စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

ကုမ္ပဏီမူဝါဒနှင့် လုပ်ငန်းခွင်တွင် သတိပြုရမည့် အခြေအနေများ

ကုမ္ပဏီမူဝါဒနှင့် လုပ်ငန်းခွင်တွင် သတိပြုရမည့် အခြေအနေများ

ကုမ္ပဏီတစ်ခု စတင်တည်ထောင်လျင် မူဝါဒ (Policy) သည် အရေးပါသော ကဏ္ဍတစ်ရပ် အဖြစ်ပါဝင်သည်။  ကုမ္ပဏီ စတင်ဖွဲ့စည်းချိန်တွင် မူဝါဒလည်း ချမှတ်ရမည် ဖြစ်သည်။ မီးစင်ကြည့်ကသော အနေအထားသည် ခိုင်မာမှုမရှိ။ ဆိုင်ရာ အခန်းကဏ္ဍများ (Sectors) တွင် ဆိုင်ရာဖွဲ့စည်းမှု (Structure)၊ စီစဉ်မှု (Plan)၊ လုပ်ထုံးလုပ်နည်း (Procedure) များဖြင့် ကုမ္ပဏီ၏ နယ်ပယ် (Field)၊ သဘောသဘာဝနှင့် ဆောင်ရွက်ရမည့် အနေအထားများအပေါ် မူတည်၍ ချမှတ်လုပ်ဆောင်ရန် အသင့်ရှိနေသည်။ မူဝါဒဟူသော လမ်းကြောင်းပေါ်တွင် မည်သို့သွားရမည်ဟူသော အချက်ကို ဝန်ထမ်းများ ကြိုတင်သိထားသင့်သည်။ ကြောင်းထားသောလမ်းပေါ်တွင် အဆင်ပြေပြေ သွက်လက်စွာ သွားနိုင်ရန် လုံးပမ်းကြရမည်။ “မူဝါဒမရှိလျင်လည်း ဖြစ်သည်။ မူဝါဒ မလိုအပ်” ဟူသော အယူအဆများ ရှိနေသည်။ ကုန်သွယ်ခြင်း (Trade)၊ ဝန်ဆောင်ခြင်း (Service)၊ ထုတ်လုပ်ခြင်း (Production) စသည့် ကုမ္ပဏီများသည် ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် အာရုံစိုက်မှုများပြီး ကုမ္ပဏီ၏ ရှေ့ခရီးကို ဂရုမပြုသူများလည်း ရှိသည်။

အမှန်ကား ကုမ္ပဏီမူဝါဒဆိုသည် လုပ်ငန်းရှင်နှင့် လုပ်ငန်းအတွက် သာမက ဝန်ထမ်းများ အတွက်လည်း အရေးပါသည့် အခြေခံ အချက်တစ်ရပ် ဖြစ်ပေသည်။ မူဝါဒ ချမှတ်ထားခြင်း ရှေ့ခရီးလမ်းကိုလည်း ကြိုတင်မြင်နိုင်သည်။ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနိုင်သည်။ လမ်းမှန်လမ်းမှား ရွေးချယ်ရာတွင်လည်း အခွင့်အလမ်းရှိသည်။ ကုမ္ပဏီ၏ပြေးလမ်း အနားသတ်ကို ရောင်းအား ပမာဏ၊ ဝန်ဆောင် ပမာဏများဖြင့် မထားရှိသင့်ဘဲ မူဝါဒဖြင့်သာ အနားသတ်ထားသင့်သည်။ ထိုမူဝါဒ အနားသတ်ထားသော လမ်းကြောင်းအတွင်း၌ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နိုင်သည်။ အချို့က အနားသတ်အဓိပ္ပာယ်ကို ဘောင်ကျဉ်းစေသည်ဟု မှတ်ထင်ကြသည်။ အမှန်တကယ်တွင် အနားသတ်ခြင်းသည် နယ်ပယ်တစ်ခုလုံးကို ပိတ်ကာသည့် ခြံစည်းရိုးကဲ့သို့ မဟုတ်။ ပြေးလမ်း ဖြောင့်တန်းပြီး အရှိန်အဟုန် မြှင့်နိုင်ရန်နှင့် ပရမ်းပတာ မဖြစ်စေရေးသာ ဖြစ်သည်။ ကုမ္ပဏီသည် တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်၍မရပဲ အပေါင်းအဖွဲ့နှင့်ဆိုင်ရာ ကဏ္ဍအလိုက် အချိုးညီစွာ အချိတ်အဆက် မိမိလှုပ်ရှားရသည့် အနေအထားဖြစ်သည်။

ကုမ္ပဏီမူဝါဒ မပြတ်သားလျင် လုပ်ငန်းရှင်တစ်ဦးသည် မိမိ၏လုပ်ငန်းတွင် ရှေ့ခရီးစဉ်သည် ဝေဝါးနေမည်။ ပြောင်းလဲသင့်သည့် Idea ၊ ကျင့်သုံးရမည့် နည်းပညာပိုင်းတို့သည်လည်း ဝေခွဲမရ ရှိလာနိုင်သည်။ ကုမ္ပဏီပြင်ပ ဆက်ဆံရေး၊ ဝန်ထမ်းထိန်းသိမ်းရေး စသည်တို့တွင် အားနည်းလာမည် ဖြစ်သည်။ “လက်ရှိလုပ်ငန်းတွင် အကျိုးအမြတ်ကောင်းလျှင် ဆက်သွားမည်။ အကျိုးအမြတ် မဖြစ်လျှင် ရုပ်သိမ်းကာ လမ်းကြောင်းပြောင်းမည်” ဟူသော ခါတော်မီနှင့် ငါးပွက်ရာငါးစာချသော လုပ်ငန်းများသည်။ အောင်မြင်မှုကို ရှေးရှုသော လုပ်ငန်းမဟုတ်ပေ။ ၎င်းအပြင် စပ်တူ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းများတွင်လည်း ပိုင်ရှင်အချင်းချင်း ပြတ်သားသော သဘောထားများကြောင့် အချင်းချင်း အမြင်မကြည်လင်မှု၊ စာရင်းမရှင်းလင်းမှု၊ အပေးအယူ မမျှတမှုများ ဖြစ်ပေါ်စေသည်။ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်သည်လည်း ဦးတည်ချက်ပျောက်ကာ လမ်းမှန်ရွေးရန် ခက်သည်။ အတွေ့အကြုံများအရ ဒါရိုက်တာအဖွဲ့ (BOD) အတွင်းတွင် လုပ်ငန်းသဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဖြင့် တပည့်မွေးမှုများ ရှိလာသည်။ “မင်းကဘယ်သူ့လူ၊ ငါကဘယ်သူ့လူ” စသည်ဖြင့် ဝန်ထမ်းအတွင်း၌ပင် ပြိုင်ဆိုင်မှုများဖြင့် မတည်မငြိမ်ဖြစ်လာသည်။

ဤကိစ္စမျိုးကို ဖြေရှင်းရန် အားမထုတ်ဘဲ ဝန်ထမ်းကြားက သတင်းရရန် အခွင့်အရေးတစ်ရပ်ဟု ယူဆလျက် မသိကျိုးကျွန် ပြုနေကြသည်။ ထိုအသေးအဖွဲသည်ပင် အက်ကြောင်း (Crack) ဖြစ်လာပြီး လုပ်ငန်းကို ထိခိုက်စေသည်။ လုပ်ငန်းမှတစ်ဆင့် ကုမ္ပဏီ ထိခိုက်စေသည်။ “ကိုယ့်တပ်ကိုယ်ပြန်နင်း” သော အနေအထားမျိုးဖြစ်သည်။ ကုမ္ပဏီမူဝါဒ မပြတ်သားမှုကြောင့် ဒုတိယခေါင်းခဲရမူမှာ GM  (သို့မဟုတ်) Admin:Manager ပင်ဖြစ်သည်။ မူဝါဒ ခိုင်မာမှုမရှိသောအခါ လုပ်ငန်းရှင် အနေဖြင့် “မိမိဘယ်လမ်းသို့ သွားနေမှန်းမသိ” သောအနေအထားမျိုး ဖြစ်မှန်းမသိ ဖြစ်နေသည်။ ထိုအခါ ညွှန်ကြားချက် (Instruction) ကိုပီပြင်အောင် မပေးနိုင်ခြင်းမျိုး ဖြစ်လာသည်။ ခုတစ်မျိုး တော်ကြာတစ်မျိုးလည်း ဖြစ်တတ်သည်။ ဘာကိုညွှန်ကြားမှန်း မသိနိုင်တာမျိုးလည်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ အရေးကြီးသော ကိစ္စကို ညွှန်ကြားပြီး အခက်အခဲကြားမှ ထွက်ပေါက်ကို ဆွေးနွေးခြင်း၊ လုပ်ပိုင်ခွင့် ပေးခြင်းမျိုးမရှိဘဲ ဖြစ်တတ်သည်။

ကိုယ်စားဟူ၍ လက်မှတ်ထိုးနိုင်သော အဆင့်သည် လုပ်ပိုင်ခွင့် ရှိကောင်း ရှိနိုင်သော်လည်း အမိန့်အရဟုသာ လက်မှတ်ထိုးနိုင်သော အဆင့်ရှိသူမှာ လတ်တလော ဖြေရှင်းရခက်သည့် ကိစ္စရပ်များနှင့် ကြုံလျှင် အလွန်စိတ်ညစ်ရသည်။ ထိုမျှမက ဒါရိုက်တာအဖွဲ့နှင့် ဆိုလျင် တစ်ဦးကတောင်၊ တစ်ဦးကမြောက် ဆန့်ကျင်ဘက် ညွှန်ကြားချက်ကြားတွင် မန်နေဂျာကြီးများ ဗျာများရသည်။ ထပ်ဆင့်ညွှန်ကြားရာတွင် အားနည်းနေတတ်ပြီး လုပ်ငန်းချောမွေ့မှု မရှိ ဖြစ်တတ်သည်။ ကုမ္ပဏီမူဝါဒ မပြတ်သားမှုကြောင့် ကဏ္ဍအသီးသီး၊ ဌာနအသီးသီးမှ ဝန်ထမ်းများလည်း အခက်ကြုံရတတ်သည်။ တစ်ခါတစ်ရံ ဌာနတစ်ခုမှ သာမန်ဝန်ထမ်း တစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ လက်ပွန်းတတီး ဆက်ဆံပြီး ထိုဝန်ထမ်း၏ အထက် မန်နေဂျာကို ပြန်၍ ချုပ်ကိုင်ထားသည့် ကိစ္စများလည်းရှိသည်။ ထိုအခါဌာနတွင်း မကျေလည်မှုများ ပေါ်လာသည်။ ပုဂ္ဂိုလ်ရေး ဘက်လိုက်မှု ဖြစ်လာသောအခါ အမှန်တကယ် ကြိုးစားသူများ နစ်နာမှုရှိလာသည်။ ကုမ္ပဏီလုပ်ငန်း တစ်ခုလုံးသည် BOD နှင့်အတူ ဝန်ထမ်းများအားဖြင့် လုပ်ဆောင်ရခြင်းဖြစ်၍ ကုမ္ပဏီ၏အသက်သည် ဝန်ထမ်းများဖြစ်သည်။

လုပ်ငန်းရှင်အနေဖြင့် ပြတ်သားသော၊ ခိုင်မာသော မူဝါဒမရှိပါက ဝန်ထမ်းများသည် မျက်နှာမရမည်ကို စိုးရိမ်ခြင်း၊ ရာထူး/လစာ မတိုးမည်ကို စိုးရိမ်ခြင်း၊ အလုပ်ပြုတ်မည်ကို စိုးရိမ်ခြင်း၊ လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်ခြင်း စသည့် ထိပ်လန့်နေမှုများဖြင့် လုပ်ငန်းခွင်တွင် မပျော်ပိုက်ဘဲ ဖြစ်တတ်သည်။ ထိုသို့ စိတ်ဝင်စားမှု အားနည်းခြင်းသည်ပင် ဝန်ထမ်းကောင်းရရန် ခက်ခြင်း၊ ဝန်ထမ်းမမြဲခြင်း၊ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးခြင်းများကို ဖြစ်ပေါ်စေသည်။သို့ဖြစ်၍ ကုမ္ပဏီတစ်ခုတွင် သင့်တင့်ညီညွတ်သော မူဝါဒရှိရန် လိုပေသည်။ မူဝါဒချမှတ်ထားခြင်းဖြင့်
-ကုမ္ပဏီ၏ ရှေ့မျှော်မှန်းချက်ကို သိသာမြင်သာ ရှိစေခြင်း
-လုပ်ဆောင်ရာတွင် အဓိကနှင့် သာမည ခွဲခြားလွယ်ခြင်း
-လုပ်ငန်းသဘာဝနှင့် ဝန်ထမ်းစွမ်းအား၊ အောင်မြင်မှုတို့သည် လိုက်လျောညီထွေဖြစ်ခြင်း
-အခက်အခဲရှိလျင် ဖြေရှင်းရ လွယ်ကူခြင်း လုပ်ငန်းခွဲများ ကျယ်ပြန့်စွာ ဖြစ်ထွန်းရန် အခြေခံရှိခြင်း စသည့်အချက်များ ပြည့်စုံစေပါသည်။
ထိုမျှမက လုပ်ငန်းရှင် အနေနှင့်လည်း ပုဂ္ဂလ ခံစားချက်များနှင့် ဦးဆောင်မနေဘဲ လုပ်ငန်းကိုသာ ကြည့်၍ နည်းလမ်းသစ်များ ရှာကြံ ချမှတ်ခြင်းအားဖြင့် ကုမ္ပဏီကို အင်အားဖြစ်စေသည်။ မူဝါဒ ချမှတ်ရန် လိုအပ်ခြင်းနှင့် ဆပ်စပ်၍ လုပ်ငန်းပိုင်း သတိပြု လုပ်ဆောင်ရမည့် အခြေအနေကိုလည်း ရေးသားတင်ပြမှ ပြည့်စုံမည် ဖြစ်ပေသည်။

ကုမ္ပဏီအကြီးအကဲနှင့် အဆင့်ဆင့် စီမံအုပ်ချုပ်ရေး ဌာနများသည် မိမိလုပ်ငန်း၏ သဘာဝနှင့် အခြေအနေကို ပိုင်နိုင်စွာ သိထားသင့်သည်။ ကုမ္ပဏီတွင်း ဌာနချင်းနားလည်စွာ ပူးပေါင်းဆောင်ရွက်ခြင်း (Co-operation) ဖြင့် ရလဒ်ကောင်းများ ရရှိစေနိုင်သည်။ ဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု၊ သတင်းပေးမှုသည် အရေးကြီးသည်။ သို့မှသာ လုပ်ငန်းစီးဆင်းမှုအပေါ် အဆက်မပြတ် အကဲဖြတ်လျက် လိုအပ်သည့်နေရာကို ဖြည့်ဆည်း ပေးနိုင်ပေမည်။ မိမိကိုယ်ကို၊ မိမိဌာနကိုသာ အမွှန်းတင်ပြီး အတ္တကြီးနေပါက ရရှိသောသတင်း (Information) အပေါ်ဆောင်ရွက်ရန် ကိစ္စသည် လစ်ဟာသွားပေမည်။ အထူးသဖြင့် ထုတ်လုပ်ရေး၌ လုပ်ငန်းခွင်ထဲရှိ ဌာန အသီးသီးထက် ကုမ္ပဏီ အကြီးအကဲနှင့် နွယ်သော P.A Secretary စသည့် ပုဂ္ဂိုလ်များသည် လုပ်ငန်းခွင်ကို နှံစပ်စွာ သိထားသင့်သည်။ ဤသို့ဆိုခြင်းမှာ လုပ်ငန်းရှင် ကိုယ်တိုင်က Customer သို့မဟုတ် Client နှင့် အလုပ်ကိစ္စ ပြောဆိုရာတွင် ထိုပုဂ္ဂိုလ်များကို လွှဲထားသည့် သာဓကများရှိနေသည် ထုတ်လုပ်ရေးတွင် သတ်မှတ် အရည်အချင်းနည်းတူ ရက်ချိန်းသည်လည်း အရေးကြီးသည်။ Client (or) Customer နှင့် ဆုံတွေ့ညှိနှိုင်းရာတွင် တောင်းဆိုသောရက်ချိန်းသည် ဖြစ်နိုင်မဖြစ်နိုင်မသိ၊ အကျိုးအကြောင်းနှင့် ခြေခြေမြစ်မြစ် ညှိနှိုင်းခြင်း မရှိသောအခါ ကမောက်ကမဖြစ်ရသည်။

ထို့ကြောင့် ကုမ္ပဏီတစ်ချို့တွင် CRM (Customer Relation Manager)၊ CRO (Customer Relational Offices) စသည်ဖြင့် ထားရှိကြခြင်းဖြစ်သည်။ ကုမ္ပဏီ အတွင်းရေးမှူး၏ အတ္တဆန်မှုနှင့် မိမိကိုယ်ကို အထင်ကြီးမှုကြောင့် ကုမ္ပဏီကို တိုက်ရိုက်ထိမှန်သော သာဓကများ ရှိသည်။ သာဓက တစ်ခုပြရလျင် Export သစ် အချောထည်စက်ရုံ (ယခု လုပ်ငန်းရပ်ဆိုင်း) ပိုင်ရှင်သူဌေးတွင် အမျိုးသမီး Secretary တစ်ဦးရှိသည်။ Head  Office တွင်လည်းကောင်း၊  Factory တွင်လည်းကောင်း သူ၏ညွှန်ကြားမှုများသာ လွှမ်းမိုးနေသည်။ ထိုသို့ဖြစ်အောင်လည်း သူဌေးက လွှဲအပ်ထားသည်။ တကယ်တမ်းတွင် ကုန်ထုတ်လုပ်မှု အနေအထား၊ လုပ်သား အနေအထားနှင့် စီစဉ်မှုများကို သူနားမလည်။ ထို့ကြောင့် နိုင်ငံခြားသား အဝယ်တော်နှင့် ပြောဆိုရာတွင် သူ့ဘက်ကိုယ့်ဘက် ခိုင်မာအောင် ခြေခြေမြစ်မြစ် ညှိနှိုင်းခြင်းမရှိပဲ (ထုတ်လုပ်ရေးပိုင်းမှ တစ်ဦးတစ်ယောက်ကိုမျှ တိုင်ပင်ခြင်းမရှိ) တောင်းသောရက်ချိန်းကို ပေးလိုက်သည်။ ကုန်ပစ္စည်းပမာဏနှင့် ရက်ချိန်း လုံးဝမကိုက်ညီကြောင်း ထုတ်လုပ်ရေးအဖွဲ့က သိသောအခါ မဖြစ်နိုင်ဟု ပြောသော်လည်း လက်မခံ။ ထိုအခါ အမြန်ဆုံး တက်သုတ်ရိုက်၍ လုပ်ကြရသည်။

ရက်ချိန်း မီရေးအတွက် ကန့်သတ်  Schedule ကို ဦးစားပေးလုပ်ကြသည်။ နမူနာ (Sample) မထုတ်နိုင်တော့ဘဲ တိုက်ရိုက်တိုင်းတာ Marking လုပ်၍ ထုတ်လုပ်သဖြင့် စက်ယန္တရားများ၏ ချို့ယွင်းချက် အနည်းအများကြောင့် ကွာဟချက်လေးများ ရှိလာသည်။ အစပ်အဟပ်များတွင် စေ့စပ်မှုမရှိဘဲ အဟများဖြစ်ပေါ်ခြင်း၊  Size အနည်းအကျဉ်း ကွာဟခြင်းစသည်တို့ ဖြစ်လာသည်။ ထိုအခါ ထပ်မံအသစ် ပြင်ဆင်ရန်လည်း မဖြစ်နိုင်တော့သောအခါ အသားဖြည့်ခြင်း၊ အသားပိုးခြင်း၊ လက်ဖြင့် ပြုပြင်ခြင်းများကို ပြုလုပ်ကြသည်။ အချောထည်ဖြစ်၍ ပစ္စည်း ထွက်လာချိန်တွင် Overall dimension ကွာဟချက်များ ဖြစ်လာသည်။ QC ထံ ရောက်သောအခါတွင်လည်း အချိန် မပေးနိုင်တော့သဖြင့် ရောလွှတ်ကြသည်။ ထို့ကြောင့်လည်း Container တစ်လုံး လုံး ပြန်ပို့ခံရသည်မျိုးလည်း ကြုံရသည်။ အကယ်၍ တစ်ဖက်အဝယ်မှ ပြစ်ချက်ကို ချက်ခြင်းမတွေ့ပဲ ဈေးကွက်တွင်း ဖြန့်ချိပြီးသည့် နောက်မှ ဒဏ်ချက်များ ဖြစ်ပေါ်လာသော အခါ အရောင်းဆိုင်ကို စောဒက တက်လာကြသည်။

ထိုအရောင်း ကုမ္ပဏီကလည်း အခြေအနေကို ခန့်မှန်းမိပြီး နောက်ထပ် အမှာမပို့တော့။ ပြည်ပ အရောင်းကုမ္ပဏီတစ်ခု လက်လွှတ်ရခြင်းသည် ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်သည်။ လက်ထဲရောက်ပြီးသော အဆက်အသွယ်ကို ထိန်းမထားနိုင်ဘဲ အောင်မြင်မှုမတိုင်မီ လက်လွှတ်လိုက်ရသည့် ဆုံးရှုံးမှုကြီး ဖြစ်သည်။ ဤအဖြစ်အပျက်တွင် လေ့လာ ဆန်းစစ်ကြည့်ပါက ကုမ္ပဏီတွင်းပေါင်းစည်းလုပ်ဆောင်မှု၊ ချိတ်ဆက်မှု၊ နားလည်မှု အားနည်းသောကြောင့် ဖြစ်သကဲ့သို့ ထုတ်လုပ်ရေးတွင်လည်း အဆင့်ကျော်ခြင်း၊ မစေ့စပ်ခြင်းသည် ပဓာနအချက်ကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ အကျိုးဆက်သည် အကြောင်းပေါ်တွင်သာ တည်မှီနေသည်။ အကြောင်းနှင့်အကျိုး ဆက်စပ်နေသောကြောင့် ပစ္စုပ္ပန်အခြေအနေတွင် အကြောင်းတရားကို အကောင်းဆုံး စီမံ လုပ်ဆောင်သင့်သည်။

သို့ဖြစ်၍ အထက်ပါ သာဓကအရ သတိပြုရန်မှာ
- ထက်အောက် နားလည်မှုရှိရမည်။ - အချင်းချင်း ချိတ်ဆက်မှုရှိရမည်။
- ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူပါရှိရမည်။ - စည်းလုံးညီညွတ်မှု ရှိရမည်။
-လုပ်သင့်၊ မလုပ်သင့် ခွဲခြားနိုင်စွမ်း ရှိရမည်။
-အချိန်ကန့်သတ်ချက် ရှိငြားလည်း စိတ်ရှည်ရမည်။
-လိုအပ်သော အချိန်ကို အသုံးပြုခြင်းသည် မလိုအပ်သော အချိန်ကုန်ခြင်းကို ကာကွယ်ပေးသည်။
- အသေးအဖွဲ့ အမှားသည် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေတတ်သည်။
- အခက်အခဲ တစ်ခုဖြစ်ပါက ဒဏ်ခတ်ရန်မဟုတ်၊ ပူးပေါင်း ဖြေရှင်းရန်သာ ဖြစ်သည်။
သတိ ပြုလုပ်ဆောင်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ယခုတင်ပြထားသော သစ်အချောထည် လုပ်ငန်း၏ အဖြစ်အပျက်ကဲ့သို့ အခြားသော လုပ်ငန်းများကိုလည်း သာဓကပြ၍ တင်ပြရန် ရှိပါသည်။ ကုမ္ပဏီကို အနည်းနှင့်အများ ထိခိုက်နိုင်သော အမှတ်တမဲ့ လုပ်ဆောင်ချက်များ၊ တမင်တကာ လုပ်ဆောင်ချက်များ များစွာရှိပါသည်။ ကြိုတင်စီမံမှုနှင့် ကျွမ်းကျင်မှုအပေါ် မူတည်ကာ အမှားနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း ရေရှည် (Long Term) လား၊ရေတို (Short Term) လားဟူသည့် ကုမ္ပဏီသဘောထားကို ထည့်သွင်းစဉ်းစားရန် လက်ခံရပေမည်။ ထိုအခါ လုပ်ငန်းကို စီမံခန့်ခွဲရာ၌ မည်သို့ကိုင်တွယ် လမ်းညွှန်ရမည်ကို သိသာ ပေါ်လွင်လာစေသည်။ အောင်မြင်စေရန် ရည်ရွယ်ကြိုးပမ်းသည်ဟု ဆိုလျင် ထုတ်လုပ်ရေး ကုမ္ပဏီ၏ သာဓကအရ သတိပြု လုပ်ဆောင်ရမည့် အခြေအနေများကို လျစ်လျူ မရှုသင့်ကြောင်းလည်း ထင်ရှားနေပေသည်။


ရေးသားသူ- သာထက် (လက်တွေ့နယ်မြေ)
By HR Journal 20 February, 2011 - 23:25

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform