မန်နေဂျာ အရာရှိတို့၏ ပုထုဇဉ်သဘာဝ
မနုဿ လူသားအရင်းအမြစ် (Human Resource) ရယ်လို့ ဖြစ်လာသောအခါဝယ် လူနှစ်မျိုးရှိရာ ကျားနှင့်မတို့ ဖြစ်၏။ ကျားနှင့်မ လူမှုရေး သဏ္ဌာန် ကွဲပြားခြင်းကို Gender ဟု ခေါ်ပါသည်။
Genderမှာ မတူကြတာလေးတွေ ရှိတယ်
မတူကြတာလေးတွေကတော့ ဥပမာ ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေမှာဆိုရင် ရဟန်းခံတဲ့ သိမ်ထဲကို အမျိုးသမီး ဝင်လို့မရဘူး။ ရွှေတိဂုံ ဘုရားအထက် ပစ္စယံကို အမျိုးသမီးတက်လို့ မရဘူး။ ဒါတွေက ကမ္ဘာပေါ်မှာ အရှေ့တိုင်း နိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ။ အနောက်တိုင်း နိုင်ငံတွေရဲ့ယဉ်ကျေးမှုကျပြန်တော့ Lady First ဆိုတာမျိုးတွေ ဖြစ်လာကြပြန်ရာ အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ယဉ်ကျေးမှု မတူကြတာတွေရှိပါ၏။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂ဝရာစု၌ အမျိုးသမီး ဆရာဝန်၊ အင်ဂျင်နီယာ၊ တရားသူကြီး၊ ရှေ့နေ၊ သမ္မတ၊ ဝန်ကြီးချုပ် စတာတွေ များလာကြပြီဖြစ်၏။ ထိုအခါ ကုမ္ပဏီတစ်ခုတွင် အမျိုးသားမန်နေဂျာတွေ များလာသလို အမျိုးသမီး မန်နေဂျာ၊ စာရေးစာချီ၊ ဝန်ထမ်းတွေလည်းများလာပါပြီ။ ထိုအခါ အနောက်နိုင်ငံတို့က ပညာရှင်ဆိုသူ ဆရာကြီးတွေကလည်း ဂျင်ဒါဆတာကို ကျယ်ကျယ်လောင်လောင် အော်ဟစ်လာကြပါသည်။ တစ်ဖန် ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် INGO တွေလာရောက်လုပ်ကိုငရာ အကြံပေးအရာရှိ အနောက်နိုင်ငံသားတွေ ရောက်လာ၏။ ကျား၊ မအခွင့်အရေးတန်းတူ ရရှိရေး စသော ဒဿနများကိုလည်း နိုင်ငံခြားသားတွေက ပြောလေ့ရှိပါ၏။ အဖွဲ့အစည်း ရုံးတွေမှာဆိုရင်လည်း မိန်းမသားတွေ အနိုင်ကျင့်မှု၊ နှောင့်ယှက်ခံခြင်း Harassment မှ ကင်းဝေးရန် စည်းကမ်း၊ လုပ်ထုံးများကိုလည်း ပြဋ္ဌာန်း ကြရပါ၏။ ဒါကတော့ ပုရိသတို့၏ ရန်ကကာကွယ်ရန် ဖြစ်ပါ၏။
ပုရိသ မန်နေဂျာတို့အား ထိုးနှက်လေ့ ပုရိသ မန်နေဂျာတို့အား ထိုးနှက်လေ့ရှိသော ဗျူဟာ
ပုရိသ မန်နေဂျာတို့အား နာမည်ဖျက်လိုပါသော် အရက်သမားဖြစ်ကြောင်း အတင်းပြောလျှင် နာမည် နည်းနည်းပဲပျက်၏။ မိန်းမရှုပ်သည်ဟု အတင်းပြောလျှင်တော့ နာမည်များများပျက်ပါ၏။ မိန်းမ မရှုပ်ရဘဲ နာမည်အဖျက်ခံရသော မန်နေဂျာများစွာ ရှိပါ၏။ ဟုတ်လို့ နာမည်ပျက်တာလည်း ရှိပါ၏။ သို့သော် အရှေ့တိုင်းဒေသတွင် ဤနည်းဖြင့် နာမည်ဖျက်သော နည်းသည် ထိရောက်သော နည်းတော့ဖြစ်နေပါ၏။ စာရင်းကောက်ယူရမည်ဆိုလျှင် မိန်းမကိစ္စကြောင့် အလုပ်ပြုတ်သော မန်နေဂျာအရေအတွက် တော်တော်များများ ရှိပါမည်။ သို့သော် ယောက်ျားလေးကိစ္စနှင့် အလုပ်ပြုတ်သော အမျိုးသမီး မန်နေဂျာကို လိုက်ရှာလျှင် မရှိသလောက် ရှားပါလိမ့်မည်။ အကြောင်းရင်းကို စစ်ပါက အရှေ့တိုင်း ဒေသတို့တွင် မိန်းမတို့အိနြေ္ဒ ရွှေပေးလို့ မရဟူသော စကားပုံ ရှိပါ၏။
ထူးထူးဆန်းဆန်း မိန်းကလေး တစ်ယောက်
ကျွန်တော်သည် Management & HR သင်တန်းကို ဖွင့်ထားရာ သင်တန်းသားများထဲတွင် ထူးထူးဆန်းဆန်း စကားပြောလာသူ မိန်းကလေးတစ်ယောက်ကို တွေ့ဖူး၏။ သူမကတော့ ကုမ္ပဏီ တစ်ခု၏ Supervisor အဆင့်ရှိ မိန်းကလေးတစ်ဦး ဖြစ်ပါ၏။ သူက ဖွင့်ဟတိုင်ပင်သည်မှာ-
“ဆရာ သမီးအခုအလုပ်လုပ်တဲ့ ကုမ္ပဏီကနေ ထွက်ချင်တယ်ဆရာ။ အဲဒါ နည်းနည်း အကြံပေးပါ”
“ဘာကိစ္စထွက်ချင်တာလဲကွယ့်”
“သမီးရဲ့အထက်အရာရှိ မန်နေဂျာကြီးက မျက်နှာလိုက်တယ် ဆရာ။ သူက ယောက်ျားလေးတွေကို မျက်နှာသာပေးတယ် ဆရာ။ မိန်းကလေးဆိုရင် နှိမ်တယ်”
“ဟေ ထူးထူးဆန်းဆန်းပါလား”
တစ်ချိန်တုန်းက ကျွန်တော် မောင်ထွန်းဝင်းသည် ယောက်ျားလေး ဝန်ထမ်းများကို မျက်နှာလိုက်သည် စွပ်စွဲခံရဖူး၏။ အချိန်ကာလအားဖြင့်တော့ နည်းနည်းတော့ ကြာခဲ့ပါပြီ။ ထိုစဉ်က ကျွန်တော်သည် မြို့ငယ်လေး တစ်ခုတွင် INGO ရုံးတစ်ရုံး၌ မြို့နယ် စီမံကိန်းအရာရှိ လုပ်စဉ်က ဖြစ်၏။ ရုံးတွင်း၌ မိန်းကလေး ဝန်ထမ်း၁ဝ ယောက်လောက်၊ ယောက်ျားလေး ဝန်ထမ်း ၁ဝ ယောက်လောက်ရှိ၏။ ကျွန်တော်၏ တပည့်တစ်ဦးမှာ စောရန်နိုင် (နာမည်လွှဲ) ဖြစ်၏။ သူက လူတော် တစ်ယောက်ဖြစ်၏။ လုပ်ငန်းသဘာဝအရ ကျွန်တော်သည် မော်တော်ဆိုင်ကယ် နောက်ခုံ၌ စောရန်နိုင်ကို ခေါ်၍ သွားလေရှိ၏။ မိန်းကလေး ဝန်ထမ်းတွေကိုတော့ မော်တော်ဆိုင်ကယ် နောက်ထိုင်ခုံတွင် တင်စီးလေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့လေးက ငယ်သဖြင့် ကျွန်တော့်က အားလုံးကသိနေပြီး မျက်လုံး ဒေါက်ထောက် ကြည့်နေ၏။ စောရန်နိုင်ကိုခေါ်၍ မောတော်ဆိုင်ကယ်နှင့် တောရွာကို သွားတော့ အဆင်ပြေပုံမှာလမ်း၌ ဆိုင်ကယ်ပျက်သော စောရန်နိုင်က ပြင်တတ်၏။ မိန်းကလေး ဝန်ထမ်းဆိုရင် ဘယ်မှာ ပြင်တတ်လိမ့်မလဲ။ ထိုပြင် တစ်ခါတစ်ရံ၌ ကျေးရွာတွေကနေ ဆိုင်ကယ်စီး၍ ပြန်ကြသောအခါ ကျွန်တော်နှင့် စောရန်နိုင်တို့သည် ည ၁ဝ နာရီလောက်မှ မြို့နယ်ရုံးသို့ ပြန်ရောက်သည့် အခါရှိပါ၏။
အကယ်၍ မိန်းကလေး ဝန်ထမ်းကို ခေါ်သွားပါက မိန်းကလေး တစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ ဆိုင်ကယ် တစ်စီးရယ် ည ၁ဝ နာရီလောက် မြို့ပြင်က ပြန်လာပါသော် ပတ်ဝန်းကျင်က မည်သို့ ပြောကြပါမည်နည်း။ ဒီတော့ ခရီးထွက်သည့်အခါ စောရန်နိုင်နှင့်အတူ ခရီးထွက်တာများ၏။ စောရန်နိုင် မအားသော နေ့၌ အခြားသော ယောက်ျားလေးများနှင့် အတူ ခရီးထွက်၏။ ခရီးထွက်သောအခါ ကြုံရာခေါက်ဆွဲဆိုင်၊ ဟိုတယ်၊ ထမင်းဆိုင်တို့၌ ထမင်းစားသောအခါ တပည့် ယောက်ျားလေးများနှင့် အတူစား၏။ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်၏။ ထိုအခါ အတင်းပြောသော အသံတွေ ထွက်လာသည်မှာ ဆရာဦးထွန်းဝင်းသည် ယောက်ျားလေးများကသာ ဦးစားပေးသည်။ မိန်းကလေးတွေက ဦးစားမပေး။ ယောက်ျားလေးတွေကို မျက်နှာလိုက်သည်ဟု ဆိုကြ၏။ တကယ်တော့ မဟုတ်ရပါ။ ယောက်ျားလေးတွေက လုပ်ငန်းသဘာဝအရ ခိုင်းလို့ကောင်း၏။
ညဘက်မိုးချုပ် ခေါ်ခိုင်းလည်း အားနာစရာမလိုပါ။ ယောက်ျားလေးတွေကို မျက်နှာသာပေးသည်ဟူသော အနံ့ထွက်တာ နည်းနည်းတော်ပါသေး၏။ မိန်းကလေးတွေကို ဦးစားပေးတယ် ဆိုသော အနံထွက်ရင် ပိုမဆိုးလား။ ဤကိစ္စကို ကျွန်တော်သည် ကျွန်တော်၏ တပည့်မအား ရှင်းပြလိုက်၏။ ပြီးတော့ ဒီလို နိဂုံးချုပ်လိုက်သည်မှာ “ကဲ သမီးစဉ်းစားကြည့် ဆရာကိုယ်တိုင်လည်း တစ်ချိန်တုန်းက ယောက်ျားလေးတွေကို မျက်နှာလိုက်တယ်ဆိုပြီး အထင်လွဲတာ ခံရဘူးတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လုပ်ငန်းသဘာဝအရ ခိုင်းလို့ပိုကောင်းလို့ ပိုခိုင်းလိုက်တာပါ။ သမီးကလည်း အခုကိုယ့်ရဲ့ အထက်အရာရှိ မန်နေဂျာကို အမျိုးသားတွေကို မျက်နှာလိုက်တယ်ဆိုပြီး အထင်လွဲပြန်ပြီ၊ ဒီတော့ ဆရာသမားကို အထင် မလွဲကောင်းဘူး။ သမီး ငရဲကြီးမယ်” ဟု ဆုံးမလိုက်ပါ၏။
ထိုအခါ တပည့်မထံက ကျွန်တော် မျှော်လင့်သော စကားကတော့-
“ဟုတ်ကဲ့ဆရာ၊ သမီးနားလည်ပါပြီ” ဟူသော တုံ့ပြန်မှုဖြစ်၏။ သို့သော် ဒီလိုဖြစ်မလာဘဲ တပည့်မက ကျွန်တော့်ကို ကြောင်ကြည့်နေ၏။ အင်းမလုပ်၊ အဲမလုပ်နဲ့ပါ။ သို့နှင့်ကျွန်တော်က“ဟဲ့သမီး၊ ခုနကဆရာပြောတာကြားရဲ့လား”
“ဟုတ်ကဲ့ ကြားပါတယ်”
“ဒါဆိုရင်သမီးရဲ့မန်နေဂျာကြီးကို သမီးအထင်မလွဲတော့ဘူး မဟုတ်လား” ဟုမေးရာ တပည့်မက ဘာမျှပြန်မပြောဘဲ ကျွန်တော့်ကို ကြောင်ကြည့်နေ၏။ သို့နှင့် ကျွန်တော်က-
“ဟဲ့သမီး၊ ဆရာ့ရဲ့ဆုံးမစကားမှာ အမှားပါလို့လား။ ဆရာ့ရဲ့ဆုံးမစကား ဥပမာတွေမှာ သမီး လက်မခံနိုင်တာ ဘာရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောစမ်း” ဟု ဆိုတော့မှ တပည့်မက-
“ဒီလိုပါဆရာ၊ သမီးပြောချင်တာက သမီးရဲ့မန်နေဂျာကြီးက ယောက်ျားလေးတွေကို မျက်နှာသာပေးတယ်။ အဲဒါကို အထင်မလွဲဖို့ ဆရာက ဆုံးမတယ်” “အေးလေ အဲဒါဘာဖြစ်လို့လဲ”
“တကယ်တော့ဆရာ သမီးပြောတာ မပြည်စုံလို့ပါ။ သမီးရဲ့မန်နေဂျာကြီးဆိုတာက ယောက်ျား မန်နေဂျာ မဟုတ်ဘူးဆရာ။ အသက် ၄ဝလောက် ခပ်ချောချော အပျိုကြီး မိန်းမ မန်နေဂျာကြီးပါ ဆရာ။ မန်နေဂျာကို ယောက်ျားလား၊ မိန်းမလား ခွဲခြားမပြောမိတာ သမီးကို ခွင့်လွှတ်ပါဆရာ” “ဟိုက်”ကောင်းကြပါလေရော ခင်ဗျား။ ကောင်းကြပါလေရော။
လူလည်လူတတ် ဆရာကြီး လုပ်မိတဲ့ ကျွန်တော်သည် ဒီတစ်ချီတော့ ထိသွားပါ၏။ တပည့်မအား ဘာပြောရမှန်း မသိတော့ပါ။ တစ်ခါတလေတော့လည်း အပျိုကြီး မမ မန်နေဂျာကြီးတို့သည် ခပ်ချောချော ယောက်ျားလေး လက်အောက်ငယ်သားတို့အား “မောင်လေး” “မောင်လေး” ဟုဆိုကာ မျက်နှာသာ ပေးကြတာ ရှိဖူးမှာပါ။ တစ်ခါကတော့ ကျွန်တော့် မိတ်ဆွေတစ်ဦးသည် မြို့တစ်မြို့၌ အလုပ်လုပ်နေစဉ် သူ၏ရုံးသို့ သူ၏ မိတ်ဆွေ Lady Doctor Project Officer အပျိုကြီးတစ်ဦး လာလည်၏။ အပျိုကြီးက မော်တော်ဆိုင်ကယ်နဲ့ လာလည်တာပါ။ မော်တော်ဆိုင်ကယ်ကိုေ နာက်ကထိုင်၍ လိုက်လာတာဖြစ်ပြီး ဆိုင်ကယ် မောင်းသူကတော့ အသက် (၂၅)အရွယ်နှစ် လူငယ်တစ်ဦး ဖြစ်ပါ၏။
ကျွန်တော့် မိတ်ဆွေက နေ့လယ်စာနဲ့ တည့်ခင်းဧည့်ခံ၏။ ကျွန်တော့် မိတ်ဆွေရယ်၊ ဒေလီဒေါက်တာ အပျိုကြီးရယ်၊ အပျိုကြီးရဲ့ဆိုင်ကယ်ကို မောင်းတဲ့လူငယ်လေးရယ် အတူတူ ထမင်းတစ်ဝိုင်းတည်း စားကြ၏။ ဧည့်ခံသည့်ဟင်းက ကြက်သားဟင်း ဆီပြန်ပါ။ ဒေါက်တာ အပျိုကြီးက မော်တော်ဆိုင်ကယ် ဒရိုင်ဘာ၏ ထမင်းပန်းကန်ထဲကို ကြက်အသည်းအမြစ်လေးတွေ ထည့်ပေး၏။ တစ်ဖန် ထမင်းကုန်တော့ ထမင်းထည့်ပေးတာ လေးတွေ၊ ဟင်းရွက်ကြော် ထည့်ပေးတာလေးတွေ တွေ့ရတော့ ကျွန်တော့် မိတ်ဆွေက ဒေါက်တာ အပျိုကြီးနဲ့ ဆိုင်ကယ်ဒ ရိုင်ဘာလေး ဟိုလိုလိုဒီလိုလိုဖြစ်နေလား စနည်းနာကြည့်တော့ ၎င်းဆိုင်ကယ်ဒရိုင်ဘာလေးရဲ့အစ်ကိုဟာ ဒေါက်တာ အပျိုကြီးရဲ့လက်အောက် ဝန်ထမ်းဖြစ်၍ ဒေါက်တာ အပျိုကြီးက ဆိုင်ကယ် ဒရိုင်ဘာလေးနဲ့ကတော့ သီတာဒေဝီမင်းသမီးနဲ့ ညီတော် လက္ခဏာသဏ္ဌာန် ဖြစ်သည်ဟုဆို၏။ လွန်ခဲ့သော တစ်လခန့်က ကျွန်တော်၏ မိတ်ဆွေ အမျိုးသမီးတစ်ဦးသည် ကျွန်တော့်အိမ်သို့ လာလည်၏။ သူမ၏ ခင်ပွန်းက အဖွဲ့အစည်းတစ်ခု၏ ပညာရေးအရာရှိ ဖြစ်၏။
သူ့ခင်ပွန်း၏ အဖွဲ့ Organization တွင် အပျိုကြီး Officer တွေရှိ၏။ ၎င်းအပျိုကြီးတွေကို ရုံးကားပေးထား၏။ ရုံးကားမောင်းသောဒရိုင်ဘာများသည် ဒေါ်လာနဲ့လခရ၏။ ၎င်းအပျိုကြီး မမတို့သည် မိမိတို့၏ကား မောင်းရန် ဒရိုင်ဘာခန့်ရာ အသက် ၅ဝ ကျော် ခေါင်းဖြူစွယ်ကျိုးအရွယ် ဒရိုင်ဘာတွေကို မခန့်ကြပါ။ အသက် ၂ဝကျော် တော်တော်ချောချော ယောက်ျားလေးများကို ခန့်ပြီး “မောင်လေး” “မောင်လေး” နှင့်ခေါ်ကာ အရေးပေးသည် ဆိုရာတွင် ၎င်းမောင်လေးတို့ကလည်း “မမ” “မမ”ဟု ဂရုစိုက်ပြရသည်ဟု သူမက ဆိုပါ၏။ ဒီတော့ ကျွန်တော်တင်ပြလိုသည်က အမျိုးသား မန်နေဂျာနှင့် အမျိုးသမီး မန်နေဂျာတို့သည် ဂျင်ဒါချင်းမတူ၊ ဓလေ့ထုံးတမ်းချင်းမတူ၊ အခွင့်အရေးချင်း မတူကြပါ။ သို့သော် ကျားဖြစ်စေ၊ မဖြစ်စေ၊ ပုထုဇဉ်ဆိုသော သဘာဝကတော့ အတူတူပဲဟု ဆိုချင်ပါ၏။ အဖွဲ့အစည်းတို့၏ ဒါရိုက်တာ၊ CEO မန်နေဂျင်း ဒါရိုက်တာတို့သည် အမျိုးသာမန်နေဂျာတို့အား မိမိလက်အောက် စာရေးမလေးတွေနဲ့ ထွေးရောယှက်တင် မနေဖို့ ဆုံးမဖူးပါလိမ့်မည်။ ထိုအခါ အမျိုးသမီး မန်နေဂျာတို့ကိုလည်း မိမိလက်အောက် အမျိုးသားဝန်ထမ်းလေးတွေနဲ့ ထွေးရောယှက်တင်မနေဖို့ ဆုံးမဖို့ မေ့မနေစေရန် ဤဆောင်းပါးကို တင်ဆက်ရပါကြောင်း။
By HR Journal Originally posted 13/04/2011 10:50AM
0 comments:
Post a Comment