စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 30 June 2014

လစာဖွဲ့စည်းမှု (ဝါ) အဆောက်အဦ ( Salary Structure)

လစာဖွဲ့စည်းမှု (ဝါ) အဆောက်အဦ ( Salary Structure)
  
၁။ အဓိပ္ပာယ် ဖွင့်ဆိုချက် (Definition)

လစာဆိုသည်မှာ ဉာဏဝန်ထမ်းများအား အချိန်အတိုင်းအတာ သတ်မှတ်ချက် (ဥပမာ- တစ်ပတ်တစ်ခါ (ဝါ) တစ်လတစ်ကြိမ်စသည်) ဖြင့်ပေးရန် ပုံသေသတ်မှတ်ထားသော လစာ/ပေးချေငွေ ဖြစ်သည်။  လစာငွေများကို များသောအားဖြင့် တစ်နှစ် (၁၂) လဟူသော အပိုင်းအခြားဖြင့် သတ်မှတ် ဖော်ပြလေ့ရှိသည်။ အမြဲတမ်း (ယာယီ မဟုတ်သော) ငှားရမ်းမှု သဘာဝကိုပါ ဖော်ပြသည့် သဘော ဖြစ်ပေသည်။ မြန်မာဘာသာဖြင့် လခ (ဝါ) လစာ ဟုခေါ်သည့်အတိုင်း များသောအားဖြင့် တစ်လတစ်ခါ ပေးရပေသည်။ လခစားဝန်ထမ်းများသည် များသောအားဖြင့် ကာလရှည်အတွက် ခန့်ထားသော ဝန်ထမ်းများ ဖြစ်ကြပေသည်။

၂။ လစာများ၏ အချင်းအရာ လက္ခဏာများ

လစာနှင့်လုပ်ခ (wage) မတူကြပေ။ လစာရနှင့် လုပ်ခရ ဝန်ထမ်းတို့၏ မိမိလုပ်သော အလုပ်နှင့် ၎င်းအလုပ်အတွက် ရယူခံစားကြရသော လစာနှင့်လုပ်ခအပေါ် သဘောထား အမြင်တို့လည်း မတူကြပေ။
(က) လစာတွင် ယေဘုယျအားဖြင့် အားလုံးပါဝင်သည်။ အလုပ်လုပ်ရင်းတွင် ခက်ခက်ခဲခဲ လုပ်ရသောအလုပ်၊ သက်စွန့်စံဖျား လုပ်ရသောအလုပ် စသည်ဖြင့် လုပ်ရမည့်အလုပ်နှင့် ပတ်သက်ပြီး လစာပုံသေ (ဝါ) လစာနှုန်းထား ဘယ်ရွေ့ဘယ်မျှ ရမည်။ မည်သည့်အလုပ်များ လုပ်ရမည်ကို ကြိုတင် ရှင်းပြထားပြီး နှစ်ဦးနှစ်ဖက် (အလုပ်ရှင်နှင့်ဝန်ထမ်း) ညှိနှိုင်း သဘောတူကြသည့် အလုပ်ကို သတ်မှတ်ထားကြသည်။ ယင်းအလုပ်ကို လုပ်ကြရသည့်အတွက် သတ်မှတ်လစာကို သတ်မှတ်ရက်တွင် ရရှိကြခြင်းဖြစ်သည်။
(ခ) လစာသည် ထပ်ဆင့်တိုးသည့် သဘော (progressive nature) ရှိသည်။ အရပ်သား လောကတွင် ထပ်တိုး ဟုခေါ်သည်။ တစ်နှစ်လျှင် တစ်ကြိမ် ယေဘုယျအားဖြင့် ထပ်တိုးလေ့ရှိသည်။ လုပ်ခ သတ်မှတ်ရာတွင် အသက်ပြည့်မပြည့် ပြဿနာကိုပါ ထည့်စဉ်းစားပြီး သတ်မှတ်သည်။ အချို့သည် အသက်ငယ်ငယ်နှင့် အရွယ်ရောက်ကြသူများ ဖြစ်ကြပြီး ထိုသူမျိုးကို အလုပ်ခန့်ပြီး ခိုင်းလျှင်မူ သက်စေ့လုပ်ခ တွက်ပေးရသည်။ သို့တည်းမဟုတ်လျှင်သက်မပြည့် လုပ်ခနှင့် သတ်ပြည့်လုပ်ခ ဟူ၍ ခွဲတွက်ချက် သတ်မှတ်ရပေသည်။
(ဂ) လစာသည် ခံစားရရှိသည့် ပုဂ္ဂလိက ပစ္စည်းအဖြစ် သဘောထား မှတ်ယူကြသော်လည်း လုပ်ခမှာမူ အတန်းအစား တူသော အလုပ်အတန်းအစား တစ်ခုခုတွင် အလုပ်လုပ်ကြသူ အားလုံးကို ထုတ်ပေးသော စုစုပေါင်း အခကြေးငွေ (လုပ်ခစုစုပေါင်း) ကို ရည်ညွှန်းပေသည်။
(ဃ) လစာသည် များသောအားဖြင့် လျှို့ဝှက်ထားရသော အရာတစ်ခုဖြစ်ပြီး လုပ်ခနှင့်ပတ်သက်၍မူ ထိုသို့လျှို့ဝှက် ထားစရာမလိုပေ။ တစ်နည်းအားဖြင့် လုပ်ခသည် လျှို့ဝှက်မဟုတ်ပေ။
(င) ပုဂ္ဂလိက ကဏ္ဍလုပ်ကိုင်မှုတွင် လစာသည် လုပ်ခလောက် ကုန်သွယ်မှုသမဂ္ဂများ (Trade Union) ၏ ဆွေးနွေးညှိနှိုင်းမှု သိပ်မလုပ်ကြရပေ။ ထိုဆွေးနွေး ညှိနှိုင်းမှုတွင် လုပ်ခကိုသာ အများဆုံး ညှိနှိုင်း ဆွေးနွေးရပေသည်။

လစာစီမံအုပ်ချုပ်မှု (Salary Administration)

ကုမ္ပဏီ အဖွဲ့အစည်းများ အနေဖြင့် လစာကို စီမံအုပ်ချုပ်ရာ၌ နည်းလမ်းလေးသွယ် ရှိပါသည်။ အဲဒီနည်းလမ်းတွေကတော့

(၁) Adhoc ခေါ် တစ်ခါသုံး နည်းလမ်း
ဒီနည်းလမ်းမှာတော့ တခြားနည်းလမ်း ၃ ခုထက် ပိုပြီး လွတ်လပ်လေ့ ရှိကြသည်။ လစာ တိုးမြှင့်ပေးရန် သို့မဟုတ် လျှော့ချရန် ဆုံးဖြတ်ရာတွင် အလုပ်ကို ဝေဖန်သုံးသပ် ထည့်သွင်း စဉ်းစားလေ့မရှိပဲ လုပ်တတ်သည် (Job evaluation)။ အလုပ်မှာ စွမ်းဆောင်ချက် မကောင်းပဲနှင့် လစာတိုးရ တတ်သည်။ ဝန်ထမ်း အလုပ်အကိုင် အရည်အသွေးနှင့် အဆင့်မကျဆင်းပဲလျှက် လစာနိမ့်ကျသွား တတ်သည်။ သို့ဖြင့် ကံတရားနှင့်သာ သက်ဆိုင်သည်ဟု ဆိုရမည် ဖြစ်သည်။ လစာတိုးပေးခြင်း၊ နှိမ့်ချခြင်းတို့ကို မမှန်မကန်သော ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်တတ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အလုပ်သမား ဝန်ထမ်းများက တောင်းဆို၍ဖြစ်သော အလုပ်ရှင် အဖွဲ့အစည်းများ၏ လိုအပ်ချက်ကြောင့် ဖြစ်စေ လုပ်ရတတ်ကြသောကြောင့် ဖြစ်သည်။ လုပ်ငန်း ကုမ္ပဏီကြီးပါက ထိုသို့ ဆုံးဖြတ် လုပ်ကိုင်ခြင်းသည် ယုတ္တိမဆန်သော သို့မဟုတ် တရားမျှတမှု မရှိသော လစာဖွဲ့စည်းပုံမျိုး ဖြစ်ပေါ်လာတတ်ပေသည်။ ထိုသို့လစာဖွဲ့စည်းပုံ (ဝါ) လစာ၏အဆောက်အအုံများ ယုတ္တိမတန်ခြင်း သို့မဟုတ် တရားမျှတမှု မဲ့သော အဆောက်အအုံ ပုံစံမျိုး ဖြစ်ပေါ်လာခဲ့လျှင် ဝန်ထမ်းများ၏ မကျေနပ်မှု၊ ပေါက်ကွဲမှု စသည်တို့ကို ပိုမိုကြီးမားစွာ ရင်ဆိုင်ရတတ်ပါသည်။
(၂)   ဒုတိယနည်းလမ်း တစ်မျိုးမှာ ဝန်ထမ်း၏ အရည်အချင်း၊ အရည်အသွေးကို ဆန်းစစ်ပြီးမှ အရည်အသွေး ကောင်းသူ၊ မြင့်သူတို့ကို လစာ တိုးမြှင့်ပေးနည်း ဖြစ်ပါသည်။ ဤနည်းသည် တစ်ဖွဲ့တိုးနည်း (Adhoc.) ထက် များစွာ သာလွန် ကောင်းမွန်ပါသည်။ ဤနည်းလမ်းကို ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီကြီးများတွင် သုံးစွဲလေ့ ရှိကြပါသည်။ လုပ်ဆောင်ပြီးသော အလုပ်အခြေအနေကို အလုံးစုံ ခြုံငုံ သုံးသပ်ပါသည်။ ထိုသို့ သုံးသပ်ပြီးမှ ထိုအလုပ် အတန်းအစားအတွက် လစာတိုးပေးမည် ဆုံးဖြတ်ပြီးမှ တိုးခြင်းဖြစ်သောကြောင့် ထိုက်တန်သော သူများက ရရှိခံစားကြရခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် ထိုထက်ပို၍ တိုးတက် လာစေနိုင်သည်။ လစာရ ဝန်ထမ်းများ ပိုကြိုးစား လုပ်လာနိုင်ပါသည်။
(၃)  တတိယနည်းမှာ တိုးချဲ့စကေး (Incremental scale) နည်းဖြစ်ပေသည်။ ဤတတိယနည်းမှာ ပြည်သူပိုင် ကဏ္ဍအလုပ်များကို စီစစ်တိုင်းတာ ဖော်ထုတ်ရန် အသုံးများသည်။ အထူးသဖြင့် ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၏ အလုပ်အရည်အသွေးကို ဆန်းစစ်ရာတွင် အသုံးများပေသည်။ ပုဂ္ဂလိက ကဏ္ဍတွင်လည်း သုံးလေ့ရှိကြောင်း တွေ့ရပါသည်။ ဤနည်းလမ်းကို သုံးစွဲရာတွင် ဝန်ထမ်းများအား သူတို့ရသည့် လစာစကေးအရ အုပ်စုဖွဲ့ကြပါသည်။ ပုံစံအားဖြင့် K ၈၀၀၀-၂၀၀-၉၀၀၀ စကေးဆိုလျှင် တစ်နှစ်လျှင် ကျပ် ၂၀၀ နှစ် တိုးပေါင်းပေးသော အလုပ်အစတွင် ၈၀၀၀ ရရှိ၍ ဘားခေါ် သူ့လစာ အဆုံးသတ်တာက ကျပ် ၉၀၀၀ တွင်ဖြစ်သည်။ ဤကဲ့သို့ ဝန်ထမ်းများအား လစာ စကေးအုပ်စု အလိုက် ခွဲခြားအုပ်စုဖွဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လစာ စကေးအုပ်စု အလိုက် စွမ်းဆောင်မှုများကို ဆန်းစစ်လေ့လာသည်။ ထိုစဉ်တွင် လစာစကေး အုပ်စုတစ်စု၏ စွမ်းဆောင်မှုမှာ ထူးခြားစွာ ကောင်းမွန်ကြောင်း၊ အခြားအဖွဲ့များ၏ စွမ်းဆောင်ချက်များနှင့် နှိုင်းယှဉ်လျှင် ထူးခြားစွာ ကောင်းမွန်ကြောင်း သုံးသပ်တွေ့ရှိလျှင် ထိုအုပ်စု တစ်စုလုံးအား လစာတွင် စကေးကို နှစ်ခါပေါင်းစေ သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် အခြားစကေးအုပ်စုများနှင့် မတူသော ထိုက်တန်သည့် ဆုချီးမြှင့်နည်းဖြင့် ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်ပေသည်။
(၄) ကောင်းကျိုးချီးမြှင့်နည်း (Merit Review)
ဤနည်းကို အလယ်အလတ် အရွယ်အစားနှင့် အရွယ်ကြီးမားသော ပုဂ္ဂလိက ကုမ္ပဏီကြီးများတွင် သုံးစွဲကြကြောင်း တွေ့ရသည်။ ဤနည်းတွင် လုပ်ပြီးသော အလုပ်ကို သုံးသပ် ဆန်းစစ်ပြီးမှ လစာဘယ်ရွေ့ ဘယ်မျှ ပေးသင့်သည်ကို ဆုံးဖြတ် သတ်မှတ်လေ့ ရှိကြသည်။ ဝန်ထမ်းများရဲ့ စွမ်းဆောင်မှုကို သုံးသပ် ဆန်းစစ်ပြီးမှ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော ဂုဏ်ပြုမှု တစ်မျိုးမျိုးဖြင့် ချီးမြှောက် အားပေးကြခြင်း ဖြစ်သည်။ ဤသို့သော နည်းလမ်းမျိုးဖြင့် ဝန်ထမ်းတို့၏ အလုပ်လုပ်ချင်စိတ်ကို နှိုးဆွ အားပေးကြခြင်း ဖြစ်သည်။ ဖော်ပြပါ နည်းလမ်း (၄) သွယ်အနက် မိမိလုပ်ငန်းနှင့် သင့်တော်သည်ဟု ယူဆသော နည်းလမ်းကို ရွေးချယ်၍ လစာပေးစနစ်ကို စမ်းသပ်နိုင်ပေသည်။ ဤစနစ် ၄ ခုအနက် မည်သည့်စနစ်က အကောင်းဆုံးဟု ပြောရမှာ ခက်ခဲလှပေသည်။ စနစ်တိုင်းတွင် အားသာချက်နဲ့ အားနည်းချက်များ ပါဝင်နေသောကြောင့် ဖြစ်သည်။ ၎င်းစနစ် တစ်ခုစီကိုင်တွယ် အသုံးချသော အလုပ်အဖွဲ့အစည်းရှိ အစုအဖွဲ့များ၏ စေတနာနှင့် လုပ်နည်း ကိုင်နည်းလည်း အရေးပါလှပေသည်။ မိမိလုပ်ငန်းတွင် ဘဝကို မြှုပ်နှံ၍ အလုပ် လုပ်နေကြသော လခစားဝန်ထမ်းများ ကောင်းစားရေးနှင့် မိမိလုပ်ငန်း တိုးတက်ရေးတို့ကို ဦးတည်၍ အကောင်းဆုံး ကြိုးစားသင့်ကြောင်းသာ အကောင်းဆုံးဟု ဆိုရပေသည်။

ရေးသားသူ - ပါမောက္ခ ဒေါက်တာ တင်စိုး
By HR Journal Originally posted 28/02/2011 20:22PM

မန်နေဂျာနဲ့ သူ့ရဲ့အလုပ်

မန်နေဂျာနဲ့ သူ့ရဲ့အလုပ်
မန်နေဂျာနဲ့ သူ့ရဲ့အလုပ်ကို ထပ်ပြောရရင် မန်နေဂျာ ဘဝကိုရရှိဖို့ “ရာထူးဝင်တဲ့အချိန်” (လုပ်ငန်းခွင် အတွင်းပိုင်းမှာပဲရှိပြီး ရာထူးအဆင့် တက်ဖို့အတွက် ဌာနတွင်း ရာထူးဝင်ကြတာကို မပြောဘဲ)ပြင်ပလောကကနေ ရာထူးဝင်ကြရာမှာ မန်နေဂျာလောင်းတွေ သတိထားရမှာတွေနဲ့ ရာထူးလက်ဝယ်ရှိပြီး သားမန်နေဂျာအနေနဲ့ အခြားဌာန၊ အခြားဒေသကို ပြောင်းရွှေ့သွားရမယ့် အချိန်မှာ ကိုယ့်ရဲ့နေရာမှာ ရာထူး လက်ခံမယ့်သူကို “အလုပ်လွှဲချိန်" မှာ သတိထားရမယ့် ကိစ္စတွေကို ပြောချင်တာပါ။ မန်နေဂျာအဖြစ် အရာထူးအသစ်ကို လက်ခံတော့မယ်ဆိုရင် (ဌာနအတွင်း ရာထူးတိုးတာ မဟုတ်ဘဲ အပြင်က ဝင်လာတာဆိုရင်) အလုပ်တာဝန်ကို လွှဲပြောင်း မယူခင်ကတည်းက လစာကိစ္စတွေကို ပိုင်ရှင်၊ ဒါမှမဟုတ် တာဝန်ရှိသူနဲ့ ရှင်းရှင်းပြတ်ပြတ် ဆွေးနွေးသင့်တယ်။ လစာကို အတိုးအလျှော့ လုပ်နိုင်အောင်လည်း စဉ်းစားထားသင့်တယ်။ ကိုယ်က တာဝန် လွှဲပေးရတော့မယ်ဆိုရင် တာဝန်မလွှဲပေးခင် ကတည်းက ကိုယ့်လုပ်ငန်း အားလုံးကို စာရင်းပြုစု ထားသင့်ပါတယ်။ အရေးကြီးတာတွေကို ကိုယ်တိုင်ပြုစုပြီး သာမန်ကိစ္စ၊ အရေးမကြီးတဲ့ ကိစ္စတွေဆိုရင်တော့ တာဝန်ယူနိုင်မယ့်လူကို ရွေးချယ်ပြီး လုပ်ခိုင်းတာနဲ့ အဆင်ပြေပါတယ်။ ကိုယ်လုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် အရေးမကြီးဘူး။ တာဝန်ပြီးဖို့သာ အဓိကဆိုတဲ့ သာမန်အလုပ်တွေကို ကိုယ်တိုင် လုပ်မနေပါနဲ့။ အရေးကြီးတာက ကိုယ်က တာဝန်လွှဲပေးခဲ့ပြီးမှ နောက်လူက မရှင်းလင်းတာကြောင့် ဖုန်းနဲ့ ခဏခဏ မေးနေရတာ၊ ကိုယ်ကိုယ်တိုင်သွားပြီး ရှင်းနေရတာမျိုးဟာ အကြိမ်အရေအတွက် များလာရင် မကောင်းပါဘူး။ ဒါဟာ အင်မတန် သိက္ခာကျစရာကိစ္စ၊ ရှက်စရာကိစ္စအဖြစ် နားလည်ထားဖို့ လိုပါတယ်။

ထိထိရောက်ရောက် တာဝန်လွှဲပေးတာဟာ တာဝန်လွှဲပေးလိုက်တဲ့ မန်နေဂျာရဲ့အရည်အချင်းကို ဖော်ပြရာရောက်ပါတယ်။ စနစ်မကျတဲ့၊ ဖရိုဖရဲဖြစ်နေတဲ့ အလုပ်တွေ၊ အထူးသဖြင့် ကြွက်ဖွထားတဲ့ အမှိုက်ပုံလို ဖြစ်နေတဲ့ အလုပ်မျိုးတွေကို လွှဲပြောင်းလက်ခံရမယ့် နောက်လူဟာ ဓမ္မတာပဲ၊ စိတ်ညစ်ရမှာ သေချာတယ်။ ကိုယ့်ရဲ့အရည်အချင်းမဲ့မှုကို လွှဲပေးလိုက်တဲ့ အလုပ်တွေက ဖော်ပြနေတတ်တယ်။ တာဝန်လွှဲပေးခဲ့တဲ့ မန်နေဂျာဟာ နောက်ရောက်လာမယ့် မန်နေဂျာကို ကိုယ့်အလုပ်ဌာနက လူတွေနဲ့ ပတ်သက်ရင် သာမန်ကလွဲပြီး နှိုက်နှိုက်ချွတ်ချွတ် မိတ်ဆက်မပေးပါနဲ့။ ကိုယ်က သမာသမတ်ကျစွာ အလုပ်မှာ ခိုကပ်သူ၊ ပျင်းရိပြီး မတက်ကြွသူ၊ ခွင့်ခဏခဏယူသူ အဲဒီလိုသူမျိုးတွေကို မိတ်ဆက်ပေးရတာ မကောင်းပါဘူး။ ကိုယ်နဲ့အဆင်မပြေလို့ ချောက်ချခဲ့တာလို့ ထင်သွားတတ်တယ်။ သူ့ဘေးမှာ ဝန်းရံလာမယ့်လူတွေနဲ့ ပတ်သက်ရင် နောက်ရောက်လာမယ့် မန်နေဂျာဟာ သူ့ဘာသာသူ သိသွားတာ ကောင်းပါတယ်။ လူတော်လူရှော်၊ လူဖျင်း၊ လူပျင်းတွေကို လုပ်ငန်းခွင်မှာ ထိတွေ့ဆက်ဆံလုပ်ကိုင်ရင်း အလုပ်ကို လွှဲပြောင်းယူသွားတဲ့ လူကိုယ်တိုင် လက်တွေ့ဘဝမှာ သိသွားတာ ကောင်းပါတယ်။ ကိုယ်သတိထားရမှာက ထက်မြက်တဲ့၊ တော်တည့်မှန်ကန်တဲ့ မန်နေဂျာကောင်း တစ်ယောက်ဟာ လုပ်ငန်းတာဝန်တွေကို နောက်လူကို လွှဲပေးရာမှာ အရှုပ်အထွေး၊ အမှားအယွင်း ကင်းစွာ လွှဲပြောင်းပေးနိုင်တဲ့သူ ဖြစ်ဖို့လည်း ဖြစ်ပါတယ်။ ဒါကို မမေ့မလျော့ နှလုံးသွင်းသင့်တယ်။ ကိုယ်ဟာ ဘယ်လိုလူလဲဆိုတာ အဲဒီမှာ အမှတ်ပေး ခံရတတ်တယ်။ မန်နေဂျာကောင်း တစ်ယောက် တာဝန်တစ်ခုကို လက်ခံတာ၊ ကိုယ့်တာဝန်ကို တခြားလူတစ်ယောက်ကို လွှဲပြောင်းပေးတာမျိုးဟာ လွယ်မယောင်နဲ့ ခက်တတ်ပါတယ်။ တိမ်မယောင်နဲ့လည်း နက်တတ်ရဲ့။ ဒါကို မန်နေဂျာများ သတိမူမိဖို့ပါ။

ရေးသားသူ - ထက်ကျော်
By HR Journal Originally posted 28/02/2011 22:05PM

အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 

နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။

၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို  သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။

၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။

၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။

၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်"

၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။

၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။

ကုမ္ပဏီမူဝါဒနှင့် လုပ်ငန်းခွင်တွင် သတိပြုရမည့် အခြေအနေများ

ကုမ္ပဏီမူဝါဒနှင့် လုပ်ငန်းခွင်တွင် သတိပြုရမည့် အခြေအနေများ

ကုမ္ပဏီတစ်ခု စတင်တည်ထောင်လျင် မူဝါဒ (Policy) သည် အရေးပါသော ကဏ္ဍတစ်ရပ် အဖြစ်ပါဝင်သည်။  ကုမ္ပဏီ စတင်ဖွဲ့စည်းချိန်တွင် မူဝါဒလည်း ချမှတ်ရမည် ဖြစ်သည်။ မီးစင်ကြည့်ကသော အနေအထားသည် ခိုင်မာမှုမရှိ။ ဆိုင်ရာ အခန်းကဏ္ဍများ (Sectors) တွင် ဆိုင်ရာဖွဲ့စည်းမှု (Structure)၊ စီစဉ်မှု (Plan)၊ လုပ်ထုံးလုပ်နည်း (Procedure) များဖြင့် ကုမ္ပဏီ၏ နယ်ပယ် (Field)၊ သဘောသဘာဝနှင့် ဆောင်ရွက်ရမည့် အနေအထားများအပေါ် မူတည်၍ ချမှတ်လုပ်ဆောင်ရန် အသင့်ရှိနေသည်။ မူဝါဒဟူသော လမ်းကြောင်းပေါ်တွင် မည်သို့သွားရမည်ဟူသော အချက်ကို ဝန်ထမ်းများ ကြိုတင်သိထားသင့်သည်။ ကြောင်းထားသောလမ်းပေါ်တွင် အဆင်ပြေပြေ သွက်လက်စွာ သွားနိုင်ရန် လုံးပမ်းကြရမည်။ “မူဝါဒမရှိလျင်လည်း ဖြစ်သည်။ မူဝါဒ မလိုအပ်” ဟူသော အယူအဆများ ရှိနေသည်။ ကုန်သွယ်ခြင်း (Trade)၊ ဝန်ဆောင်ခြင်း (Service)၊ ထုတ်လုပ်ခြင်း (Production) စသည့် ကုမ္ပဏီများသည် ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် အာရုံစိုက်မှုများပြီး ကုမ္ပဏီ၏ ရှေ့ခရီးကို ဂရုမပြုသူများလည်း ရှိသည်။

အမှန်ကား ကုမ္ပဏီမူဝါဒဆိုသည် လုပ်ငန်းရှင်နှင့် လုပ်ငန်းအတွက် သာမက ဝန်ထမ်းများ အတွက်လည်း အရေးပါသည့် အခြေခံ အချက်တစ်ရပ် ဖြစ်ပေသည်။ မူဝါဒ ချမှတ်ထားခြင်း ရှေ့ခရီးလမ်းကိုလည်း ကြိုတင်မြင်နိုင်သည်။ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနိုင်သည်။ လမ်းမှန်လမ်းမှား ရွေးချယ်ရာတွင်လည်း အခွင့်အလမ်းရှိသည်။ ကုမ္ပဏီ၏ပြေးလမ်း အနားသတ်ကို ရောင်းအား ပမာဏ၊ ဝန်ဆောင် ပမာဏများဖြင့် မထားရှိသင့်ဘဲ မူဝါဒဖြင့်သာ အနားသတ်ထားသင့်သည်။ ထိုမူဝါဒ အနားသတ်ထားသော လမ်းကြောင်းအတွင်း၌ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နိုင်သည်။ အချို့က အနားသတ်အဓိပ္ပာယ်ကို ဘောင်ကျဉ်းစေသည်ဟု မှတ်ထင်ကြသည်။ အမှန်တကယ်တွင် အနားသတ်ခြင်းသည် နယ်ပယ်တစ်ခုလုံးကို ပိတ်ကာသည့် ခြံစည်းရိုးကဲ့သို့ မဟုတ်။ ပြေးလမ်း ဖြောင့်တန်းပြီး အရှိန်အဟုန် မြှင့်နိုင်ရန်နှင့် ပရမ်းပတာ မဖြစ်စေရေးသာ ဖြစ်သည်။ ကုမ္ပဏီသည် တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်၍မရပဲ အပေါင်းအဖွဲ့နှင့်ဆိုင်ရာ ကဏ္ဍအလိုက် အချိုးညီစွာ အချိတ်အဆက် မိမိလှုပ်ရှားရသည့် အနေအထားဖြစ်သည်။

ကုမ္ပဏီမူဝါဒ မပြတ်သားလျင် လုပ်ငန်းရှင်တစ်ဦးသည် မိမိ၏လုပ်ငန်းတွင် ရှေ့ခရီးစဉ်သည် ဝေဝါးနေမည်။ ပြောင်းလဲသင့်သည့် Idea ၊ ကျင့်သုံးရမည့် နည်းပညာပိုင်းတို့သည်လည်း ဝေခွဲမရ ရှိလာနိုင်သည်။ ကုမ္ပဏီပြင်ပ ဆက်ဆံရေး၊ ဝန်ထမ်းထိန်းသိမ်းရေး စသည်တို့တွင် အားနည်းလာမည် ဖြစ်သည်။ “လက်ရှိလုပ်ငန်းတွင် အကျိုးအမြတ်ကောင်းလျှင် ဆက်သွားမည်။ အကျိုးအမြတ် မဖြစ်လျှင် ရုပ်သိမ်းကာ လမ်းကြောင်းပြောင်းမည်” ဟူသော ခါတော်မီနှင့် ငါးပွက်ရာငါးစာချသော လုပ်ငန်းများသည်။ အောင်မြင်မှုကို ရှေးရှုသော လုပ်ငန်းမဟုတ်ပေ။ ၎င်းအပြင် စပ်တူ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းများတွင်လည်း ပိုင်ရှင်အချင်းချင်း ပြတ်သားသော သဘောထားများကြောင့် အချင်းချင်း အမြင်မကြည်လင်မှု၊ စာရင်းမရှင်းလင်းမှု၊ အပေးအယူ မမျှတမှုများ ဖြစ်ပေါ်စေသည်။ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်သည်လည်း ဦးတည်ချက်ပျောက်ကာ လမ်းမှန်ရွေးရန် ခက်သည်။ အတွေ့အကြုံများအရ ဒါရိုက်တာအဖွဲ့ (BOD) အတွင်းတွင် လုပ်ငန်းသဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဖြင့် တပည့်မွေးမှုများ ရှိလာသည်။ “မင်းကဘယ်သူ့လူ၊ ငါကဘယ်သူ့လူ” စသည်ဖြင့် ဝန်ထမ်းအတွင်း၌ပင် ပြိုင်ဆိုင်မှုများဖြင့် မတည်မငြိမ်ဖြစ်လာသည်။

ဤကိစ္စမျိုးကို ဖြေရှင်းရန် အားမထုတ်ဘဲ ဝန်ထမ်းကြားက သတင်းရရန် အခွင့်အရေးတစ်ရပ်ဟု ယူဆလျက် မသိကျိုးကျွန် ပြုနေကြသည်။ ထိုအသေးအဖွဲသည်ပင် အက်ကြောင်း (Crack) ဖြစ်လာပြီး လုပ်ငန်းကို ထိခိုက်စေသည်။ လုပ်ငန်းမှတစ်ဆင့် ကုမ္ပဏီ ထိခိုက်စေသည်။ “ကိုယ့်တပ်ကိုယ်ပြန်နင်း” သော အနေအထားမျိုးဖြစ်သည်။ ကုမ္ပဏီမူဝါဒ မပြတ်သားမှုကြောင့် ဒုတိယခေါင်းခဲရမူမှာ GM  (သို့မဟုတ်) Admin:Manager ပင်ဖြစ်သည်။ မူဝါဒ ခိုင်မာမှုမရှိသောအခါ လုပ်ငန်းရှင် အနေဖြင့် “မိမိဘယ်လမ်းသို့ သွားနေမှန်းမသိ” သောအနေအထားမျိုး ဖြစ်မှန်းမသိ ဖြစ်နေသည်။ ထိုအခါ ညွှန်ကြားချက် (Instruction) ကိုပီပြင်အောင် မပေးနိုင်ခြင်းမျိုး ဖြစ်လာသည်။ ခုတစ်မျိုး တော်ကြာတစ်မျိုးလည်း ဖြစ်တတ်သည်။ ဘာကိုညွှန်ကြားမှန်း မသိနိုင်တာမျိုးလည်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ အရေးကြီးသော ကိစ္စကို ညွှန်ကြားပြီး အခက်အခဲကြားမှ ထွက်ပေါက်ကို ဆွေးနွေးခြင်း၊ လုပ်ပိုင်ခွင့် ပေးခြင်းမျိုးမရှိဘဲ ဖြစ်တတ်သည်။

ကိုယ်စားဟူ၍ လက်မှတ်ထိုးနိုင်သော အဆင့်သည် လုပ်ပိုင်ခွင့် ရှိကောင်း ရှိနိုင်သော်လည်း အမိန့်အရဟုသာ လက်မှတ်ထိုးနိုင်သော အဆင့်ရှိသူမှာ လတ်တလော ဖြေရှင်းရခက်သည့် ကိစ္စရပ်များနှင့် ကြုံလျှင် အလွန်စိတ်ညစ်ရသည်။ ထိုမျှမက ဒါရိုက်တာအဖွဲ့နှင့် ဆိုလျင် တစ်ဦးကတောင်၊ တစ်ဦးကမြောက် ဆန့်ကျင်ဘက် ညွှန်ကြားချက်ကြားတွင် မန်နေဂျာကြီးများ ဗျာများရသည်။ ထပ်ဆင့်ညွှန်ကြားရာတွင် အားနည်းနေတတ်ပြီး လုပ်ငန်းချောမွေ့မှု မရှိ ဖြစ်တတ်သည်။ ကုမ္ပဏီမူဝါဒ မပြတ်သားမှုကြောင့် ကဏ္ဍအသီးသီး၊ ဌာနအသီးသီးမှ ဝန်ထမ်းများလည်း အခက်ကြုံရတတ်သည်။ တစ်ခါတစ်ရံ ဌာနတစ်ခုမှ သာမန်ဝန်ထမ်း တစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ လက်ပွန်းတတီး ဆက်ဆံပြီး ထိုဝန်ထမ်း၏ အထက် မန်နေဂျာကို ပြန်၍ ချုပ်ကိုင်ထားသည့် ကိစ္စများလည်းရှိသည်။ ထိုအခါဌာနတွင်း မကျေလည်မှုများ ပေါ်လာသည်။ ပုဂ္ဂိုလ်ရေး ဘက်လိုက်မှု ဖြစ်လာသောအခါ အမှန်တကယ် ကြိုးစားသူများ နစ်နာမှုရှိလာသည်။ ကုမ္ပဏီလုပ်ငန်း တစ်ခုလုံးသည် BOD နှင့်အတူ ဝန်ထမ်းများအားဖြင့် လုပ်ဆောင်ရခြင်းဖြစ်၍ ကုမ္ပဏီ၏အသက်သည် ဝန်ထမ်းများဖြစ်သည်။

လုပ်ငန်းရှင်အနေဖြင့် ပြတ်သားသော၊ ခိုင်မာသော မူဝါဒမရှိပါက ဝန်ထမ်းများသည် မျက်နှာမရမည်ကို စိုးရိမ်ခြင်း၊ ရာထူး/လစာ မတိုးမည်ကို စိုးရိမ်ခြင်း၊ အလုပ်ပြုတ်မည်ကို စိုးရိမ်ခြင်း၊ လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်ခြင်း စသည့် ထိပ်လန့်နေမှုများဖြင့် လုပ်ငန်းခွင်တွင် မပျော်ပိုက်ဘဲ ဖြစ်တတ်သည်။ ထိုသို့ စိတ်ဝင်စားမှု အားနည်းခြင်းသည်ပင် ဝန်ထမ်းကောင်းရရန် ခက်ခြင်း၊ ဝန်ထမ်းမမြဲခြင်း၊ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးခြင်းများကို ဖြစ်ပေါ်စေသည်။သို့ဖြစ်၍ ကုမ္ပဏီတစ်ခုတွင် သင့်တင့်ညီညွတ်သော မူဝါဒရှိရန် လိုပေသည်။ မူဝါဒချမှတ်ထားခြင်းဖြင့်
-ကုမ္ပဏီ၏ ရှေ့မျှော်မှန်းချက်ကို သိသာမြင်သာ ရှိစေခြင်း
-လုပ်ဆောင်ရာတွင် အဓိကနှင့် သာမည ခွဲခြားလွယ်ခြင်း
-လုပ်ငန်းသဘာဝနှင့် ဝန်ထမ်းစွမ်းအား၊ အောင်မြင်မှုတို့သည် လိုက်လျောညီထွေဖြစ်ခြင်း
-အခက်အခဲရှိလျင် ဖြေရှင်းရ လွယ်ကူခြင်း လုပ်ငန်းခွဲများ ကျယ်ပြန့်စွာ ဖြစ်ထွန်းရန် အခြေခံရှိခြင်း စသည့်အချက်များ ပြည့်စုံစေပါသည်။
ထိုမျှမက လုပ်ငန်းရှင် အနေနှင့်လည်း ပုဂ္ဂလ ခံစားချက်များနှင့် ဦးဆောင်မနေဘဲ လုပ်ငန်းကိုသာ ကြည့်၍ နည်းလမ်းသစ်များ ရှာကြံ ချမှတ်ခြင်းအားဖြင့် ကုမ္ပဏီကို အင်အားဖြစ်စေသည်။ မူဝါဒ ချမှတ်ရန် လိုအပ်ခြင်းနှင့် ဆပ်စပ်၍ လုပ်ငန်းပိုင်း သတိပြု လုပ်ဆောင်ရမည့် အခြေအနေကိုလည်း ရေးသားတင်ပြမှ ပြည့်စုံမည် ဖြစ်ပေသည်။

ကုမ္ပဏီအကြီးအကဲနှင့် အဆင့်ဆင့် စီမံအုပ်ချုပ်ရေး ဌာနများသည် မိမိလုပ်ငန်း၏ သဘာဝနှင့် အခြေအနေကို ပိုင်နိုင်စွာ သိထားသင့်သည်။ ကုမ္ပဏီတွင်း ဌာနချင်းနားလည်စွာ ပူးပေါင်းဆောင်ရွက်ခြင်း (Co-operation) ဖြင့် ရလဒ်ကောင်းများ ရရှိစေနိုင်သည်။ ဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု၊ သတင်းပေးမှုသည် အရေးကြီးသည်။ သို့မှသာ လုပ်ငန်းစီးဆင်းမှုအပေါ် အဆက်မပြတ် အကဲဖြတ်လျက် လိုအပ်သည့်နေရာကို ဖြည့်ဆည်း ပေးနိုင်ပေမည်။ မိမိကိုယ်ကို၊ မိမိဌာနကိုသာ အမွှန်းတင်ပြီး အတ္တကြီးနေပါက ရရှိသောသတင်း (Information) အပေါ်ဆောင်ရွက်ရန် ကိစ္စသည် လစ်ဟာသွားပေမည်။ အထူးသဖြင့် ထုတ်လုပ်ရေး၌ လုပ်ငန်းခွင်ထဲရှိ ဌာန အသီးသီးထက် ကုမ္ပဏီ အကြီးအကဲနှင့် နွယ်သော P.A Secretary စသည့် ပုဂ္ဂိုလ်များသည် လုပ်ငန်းခွင်ကို နှံစပ်စွာ သိထားသင့်သည်။ ဤသို့ဆိုခြင်းမှာ လုပ်ငန်းရှင် ကိုယ်တိုင်က Customer သို့မဟုတ် Client နှင့် အလုပ်ကိစ္စ ပြောဆိုရာတွင် ထိုပုဂ္ဂိုလ်များကို လွှဲထားသည့် သာဓကများရှိနေသည် ထုတ်လုပ်ရေးတွင် သတ်မှတ် အရည်အချင်းနည်းတူ ရက်ချိန်းသည်လည်း အရေးကြီးသည်။ Client (or) Customer နှင့် ဆုံတွေ့ညှိနှိုင်းရာတွင် တောင်းဆိုသောရက်ချိန်းသည် ဖြစ်နိုင်မဖြစ်နိုင်မသိ၊ အကျိုးအကြောင်းနှင့် ခြေခြေမြစ်မြစ် ညှိနှိုင်းခြင်း မရှိသောအခါ ကမောက်ကမဖြစ်ရသည်။

ထို့ကြောင့် ကုမ္ပဏီတစ်ချို့တွင် CRM (Customer Relation Manager)၊ CRO (Customer Relational Offices) စသည်ဖြင့် ထားရှိကြခြင်းဖြစ်သည်။ ကုမ္ပဏီ အတွင်းရေးမှူး၏ အတ္တဆန်မှုနှင့် မိမိကိုယ်ကို အထင်ကြီးမှုကြောင့် ကုမ္ပဏီကို တိုက်ရိုက်ထိမှန်သော သာဓကများ ရှိသည်။ သာဓက တစ်ခုပြရလျင် Export သစ် အချောထည်စက်ရုံ (ယခု လုပ်ငန်းရပ်ဆိုင်း) ပိုင်ရှင်သူဌေးတွင် အမျိုးသမီး Secretary တစ်ဦးရှိသည်။ Head  Office တွင်လည်းကောင်း၊  Factory တွင်လည်းကောင်း သူ၏ညွှန်ကြားမှုများသာ လွှမ်းမိုးနေသည်။ ထိုသို့ဖြစ်အောင်လည်း သူဌေးက လွှဲအပ်ထားသည်။ တကယ်တမ်းတွင် ကုန်ထုတ်လုပ်မှု အနေအထား၊ လုပ်သား အနေအထားနှင့် စီစဉ်မှုများကို သူနားမလည်။ ထို့ကြောင့် နိုင်ငံခြားသား အဝယ်တော်နှင့် ပြောဆိုရာတွင် သူ့ဘက်ကိုယ့်ဘက် ခိုင်မာအောင် ခြေခြေမြစ်မြစ် ညှိနှိုင်းခြင်းမရှိပဲ (ထုတ်လုပ်ရေးပိုင်းမှ တစ်ဦးတစ်ယောက်ကိုမျှ တိုင်ပင်ခြင်းမရှိ) တောင်းသောရက်ချိန်းကို ပေးလိုက်သည်။ ကုန်ပစ္စည်းပမာဏနှင့် ရက်ချိန်း လုံးဝမကိုက်ညီကြောင်း ထုတ်လုပ်ရေးအဖွဲ့က သိသောအခါ မဖြစ်နိုင်ဟု ပြောသော်လည်း လက်မခံ။ ထိုအခါ အမြန်ဆုံး တက်သုတ်ရိုက်၍ လုပ်ကြရသည်။

ရက်ချိန်း မီရေးအတွက် ကန့်သတ်  Schedule ကို ဦးစားပေးလုပ်ကြသည်။ နမူနာ (Sample) မထုတ်နိုင်တော့ဘဲ တိုက်ရိုက်တိုင်းတာ Marking လုပ်၍ ထုတ်လုပ်သဖြင့် စက်ယန္တရားများ၏ ချို့ယွင်းချက် အနည်းအများကြောင့် ကွာဟချက်လေးများ ရှိလာသည်။ အစပ်အဟပ်များတွင် စေ့စပ်မှုမရှိဘဲ အဟများဖြစ်ပေါ်ခြင်း၊  Size အနည်းအကျဉ်း ကွာဟခြင်းစသည်တို့ ဖြစ်လာသည်။ ထိုအခါ ထပ်မံအသစ် ပြင်ဆင်ရန်လည်း မဖြစ်နိုင်တော့သောအခါ အသားဖြည့်ခြင်း၊ အသားပိုးခြင်း၊ လက်ဖြင့် ပြုပြင်ခြင်းများကို ပြုလုပ်ကြသည်။ အချောထည်ဖြစ်၍ ပစ္စည်း ထွက်လာချိန်တွင် Overall dimension ကွာဟချက်များ ဖြစ်လာသည်။ QC ထံ ရောက်သောအခါတွင်လည်း အချိန် မပေးနိုင်တော့သဖြင့် ရောလွှတ်ကြသည်။ ထို့ကြောင့်လည်း Container တစ်လုံး လုံး ပြန်ပို့ခံရသည်မျိုးလည်း ကြုံရသည်။ အကယ်၍ တစ်ဖက်အဝယ်မှ ပြစ်ချက်ကို ချက်ခြင်းမတွေ့ပဲ ဈေးကွက်တွင်း ဖြန့်ချိပြီးသည့် နောက်မှ ဒဏ်ချက်များ ဖြစ်ပေါ်လာသော အခါ အရောင်းဆိုင်ကို စောဒက တက်လာကြသည်။

ထိုအရောင်း ကုမ္ပဏီကလည်း အခြေအနေကို ခန့်မှန်းမိပြီး နောက်ထပ် အမှာမပို့တော့။ ပြည်ပ အရောင်းကုမ္ပဏီတစ်ခု လက်လွှတ်ရခြင်းသည် ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်သည်။ လက်ထဲရောက်ပြီးသော အဆက်အသွယ်ကို ထိန်းမထားနိုင်ဘဲ အောင်မြင်မှုမတိုင်မီ လက်လွှတ်လိုက်ရသည့် ဆုံးရှုံးမှုကြီး ဖြစ်သည်။ ဤအဖြစ်အပျက်တွင် လေ့လာ ဆန်းစစ်ကြည့်ပါက ကုမ္ပဏီတွင်းပေါင်းစည်းလုပ်ဆောင်မှု၊ ချိတ်ဆက်မှု၊ နားလည်မှု အားနည်းသောကြောင့် ဖြစ်သကဲ့သို့ ထုတ်လုပ်ရေးတွင်လည်း အဆင့်ကျော်ခြင်း၊ မစေ့စပ်ခြင်းသည် ပဓာနအချက်ကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ အကျိုးဆက်သည် အကြောင်းပေါ်တွင်သာ တည်မှီနေသည်။ အကြောင်းနှင့်အကျိုး ဆက်စပ်နေသောကြောင့် ပစ္စုပ္ပန်အခြေအနေတွင် အကြောင်းတရားကို အကောင်းဆုံး စီမံ လုပ်ဆောင်သင့်သည်။

သို့ဖြစ်၍ အထက်ပါ သာဓကအရ သတိပြုရန်မှာ
- ထက်အောက် နားလည်မှုရှိရမည်။ - အချင်းချင်း ချိတ်ဆက်မှုရှိရမည်။
- ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူပါရှိရမည်။ - စည်းလုံးညီညွတ်မှု ရှိရမည်။
-လုပ်သင့်၊ မလုပ်သင့် ခွဲခြားနိုင်စွမ်း ရှိရမည်။
-အချိန်ကန့်သတ်ချက် ရှိငြားလည်း စိတ်ရှည်ရမည်။
-လိုအပ်သော အချိန်ကို အသုံးပြုခြင်းသည် မလိုအပ်သော အချိန်ကုန်ခြင်းကို ကာကွယ်ပေးသည်။
- အသေးအဖွဲ့ အမှားသည် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေတတ်သည်။
- အခက်အခဲ တစ်ခုဖြစ်ပါက ဒဏ်ခတ်ရန်မဟုတ်၊ ပူးပေါင်း ဖြေရှင်းရန်သာ ဖြစ်သည်။
သတိ ပြုလုပ်ဆောင်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ယခုတင်ပြထားသော သစ်အချောထည် လုပ်ငန်း၏ အဖြစ်အပျက်ကဲ့သို့ အခြားသော လုပ်ငန်းများကိုလည်း သာဓကပြ၍ တင်ပြရန် ရှိပါသည်။ ကုမ္ပဏီကို အနည်းနှင့်အများ ထိခိုက်နိုင်သော အမှတ်တမဲ့ လုပ်ဆောင်ချက်များ၊ တမင်တကာ လုပ်ဆောင်ချက်များ များစွာရှိပါသည်။ ကြိုတင်စီမံမှုနှင့် ကျွမ်းကျင်မှုအပေါ် မူတည်ကာ အမှားနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း ရေရှည် (Long Term) လား၊ရေတို (Short Term) လားဟူသည့် ကုမ္ပဏီသဘောထားကို ထည့်သွင်းစဉ်းစားရန် လက်ခံရပေမည်။ ထိုအခါ လုပ်ငန်းကို စီမံခန့်ခွဲရာ၌ မည်သို့ကိုင်တွယ် လမ်းညွှန်ရမည်ကို သိသာ ပေါ်လွင်လာစေသည်။ အောင်မြင်စေရန် ရည်ရွယ်ကြိုးပမ်းသည်ဟု ဆိုလျင် ထုတ်လုပ်ရေး ကုမ္ပဏီ၏ သာဓကအရ သတိပြု လုပ်ဆောင်ရမည့် အခြေအနေများကို လျစ်လျူ မရှုသင့်ကြောင်းလည်း ထင်ရှားနေပေသည်။


ရေးသားသူ- သာထက် (လက်တွေ့နယ်မြေ)
By HR Journal 20 February, 2011 - 23:25

အောင်မြင်သော ခေါင်းဆောင်မှု လျှို့ဝှက်ချက်များ

မကောင်းမြင်တတ်သူများအဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။  မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင်လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ်လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာကြခြင်းသာ ဖြစ်သည်။ မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့်သာ ခေါင်းဆောင်နေရာတွင် ရပ်တည်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သောသဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။

ခေါင်းဆောင်ဖြစ်လာမှုနှင့် ပတ်သက်ပြီး Nature လား၊ Nurture လား ဆိုသည့် မေးခွန်းကို အမြဲ မေးလေ့ရှိကြသည်။ nature ကတော့ ဖွံ့ဖြိုးဆဲများ အလေးထားကြသည်။ သဘာဝကိုက ခေါင်းဆောင်ပါရမီ ပါလာသည့်သဘော ဖြစ်သည်။ တောက်မည့်မီးခဲ အရှိန်နှင့် တရဲရဲ သဘောမျိုး ဖြစ်သည်။ နဂိုရှိမှ နဂိုင်းထွက်သည့် သဘောလည်း ဖြစ်သည်။ Nurture ကတော့ ခေါင်းဆောင်မွေးယူခြင်း ဖြစ်သည်။ Nature က မှန်သလား၊ Nurture က မှန်သလားဟု ဆိုလျှင် နှစ်ခုစလုံး မှန်ပါသည်။ ခေါင်းဆောင်မှု သင်တန်းများကို တက်ရောက်သူများကို ကြည့်လျှင် ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူများသာ တက်ရောက်ကြသောကြောင့်သာ ဖြစ်သည်။ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူသည် Nature ဖြစ်သည်။ ခေါင်းဆောင်မှု သင်တန်းအရ ခေါင်းဆောင်များ မွေးထုတ်ခြင်းသည် Nurture သာ ဖြစ်သည်။ မဆိုင်သော်လည်း ဆက်စပ်မှု ရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်း ရွယ်တော့မဟာနွယ်၊ ညားတော့ဈေးသည် အဆင့်လောက်ခေါင်းဆောင်မျိုးသာ ရရှိပါသည်။ ခေါင်းဆောင် အရည်အချင်း ရှိသူများကို လေ့လာမည်ဆိုလျှင် သူတို့ လုပ်ကိုင်နေသော လုပ်ရပ်များကို ကြည့်ပြီး အကဲခတ်နိုင်ကြသည်ဟုလည်း ဆိုကြပါသည်။ သူတို့ရဲ့ သိသာနိုင်သော လျှို့ဝှက်ချက်များကို လေ့လာမည် ဆိုပါက

အသိအမှတ်ပြုတတ်ပါစေ

ခေါင်းဆောင်တစ်ဦး၏ မလွဲမသေ လုပ်ရမည့် တာဝန်များတွင် Recognition ခေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ အလုပ်ကို အသိအမှတ် ပြုမှာလား၊ လူကို အသိအမှတ် ပြုမှာလားဟူသော မေးခွန်းသည် ထိုခေါင်းဆောင်၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်။ အလုပ်ကို မွေးသော ခေါင်းဆောင်သည် တာဝန်ကျေပွန်သူက မြှောက်စားသည်။ အလုပ်တာဝန် မကျေပွန်သူကို သတိပေးသည်။ လူကို မွေးသော ခေါင်းဆောင်သည် ကိုယ်နှင့် တည့်သည့်လူကို မြှောက်စားသည်။ မတည့်သည့်လူကို ချောင်ထိုးသည်။ ပိုစိတ်ချရအောင် နှိပ်ကွပ်ထားသည်။ တစ်ဖန် ခေါင်းဆောင်ဆိုသည်မှာ လူကြောင့် ဖြစ်လာသည်လား၊ အလုပ်ကြောင့် ဖြစ်လာသည်လား ဟူသော မေးခွန်းကို လူတွေကြောင့် ခေါင်းဆောင်ဖြစ်လာသည်ဟုသာ ထင်တတ်ကြသည်။ အမှန်တော့ အလုပ်အရသာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးတို့ ဖြစ်လာကြခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ခေတ်သစ်စီးပွားရေး စနစ်တွင် စုံစီနဖာ၊ တောက်တိုမယ်ရ ခေါင်းဆောင်ဆိုသည်ကား မရှိ၊ အလုပ် တာဝန်ဝတ္တရား Division of Labour or Specialization ပေါ် မူတည်ပြီးမှသာ ခေါင်းဆောင်ဖြစ်လာခြင်းသာ ရှိသည်။ အဖွဲ့အစည်းမှ ဖြစ်လာသော ခေါင်းဆောင်သာလျှင် ရှိသည်။ ထိုခေါင်းဆောင်သည် ထိုအဖွဲ့အစည်း မရှိတော့လျှင် ထိုခေါင်းဆောင်လည်း မရှိတော့သည့် သဘောမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြန်သုံးသပ်လျှင် အလုပ်ကိုလည်း မွေးရမည်။ အလုပ်နှင့်ပတ်သက်သော လူများကိုလည်း မွေးရမည်သာ ဖြစ်ပါတော့သည်။ အလုပ်သပ်သပ် မွေးလို့တော့ မရနိုင်ပါ။ အလုပ်နှင့် တွဲပြီး လူမွေးရပါသည်။ သို့သော်လည်း အလုပ်သပ်သပ်ဖြင့် လူမွေးလို့ရော ရနိုင်ပါသလားဟူသော မေးခွန်းလည်း ရှိပါသည်။ အလုပ်သပ်သပ်ဖြင့်လည်း လူမွေး၍ ရနိုင်ပါသည်။ သို့သော်လည်း အဖွဲ့အစည်းအတွက်တော့ စိတ်မချရပါ။ အဖွဲ့အစည်း ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။

အဖွဲ့အစည်း ပျက်သွားလျှင် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း မရှိတော့ပါ။ အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင်လည်း တွေးဆစရာများလည်း ရှိပါသည်။ ရပ်တည်နေသော အဖွဲ့အစည်းနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာအားဖြင့် - လူ၏ ခန္ဓာကိုယ်ကို အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်လိုက်မည် ဆိုလျှင် အစား စားနေချိန်တွင် အစားစားခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းသည် ခေါင်းဆောင် ဖြစ်လာပါသည်။ ပါးစပ်၊ လက်၊ မျက်စိ စသည့် အပိုင်းများ ဖြစ်လာပါသည်။ လမ်းလျှောက်တော့မည် ဆိုလျှင်လည်း ခြေထောက်၊ မျက်စိ စသည်တို့သည်လည်း ခေါင်းဆောင်မှု အပိုင်းတွင် ဖြစ်လာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် မည်သူက ခေါင်းဆောင်ဖြစ်မလဲ ဟူသော အတွေးသည် သိပ်စဉ်းစားစရာ မလိုပါ။ အသိအမှတ် ပြုခြင်းနှင့်သာ ဆိုင်ပါသည်။ စားနေချိန်တွင် စားခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အသိအမှတ် ပြုသင့်ပါသည်။ လမ်းလျှောက်နေချိန်တွင် လမ်းလျှောက်ခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းများကို အသိအမှတ် ပြုတတ်ရပါမည်။ စားနေချိန်တွင် ခြေထောက်ကို မြှောက်စားနေမည်၊ လမ်းလျှောက်ချိန်တွင် ပါးစပ်ကို အမွှမ်းတင်နေမည် ဆိုပါက အသိအမှတ်ပြု လွဲနေပါတော့မည်။ ယင်းကို Leadership တွင် Supervision Means ဟု ခေါ်ဆိုကြသည်။

စီမံခန့်ခွဲတတ်ပါစေ

စီမံခန့်ခွဲမှုနှင့် ပတ်သက်လာလျှင် စုပေါင်းလုပ်တတ်မှု ရှိစေရန် သွန်သင်တတ်ရမည် ဖြစ်သည်။ များသောအားဖြင့် စီမံခန့်ခွဲမှုသည် အချင်းချင်း ရန်တိုက်ပေးတတ်လျှင် စီမံခန့်ခွဲမှု ကျွမ်းကျင်သည်ဟု အရပ်စကားဖြင့် ပြောတတ်ပါသည်။ ယင်းသည် ကိုယ့်ပိုက်ကွန်ကို ကိုယ့်အတွက် ထောင်သည်ဟု ယူဆသူများလည်း ရှိလာပါသည်။ မည်သည့် အယူအဆက မှန်သည်ဟု ဆိုရန် ခက်လှပါသည်။ အခြေအနေပေါ် မူတည်ပြီး မှန်နေသောကြောင့် ဖြစ်သည်။ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ကို ထိန်းထားနိုင်သရွေ့တော့ ထိုစီမံခန့်ခွဲမှုသည် အောင်မြင်နေမည်သာ ဖြစ်သည်။ သို့သော်လည်း ဂိတ်ဆုံးလျှင် ဒုတိယ အယူအဆသည် မှန်လာပါတော့သည်။ စီးပွားရေး လုပ်ငန်းတစ်ခုတွင် ဖြစ်သည်။ ကြော်ငြာအားဖြင့် လှုပ်ရှားနေရသော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် ကြော်ငြာနှင့်ဆိုင်သော ပညာရှင်များလည်း ရှိသည်။ သတ်ပုံနှင့်ဆိုင်သော ပညာရှင်များလည်း ပါသည်။ သို့သော်လည်း လုပ်ငန်းရှင် အနေဖြင့် ကြော်ငြာမှု အပိုင်းတွင် အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့် အချက်ပေါင်း များစွာကို ဂရုစိုက်ရသည်။ မားကက်တင်းအတွက် သူတို့သည် အသက်ဖြစ်သည်။

ပြီးလျှင် စကားလုံးဖွဲ့စည်းမှု၊ ကျစ်လျစ်စွာ သတင်း အင်ဖော်မေးရှင်း ပေးနိုင်မှု၊ ထိရောက်စွာ သတင်းပေးနိုင်မှု စသည့် အချက်များက ပြုစုပြီးလျှင် သဒ္ဒါအမှား အမှန်အတွက် သဒ္ဒါစိစစ်ရေး အဖွဲ့ကို ပေးလိုက်ပါသည်။ ကြော်ငြာ ပြုစုပျိုးထောင်ရေး အဖွဲ့အနေဖြင့် သဒ္ဒါစိစစ်ချိန်ကို ပေး၍ မရပါ။လူတိုင်း ခံစားဖူးပါသည်။ သဒ္ဒါကိုသာ ဂရုစိုက်လွန်း အားကြီးလျှင် အိုင်ဒီယာ ပျောက်တတ်ပါသည်။ အိုင်ဒီယာကိုသာ ဂရုစိုက်မည် ဆိုလျှင်လည်း သဒ္ဒါ လှည့်မကြည့်အားပါ။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားပင်လျှင် သူ့နာမည်ကို အမျိုးမျိုး ရေးတတ်သည်ဟု ဆိုပါသည်။ စာလုံးပေါင်း ၆ မျိုးလောက် ရှိသည်ဟု ဆိုပါသည်။ မည်သည့်ဟာ အမှန်ကိုပင် ပြောရန် ခက်သည်ဟု ဆိုပါသည်။ အချို့ကတော့ တို့ကတော့ အိုင်ဒီယာလည်း ကောင်းတယ်၊ Grammar လည်း ကောင်းသည်ဟု ဆိုပါသည်။ အရူးစကား ဖြစ်ပါသည်။ ကိုယ်ရည် သွေးလွန်းသောကြောင့် အရူးဟု ပြောလိုခြင်း ဖြစ်သည်။ လင်းတလောက်တော့ ငှက်တိုင်းလှရုံဖြင့် သွေးနားထင် ရောက်သော စကားဖြစ်သည်။

တစ်နည်းအားဖြင့် Specialization ဆိုတာလည်း နားမလည်၊ Division of labour ဆိုတာလည်း နားနှင့်ဝေးနေသော So-called  ပညာရှိများ၊ ကြက်ဆူတော ပညာရှိများသာ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်း နားလည်သော လုပ်ငန်းရှင်သည် ထိုပညာရှင် နှစ်အုပ်စုကို စုစည်းပြီး အသိအမှတ် ပြုမည့်အစား သွေးခွဲ အုပ်ချုပ်လာသောကြောင့် တစ်အုပ်စုနှင့် တစ်အုပ်စု ငါနှင့်ငါသာ နှိုင်းစရာများ ဖြစ်လာပါတော့သည်။ အလုပ်မမွေးဘဲ လူမွေးသောကြောင့် အလုပ် “ကျ” ပြီး၊ လူ “ထ” လာပါတော့သည်။ ထိုအခါ မထိရောက်သော ကြော်ငြာများ၊ ပိုးသာကုန် မောင်ပုံ စောင်းမတတ်သော ကြော်ငြာများ ဖြစ်လာပါသည်။ အဓိကတော့ လုပ်ငန်းရှင်သည် အလုပ်ကို မမွေးတတ်ဘဲ လွယ်ကူလွန်းသည့် “လူမွေး” ခြင်းကိုသာ နားလည်သောကြောင့်သာ ဖြစ်ပါတော့သည်။ ယင်းကို Leadership တွင် Management Means ဟု ခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါး နားလည်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)
By HR Journal Originally posted 07/03/2011 16:06PM

အလုပ်ကို ဆန်းစစ်အကဲဖြတ်ခြင်း၏ ဦးတည်ချက်များနှင့် ဥပဒေသများ (Objective and Principles of job Evaluation)

အလုပ်ကို ဆန်းစစ်အကဲဖြတ်ခြင်း၏ ဦးတည်ချက်များနှင့် ဥပဒေသများ (Objective and Principles of job Evaluation)
ILO ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization) က အလုပ်ကို အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ပါတယ်။
အလုပ်တစ်ခုခုကို လုပ်ဖို့ သာမန် လုပ်သားတစ်ဦးအား ဒီအလုပ်ကို အခြားအလုပ်သများ တစ်ဦးဦးက လုပ်နိုင်ဖို့ အရည်အချင်းတွေ မသတ်မှတ် မစဉ်းစားပဲ မနှိုင်းယှဉ်ပဲ လုပ်နိုင်စွမ်း (ဝါ) စွမ်းဆောင်နိုင်မနိုင်တာလို့ ရိုးရိုးလေးပဲ အဓိပ္ပာယ် ဖွင့်ပြပေးပါတယ်။ USA ရဲ့ အလုပ်သမား၊ လုပ်သား စာရင်းအင်းဗျူရို (The Bureau of Labour Statistics) က အလုပ်ကို ဆန်းစစ် အကဲဖြတ်တာနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ပြထားပါတယ်။ အလုပ်ကို ဆန်းစစ် အကဲဖြတ်တယ်ဆိုတာဟာ အလုပ်လုပ်တဲ့လုပ်သားရဲ့ အဆင့်အတန်းနဲ့ သူ့အတွက် သက်မှတ်ရမယ့် အဆင့်အတွက် အလုပ်ကို ရွေးချယ် အကဲဖြတ် ဆန်းစစ်တာ ဖြစ်တယ်လို့ ဖွင့်ဆိုပြတယ်။

<p>အလုပ်ကို အကဲဖြတ်ရခြင်းနဲ့ ဦးတည်ချက်</p> (Objective and Job Evaluation)

အလုပ်ကို အကဲဖြတ်ခြင်းနဲ့ ဦးတည်ချက်တွေမှာ အောက်ပါတို့ ဖြစ်ပါတယ်။
၁။ လုပ်ငန်း တစ်ခုလုံးရှိ အလုပ်တစ်ခုစီကို လူနဲ့ ပြည့်စုံ တိကျစွာနဲ့ ကင်းလွတ်အောင် ရှင်းပြခြင်း
၂။ နှိုင်းယှဉ် သဘောအရ လုပ်ရမယ့် အလုပ်တစ်ခုစီရဲ့တန်ဖိုးတို့ကို ဆုံးဖြတ် သတ်မှတ်နိုင်ရန် လိုအပ်သော စံချိန်စံညွှန်းအဖြစ်    သုံးနိုင်မည့် (ဝါ) စံချိန်စံညွှန်းကျသော ပရိုစီဂျူဝါ (procedure) တို့ကို     သတ်မှတ်   ပြဋ္ဌာန်းပေးရန်
၃။ အလုပ် တစ်ခုစီအတွက် တရားမျှတမှု ရှိစွာနဲ့ တရားသဖြင့် လုပ်ခ၊ လစာတို့ကို သတ်မှတ်ပြဋ္ဌာန်းပေးရန်
၎။ ဒါနဲ့တူညီတဲ့ အလုပ်ဆိုရင် ဘယ်မှာလုပ်လုပ် လုပ်ခ၊ လစာ ဒီလောက်ပဲရမယ်လို့ သေချာစေရန်
၅။ ဝန်ထမ်း အားလုံးရဲ့ တိုးတက်မှုနဲ့ တိကျစွာ စဉ်းစားမှုမှာ ရွှေ့ပြောင်းမှု (transfer) သာဖြစ်စေရန်
၆။ အလားတူ အလုပ်မျိုးများအတွက် အခြေခံ အချက်များကို ထုတ်နုတ် သတ်မှတ် ပြဋ္ဌာန်းပေးနိုင်ရန်
၇။ အလုပ်လုပ်ရသော အဖွဲ့အစည်းနှင့် ပတ်သက်သည့် အခြေခံ သတင်းအချက်အလက်များကို ရရှိ စုဆောင်းထားရှိရန် တို့ဖြစ်ပါသည်။

<p>အလုပ်ကို အကဲဖြတ် သုံးသပ်ခြင်းဆိုင်ရာ ဥပဒေသများ</p> (Principles of Evaluation)

အေ၊ အဲလ်၊ ကဲစ် (A. L. Kess) ဆိုသူ အလုပ်သုံးသပ်အကဲဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တစ်ဦးက အောက်ပါ အလုပ်ကို သုံးသပ် အကဲဖြတ်ခြင်းဆိုင်ရာ ဥပဒေများကို ဖော်ပြခဲ့ပါတယ်။
၁။ အလုပ်အပေါ် လုပ်ခ၊ လစာနှုန်းကို သတ်မှတ်ခြင်းသည် အလုပ်အပေါ် သတ်မှတ်ခြင်းသာဖြစ်ပြီး     အလုပ်လုပ်မယ့် လူအပေါ်သတ်မှတ်ခြင်း မဟုတ်ပါ။ အလုပ်အတွက် လုပ်ရမယ့် အလုပ်တွေသည် တိကျပြီး     ကြိုတင် ပြဋ္ဌာန်းထားခြင်း၊ ယင်းပြဋ္ဌာန်း အလုပ်ကို လုပ်ကြစေကာမူ အလုပ်လုပ်သူတွင် အခြေခံ     အရည်အချင်းရှိရုံမက အခြားအရည်အချင်းများ (plus qualification) အလုပ်လုပ်သူ တစ်ဦးနဲ့ တစ်ဦး     မတူကြမှုလည်း ရှိနိုင်သကဲ့သို့၊ တူညီမှုလည်း ရှိနိုင်သည်။ အလုပ်လုပ်သည့် လုပ်သားတို့၏ စွမ်းဆောင်မှု     စီမံကိန်း (A job Evaluation Plan)၊ အလုပ်လုပ်သူ တစ်ဦးအား ပေးသော လုပ်စာ၊ လခသည် သူလုပ်သော     အလုပ်တန်ဖိုးထက် များနိုင်သည်။ ထို့ကြောင့် အစိတ်အပိုင်း တစ်ခုစီကို တန်ဖိုးဖြတ် သတ်မှတ်ရာတွင်      အလုပ်က လိုအပ်တဲ့ အခြေခံပေါ် မူတည်၍ လိုအပ်မှုအရ သတ်မှတ်နိုင်ပါသည်။
၂။ ထိုသို့ အဆင့်ကို သတ်မှတ်ရန် လိုအပ်ချက်များကို သတ်မှတ် ရွေးချယ်ရာတွင် ထိုသို့ ရွေးချယ်သည့်     အစိတ်အပိုင်းများ၊ အချက်အလက်များကို လွယ်လွယ်ကူကူ ရှင်းပြနိုင်ရမည် ဖြစ်သော်လည်း ခေါင်းစဉ်ကွဲ     အကြောင်းအရာတူ ကိစ္စရပ်များကို ထပ်တူ ဖော်ပြခြင်း မရှိစေရသော အချက်အလက်များ၊ အစိတ်အပိုင်းများ     ဖြစ်စေရမည်။
၃။ အလုပ်အဆင့်ကို အောင်မြင်စွာ သတ်မှတ်ခြင်းသည် အစိတ်အပိုင်းများကို အဓိပ္ပာယ်ဖွင့်ရာ၌ နားလည်ရာ၌     တူညီခြင်းနှင့် အကျိုးနှင့် အကြောင်း ညီညွတ်မှု တူညီခြင်းတို့ အပေါ်တွင် လုံးလျား မူတည်ပေသည်။
၎။ မည်သို့ အလုပ်အဆင့် သတ်မှတ်ခြင်း စီမံကိန်းကိုမဆို ဖိုမင် (forman) များနှင့် ဝန်ထမ်းများသို့ အသိပေး     ကျေနပ်မှု ရစေရမည်။ ထိုသို့ ကျေနပ်ရစေပြီး အောင်မြင်သော စီမံကိန်းတစ်ခု ဖြစ်လာစေရန်မှာ စီမံကိန်းကို      ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ရန်နှင့် သရုပ်ပြ ရှင်းလင်းရန် လိုပါသည်။
၅။ ဖိုမင်တို့သည် မိမိတို့ ဌာနများတွင် အလုပ်အဆင့် သတ်မှတ်ရာ၌ ကိုယ်တိုင် ပါဝင်ရန် လိုပါသည်။
၆။ အလုပ်အဆင့် သတ်မှတ်ရာတွင် ဝန်ထမ်းများက အဆင့်မြင့် (ဝါ) ပါဝင်မှု အဆင့်မြင့်မားရန် သူတို့ကိုယ်၌က     ပါဝင် ဆွေးနွေးရန် အခွင့်အလမ်း ရှိရန်လိုပေမည်။
၇။ ဖိုမင်နှင့် ဝန်ထမ်းတို့ အကြောင်းပြောရာ၌ ငွေကြေးတန်ဖိုး ဖော်ပြရန် မလိုပါ။ တန်ဖိုးရဲ့ အမှတ် (point     values) နဲ့ အစိတ်အပိုင်းတွေရဲ့ အဆင့် (degrees of dements) တို့ကိုသာ ပြောဆို ဆွေးနွေးရန် လိုသည်။     ငွေတန်ဖိုးကို ထည့်သွင်း ဆွေးနွေးပြောကြားလျှင် သွယ်ဝိုက် လှည့်စားမှုများသို့ ဦးတည်သွားနိုင်ပါသည်။
၈။ အလုပ်ရဲ့အဆင့် (ဝါ) အလုပ်သမား အဆင့်အတန်းများအလိုက် အလုပ်ရဲ့ အဆင့်တာများမှုတို့ ဦးမတည်သင့်ပေ။ အလုပ်တစ်ခုခု၏ လုပ်ခနှုန်းကို စုစုပေါင်း တန်ဖိုးတွင် ပါဝင်သော တစ်ခုစီအတွက် အကိုးအကား အတိုင်းအတာအဖြစ် မသုံးသင့်ပေ။

<p>အလုပ်ကို သုံးသပ်ရာ၌ အခြေခံ အချက်များ</p> (Fundamentals of Job Evaluation)

၁။ အလုပ်ကို အလုပ်တွင်ရှိသမျှ အစိတ်အပိုင်း ပါဝင်အောင် အစိတ်စိတ် အမွှာမွှာ ခွဲခြမ်း စိတ်ဖြာရမည်။
၂။ အလုပ်ကို အသေအချာ ရှင်းပြရမည် (ဝါ) အလုပ်ကို ကင်းရှင်းမှု အတွက်ပြင်ဆင် ရမည်။
၃။ အလုပ်ကို ဆန်းစစ် လေ့လာမှုနှင့် ရှင်းလင်းမှုအတွက် လုပ်ကိုင်ပြီးစီးလျှင် အလုပ်တစ်ခုကို အခြား အလုပ်တစ်ခုနှင့် (အလုပ် တစ်ခုနှင့်ကနေ) နှိုင်းယှဉ် လေ့လာရမည်။
၎။ အလုပ်များကို တစ်ခုနှင့် တစ်ခု နှိုင်းယှဉ် လေ့လာပြီးလျှင် ကိန်းဂဏန်းများနှင့် တိုင်းတာ၍ အလုပ်အတွက်     အရေးကြီးသော အခြားအလုပ်များနှင့် နှိုင်းယှဉ် ဖော်ပြရန်လိုသော အချက်များကို ဖော်ထုတ်ရမည်။
၅။ ဘယ်အလုပ်ပြီးရင် ဘယ်အလုပ်လုပ်မယ်လို့ ဦးစားပေး အစီအစဉ် ရေးဆွဲထားရင် အဲဒါတွေရဲ့ ဦးစားပေးမှု တန်ဖိုးနဲ့ ညီမျှအောင် ငွေကြေးတန်ဖိုးနဲ့ ချိန်ထိုး ဖော်ပြရပါမယ်။


အလုပ်ကို သုံးသပ်ဆန်းစစ်ရာ၌ အသုံးပြုသော နည်းလမ်း ၄ မျိုး

အလုပ်တွေကို ဆန်းစစ် သုံးသပ်ရာမှာ နည်းလမ်း ၄ မျိုးရှိပါတယ်။ ပထမနည်းလမ်းက အလုပ်တွေကို အဆင့်ခွဲခြား သတ်မှတ်ခြင်း (ranking system and gradings system) ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ အလုပ်တွေကို သရုပ်ခွဲ ဆန်းစစ်နည်းကို မသုံးပါဘူး။ အဲဒီလို သရုပ်ခွဲ ဆန်းစစ်နည်းအစား အဖွဲ့အစည်း အတွင်းမှာ အဲဒီ အလုပ်အကိုင်တွေဟာ ဘယ်လောက် အရေးပါပြီး ဘယ်အဆင့်က ပါဝင်သလဲဆိုတာပဲ အဓိကထား ဆန်းစစ်ပါတယ်။ သရုပ်ခွဲ ဆန်းစစ်နည်းကိုတော့ အလုပ်အကိုင်တစ်ခုခုကို တစ်ခြားအလုပ်အကိုင် တစ်ခုခုနဲ့ ခွဲခြားနှိုင်းယှဉ် သုံးသပ် ဆန်းစစ်တဲ့ အခါမှာသာ သုံးစွဲလေ့ရှိပါတယ်။ ဒီနည်းမှာတော့ အလုပ်ရဲ့တန်ဖိုးနဲ့ ပတ်သက်ပြီး အရေအတွက်ဆန်းစစ်မှု (quantitative assessment) ကိုသုံးလေ့ မရှိပါဘူး။
ဒီနှစ်မျိုးကို အလုပ်ကိုဆန်းစစ်တဲ့ သရုပ်ခွဲဆန်းစစ်ခြင်း မဟုတ်တဲ့ အရေအတွက် မဟုတ်တဲ့ အလုပ်ကို ဆန်းစစ် သုံးသပ်နည်းလမ်းတွေလို့ ခေါ်ပါတယ်။ တတိယနဲ့ စတုတ္ထ နည်းလမ်းတွေကိုတော့ အလုပ်ဆန်းစစ်မှုပေါ် အခြေခံတဲ့ အချက်အလက် အင်အားစု နှိုင်းယှဉ် စနစ်နဲ့ အမှတ်ပေး စနစ်လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းတွေကတော့ အလုပ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အင်အားစု တစ်ခုစီကို အလုပ်အကိုင် ဆန်းစစ် သုံးသပ်မှုမှာ တဆင့်ရွေးထုတ်ပြီး အလုပ်ရဲ့ စုစုပေါင်းတန်ဖိုး (tolal value) ကိုသိရအောင် အလုပ်တစ်ခုစီရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစိတ်အပိုင်း တစ်ခုစီကို သုံးသပ် အကဲဖြတ် ပါတယ်။ ဒီနည်းလမ်းစနစ်တွေကို လက်တွေ့ အသုံးချရာမှ တစ်ဆင့် အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး အရေအတွက်ဆိုင်ရာ သုံးသပ် အကဲဖြတ်မှု (quantitative assessment of jobs) ကို ဦးတည် ဖြစ်ပေါ် လာစေပါတယ်။ ဖော်ပြပါ နည်းလမ်း စနစ်နှစ်ရပ်ကို အလုပ်သုံးသပ်ဆန်းစစ်မှု နည်းလမ်းများလို့ ခေါ်ကြပါတယ်။

အဆင့်သတ်မှတ်ခြင်းစနစ် (Ranking System)

အဖွဲ့အစည်းတွင်းမှာရှိတဲ့ အလုပ်အားလုံးကို အလုပ်ရဲ့ ရှုတ်ထွေးမှု တာဝန်ရှိမှုတွေနဲ့ ဝန်ထမ်းတွေအပေါ်မှာ ဖြစ်ပေါ်စေတဲ့ အလုပ်များမှု (ဝါ) ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှု စတာတွေအလိုက်ကို အဆင့်ခွဲခြားသတ်မှတ် ပေးထားခြင်း ဖြစ်ပါတယ်။ ဒီလို အလုပ်အားလုံးကို အဆင့် သတ်မှတ်ဖို့ဆိုတာ ကျယ်ပြန့်မှာမို့လို့ သူတို့ကို လွယ်ကူစွာ လုပ်နိုင်အောင် ပထမ အဆင့်အနေနဲ့ အလုပ်တွေကို အစွန်း ၂ ဘက် ရောက်နေတဲ့ အလုပ်တွေကို ခွဲခြား ဆန်းစစ်ပြီးမှ ကျန်တဲ့ အလုပ်တွေကို အဲဒီနှစ်မျိုးရဲ့ အလယ် (ဝါ) ကြားမှာ ထားရှိခြင်း ဖြစ်ပါတယ်။ ပြီးတော့မှ အဲဒီအလုပ်ကို လုပ်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မီတီက အဆင့်သတ်မှတ်ခြင်းကို တစ်ကြိမ်မက ပြုလုပ်ပြီးမှ ရလာဒ်တွေကို ပေါင်းလိုက်ပြီး နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဒီ ကော်မီတီက သတ်မှတ်တဲ့ အဆင့်တွေထဲမှာ ကြီးစား(ဝါ) မြင်သာ ထင်သာရှိတဲ့ ကွဲလွဲချက်တွေ ဖြစ်ပေါ်တဲ့ အဆင့်တွေရှိခဲ့ရင်တော့ အဲဒီအဆင့်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ၊ အဆင့် ပြန်သတ်မှတ် ကြရပါတယ်။ အဲဒီလို နောက်ဆုံး သတ်မှတ်လိုက်တဲ့ အဆင့်ကို ပျမ်းမျှ အဆင့် သတ်မှတ်ချက်နဲ့ အဲဒီ အဆင့်သတ်မှတ်ဖို့ လိုအပ်တဲ့ အချိန်သတ်မှတ်ချက်တို့အပေါ် မူတည်ပြီး သတ်မှတ် ပါတယ်။ ဒီလို သက်မှတ်ဖို့ အတွက်လည်း ပရိုစီဂျာ(procedure) တွေ သတ်မှတ် ထားရှိ ပါတယ်။

ပရုစီဂျာ (Procedure)

ဒီပရိုစီဂျာတွေကို လုပ်ငန်း အဖွဲ့အစည်းရဲ့ အောက်ပါ သတ်မှတ်ချက် အသီးသီးပေါ် မူတည်ပြီး အဓိပ္ပာယ် ဖွင့်ထားပါတယ်။
၁။ အဖွဲ့အစည်းအတွင်းရှိ အလုပ်အားလုံးအတွက် စာရင်းပြုစုထားရှိမှု
၂။ သတ်မှတ် အလုပ်တွေလုပ်ဖို့ အဖွဲ့ဝင် ၃ ဦးမှ ၅ ဦးပါဝင်တဲ့ ကော်မတီ တစ်ခု ဖွဲ့စည်းထားရှိမှု
၃။ ကော်မီတီဝင် တစ်ယောက်စီကို အလုပ်စာရင်နဲ့ ညွှန်ကြားချက် တစ်စုံစီ အလုပ်အဆင့် သတ်မှတ်ရေးနှင့် ဆိုင်သော ညွှန်ကြားချက်များ ထားရမည်။ ၎င်း အလုပ်အဆင့်များ သတ်မှတ်ရာတွင် အလုပ်ရဲ့ ခက်ခဲ ရှုတ်ထွေးမှုနဲ့ တာဝန်ရှိမှုများ ပါဝင်ရမည်။
၎။ အလုပ်အဆင့် သတ်မှတ်ရာတွင် ကော်မီတီဝင် တစ်ဦးနှင့်တစ်ဦး အမှီအခို ကင်းလွတ်လပ်ရမည်။
၅။ အဖွဲ့ဝင် တစ်ဦးစီက အဆင့်သတ်မှတ်ပေးချက်များကို ကော်မတီက ပြန်သုံးသပ်ရမည်။ အဆင့်သတ်မှတ်ချက်များတွင် ကြီးမားသော ကွဲလွဲမှု တစ်ခုခု ပါဝင်နေလျှင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်း ပြုပြင် သတ်မှတ်ရမည်။
၆။ ယင်းသို့သော ပရိုစီဂျာကို ၂ ကြိမ်တိတိ ပြန်လုပ်ရမည်။ တစ်ကြိမ်နှင့် တစ်ကြိမ် တစ်ပတ်ကြာမျှ အချိန်ခြားရမည်။
၇။ ထိုသို့ ၃ ကြိမ်ဆုံး တော်သောအလုပ်အဆင့်များကို ပြမ်းမျှပြု၍ နောက်ဆုံးအဆင့် အဖြစ် သတ်မှတ် ရပေမည်။ သို့ဖြစ်၍ အဆင့်စနစ်သည် ရိုးစင်းပြီး စရိတ်စကလည်း မကြီးမားပဲ အဖွဲ့အစည်း သေးသေးများတွင်လည်း သုံးစွဲနိုင်ပါသည်။ ဤစနစ်တွင် ပြင်ပမှ အကြံပေး (ဝါ) ကျွမ်းကျင်သူ အကြံပေးတို့၏ ဝန်ဆောင်မှု မလိုအပ်ပါ။ ထို့ပြင် ဤစနစ်ကို အခြားမည်သည့် စနစ်နှင့်မျှ နှိုင်းယှဉ်၍ မရပါ။ ကော်မတီဝင်တို့ အားလုံးသည် မိမိတို့ လုပ်ရမည့် အလုပ် အကျယ်အဝန်းကို (content of the job) ကို သိထားရမည်။ တစ်ခါတစ်ရံ အလုပ်ရဲ့အကြမ်း အခြေအနေကို သူတို့အား ရှင်းပြထားပေးရန် လိုကောင်း လိုပေမည်။ ကော်မီတီတို့က အလုပ်တစ်ခုနဲ့ ပတ်သက် ပြီးစဉ်းစားရာတွင် အလုပ်ရဲ့အဆင့်နဲ့ ပတ်သက်ပြီး ရှုထောင့်ကို သုံးသပ်ကောင်း သုံးသပ်ရာ၌ တစ်ဦးနှင့်တစ်ဦး အမြင်ကွဲလွဲနိုင်ပါသည်။ ၎င်းအပြင် အလုပ်ထက် ဝန်ထမ်းကို အဆင့် သတ်မှတ်ပေးနိုင်ပါသည်။ စင်စစ်တွင် အလုပ်ကို အဆင့်သတ်မှတ်ပေးရန်သာ လိုသည်။ အလုပ်လုပ်သည့် ဝန်ထမ်းကို အဆင့်သတ်မှတ်ပေးရန် မလိုပေ။ သဘာဝကျသည်က အလုပ်၏အဆင့်သတ်မှတ်ခြင်းတွင် ၎င်းအလုပ်လုပ်ရာတွင် ပေးထားသော၊ သတ်မှတ်ထားသော လုပ်ခ၊ လစာ အဆင့်က ဆုံးဖြတ်ချက်အပေါ် အကျိုး သက်ရောက်စေသည်က များပါသည်။ အလုပ်တစ်ခုနှင့် တစ်ခု ကွာဟချက် အဆင့်မှာ နည်းပါးရန် သေချာသည်။ တစ်ခုလုံး ခြုံစဉ်းစားလျှင် အကြမ်းဖျင်း အချက်များပေါ်တွင် မူတည်စဉ်းစား၍ ဆုံးဖြတ်ချက် ချမှတ်ထားသောကြောင့် ယင်းဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။


ပါမောက္ခ ဒေါက်တာတင်စိုး
By HR Journal 4 February, 2011 - 15:13

စီးပွားရေးလုပ်ငန်းတို့ ဖြစ်လေ့ရှိသော အမှားများ

စီးပွားရေးလုပ်ငန်းတို့ ဖြစ်လေ့ရှိသော အမှားများ
အောင်မြင်သော စီးပွားရေးလုပ်ငန်းတိုင်း၌ ပြောစရာဇာတ်လမ်း ရှိကြမြဲ ဖြစ်သည်။  အလယ်အလတ်လောက် အနေအထားမှ စတင်ပြီး ပျံတက်နိုင်သော အားကို ရရှိကြသည်။ ထိုမတိုင်ခင် ဆုံးရှုံးမှုများ၊ နောင်တရစရာ ပုံပြင်လည်းများစွာ ရှိခဲ့ရှိဆဲ ဖြစ်ပေမည်။ မတားမြစ်သင့်ခဲ့သော အဖိုးတန်လှသည့် စိတ်ကူး အယူအဆ တစ်ခုကို လက်လွတ်ခဲ့သည်များ၊ ယင်းက လုပ်ငန်းကို အလှည့်ပြောင်း ဖြစ်အောင် တွန်းတင်နိုင်သည်များ စသည်တို့မှာ အများအားဖြင့် ဖြစ်လေ့ရှိသော မဖြစ်သင့်သော အမှားတို့ ဖြစ်သည်။ ဖြစ်လေ့ရှိသော်လည်း သာမန် အမှားလေးပါဟု ပြောလို့မရ။ စီးပွားရေး လုပ်ငန်းရှင်တို့၏ ကြိုးပမ်းအားထုတ်မှုတို့ကို အဆုံးသတ်သွားနိုင်၍ ဖြစ်သည်။ ထိုသို့ လုပ်ငန်းငယ်တို့ ဖြစ်လေ့ရှိသော အမှားငါးမျိုးကို ဖော်ပြထားသည်။

အစုစပ် ပါတနာ ပြဿနာ
လူမှန်ကို ရွေးချယ်နိုင်ခြင်းသည် လုပ်ငန်းကို လမ်းညွှန်နိုင်သော အကြံအစည်တို့ ရပြီး အောင်မြင်မှုသို့ ဦးတည်နိုင်သဖြင့် ထိုအချက်က အရေးပါသည်။ ဘဝတစ်သက်တာ အတွက် အိမ်ထောင်ဖက် ရွေးခြင်းကဲ့သို့ ဖြစ်သည်။ ကံမကောင်းစွာပင် လုပ်ငန်းများစွာတို့၌ အစုစပ် လုပ်မှုကို ပထမဆုံး ဖွဲ့စည်းရာတွင် ပုံစံမကျခဲ့ဘဲ ရှင်းလင်းဆွေးနွေးမှုမျိုး လုပ်ဖို့ပင် ကျော်ခဲ့ကြသည်။ ရေရှည် ခရီးယှဉ် ပြိုင်ပွဲထဲ၌ မည်သို့ လိုက်ဖက်အောင် လုပ်မည်ဆိုသည်ကို အနည်းငယ်သာ စဉ်းစားကြသည်။ ကျွမ်းကျင်သူများစွာက အကြံပေးသည်မှာ ပွင့်ဖူးကာစ စီးပွားရေး လုပ်ငန်းရှင်တို့ အနေဖြင့် အစုစပ် ဖြစ်လာမည့် သူများတွင် မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေများကို ရှောင်သင့်သည်ဟု ဆိုသည်။ ဆုံးဖြတ်ချက်ကောင်းများ ချနိုင်ရန် လိုအပ်သော နယ်နိမိတ်ကို မှုန်ဝါးစေနိုင်၍ ဖြစ်သည်။ စွန့်စားရမည့် အခြေအနေ၌ ရှုပ်ထွေး ခက်ခဲမှုကြောင့် ရှုံးနိမ့်မှု ဖြစ်အောင် ပြုလုပ်နိုင်သည်။ တကယ် လက်တွဲဖော် ပါတနာများစွာသည် လုပ်ငန်းအတွက် အလွန်ကောင်းသော ပါတနာများ ဖြစ်လေ့ရှိသည်။ ထိုသို့ မဟုတ်ဘဲ စည်းစိမ် ငွေကြေး အမြောက်အမြား ရနိုင်မည် မဟုတ်ပေ။ အရေးမကြီးသော ကိစ္စများတွင် စကားများ ရန်ဖြစ်လေ့ရှိသော မိသားစုဝင် ပါတနာတို့ကြောင့် ဒေဝါလီ ခံရသည်အထိ အမှား လုပ်မိခဲ့သော နမူနာ လုပ်ငန်းတို့ ရှိကြသည်။ ယနေ့ တရားရုံးများ၌ ရင်ဆိုင်ဖြေရှင်းနေကြသော ဖြစ်ရပ်များစွာတွင် နစ်နာမှုအတွက် လျော်ကြေး၊ ပိုင်ဆိုင်မှုကို ခွဲဝေခြင်း၊ အနာဂတ်တွင် ပြဿနာ ဖြစ်နိုင်သည်ကို ဆင်ခြင်နိုင်မှု မရှိ၍ ဖြစ်ကြောင်း စသည်ဖြင့် တွေ့ရရာ အစုစပ်ပါတနာ ရွေးချယ်ရာတွင် ရှောင်ရမည်ကို မရှောင်၍ ဖြစ်သည်။ မိမိ၏ အမြင်ကို မျှဝေနိုင်သောသူမျိုးသာ အစုစပ်တစ်ဦး အနေနှင့် အကျိုးအမြတ်ရှိသော လုပ်ငန်းတစ်ခု အဖြစ်သို့ အတူ လိုက်ပါနိုင်မည် ဖြစ်သည်။

မူပိုင်ခွင့်အတွက် မကျေနပ်ခြင်း
ကိုယ်၏ ထုတ်ကုန်၊ လုပ်ငန်း အယူအဆအတွက် အာမခံထားသော တရားဝင်ပိုင်ခွင့်သည် အရေးကြီးပြီး မည်သူ တစ်ဦးမှ ပိုင်ဆိုင်ခွင့်အဖြစ် မတောင်းဆိုနိုင်အောင် ကျိန်းသေရန် လိုသည်။ မူပိုင်ခွင့် ဥပဒေကြောင့် အမှုအခင်းများမှာ နာမည်ကြီး အမှတ်တံဆိပ်များတွင် ရှုပ်ထွေးပြီး ထိန်းမနိုင်အောင် ပျံ့နှံ့နေသည်။ ဥပမာ ဆမ်ဆောင်းနှင့် Sharp၊ မိုက်ခရိုဆော့နှင့် Saleforce.com ကဲ့သို့ ကိစ္စမျိုးတို့ ဖြစ်သည်။ မိမိ၏ အယူအဆ အိုင်ဒီယာဖြစ်ကြောင်း တောင်းဆိုမှု ရှင်းလင်းရေရာမှု မရှိသမျှ လွတ်သည့်ငါး ကြီးသော ဝေဒနာကို ခံစားရမည်။ ကုမ္ပဏီငယ်များသည်လည်း ထုတ်လုပ်မှု၊ ဈေးကွက်၊ အိုင်ဒီယာ ရောင်းချမှုတို့၏ လုပ်ပိုင်ခွင့်အပေါ် ပြင်းထန်စွာ တိုက်ပွဲဝင်လေ့ ရှိသည်။ အစီအစဉ်တကျ ကျိန်းသေအောင် လုပ်နိုင်လျှင် ကိုယ်ပိုင် အိုင်ဒီယာ၊ မူပိုင်ခွင့်၊ အမှတ်တံဆိပ် စသည်တို့သည် တကယ်တမ်းလည်း ကိုယ်ပိုင်အဖြစ် ကျန်ရစ်မည်။ အစီအစဉ်တကျ ကျိန်းသေအောင် လုပ်ခြင်းက ကိုယ့်လုပ်ပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်သော အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ ရောဘတ်ကီအန်ဆိုသော ကားရှေ့မှန်ရေသုတ်တံ တီထွင်ခဲ့သူသည် သူဘဝတစ်လျှောက်လုံး သူတီထွင်ခဲ့သော ပစ္စည်းအတွက် မူပိုင်ခွင့်ကို တရားရုံး၌ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးကျမှ သူ့အယူအဆ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ မည်သူမှ သူ့လို ကြုံချင်ကြမည် မဟုတ်ပါ။

ထိန်းချုပ်ရန် သတိမထားမိခြင်း
ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးသောအခါ အုပ်ချုပ်မှု အပိုင်းက ပါတနာများ သို့မဟုတ် ယုံကြည် အပ်နှံထားသော ကျွမ်းကျင်သူများသို့ လွှဲပြောင်းပေးလိုက်သည်။ သို့သော်လည်း မှတ်တမ်းများအရ ထိုလုပ်ဆောင်မှုသည် မကြာခဏ ဆိုသလို ကုန်ကျစရိတ် ကြီးမားသော အမှားမျိုးဖြစ်ကြောင်း တွေ့ရသည်။ အထူးသဖြင့် ပြိုင်ပွဲ၌ သုံးစွဲရန်၊ ရင်းနှီးရန် ငွေကြေးများကို သုံးစွဲနိုင်ခွင့် ရှိနေ၍ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းငယ် တစ်ခုတွင် တစ်ဦးတည်းပိုင် ဖြစ်လျှင် သို့မဟုတ် ကော်ပိုရေးရှင်းနှင့် သက်ဆိုင်သော ငွေကြေးတို့၌ ကြီးမားစွာ တာဝန်ရှိသူ ဖြစ်လျှင် နောက်ဆုံး၌ ထိုတာဝန်ရှိမှုအရ ငွေကြေးများ ကို အမြော်အမြင်ရှိစွာ သုံးစွဲမည် ဖြစ်သည်။ လက်မှတ်ထိုးရမည့် ကိစ္စအတွက် ချက်လက်မှတ်ကို မစစ်ဆေးဘဲ ဘယ်တော့မှ မပေးခြင်း၊ ဝန်ထမ်းတစ်ဦး၏ အွန်လိုင်းပေါ်မှ ငွေစာရင်းများ၏ တန်ဖိုးကို ကြည့်ရှုစစ်ဆေးခြင်းတို့လို မရိုးသားသော လှုပ်ရှားမှု ဖြစ်နိုင်သော၊ အန္တရာယ်ဖြစ်နိုင်သော အချက်တို့ကို သတိပြုရမည် ဖြစ်သည်။ ကုမ္ပဏီများစွာတို့သည် အတွင်းပိုင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရန် အားနည်းမှုဒဏ်ရာကို ခံစားရလေ့ ရှိသည်။ ကုမ္ပဏီကို တိုးတက်စေလိုလျှင် စာရင်းအင်းဆိုင်ရာနှင့် ဌာနတို့တွင် စာရင်းအင်းဆိုင်ရာ အမြင့်ဆုံး အဆင့်ရှိအောင် ထိန်းနိုင်ရန် အရေးကြီးဆုံး ဖြစ်သည်။

စွန့်စားမှုအားလုံးကို ရှောင်ရှားခြင်း
ရှယ်ယာအီကွီတီတို့ အတွက် ငွေကြေးပေးရန် လိုအပ်လျှင် သေချာသော အခြေခံကို ပေးနိုင်မှ ယုံကြည်မှုရမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့် ပါတနာတို့က လုပ်ငန်းထဲသို့ ရင်းနှီးရန်ခွင့် ပြုကြမည် ဖြစ်သည်။ ထိုသို့ မလုပ်နိုင်လျှင် တိုးတက်ကြီးထွားမှု ဆုံးရှုံးနိုင်သည်။ မိမိကုမ္ပဏီ တိုးတက်မှု မရှိဘဲ ရပ်တန့်သွားအောင် ပြုသလိုမျိုး နောက်ပိုင်းကာလတွင် ဖြစ်လာမည်။ အစပိုင်း ချဉ်းကပ်ရာတွင် ပေးနိုင်သော ရဲစွမ်းသတ္တိရှိမှ ရင်းနှီးမြှုပ်နှံသူများနှင့် အစုစပ်များ၏ အရင်းအနှီးများအပေါ် အမြင်ရှုထောင့်မှာ ရှေ့သို့ ဆက်သွားနိုင်ရန် သင့်ကို လိုအပ်သည်ဆိုသော သဘောထား ဖြစ်မည်။ ထိုအချက်က ကိုယ်ပိုင် အရင်းအနှီးကို စွန့်စားရမှု အနည်းဆုံးဖြစ်အောင် ကုမ္ပဏီ၏ လုပ်ငန်းစဉ်များနှင့် အစဉ်အလာကို ဆက်ထိန်းအောင် လုပ်နိုင်သည်။ မိမိလုပ်ငန်းတွင် ကိုးကွယ်ရမည့် ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြနိုင်သည်နှင့် အမျှ လိုအပ်သော အရင်းအနှီးများလည်း ရရှိလာမည် ဖြစ်သလို ထိုကွန်ရက်၊ လျှို့ဝှက်သဘောတူညီမှုမျိုး ရေးသားပြင်ဆင်ထားခြင်းဖြင့် ဖြေရှင်းနိုင်သည်။

ထိုသဘောတူညီမှု အမျိုးအစားကို “မဖော်ထုတ်အပ်သော သဘောတူညီမှု” (NDA) ဟုခေါ်သည်။ စာတစ်မျက်နှာစာရှိ ထိုအာမခံ ကန်ထရိုက်က သင်၏ စီးပွားရေး အလေ့အထတို့ကို မီဒီယာ သို့မဟုတ် အခြားလုပ်ငန်းထု အထူးသဖြင့် ပြိုင်ဘက်များက ထုတ်ဖော်ခြင်း မပြုနိုင်အောင်၊ မရရှိနိုင်အောင် အကာအကွယ် ပေးသည်။ အများနှင့်ဆိုင်သော (NDA) နမူနာတို့ကို အွန်လိုင်းမှ ရယူနိုင်ပြီး လုပ်ငန်းလိုအပ်ချက်နှင့် လိုက်ဖက်အောင် ဥပဒေပိုင်းကျွမ်းကျင်သူ၏ မှတ်ချက် အကြံဉာဏ် ရဖို့လည်း ကြိုးစားရမည် ဖြစ်သည်။ နိဂုံးချုပ်ရလျှင် အခြားသူတို့၏ ဆုံးရှုံးမှုများကို သင်ခန်းစာယူပြီး စီးပွားရေး လုပ်ငန်းများတွင် ကြီးမားစွာ မှားယွင်းနေသော ဖြစ်လေ့ရှိသော ယခု အမှားတို့ကို ရှောင်ရှားနိုင်မှ လုပ်ငန်းတွင် အောင်မြင်သူများ ဖြစ်လာပေမည်။ ထိုအချက်တို့က တန်ဖိုးလည်း မကြီးမားလှပါ။ ကြိုတင်ပြင်ဆင်ခြင်းကသာ မမျှော်လင့်သည်တို့ ဖြစ်မလာအောင် ရှောင်နိုင်ပြီး တရားရုံး အရှုပ်အထွေးတို့ဖြင့် လမ်းချော်သွားခြင်းမျိုး မဖြစ်အောင် ရှောင်နိုင်သည်။
<p>Ref: Financial.com</p>
မင်းအောင်မင်း
By HR Journal Originally posted 28/02/2011 14:37PM

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform