်းများ ပေါ်ပေါက် လာသည်နှင့် တပြိုင်နက် အမျိုးသား ပညာဝန် အဖြစ် အစိုးရ ရာထူးကို မယူဘဲ ဆောင်ရွက် ခဲ့လေသည်။ ထိုစဉ် အတွင်း ပညာဝန် အဖြစ် ထမ်းရွက်ရင်းလည်း ကျမ်း အမျိုးမျိုးကို ပြုစုသည်။ တိမ်မြုပ် ပျောက်ကွယ် နေသည် တို့ကိုလည်း တည်းဖြတ် ပုံနှိပ် ထုတ်ဝေ ဖြန့်ဖြူးသည်။

၁၉၂၁ - အမျိုးသားပညာရေးကောင်စီ(စီအင်အီး)၌ ဦးစိုးဝင်း၊ မစ္စတာအိုင်းယား တို့နှင့်အတူ အမျိုးသားပညာရေးအား ကြိုးပမ်းဆောင်ရွက်၍ အမျိုးသားပညာဝန်အဖြစ် တာဝန်ထမ်းဆောင်။
စာပေရေးသားပြုစုခြင်း

အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်လာသောအခါ မြန်မာစာ၊ မြန်မာ့သမိုင်းတို့ကို လေးထားသင်ကြားပေးခဲ့သည်။ ၁၉၂၇-ခုနှစ်တွင် မိမိနေထိုင်ရာ (ထိုစဉ်က)ကာလဘတ်လမ်း နေအိမ်တွင် မြန်မာ့ဂုဏ်ရည် ပုံနှိပ်စက် နှင့် မြန်မာ့ဂုဏ်ရည် စာအုပ်တိုက်တို့ကို တည်ထောင်သည်။ လွတ်လပ်ရေးရပြီး ခေတ်တွင် ဦးဖိုးကျားကို ဂုဏ်ပြုသောအားဖြင့် ကာလဘတ်လမ်းကို မြန်မာ့ဂုဏ်ရည်လမ်းဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြန်မာရာဇ၀င်ကို သင်ကြားလေ့လာနိုင်စေရန် လွယ်ကူသော စကားပြေဖြင့်မြန်မာ့ဂုဏ်ရည်ဟူသော စာတစ်အုပ်ကို ရေးသားပြုစုခဲ့သည်။ ထို့နောက် ထိုစာအုပ်ကိုပင် အနည်းငယ်ပြင်ဆင်၍မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာပထမတွဲနှင့်ဒုတိယတွဲနှစ်တွဲထုတ်ဝေခဲ့သည်။

ကျောင်းများတွင် လေ့လာသင် ကြားနိုင်ရန်နှင့် ဗုဒ္ဓ၀ါဒီမြန်မာလူမျိုးတို့ လွယ်လင့်တကူ ဖတ်ရှူနိုင်စေရန် ငါးရာ့ငါးဆယ် ကောက်နှုတ်ချက်များကို ပြုစုရေးသားခဲ့။ ထို့ပြင် ဦးပုညအတ္ထုပ္ပတ္တိနှင့်ရေသည်ပြဇာတ်။ ဦးပုညအတ္ထုပ္ပတ္တိနှင့် ၀ိဇယပြဇာတ်။ ပေါရာဏအဘိဓာန်၊ ပုသိမ်ရာဇ၀င်နှင့်ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကိုလည်း ပြုစုရေးခဲ့သည်။ ပညာဝန်အဖြစ်ဆောင်ရွက်စဉ် အတွေ့အကြုံများကိုလည်း ကိုယ်တွေ့ဝတ္ထုများအမည်ဖြင့် တိုးတက်ရေးမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ သတင်း စာ၊ဂျာနယ်၊မဂ္ဂဇင်းများတွင်လည်းထူးခြားထက်မြက်သော ဆောင်းပါးများရေးသားခဲ့သည်။
အိမ်ထောင်ရေး

၁၉၂၉ - မက္ကဆင့်ကုမ္ပဏီစာရေးကြီး ဦးမောင်ကလေး၊ သိမ်ကြီးဈေးကွမ်းရွဲကြီး ဒေါ်ဒ်ါသိန်းတို့၏သမီး မအေးကြည်နှင့် ကာလဘတ်လမ်း အိမ်၍ပင် လက်ထပ်သည်။ ၁မအေးကြည်သည် ပုံနှိပ်စက်ဘက်ကို ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။ သားတစ်ဦး(ဇော်ဝင်းကျား) တစ်ယောက်သာ ထွန်းကားခဲ့သည်။ ဦးဖိုးကျားသည် ဒု-ကမ္ဘာစစ်ပြီးသည်အထိ အမျိုးသားပညာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။
နောက်ဆုံးအချိန်

၁၃၀၃ - စစ်အတွင်း အင်းစိန်ခရိုင် ထန်းတပင်မြို့တွင် စစ်ဘေးတိမ်းရှောင်ရင်း နှောင်းတန်ခူးလပြည့်ကျော်(၆)ရက်၊ ၁၉၄၂-ခုနှစ်၊ ဧပြီလ(၁၁)ရက်၊ သောကြာနေ့တွင် ထန်းတပင်မြို့တွင်ကွယ်လွန်ခဲ့သည်။
ထင်ရှားသည့်စာအုပ်အချို့

ကိုယ်တွေ့ဝတ္ထုများ (၆)တွဲ
ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - (၁၉၃၇ ခုနှစ်)
ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ
ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ်
ပေါရာဏ အဘိဓာန်
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ(၂)တွဲ
ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ - (၁၉၂၃ ခုနှစ်)
စလေဦးပုည အတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ်
ဦးပုည အတ္ထုပ္ပတ္တိနှင့် ဝိဇယပြဇာတ်
သီပေါမင်းပါတော်မူ အရေးတော်ပုံ
၃၇မင်း
မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနဂိုဏ်း
အလောင်းတော်ကဿပ
အလယ်တန်း မြန်မာရာဇ၀င်အကျဉ်း

ကိုးကား

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်)
 — 

Photo: ဦးဖိုးကျား (၁၈၉၁-၁၉၄၃)

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform